ကျနော်တို့ For Show လုပ်နေတာ မဟုတ်ဘူး

သဇင်လှိုင်
Omni Focus သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်နေဝင်း / အဲမလီ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

Omni Focus သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်လိုင်းအချို့ကို ဒီဇင်ဘာလ ၁၉ ရက်မှ စတင်ပြီး၂၄နာရီ ပြေးဆွဲခဲ့သည်။ ကုမ္ပဏီကြီးအချို့က အရှုံးပေါ်နေသည်ဟု ထုတ်ဖော် ပြောကြားထားသည့်အချိန်တွင် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိနိုင်ဟု လူအများစု ယူဆထားသည့် နေ့ရော၊ညပါ ၂၄နာရီ ပြေးဆွဲသည့်ဝန်ဆောင်မှုကို စတင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးကျော်နေဝင်းအား ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ဘယ်ယာဉ်လိုင်းတွေကို ၂၄ နာရီ ပြေးဆွဲမှာလဲ။

ဖြေ ။ ။ အားလုံးပေါင်း ယာဉ်လိုင်း ၅၆၊ ၂၀၊ ၈၃၊ ၉၈၊ ၉၉၊ Airport လိုင်းတွေ ရှိတယ်။ အဲဒီထဲကမှ လိုအပ်တဲ့ လိုင်းတွေကို ၂၄ နာရီပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ Airport Shutter ကို ၂၄ နာရီ ပြေးဆွဲပြီး အဲဒီက ရတဲ့ Response (အခြေအနေ) တွေပေါ် မူတည်ပြီး ထပ်ပြီးတော့ ပြေးဆွဲမှာပါ။ ပထမက Aiport Shutter။ ပြီးတော့မှ ၂၀၊ ၉၈၊ ၉၉၊ ၈၃ ဆိုတော့ အားလုံးပေါင်း ၅ လိုင်းရှိပါတယ်။

မေး ။ ။ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ၂၄ နာရီ ပြေးဆွဲဖို့ ဆုံးဖြတ်လိုက်တာပါလဲ။

ဖြေ ။ ။ အရေးကြီးတာကတော့ Public Transportation (အများပြည်သူ သယ်ယူပို့ဆောင်ရေး) ကို လုပ်မယ်ဆိုရင် စီးနင်းမယ့် ခရီးသွား ပြည်သူလူထုကို အဆင်ပြေဖို့။ နေ့ဘက်မှာ ဖြစ်ဖြစ်၊ ညဘက်မှာ ဖြစ်ဖြစ် ဝန်ဆောင်မှု ပေးရမယ်။ နေ့ဘက်မှာ ဆိုရင်လည်း လူတယောက်ပဲ ရှိနေ ရှိနေ၊ အဲဒီ စီးနင်းမယ့်လူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရတယ်။ ညဘက်မှာလည်း ကျနော်တို့ ဝန်ဆောင်မှုကို လိုအပ်နေတယ်ဆိုရင် ဖြည့်ကို ဖြည့်ဆည်းပေးရမှာပဲ။ အဲဒါက ကျနော်တို့ရဲ့ အဓိကအချက်ပဲ။

Omni Focus သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်နေဝင်း (အဲမလီ/ဧရာဝတီ)

နောက်တချက်က ပထမဦးဆုံး Airport Shutter ဆိုရင် မနက် ၅ နာရီ ရောက်ဖို့ဆိုရင် လေဆိပ်ဝန်ထမ်းတွေ အများကြီးဟာ ည ၂ နာရီ၊ ၃ နာရီကနေ လာရတယ်။ သူတို့တွေရဲ့ လိုအပ်ချက်ရှိတယ် ယူဆလို့ ပြေးဆွဲတယ်။ ဒီသဘော သဘာဝအတိုင်းပဲ လှိုင်သာယာက ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေဆိုရင် ဘယ်ကို အခြေခံထားလဲ။ ကျနော်တို့ တွေ့တာ ၂ ချက်ကတော့ စက်မှုဇုန်နဲ့ လုပ်သားတွေကို အခြေခံထားတယ်။ ညဘက်ဆင်းတဲ့ လုပ်သားတွေ ရှိတယ်။ မနက်အစောကြီး လာရတာရှိတယ်။ ညဘက် နောက်ကျမှ ပြန်ရတာရှိတယ်။ နောက်တချက်က ဒဂုံဧရာ အဝေးပြေးကားဝင်းနဲ့ ကျနော်တို့က ခြံစည်းရိုးပဲ ခြားထားတဲ့အတွက် ဒဂုံဧရာအဝေးပြေးကို လာမယ့်သူတွေ အဆင်ပြေတယ်။

