အစိုးရ၏ ဗဟို ဝန်ထမ်းတက္ကသိုလ်ကို လူမှုကွန်ရက် Facebook စာမျက်နှာထက်တွင် “ဇီးပင်ကြီး စစ်တမ်း” အပိုင်း ၁၊ ၂၊ ၃ ဆိုပြီး ဝေဖန်ရေးသားခဲ့ သောကြောင့် မန္တလေးတိုင်း မိုးကုတ် မြို့နယ် ပြည်သူ့ ကျန်းမာရေးဌာန (သွားဖက်ဆိုင်ရာ) အကြီးအကဲ ဒေါက်တာ စိုးသူရဇော်ကို အဆင့်မြင့်အရာရှိများ ပါဝင်သောအဖွဲ့တဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ဒေါက်တာ စိုးသူရဇော်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဖွင့်လှစ်သော အလယ်တန်းအရာရှိများ မတက်မနေရ သင်တန်းသို့ တက်ရောက်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်ရခြင်းမှာ အကြောင်း ၃ ခုရှိသည်ဟု ဖေါ်ပြထားပြီး ထိုအကြောင်းများမှာ သင်တန်းသားများ လိုက်နာရန် လိုသည့် လုပ်ထုံးလုပ်နည်းများကို ဝေဖန်ခြင်း၊ သင်တန်းနည်းပြများ၏ အမှားကိုထောက်ပြခြင်းနှင့် ထိုသင်တန်းသည် နိုင်ငံဘဏ္ဍာကို ဖြုန်းတီးခြင်း ဖြစ်သည်ဟု သိရသည်။
“ဇီးပင်ကြီး စစ်တမ်း” ရေးသားခဲ့သော ဒေါက်တာစိုးသူရဇော် ကိစ္စနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ဆိုသည်ကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော် က တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ အခု လူမှုကွန်ရက်မှာ တော်တော်လေး ပျံ့ နှံ့နေတဲ့ ဆရာဝန် စိုးသူရဇော်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီး ဌာနဘက်က ဘယ်လို ဆောင်ရွက်နေလဲဆိုတာ အရင်ဆုံး သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့လည်း ဘာမှ မသိဘဲနဲ့ facebook မှာ သွားစစ်တယ်ဆိုတဲ့ သတင်းကြီးက ထွက်လာရော။ သူတို့က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို Copy ပေးတယ်။ ရေးတာက ကျနော်ဆီကို တိုက်ရိုက် ရေးတာ။ ရုံးလုပ်ထုံးလုပ်နည်းအရ ကော်ပီပေးတယ်ဆိုရင် လုံးဝ လုပ်လို့ မရဘူး။ ဒီလို ပေးတာက အခြားဝန်ကြီးဌာန သဘောမျိုးပေးတာ CSB (ဥက္ကဋ္ဌ) က ပေးတာဆိုတော့ နည်းနည်းတော့ ကြီး တယ်။
ကော်ပီနဲ့သွားပြီးတော့ ချက်ချင်းစုံစမ်း အရေးယူလိုက်ပါတယ်။ လုပ်ရင်လည်း ကနဦး စုံစမ်း အရေးယူရမှာပေါ့။ မဟုတ်ဘူးလား။ ကနဦးလည်း မစစ်ဘဲနဲ့ ဌာနဆိုင်ရာ စုံခုံဖွဲ့တော့ နည်းနည်းကြီးသွားတာပေါ့။ သွားကြည့်လိုက်တဲ့အခါမှာလည်း သူတို့ စုံစမ်းမှုကို ကျနော်တို့ဆီ ချက်ချင်းတင်ပါတယ်။ အဲဒီမှာ လွန်နေပြီပေါ့လေ။