နောက်တချက်က Airport Shutter လိုင်းတခုတည်း ပြေးဆွဲနေမယ့်အစား ကွန်ယက်ပုံစံ ဖြစ်သွားမယ်။ ကွန်ယက်ကြီး တခုဖြစ်လာတဲ့အခါ တကယ် ပြည်သူလူထု အဆင်ပြေလာတာကို တွေ့ရပါတယ်။ အဲဒီတော့ စီးနင်းတဲ့သူအတွက် အဆင်ပြေတာ။

မေး ။ ။ ညဘက်တွေ ပြေးဆွဲမှာဖြစ်တဲ့အတွက် ခရီးသည်တွေအနေနဲ့ မှတ်တိုင်မှာ တယောက်ထဲ ရပ်စောင့်နေရတာမျိုးက အဆင်မပြေဘူးဆိုတော့။ အဲဒါကိုရော ဘယ်လို စီစဉ်ထားပါသလဲ။

ဖြေ ။ ။ ကျနော်တို့ အခုလုပ်ထားတာက ခရီးသွားပြည်သူလူထုရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားတယ်။ ဥပမာ အချို့လိုင်းတွေမှာ ၄၅ မိနစ်ခြား တခါ ထွက်တယ်။ တချို့လိုင်းတွေမှာ နာရီဝက်ခြား တခါ ထွက်တယ်။ အခုဆိုရင် ဘယ်နေရာတွေမှာ ဘယ်လိုင်းတွေက ဘယ်အချိန်ရောက်မယ်ဆိုတာကို မှတ်တိုင်အလိုက်၊ နာရီအလိုက် အတိအကျ တင်ထားတယ်။ မနက်ပိုင်းမှာပါ အဲဒီလို လုပ်ချင်တာ။ ဒါပေမယ့် မနက်ပိုင်းက ယာဉ်ကြောပိတ်ဆို့မှု ရှိတဲ့အတွက် မှန်းထားတဲ့အချိန်ကို မရောက်နိုင်ဘူး။ တခါတလေ အရမ်းစောသွားတာ ရှိသလို၊ တခါတလေ နောက်ကျသွားတာလည်း ရှိနိုင်တယ်။

ညဘက်က ယာဉ်ကြောပိတ်ဆို့မှု မရှိတဲ့အတွက် လက်ရှိအနေအထားမှာ အကောင်းဆုံးဖြစ်အောင် သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ ၉ နာရီခွဲ ရောက်မယ်၊ ၁၁ နာရီရောက်မယ်ဆိုရင် ရောက်တယ်။ အဲဒီမှာ ၃ မိနစ် နားမလား၊ စောင့်မယ် ဆက်ထွက်မယ်။

ညပိုင်း ပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီပိုင် ဘတ်ကားများ (အဲမလီ/ဧရာဝတီ)

မေး ။ ။ အဲဒီလို သတ်မှတ်ထားတဲ့အချိန်တိုင်း အမှန်တကယ် ရောက်နိုင်မှာလား။

ဖြေ ။ ။ အချိန်ဇယားအတိုင်း မရောက်နိုင်ဘူးလားဆိုတာကို ရိုးရိုးသားသားပြောရင် မရောက်နိုင်ဘူး။ ဒါပေမယ့် ရောက်အောင် GPS (တည်နေရာပြစနစ်) နဲ့ Control Center (ထိန်းချုပ်ရေးစခန်း) ကနေ ထိန်းထားတယ်။ ဘယ်ကားက ဘယ်အချိန်မှာ ဘယ်နေရာကို ရောက်နေရမယ်ဆိုတာမျိုး ထိန်းထားတယ်။ ညဘက်က Bus Security (လုံခြုံရေးဝန်ထမ်း) ပါတယ်။ အမြဲတမ်း ဆက်သွယ်ရေးစက်နဲ့ Control Center ကို ဆက်သွယ်ပြီး ဘယ်နေရာရောက်ပြီဆိုတာ သတင်းပို့တဲ့ အတွက် ကားတွေရဲ့ Position တွေအပြင် ဆက်သွယ်ရေးစက်တွေ ရှိနေတဲ့အတွက် Position ကို ကြည့်လို့ရတဲ့အတွက် ကျနော်တို့ သတ်မှတ်ထားတဲ့ အချိန်နဲ့ သတ်မှတ်ထားတဲ့နေရာကို ၉၀ ရာခိုင်နှုန်း ရောက်တယ်။ စည်းကမ်းချက်တွေ အတိုင်း မလုပ်ရင် Warning (သတိ) ပေးတာရှိတယ်။ ကြီးမားတဲ့ ပြစ်မှုဆိုရင်၊ ယာဉ်တိုက်မှု ဖြစ်တယ်ဆိုရင်တော့ ယာဉ်ထိန်းရဲနဲ့ စည်းကမ်းအတိုင်း သွားတာပေါ့။

မေး ။ ။ ကြားကားတွေ၊ ညဘက်မောင်းတဲ့ အောက်ဆိုဒ်ကားတွေနဲ့ ပြဿနာတွေ တက်ခဲ့ရင်ရော ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲရှင့်။

ဖြေ ။ ။ ကျနော်တို့မှာ မူ တခုရှိတယ်။ ကြားကားရယ်တော့ မဟုတ်ဘူး။ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် သည်းခံရမယ်၊ ပြဿနာ မတက်ရဘူး။ ဖြစ်လာရင် ဖြစ်လာတဲ့အပေါ် မူတည်ပြီး ဥပဒေအတိုင်း ဖြေရှင်းရမယ်။ ဥပမာ တခုပေါ့။ ရမ်းကားတဲ့သူ တက်လာရင် အဲဒီလူကို ဝိုင်းဆော်ပစ်လိုက်ကွာ၊ ဝိုင်းရိုက်ပစ်လိုက်ကွာလို့ လုပ်လို့မရဘူး။ ဘယ်လိုပဲ လမ်းညွှန်ထားလဲဆိုရင် အဲဒီလို တခုခုဖြစ်ရင် ကားကို တံခါးတွေ ပိတ်လိုက်။ ရဲစခန်းကို မောင်းလို့ပဲ ပြောထားတယ်။ ဥပဒေကို ကျော်လုပ်လို့ မရဘူး။ အဲဒါကို ကိုယ်တို့ ဝန်ထမ်းတွေကို သင်ကြားပေးထားတယ်။ တနှစ်သားလည်း ကျော်လာပြီဆိုတော့ အလေ့အကျင့်တော့ ရနေပြီ။ ကြားကားတွေနဲ့ ပြဿနာ မဖြစ်နိုင်ဘူးလားဆိုတော့ ပြဿနာတော့ ဖြစ်နိုင်တာပေါ့။ ပြဿနာ အကြီးအကျယ် ဖြစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကားကို လေးခွနဲ့ ပစ်သွားတာမျိုး၊ ကားကို ခဲနဲ့ထုသွားတာမျိုး ဖြစ်နိုင်တာပေါ့။ အဲဒီအတွက် လုံခြုံရေးလမ်းညွှန်တွေ ရှိပါတယ်။ တခုခု ဖြစ်ရင် တခုခုပြန်လုပ်တယ်ဆိုတာ အဲဒီခေတ်ကုန်သွားပါပြီ၊ မရှိတော့ပါဘူး။

မေး ။ ။ လုံခြုံရေးအတွက် Bus Security (လုံခြုံရေးဝန်ထမ်း) တင်ထားတယ်ဆိုတော့ ဘယ်လောက်အထိ အာမခံချက် ရှိမှာလဲ။