သူတို့တင်တဲ့အခါမှာလည်း သွားကြည့်တော့ မှန်ပါတယ်။ ဘာမှ ပြဿနာ ကြီးကြယ်တဲ့ ကိစ္စ မဟုတ်ဘူး။ စိုးသူရဇော် ကိစ္စကလေ။ ဟိုဆရာဝန်လေးကလည်း တော်တော်ကြိုးစားတယ်။ စည်းကမ်း လုံးဝကို လိုက်နာတဲ့ ဆရာဝန်လေး။ သူ့အပေါ်က ဆရာတွေကရော အကုန်လုံး သိကြတယ်။
ကျနော်တို့က ဒီကိစ္စကို သူ့ကို အရေးယူစရာ ဘာအကြောင်းမှ မရှိပါဘူး။ သူ့ကို ပြောရရင်လည်း နောက်ဒါလေးကို သတိထား ဒီ လောက်ပဲ ရှိမယ်။ ဘာမှ အရေးယူစရာ မလိုဘူး။ ယူလည်း မယူဘူး။ ကျနော်တို့က။ ဒါက ကိုယ့်ဝန်ထမ်းလေ။ ကျနော်တို့ကို Service ပေးနေတယ်။ ပြည်သူတွေကို Service ပေးနေတဲ့ ဝန်ထမ်းတယောက်ကို လုံးဝ အရေးမယူပါ။ ရှင်းသွားအောင်ပါ။
တခုပဲ။ ကျနော်တို့ဘက်က လိုသွားတာတော့ Copy နဲ့ သွားပြီးတော့ အရေးယူလိုက်တာပေါ့လေ။ အဲဒါကို ဌာနဆိုင်ရာ ကိစ္စ လုပ်နေ ပါတယ်။ မနက်ကလည်း လုပ်တယ်။ အခု ဆက်ပြီး လုပ်နေတယ်။ ဌာနဆိုင်ရာအရ လုပ်သင့်တဲ့ကိစ္စတွေကို လုပ်သွားမှာ။
မေး ။ ။ ဆိုလိုတာက ဝန်ကြီးလည်း မသိဘူး။ ညွှန်ချုပ်တွေ အမြဲတန်း အတွင်းဝန်တွေလည်း မသိဘဲနဲ့ သူ့အောက်က Level ကပဲ လုပ်သွားတာဆိုတော့ ဘယ်အဆင့်လောက်ကများ တာဝန်ယူပြီးတော့ လုပ်လိုက်တာလဲ။ အဲလို လုပ်လို့ရော ရလား။
ဖြေ ။ ။ မရဘူးလေ။ ဟိုမှာ ရှိတဲ့ ဒုချုပ်တယောက်နဲ့ ညွှန်ကြားရေးမှူးတွေက လုပ်လိုက်တာ။ အမှန်တော့ မေးရမှာပေါ့။ ဘာမှ လုပ်စရာ အကြောင်း မရှိဘူး။ ဒီစာကြီး High Level လေ။ ဒီစာကြီးက CSB (ဗဟို ဝန်ထမ်း တက္ကသိုလ် ဥက္ကဋ္ဌ) က ဝန်ကြီးဆီ ရေးတဲ့ စာကို သွားလုပ်တယ်ဆိုတော့ အဲဒါကတော့ မဖြစ်သင့်ဘူးပေါ့။ သူတို့ လိုသွားတာပေါ့။ မပူပါနဲ့ ဘာမှ မဖြစ်ပါဘူး။
မေး ။ ။ နောက်ပိုင်းကျရင် ဒီလို မဖြစ်ရအောင်ရော ဘယ်လို ဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ မနက်ကပဲ အစည်းအဝေး ခေါ်တယ်။ ညွှန်ချုပ်တွေ ပါတယ်။ အမြဲတန်း အတွင်းဝန်တွေ ပါတယ်။ ကျနော်လည်း ပါတယ်။ သူတို့ Guide Line ချပေးလိုက်တယ်။ သူတို့လည်း သိရမှာပေါ့။ Copy ဆိုတာ အသိပေးရုံပဲလေ။ ရှင်းရှင်းလေးပါ။ သူတို့ လည်း သူတို့အမှားကို သိသွားတာပေါ့။ တခုပဲ ရှိတာပေါ့။ တကယ်မှားခြင်းလား ဆိုတာ တကဏ္ဍပေါ့။ မဟုတ်ဘူးလား။ သူ့ဟာသူ အဆင်ပြေသွားမှာပါ။