ဖြေ ။ ။ အခု Bus Security (လုံခြုံရေးဝန်ထမ်း) တင်တယ်ဆိုတာက လုပ်ကို လုပ်ရမယ် မဟုတ်ဘူး။ ခရီးသွားပြည်သူနဲ့ ကိုယ့်ဝန်ထမ်းကို စေတနာထားပြီး လုပ်ပေးတာ။ ကျနော်တို့ ဒီနေ့ ဒီချိန်မှာ Bus Security (လုံခြုံရေးဝန်ထမ်း) မတင်လည်း အပြစ်မရှိဘူး။ ညဘက်ဆွဲမှာ ဖြစ်တဲ့အတွက် လုံခြုံမှု မရှိဘူးတို့၊ ရှိတယ်တို့ဆိုတာ ကျနော်တို့မှာ တာဝန်မရှိဘူး။ ကျနော်တို့က စေတနာနဲ့ ထပ်တင်ပေးတယ်။ ဒါကိုတော့ နံပတ် ၁ ပြောချင်တယ်။ လုယက်မှု ဖြစ်နိုင်တယ်။ ဒုစရိုက်မှု ဖြစ်နိုင်တယ် ဆိုတာက ကျနော်တို့က ဘယ်မှာ ပြေးဆွဲနေလည်းဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲနေတာ။

အဲဒီ ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘတ်စ်ကားထဲမှာ ပဲဖြစ်ဖြစ်၊ အိမ်မှာနေရင်ပဲဖြစ်ဖြစ်၊ သင်္ဘောစီးရင်းပဲဖြစ်ဖြစ်၊ လေယာဉ်ပေါ်မှာဖြစ်ဖြစ် တာဝန်ယူပြီးတော့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမှာက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာပဲ တာဝန်ရှိတယ်။ ဒီပေါ်မှာ ဖြစ်လာတဲ့ ဒုစရိုက်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တာဝန်ရှိတာနဲ့ တာဝန်ယူရမှာက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲပဲ။ ကားပေါ်မှာ ခါးပိုက်နှိုက်လည်း ကျနော်တို့က ဖမ်းလို့မရဘူး။ ဖမ်းရမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့ အညီ ဖမ်းရမယ်၊ တာဝန်ရှိတယ်။

မေး ။ ။ ညဘက်ဆိုတော့ ယာဉ်မောင်းတွေကို မူးယစ်သောက်စားပြီး မမောင်းအောင်ရော ဘယ်လိုများ ထိန်းသိမ်းလဲရှင့်။

ဖြေ ။ ။ ညဘက်တင် မဟုတ်ဘူး။ နေ့ဘက်မှာပါ ထိန်းသိမ်းရတယ်။ တချိန်တခါတုန်းက ခေတ်ဆိုး၊ စနစ်ဆိုးကြီးထဲမှာ မထသ (မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ) ပေါ့နော်။ ကောင်းတာလည်း ရှိပါတယ်။ ညမှ အရက်သောက်တာ မဟုတ်ဘူး။ နေ့လယ်ဘက် ထမင်းစား ပြန်လာပြီး သောက်တာ ရှိတယ်။ အဲဒါတွေကိုလည်း မဖြစ်အောင် ပထမ တနှစ်အတွင်းမှာ ထိန်းသိမ်းခဲ့ပါတယ်။ စနစ်သစ် ဖြစ်သွားတဲ့အချိန်မှာ ရှင်းပြပြီး လုပ်တဲ့အတွက် ဆေးသုံးတာပဲဖြစ်ဖြစ်၊ အရက်သောက်တာပဲ ဖြစ်ဖြစ် မဖြစ်အောင် ကုမ္ပဏီမှာ ချထားတဲ့ ပေါ်လစီအတိုင်းပဲ လုံးဝ လျှော့ပေးလို့ မရတဲ့ စည်းကမ်းချက်။ နောက် ပိုက်ဆံကို ညာယူတာ၊ ကျား/မ၊ ဘာသာရေး ခွဲခြားဆက်ဆံတာ၊ ခိုက်ရန်ဖြစ်ပွားတာမျိုးကို ထုတ်ပစ်သည်အထိ အရေးယူတယ်။

မေး ။ ။ ညပိုင်းမှာ ကားမောင်းမယ့် သူတွေ့ရော အလုပ်ဆင်းချင်ပါ့မလား။ လစာတွေဘာတွေ တိုးပေးရတာမျိုးရှိလား။

ဖြေ ။ ။ အဲဒီလိုတော့ မရှိပါဘူး ကျနော်တို့ဝန်ထမ်းတွေမှာ ဒီနေ့ ၈၃ မောင်းနေတယ်၊ မနက်ဖြန် ၂၀ မောင်းရမယ်ဆိုလည်း မောင်းတာပဲ။ ကျနော်တို့ Training (လေ့ကျင့်မှုတွေ) လုပ်ထားတယ်။ ကုမ္ပဏီမှာက ၂၄ နာရီ Run (လည်ပတ်) နေရတာ။ နောက်ဆုံးကားတွေက ကျနော်တို့ဆီကို ၁၀ နာရီခွဲ၊ ၁၁ နာရီအထိ၊ CNG ထည့်တဲ့လူတွေက ထည့်တာဆိုတော့ ၁ နှစ်ခွဲကျော်လာပြီ။ ကျနော်တို့ Use to (အလေ့အကျင့်) ဖြစ်နေပြီ။ ဝန်ထမ်းတွေက ညဘက်မောင်းလို့ ပိုပြီး ပေးရတယ် ဆိုတာ မရှိပါဘူး။ ကျနေ်ာတို့ ယာဉ်မောင်းတွေက ၂၄ နာရီ ဝန်ဆောင်မှုကို ငါတို့ ပြောင်းလဲလိုက်နိုင်တယ်ဆိုတဲ့ စိတ်ပဲဖြစ်မှာပါ။ အရင်တုန်းကလို ပေကပ်ကပ် မဟုတ်တော့ဘူး။ သူတို့ ကိုယ်တိုင်ကိုက အဲဒီလိုစိတ်ဓာတ်ထားမှလည်း ကျနော်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းလို့ရမှာ။

ညပိုင်း ပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီပိုင် ဘတ်ကားများ (အဲမလီ/ဧရာဝတီ)

မေး ။ ။ နေ့ဘက်မှာတောင် ရှုံးတယ်လို့ ပြောနေတဲ့အချိန် ညဘက်ကို ဘာကြောင့် ပြေးဆွဲတာလဲ။

ဖြေ ။ ။ ကျနော်တို့ ကုမ္ပဏီက တခါမှ ရှုံးတယ်လို့ မပြောခဲ့ဖူးဘူး။ တခြားကုမ္ပဏီ တခုက ပြောတယ်။ ကျနော်တို့က မပြောဘူး။ Comment (မှတ်ချက်) ပေးလိုက်ရင် မကောင်းဘူး။ အဲဒီတော့ ရှုံးတဲ့ကုမ္ပဏီကို ဘာကြောင့် ရှုံးတာလဲလို့ မေးရမှာပေါ့။ ကျနော်တို့က Bus Service (ဘတ်ကားဝန်ဆောင်မှု) မှာ Public Transportation (အများပြည်သူ သယ်ယူပို့ဆောင်ရေး) လုပ်တာ သက်တမ်းအရ ၁ နှစ်သားပဲ ရှိသေးတယ်။ ဒါပေမယ့် တဖက်က ရှုံးတယ်လို့ပြောတယ်။ ကျနေ်ာတို့က မရှုံးဘူး။ မဖြစ်နိုင်ဘူးလို့ ပြောရင် ကြားထဲမှာ ပြဿနာတက်နိုင်တယ်။