မေး ။ ။ ဒါဆိုရင်တော့ သက်ဆိုင်ရာ လုပ်သွားတဲ့သူတွေကိုတော့ အရေးယူတာမျိုး ရှိမှာပေါ့။
ဖြေ ။ ။ အခု လုပ်နေတယ်။ သင့်တင့်တဲ့ဟာကို ဆောင်ရွက်မှာပေါ့။ အရေးယူတဲ့ ပုံစံမျိုးတော့ ကျနော်မပြောချင်ဘူး။ သင့်တင့် တဲ့ လုပ်သင့်တာတွေ အကုန် လုပ်သွားမယ်။ အားလုံးက ကိုယ့်ဝန်ထမ်းတွေ ဖြစ်တဲ့အခါကျတော့ ကျနော် အနေနဲ့ အရမ်းတော့ မလုပ်ချင်ဘူးပေါ့။ သင့်တင့်တဲ့ အလျောက်တော့ လုပ်သင့်တာတော့ လုပ်မှာပါ။
မေး ။ ။ ဝန်ကြီးတို့ ဌာနနဲ့တော့ တိုက်ရိုက် မဆိုင်ဘူးပေါ့။ ဒါပေမယ့် သူ(ဒေါက်တာ စိုးသူရဇော်)က ဝေဖန်ရေးသားတဲ့အခါမှာ ဇီးပင်ကြီး သင်တန်းအကြောင်း ဖြစ်နေတော့ အဲဒါကို ပေါင်းစပ်ညှိနှိုင်းပြီးတော့ နောင်ကို ကိုယ့်ဌာနက ဝန်ထမ်းတွေ အဆင်ပြေအောင် ဘယ်လိုမျိုး ဆောင်ရွက်သွားမလဲ။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ ဘာကြည့်ရမလဲဆိုတော့ ကျနော်တို့ ၈ ပတ် လုပ်ပါတယ်။ ၂ ပတ်က ကျနော်တို့ဘက်က ကျွမ်းကျင် မှုပိုင်း ဆိုင်ရာတွေ ပြောပါတယ်။ ၆ ပတ်ကတော့ သူတို့ဘက်က ရွေးတာပေါ့လေ။ ဒါကတော့ သူတို့ဘက်က ရွေးတဲ့အပိုင်းကတော့ သူတို့ပေါ့လေ။ မဟုတ်ဘူးလား။ တခု ရှိတာပေါ့။ အခု သူတို့လည်း သိသွားပြီလေ။
ဒါမျိုး မဖြစ်အောင် သူတို့လည်း ပြန်ကြည့်ရမှာပေါ့။ သူတို့သင်တဲ့ သင်ရိုး ညွှန်းတမ်းတွေ။ ဘာတွေ သင်လဲ။ ဒါက ဟိုဘက် အပိုင်းပေါ့။ ကျနော်တို့နဲ့ မဆိုင်ဘူးပေါ့။ ဟုတ်လား။
ကျနော်တို့က ဖြစ်နိုင်လို့ ရှိရင်တော့ ၂ ပတ်မှာ ၄ ပတ်လောက်ကိုတော့ ကျနော်တို့က ယူချင်တာပေါ့။ သူတို့ ၄ ပတ်လောက်ပဲ သင်ပေါ့။ ကျနော်တို့ အချင်းချင်း ပြန်ညှိရင်တော့ ရမယ် ထင်ပါတယ်။ သင်တန်းတွေကလည်း ၁၄ ရက်ဆို စတော့မယ်။ ကျနော် ဆိုလည်း ဖောင်ကြီးမှာ သွားပြီးတော့ ဖွင့်ပေးမယ်။ (CSB) ဗဟိုဝန်ထမ်း တက္ကသိုလ် ဥက္ကဋ္ဌ က ဇီးပင်ကြီးမှာ ဖွင့်မယ်။ အားလုံး အဆင်ပြေအောင် လုပ်သွားမှာပါ။
ဆက်စပ်ဖတ်ရှုရန် – ဇီးပင်ကြီး ပုံပြင်
ဗဟိုဝန်ထမ်း တက္ကသိုလ်ကို ဝေဖန်သောကြောင့် ပြည်သူ့ဝန်ထမ်း စုံစမ်းစစ်ဆေးခံရ