မေး ။ ။ အောင်မြင်နိုင်ခြေနဲ့ ရေရှည်ကော ရပ်တည်နိုင်ပါ့မလား။

ဖြေ ။ ။ ၂၄ နာရီ သွားတော့ အောင်မြင်မလားဆိုတဲ့ နေရာမှာ လိုင်းတိုင်းတော့ မအောင်မြင်နိုင်ဘူး။ ဒါကို နာမည်လိုချင်လို့ မလုပ်နဲ့။ ဝန်ဆောင်မှု တကယ်ပေးချင်တယ်၊ ပြည်သူလူထုတကယ် အကျိုးရှိတယ်ဆိုရင် လုပ်ရမယ်။ ဥပမာအားဖြင့် YRTA ကို ထပ်ပြီး တင်ပြထားတဲ့ လိုင်းတလိုင်းဆိုရင် Airport Shuttle လိုင်းကိုပဲ အောင်မင်္ဂလာအထိ ဒီဈေးနှုန်းနဲ့ပဲ ပြေးဆွဲဖို့ တင်ပြထားတယ်။

ပထမဆုံး စစချင်းဆွဲတဲ့နေ့ ၁၉ ရက်နေ့ကဆိုရင် YBS ၂၀၊ ၈၃၊ ၉၈၊ ၉၉၊ Airport Shuttle ၅ လိုင်း ပြေးဆွဲတယ်။ လူဦးရေက ၁၄၂၆။ Airport Shuttle က အစကတည်းက ၁၂၀ နဲ့ ၁၅၀ ကြားထဲမှာ ရှိတယ်။ ဒါကို ဖယ်လိုက်ရင် စီးနှင်းတဲ့ လူဦးရေက ၁၃၀၀ နဲ့ ၁၂၀၀ ကြား တက်လာတာပေါ့။ ၂၁ ရက်နေ့မှာတော့ လူဦးရေ ၁၈၂၀ တက်လာတယ်။ ဆိုတော့ ကျနော်တို့ တော်တော် အားရတယ်။ မနေ့က စာရင်းအရဆို ၂၂၄၈ ယောက် တက်လာတယ်။ ကျနော်တို့က Statistics (စာရင်းအင်း အချက်အလက်) အရ စကားပြောတာ။ For Show (ရုပ်ပြသပ်သပ်) လုပ်နေတာ မဟုတ်ဘူး။ အရှုံးအမြတ်ဆိုတာကို Growth (တိုးတက်မှု) ကို ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းလောက် တက်နေတယ်။ ဒါက တလလုံး တက်မှာလားဆိုတော့ မဟုတ်ဘူး။လူဦးရေရှိရင် ကျနော်တို့လည်း အဆင်ပြေမယ်၊ ခရီးသွားပြည်သူလည်း အဆင်ပြေမယ်။

မေး ။ ။ အဲဒီလိုဆိုတော့ လက်တွေ့မှာ အရှုံးအမြတ်ရော တွက်ခြေကိုက်ရဲ့လား။

ဖြေ ။ ။ ကျနော်တို့ကားတွေ ယာဉ်စီးရေ ဘယ်လောက်၊ လူအင်အား ဘယ်လောက်တက်တယ်၊ ရှာဖွေဝင်ငွေ ဘယ်လောက် ဆိုတာကို တခေါက်ပြီးတခေါက် စစ်နေတဲ့အတွက် တွက်လို့ ရတယ်။ အဲဒါကြောင့်လည်း စီးနင်းတဲ့ လူဦးရေနဲ့ ရရှိငွေနဲ့ ညီမျှခြင်း ပြန်ချကြည့်လိုက်တဲ့အခါ ၃၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကြား Lost (ဆုံးရှုံးမှု) ဖြစ်နေတယ်။ အရှုံးအမြတ်ဆိုတာ အဲဒီအပေါ်မှာ မူတည်နေတယ်။ ၄၀ ရာခိုင်နှုန်းက ပိုက်ဆံမပေးဘူးပေါ့။

ညပိုင်း ပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီပိုင် ဘတ်ကားများ (အဲမလီ/ဧရာဝတီ)

မေး ။ ။ ၄၀ ရာခိုင်နှုန်းလောက် ယာဉ်စီးခမရတဲ့ အခြေအနေကိုရော ဘယ်လောက်ထိ ကုမ္ပဏီက တောင့်ခံနိုင်မှာလဲ။

ဖြေ ။ ။ Payment System ကို စစချင်း YRTA အစည်းအဝေးတွေမှာ မေးခဲ့ပါတယ်။ ကျနော် သိသလောက်ကတော့ ၃ လ ကနေ ၆ လအတွင်းပေါ့။ အခု ၂ နှစ်ပြည်တော့မယ် အချိန်ထိ လုပ်ပေးမယ့် Service ကို မျှော်နေသေးတယ်။ အခုချိန်ထိ အားကိုးနေသေးတယ်။ လာမယ်လို့ ယူဆရပါတယ်။ အဲဒီ Payment System ကြီး လာလိုက်ရင်တော့ ခေါင်းကိုက်တာ တော်တော် သက်သာသွားမယ်။ တော်တော် မျှော်လင့်တယ်။ ၂ နှစ်ဆိုတဲ့ အတိုင်းအတာတခုက Data (အချက်အလက်) တွေလည်း ရသင့်သလောက်ရပါပြီ။ Data လိုရင်လည်း ကျနော်တို့လည်း ပေးမယ်။ ဘယ်နေရာတွေမှာ Lost ဖြစ်နေတယ် ဆိုတာကို ကျနော်တို့ဘက် Share (မျှဝေခြင်း) လုပ်ရမှာပေါ့။ နောက်တချက်ကတော့ Lost ဖြစ်တာတွေကို ဘယ်လိုမျိုး တာဝန်ယူမလဲ။

မေး ။ ။ အခုလို ၂၄ နာရီ ဝန်ဆောင်မှုလည်း ကုမ္ပဏီက လုပ်နေပြီဆိုတော့ အစိုးရပိုင်းကရော ဘယ်လိုကိစ္စတွေ ပူးပေါင်း လုပ်ဆောင်သင့်လဲ။

ဖြေ ။ ။ အစိုးရပိုင်းကတော့ ရေရာသေချာတဲ့ Direction (ဦးတည်ချက်) ကို ကျနော်တို့ လိုချင်တယ်။ ဘယ်ကိုသွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမှာလဲ ဆိုတာပေါ့။ ကျနော်အလိုချင်းဆုံးကတာ့ တရားမျှတတဲ့ ပြိုင်ဆိုင်မှုကို ပေးပါ။ တရားမျှတတဲ့ ပြိုင်ဆိုင်မှုရှိမှ ပြိုင်ဆိုင်ချင်တဲ့သူတွေက ဒီအပေါ်မှာ ပြိုင်ဆိုင်မှာ။ ကျနော်တို့ဆီမှာ အခုအချိန်ထိ မရသေးဘူး။ နောက် ကြားကားကိစ္စလိုမျိုးတွေ၊ ခါးပိုက်နှိုက်ကိစ္စတွေ၊ တွေ့ကြုံလာရမယ့် အခက်အခဲတွေ၊ လမ်းပြင်တဲ့ ကိစ္စတွေက ကျနော်တို့ လုပ်လို့မရဘူး။ သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးကို လုပ်စေချင်တယ်။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ။ အခုလို ၂၄ နာရီ ဝန်ဆောင်မှု ပေးလိုက်နိုင်တဲ့အတွက်ကြောင့် ထောင်ပေါင်းများစွာသော လူဦးရေ အဆင်ပြေတဲ့ အတွက်ကြောင့် ကျနော် ဝမ်းသာတယ်။ Positive Effect (အပြုသဘောဆောင်သော ရလဒ်) လေးတွေ ဖြစ်သွားဖို့ ကျနော်တို့ ရည်စူးပါတယ်။ Positive Effect လေးတွေ ဖြစ်အောင်လို့ ကျနေ်ာတို့ ဆက်ပြီး ကြိုးစားနေပါတယ်။ သူများမလုပ်တဲ့ လုပ်ငန်းမျိုးကို အကောင်းဆုံးဖြစ်အောင် ဆက်လုပ်သွားမယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading