ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ်အတွင်းထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
ထိုတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်ရှိ ရှမ်းလူမျိုးများက ရှမ်းအချင်းချင်း ဖြစ်ပွားနေသည့်အပေါ် ခေါင်းဆောင် များတွေ့ဆုံ ဆွေးနွေးကြရန် တောင်းဆိုထားကြသည်။ ရှမ်းပြည်နယ်အတွင်းမှာ ပြည်နယ်အသစ် ပေါ်ထွန်းရေး တောင်းဆိုမှုများလည်း ရှိနေကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က စစ်တိုင်း (၅) တွင် စစ်ဆင်ရေးများ ရပ်ဆိုင်းကြောင်း၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) မထိုးရ သေးသည့် လက်နက်ကိုင်များ လက်မှတ်ထိုးလာနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်။
ထို့ကြောင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ NCA ထိုးလာနိုင်မလား ဆိုသည့် စဉ်းစားမှုများ ပေါ်ပေါက်လာသလို တရုတ်နိုင်ငံ၏ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပါဝင် ကူညီမှုက ဘယ်လောက်ထိ ယုံကြည်ရမလဲဆိုသော စဉ်းစားမှုများလည်း ရှိလာခဲ့သည်။
တဆက်တည်းမှာပင် တပ်မတော်ဘက်က ခွဲမထွက်ရေးကို ကတိကဝတ်ပြုပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တောင်းဆိုထားသလို တခုတည်းသော တပ်မတော်ထားရှိရေးကိစ္စကိုလည်း လက်ခံပေးရန် ပြောဆိုမှုများရှိနေသည်။
အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် စဝ်ခွန်ဆိုင်အား ဧရာဝတီမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ရှမ်းပြည်မှာ RCSS နဲ့ TNLA- SSPP ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်နေတော့ လူထုက တော်တော်လေးကို စိုးရိမ်နေကြတယ်၊ ဒီတိုက်ပွဲတွေက ဘာကြောင့် ဖြစ်နေရတာလဲ။
ဖြေ။ ။ အကြောင်းရင်းကတော့ ရှည်တယ်၊ ဖြစ်ရတဲ့ အကြောင်းတရားတွေကတော့ အကြောင်းတရားကို ရှာနိုင်မှ ဖြစ်ရတဲ့ အကျိုးတရားကို သိနိုင်မှာကိုး။ ဒါက ဟိုအရင်တုန်းက သမိုင်းနဲ့ချီပြီးတော့ ပြောရမယ့်ကိစ္စတွေ ဖြစ်တယ်။ RCSS ဆိုတာ ဘယ်လို အဖွဲ့အစည်းဖြစ်တယ်၊ သမိုင်းနောက်ခံ ဘယ်လိုဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိလိမ့်မယ်။ အရင်တုန်းက သူက မုန်းတိုင်း တပ်မတော် (MTA- ခွန်ဆာအဖွဲ့) ရဲ့ အဆက်ပေ့ါဗျာ၊ MTA လက်နက်ကိုင်ပြီးတော့ တချို့တွေက တောထဲ ပြန်ဝင်သွားတဲ့ အဖွဲ့တွေ၊ လက်နက်ပြန်ပြီးတော့ ထူထောင်ဖြစ်လာတာ၊ ဆိုတော့ RCSS/S SA ဆိုတဲ့ဟာကလည်း သမိုင်းနောက်ကြောင်းရှိတယ်။
၁၉၉၆ ခုနှစ်မှာ MTA လက်နက်ကိုင်ချလိုက်ပြီးမှ တောထဲ ပြန်ဝင်သွားတဲ့အဖွဲ့တွေ ထူးထောင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၁၉၉၆ တုန်းက MTA ကနေ ခွဲထွက်လာတဲ့ ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) ဆိုတဲ့ အဖွဲ့ရှိတယ်၊ MTA ကနေ ခွဲထွက်ပြီးတော့ SSNA ကို စဝ်ကွမ်းယွက်တို့၊ စဝ်ကွမ်းယီတို့ကနေ ဦးဆောင်ပြီးတော့မှ ပြန်လည် ဖွဲ့စည်းတာဖြစ်တယ်၊ အဲကနေ ကျနော်တို့ SSPC (ရှမ်းပြည်ငြိမ်းချမ်းရေး ကောင်စီ) ဆိုပြီးတော့ SSA ရော၊ SSNA ရော ပူးပေါင်းပြီးတော့ ဖွဲ့စည်းခဲ့တယ်။
လိုရင်တိုရှင်းပဲ ပြောမယ်လေ ကွင်းဆက်တွေမိဖို့၊ အဲနောက် ဒီဦးယွက်စစ်ဆိုတာက SURA ဆိုတဲ့ လက်နက် ကိုင်ကို ပြန်ထောင်ပြီးတော့မှ လှုပ်ရှားတာပေါ့၊ ပြောမယ်ဆိုရင်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မ တော် (SSPP/SSA) ဆိုတာ တခုတည်း ရှိတယ်။ နောက်ပြီးတော့ SSNA ၊နောက် SSA ပေါ့၊ ဒီဟာတွေ ပူးပေါင်း ပြီးတော့ SSPC ဆိုပြီးတော့ ခဏဖွဲ့လိုက်တယ်၊ SSPC ဆိုတာကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပေါ့နော်၊ အဲအောက်မှာတော့ ကျနော်တို့ တပ်အနေနဲ့ မူဝါဒတွေ ရှိတာပေ့ါ။
နောက်ပိုင်း အစိုးရက အသိ အမှတ်မပြုဘဲ ပယ်ချလိုက်တော့ သူတို့ကလည်း ထိုင်းနယ်စပ်မှာ အခြေခံပြန်ယူပြီးတော့ SSA ဆိုပြီးတော့ ၁၉၉၆ ခုနှစ်က ကိစ္စကို ပြန်ပြီးတော့ သူက (ယွက်စစ်) ယူပြီးတော့မှ SSA (တောင်ပိုင်း) ဆိုပြီးတော့မှ လုပ်လာ တယ်။ အမှန်တော့ SSA က တခုတည်းပါ၊ အဲလိုနဲ့ RCSS ဆိုပြီးတော့ ပြန်ထောင်လိုက်တယ်။ SSPP ကိုသူ (ယွက်စစ်) မယူဘူး၊ SSA တော့ သူယူလိုက်တယ်၊ သူက RCSS/SSA ဆိုပြီးတော့ လုပ်လိုက်တယ်။
ဆိုတော့ အမှန်က အဲဒါကို အသေးစိတ်ပြောရရင်လည်း မကောင်းဘူး၊ ဒါပေမယ့် မပြောလို့မပြီး မတီးလို့မမည်ပေါ့၊ ကျနော်တို့ တံဆိပ်ပေါ့၊ လက်မောင်းတံဆိပ်မှာ တပ်ထားတဲ့ တံဆိပ် ဓားနဲ့အလံတော့ သူတို့ယူတယ်၊ ဒါပေမယ့် ကျားခေါင်းပေါ့ မယူဘူး၊ နောက်သူတို့ အဲဒါကို တံဆိပ်တွေ ပြောင်းလဲပြစ်တယ်။ တကယ်ပြောမယ် ဆိုရင် SSPP/SSA အမည်ယူမယ်လို့ ပြောလို့ရှိရင် ကျနော်တို့ လမ်းစဉ်က ရှိပြီးသား၊ ပါတီတည်ဆောက်ရေး လမ်းစဉ်၊ တပ်တည်ဆောက်ရေး လမ်းစဉ်၊ တပ်ပေါင်းစုလမ်းစဉ်၊ ဒါတွေ အကုန်ရှိပြီးသား၊ အဲဒီအတိုင်း သူတို့ မယူဘဲနဲ့ နာမည်ပဲ ယူလိုက်တယ်၊ အဲဒီလိုပါ၊ စတာက။
ကျနော်ပြောပြမယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရပေါ့နော် ရွေးကောက်တင်မြောက်တဲ့ အစိုးရတက်တယ်၊ ၂၀၀၉ မှာ နအဖ၊ နဝတ အစိုးရက အဲတုန်းက ကျနော်တို့ SSPP တပ်တွေကို ပြည်သူ့စစ်အဖြစ် ပြောင်းခိုင်းတယ်၊ ကျနော်တို့က လက်မခံခဲ့ဘူး၊ ပြည်သူလူထုရဲ့သဘောထား ကောက်ခံပြီးတော့မှ ပြည်သူလူထုက ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မရှိလို့မဖြစ်ဘူး၊ ဒါကျနော်တို့ကို ကာကွယ်မယ့် ပါတီ၊ ကျနော် တို့ကို ကာကွယ်မယ့် တပ်မတော်မရှိလို့မဖြစ်ဘူး၊ ခင်ဗျားတို့ မလုပ်ပါနဲ့ ဆိုတဲ့ ပြည်သူလူထုရဲ့အသံပေါ့လေ၊ ပြည်သူလူထုရဲ့ သဘေားထားတွေကို ကျနော်တို့ ကောက်ယူပြီးတော့မှ ပြည်သူလူထုရဲ့ဆန္ဒကို စဉ်းစားပြီး တော့မှ ဒါဆိုရင် ကျနော်တို့ ပြည်သူ့စစ်မလုပ်ဘူးဆိုပြီးမှ လုပ်လာတယ်။
အဲလိုဆိုပေမယ့် ကျနော်တို့ အင်အား တွေတော့ ဖဲ့သွားပါပြီ၊ တပ်မဟာ (၁) ပဲ ကျန်တယ်၊ ဒါပေမယ့် အဲကာလမှာ ကျနော်တို့က ထိုးစစ်မလုပ်တဲ့အခါမှာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာဆိုရင် ထိုးစစ်ဆင်တယ်၊ တပ်မတော်က သူတို့ထိုးစစ်မဆင်ခင် ကာလ မှာ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (စရဖ) က ကိုင်တယ်ဗျာ၊ စရဖချုပ်ပေါ့။
အဲဒါကိုလည်း ကျနော်တို့ အစီအရင်ခံစာ တင်ပြတယ်၊ မလုပ်ပါနဲ့ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၁၉၈၉ ခုနှစ်ကရတဲ့ ပစ်ခတ်တိုက်ခိုက်ရေးကို ဆက်လက် ထိန်းသိမ်းပြီးတော့ အဲဒီကာလမှာ ပြောခဲ့တယ်၊ နောက်တက်လာမယ့် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပါရေစေ ဆိုတော့ အဲမှာ မရဘူး။ မင်းတို့ ပြည်သူ့စစ်လုပ်ရ မယ်တဲ့ ဒါက မဖြစ်နိုင်ဘူး၊ အဲလိုနဲ့ ဇာတ်လမ်းက စတာ။ ဆိုတော့ ကျနော်တို့ကလည်း ပြည်သူလူထုရဲ့ ဆန္ဒ သဘောထား ကောက်ခံပြီးတော့ ပြန်လည် လှုပ်ရှားတဲ့အတွက်ကြောင့် ၂၀၁၁ ခုနှစ် တိုက်ပွဲတွေ အကြီးကြီး ဖြစ်လာတဲ့အောက်မှာ ကျနော်တို့ တပ်အင်အားတွေက တရှိန်ထိုးပေါ့၊ ကျနော်တို့ တပ်မဟာ (၁) ကနေပြီးတော့ တပ်မဟာတွေ အများကြီးဖြစ်လာတာ။
အခုချိန်ခြေနေထိ (၈) နှစ်အတွင်းပေါ့ဗျာ၊ ၂၀၁၁ ပေါ့နော်၊ တိုက်ပွဲ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ အခု ၂၀၁၈ ခုနှစ်အခု ကာလမှာဆိုရင် ပြည်သူလူထု ထောက်ခံမှုအရ တပ်မဟာ တင်မကတော့ဘူး၊ တပ်မတွေပါ ဖြစ် လာတယ်။ ဖွဲ့စည်းပုံကို ခင်ဗျားတို့ သိမှာပါ။ တပ်မတခုကို အနည်းဆုံး ဗျူဟာ (၃) ခုပေါ့နော်။ အခု ကျနော်တို့ တပ်မဟာ (၈) ထိရှိတယ်၊ တချို့ တပ်မကြီးထဲမှာ တပ်မဟာ (၄) ခုရှိတယ်၊ အနည်းဆုံးကတော့ (၃) ခုရှိတယ်ဗျာ။
အဲလို အင်အားတွေက ရုတ်တရက် ကြီးထွားလာတာဖြစ်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒါ ပြည်သူလူထုရဲ့ဆန္ဒပဲ၊ ကျနော်တို့ကလည်း ကိုယ်လုပ်ချင်ရာ လျောက်လုပ်နေတာမဟုတ်ဘူး၊ ကိုယ့်ဆန္ဒနဲ့ လုပ်နေတာမဟုတ်ဘူး ပကတိ ဖြစ်ရပ်မှန်တွေကနေ ကျနော်တို့က ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ဆက်တိုက် လာတာ။
အဲဒီကာလ ၂၀၁၁ ခုနှစ်မှာ အစိုးရကနေပြီးတော့မှ ကျနော်တို့ကို ထိုးစစ်ဆင်တဲ့အောက်မှာ အဲဒီ RCSS လို့ခေါ် တဲ့ အဖွဲ့က ကျနော်တို့ ဥက္ကဋ္ဌကို ပြောတယ်၊ ကျနော်တို့ ကူညီပေးရမလား၊ ကျနော်တို့က ဘာမှ အကူအညီ မတောင်းပါဘူး၊ ဘယ်သူ့မှ အကူအညီမတောင်းပါဘူး၊ ကျနော်တို့အဖွဲ့ဟာ ထူးခြားချက် တခုရှိတယ်၊ ဘာလဲဆို ရင် ထိုင်းနယ်စပ်မှာလည်း အခြေကုတ် မယူထားဘူး၊ တရုတ်ပြည်နယ်စပ်မှာလည်း အခြေကုတ်မယူထားဘူး၊ ကျနော်တို့ ပြည်တွင်း ရှမ်းပြည်အတွင်းမှာဘဲ ကျနော်တို့ ရှမ်းပြည် လူထု ထောက်ခံမှု ဒီအနေအထားအရ ပြည် တွင်းမှာပဲ ကျနော်တို့ လှုပ်ရှားတဲ့ အဖွဲ့ဖြစ်တယ်။
အဲသလိုနဲ့ ဒီ RCSS ကနေ SSA တောင်ပိုင်းအမည်ခံက ကျနော်တို့ကို ကမ်းလှမ်းတာပေါ့။ ကျနော်တို့ ကူတိုက်ပေးရမလား၊ ကျနော်တို့က တိုက်ပါလို့လည်း မပြောဘူး၊ မတိုက်ပါနဲ့လို့လည်း မပြောဘူး၊ ဒါပေမယ့် ခင်ဗျားတို့ တကယ် စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့အင်အား တွေကို ပင်လုံ၊ လဲချား၊ ရှမ်းပြည်မြောက်ပိုင်းအထိ မကျော်လာပါစေနဲ့ ပြောချင်တာကတော့ တောင်ပိုင်းက မိုင်းကိုင်ကနေ မကျော်လာအောင် ခင်ဗျားတို့ ထိန်းနိုင်ရင်လည်း ထိန်းပေါ့၊ ကျနော်တို့ အဲလောက်ပဲ ပြောတာ အဲဒီအခြေခံပဲဗျ ဖြစ်လာတာက။
ဆိုတော့ RCSS/SSA တောင်ပိုင်း တပ်ဖွဲ့တွေဟာ တကယ်တမ်းမှာဆိုရင် ရန်သူကို ဘာမှ မယ်မယ်ရရ တိုက်တာ မရှိဘူး၊ ဘာလို့ဆို ကျနော်တို့တပ်တွေက အကုန်လုံး စုပြီးတော့မှ ကျနော်တို့ ဝမ်ဟိုင်းအခြေခံစခန်းကို ရန်သူက ဖက်ပေါင်းစုံကနေ ဝိုင်းဝန်း ချေမှုန်းရေးလုပ်တဲ့ ကာလဖြစ်တယ်၊ ကျနော်တို့က နဂိုကတည်းက ရှမ်းပြည် မြောက်ပိုင်း တခွင်မှာ ဖြန့်ခွဲထားပြီးသား ဖြစ်တယ်၊ ဒါက ဟိုအရင်းကတည်းက အခုမှ မဟုတ်ဘူး၊ ရှမ်းပြည် တော်လှန်ရေးပေါ်လာတဲ့ ၁၉၅၈ ခုနှစ်ကတည်းက ရှိနေပြီးသား။ အဲမှာပဲ ရှမ်းပြည်တပ်မတော်ဆိုတာ ပေါ်လာ တယ် ၁၉၆၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ အဲကတည်းကစပြီး ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် အဲဒီတွေမှာ ကျနော်တို့တပ်တွေ အကုန်လုံးရှိတယ်၊ နမ့်ဆန်က လွဲလို့ပေါ့။ ကျနော်တို့ လှုပ်ရှားနေခဲ့တာတွေ အဲဒီကွင်းဆက်ကို နားလည်ထားဖို့လိုတယ်၊ အဲဒါကို နားမလည် ဘူးဆိုရင် သမိုင်းကို မျက်ခြေပျက်သွားလိမ့်မယ်။
အဲဒီအခြေခံအောက်မှာ ဖြစ်ပေါ်လာခဲ့တဲ့ စစ်ပွဲ ၂၀၁၁ ခုနှစ်မှာ ကျနော်တို့ တပ်အင်အားတွေက ကျနော်တို့ ဗဟိုဌာနချုပ် ဝမ်ဟိုင်းမကျဆုံးရေးအတွက် အဝေးရောက်တပ်တွေကို ပြန်လည်စုစည်းပြီး ပြန်ခေါ်တယ်၊ ဝမ်ဟိုင်း အခြေခံဌာနချုပ်စခန်း မကျဆုံးသွားရေးအတွက် ကျနော်တို့ ကာကွယ်ရေးတွေ၊ ထိုးစစ်တွေကို ဖြစ်တာ၊ ကျန်တာ တိုက်ပွဲကြီးတွေ ကျနော်တို့ စလုပ်တယ်၊ ၂၀၁၁ ခုနှစ်ဆိုရင် ကြီးမားတဲ့ တိုက်ပွဲတွေ၊ နောက် ၂၀၁၂ ခုနှစ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်တာတောင်မှ ၂၀၁၂ ခုနှစ်၊ ဇူလိုင် လမှာ တပ်မတော်ကနေပြီးတော့ ပြန်ထိုးစစ်တွေလုပ်တာ အဲလို လက်မှတ် ထိုးလိုက်ပေမယ့်လည်း တပ်မတော် က အဓိက မိုင်းအော့တို့ ဘာတို့၊ (၇)မိုင်တို့၊ နမ့်လောင်းတို့ ဘာတို့ကို ထိုးစစ်လုပ်တယ်၊ အဲမှာ ဒီအခြေခံဒေသ တွေကို ကျနော်တို့ ပြန်လည် လက်လွတ်ရတယ်၊ တိုက်ပွဲကြီးတွေက တပ်အင်အား ထောင်နဲ့ချီပြီး တိုက်ဖူး တယ်။
ပြီးတော့ ၂၀၁၄ ခုနှစ်မှာ ကြီးမားတဲ့တိုက်ပွဲ တာပန်ဆောင်တိုက်ပွဲဖြစ်တယ်၊ ကျနော်တို့ကို လက်နက်ကြီးတွေ၊ လေယာဉ်ပျံတွေနဲ့ အရင်ပစ်ကူပြီးတော့ ထိုးစစ်ဆင်ပြီး ကြည်းတပ်တွေ တက်တာ၊ ကျနော်တို့ တာပန်ဆောင်တို့၊ နမ့်ပုတ်တို့ဆိုတာ ကျနော်တို့ ဝမ်ဟိုင်းရဲ့ တံခါးပေါက်ပဲ၊ အခြေခံစခန်း ဗဟိုဌာနချုပ် တံခါးပေါက်ပဲ၊ အဲတံခါးပေါ က်နားထိ ရောက်လာတဲ့ စစ်ပွဲတွေဟာ တော်တော်ပြင်းထန်ပါတယ်။
အဲဒါ ကျနော်တို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ကျနော်တို့က နိုင်ငံတော်သမ္မတကြီးရဲ့စကားကို နားထောင်ပြီး ကျနော်တို့ ဆုတ်ပေး လိုက်တယ်၊ အဲဒီတပ်တွေကို အခုထိပဲတပ်မတော်က ပြန်မဆုတ်ပေးဘူး အခုထိ ရှိနေတယ်။ ဒါက တချက်ပေါ့ ၂၀၁၅ ခုနှစ်မှာ ကျနော်တို့ တာစမ်းဖူးတို့၊ မုန်းခံတို့ဆိုတာ ဟိုင်ပါနဲ့ နီးတယ်၊ ရှမ်းပြည် တောင်ဘက်ခြမ်းပေါ့။ အဲမှာ အကြီးအကျယ် ထိုးစစ်ဆင်ပြန်ရော အဲမှာလည်း လေယာဉ်ပျံတွေ၊ အမြောက်ကြီးတွေနဲ့ပေါ့လေ၊ အမြောက်ကြီးတွေနဲ့ဆိုရင် ၁၂၀ မမတို့၊ ဟောင်ဝပ်ဆာတို့နဲ့ ဝမ်ဟိုင်းထိကို သူတို့က လက်နက်ကြီးတွေနဲ့ ထုတာ၊ အဲလို တိုက်ပွဲတွေ တိုက်နေတဲ့ ကာလမှာ ကျနော်တို့တပ်တွေပေါ့ အဓိက တပ်တွေကို ပြန်ဆွဲထုတ် လိုက်တယ်၊ ဒီက ရှမ်းပြည်မြောက်ပိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြောက်ကျားတပ်တွေပဲ ရှိတယ်။
အဲလို အခြေအနေမှာ RCSS/SSA တပ်တွေက တက်လာတယ် ရှမ်းမြောက်ပိုင်းကို အဲတုန်းက သူတို့ ၂၀၁၅ ခုနှစ်မှာ သူတို့ NCA လက်မှတ်မထိုးရသေးတဲ့ ကာလမှာ တိုက်ပွဲမဖြစ်ဘူး၊ သူတို့ ပြောသလို ကူညီတိုက်ပေးတဲ့ ဆိုတာ မတွေ့ရပါဘူး၊ သူတို့ အမျိုးမျိုး အကြောင်းပြတယ်၊ ကျနော်တို့က ပြောတယ် ဖုန်ကြားရှင်း (ကိုးကန့်ကိစ္စ) ကိစ္စ ပေါ်လာတော့လည်း ရှင်းရှင်းပြောရရင် ဖုန်ကြားရှင်းမသေသေးပါဘူး။
ကျနော်တို့ ဘာမှ မခေါ်ပါဘူး၊ ဒါပေ မယ့် သူတို့ပြောတာတွေက သူတို့ကပဲ အကူအညီပေးသလိုလိုနဲ့ မြောက်ပိုင်း တက်လာတယ်ဆိုတာ အကြောင်း တရားတွေ ပြောတာပေါ့၊ မဟုတ်ဘူး လက်တွေ့မှာ ဘာမှမရှိဘူး၊ စစ်မြေပြင်မှာ ကျနော်တို့ ဝမ်ဟိုင်းမှာ စုစည်း နေတဲ့အချိန်မှာ သူတို့က မြောက်ပိုင်းမှာ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်းတဝှိုက်ဖြစ်တဲ့ ကျနော်တို့ အခြေခံဒေသမှာ သူတို့ အရပ်ဝတ်နဲ့ အရင်ဝင်ရောက်လာတယ်၊ နောက်တပ်မရှိတော့ စစ်တပ်တွေနဲ့ တက်သွားတယ်၊ အဲဒီလိုနဲ့ ကျနော်တို့ ဒေသတွေမှာ ပြည်သူလူထုဟာ ဝန်ထုပ်ဝန်ပိုးထမ်းရတာပေါ့၊ သူတို့ကိုလည်း ရိက္ခာတွေပေးရတယ်၊ သူတို့ကိုလည်း ထားရတယ်၊ ဒီကိစ္စ ကျနော်တို့ ပြောတယ်၊ ပြည်သူလူထု နစ်နာတယ်၊ ဒီကိစ္စက ပြည်သူလူထု နစ်နာနေပြီး ခင်ဗျားတို့ အေးအေး ဆေးဆေး တောင်ပိုင်းမှာဘဲ လှုပ်ရှားနေတဲ့ နဂိုမူလနေရာပေါ့ဗျာ၊ ၂၀၁၀ – ၂၀၁၂ ခုနှစ်က မူလလှုပ်ရှားမှု မတိုင်ခင်က လှုပ်ရှားတဲ့ နေရာတွေမှာပဲ ခင်ဗျားတို့ ပြန်လှုပ်ရှားပါလို့၊ အတန်တန် ပြောတယ်၊ အတန်တန် ညှိနှိုင်းတယ်၊ အတန်တန်ဆွေးနွေးပွဲတွေလုပ်တယ်၊ ကျနော်တို့က တကယ်ပဲ ငြိမ်းချမ်း ရေး လိုချင်လို့ အစိုးရနဲ့ တပ်မတော်ကိုလည်း ကျနော်တို့ ဆွေးနွေးနေတယ်။
တချိန်တည်းမှာပဲ ကျနော်တို့က လက်နက်ကိုင်တိုက်ပွဲကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲမှာ ဖြေရှင်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်အရ ဆက်သွယ်ခဲ့ပါတယ်၊ ဒါပေမယ့် တဖက်က ကျနော်တို့ကို အဲလို ဖွင့်မလားဘူး၊ အတန် တန် ကျနော်တို့ ပြောတယ်၊ အချင်းချင်း တိုက်ခိုက်လို့မဖြစ်ဘူးဆိုတာ ကျနော်တို့ ကိုယ်တိုင် လွယ်တိုင်းလျဲန်ကို ကျနော်တို့ ကိုယ်တိုင် (၁၀) ကြိမ်ထက် မနည်း သွားတယ်၊ သူတို့ ကျနော်တို့ဆီ လာတာ (၃) ကြိမ်ပဲ ရှိတယ်။
အဲလိုပါ ဖြစ်စဉ်တွေကို ခင်ဗျားတို့ နားလည်ဖို့လိုတယ်၊ နည်းနည်းလေးတော့ ရှည်သွားမယ်၊ ဒါကျနော် အတိုချုပ် ပြောတာ။ ၂၀၁၅ ခုနှစ်မှာ သူတို့ (RCSS) NCA လက်မှတ်ထိုးပြီးတော့ အကြောင်းပြတာက ၇၀၁ တပ်ဖွဲ့ပေါ့နော် အဲဒီမြောက်ပိုင်းတပ်ကို သွားပြီးတော့ သူတို့ အပစ်အခတ်ရပ်စဲရေးလုပ်ထားတာကို ရှင်းပြမယ်ဆိုတာ လုပ်တာ ကိုပစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့သွားတာ ကျနော်တို့ဆီကို တခွန်းမှ မပြောဘူး၊ တခွန်းမှလည်း မညှိ နှိုင်းဘူး၊ သူတို့တပ်တွေ သွားချင် သလိုသွားပြီးတော့ ပလောင်နဲ့တိုက်ပွဲဖြစ်တယ်။
ဖြစ်လာတော့လည်း ကျနော်တို့ အဆဲခံရတယ်၊ ဘာလဲဆို မင်းတို့က အမျိုးမချစ်ဘူးတဲ့ မင်းတို့ ရှမ်းမဟုတ်ဘူးလား၊ ဘာလား အမျိုးမျိုးပေါ့ ပုတ်ခိုက်တိုက်ခိုက်တယ်၊ မဟုတ်ဘူး ဒီကိစ္စက အဲလိုမဟုတ်ဘူး ကျနော်တို့က တိုင်းရင်းသားတွေ အချင်းချင်း ဆိုတာက ဘဝအတူတွေ၊ အသွေးဆုတ်ခံ ဖိနှိပ်ခံတွေဖြစ်တော့ ပုံစံတူအနေနဲ့ပဲ လုပ်ရမယ် မတိုက်ကျပါနဲ့ ခင်ဗျားတို့ လူမျိုးရေး၊ အမျိုးသားရေး အလံထောင်ပြီးတော့ တိုက်နေတာ မှားတယ်၊ ဒါမလုပ်သင့်တဲ့ ကိစ္စပဲ၊ ခင်ဗျားတို့ တဖွဲ့ချင်း၊ လူပုဂ္ဂိုလ်အချင်းချင်း ဖြစ်ပေါ်လာတဲ့ဟာတွေကို ခင်ဗျားတို့ အမျိုး သားဆိုတဲ့ အလံတော်အရည်ကို မလုပ်ကျပါနဲ့၊ အကာအကွယ် မယူကျပါနဲ့ပြောတယ်၊ နောက်ကျတော့ ကျနော် တို့ တပ်ဖွဲ့ဝင်တွေကို လုပ်ကြံသတ်ဖြတ်တာတွေ ဖြစ်လာတော့ ကျနော်တို့က သွားတယ် သူတို့ဆီကို အချက် အလတ်တွေနဲ့ ပြည်သူလူထုရဲ့ အချက်အလတ်တွေ ထောက်ခံမှုတွေနဲ့ သွားတင်တယ်၊ ဒါတွေ ဖြေရှင်းပေးပါ ဒါ လူသတ်မှုဖြစ်တယ်၊ အဲလို လူသတ်တဲ့ကိစ္စတွေ ၄-၅ မှုလောက်ရှိတယ်၊ ၂၀၁၁ ကိစ္စ၊ ၂၀၁၄ ခုနှစ်က ဖြစ်တဲ့ ကိစ္စ၊ ၂၀၁၈ ခုနှစ်က ဖြစ်တဲ့ကိစ္စတွေ ဘာတခုမှ မဖြေရှင်းပေးဘူး။
ဆိုတော့ကာ မဟုတ်တော့ဘူး။ ဒီလိုဆိုရင်တော့ နောက်ဆုံးတခေါက် ဘယ်လို ထုတ်ပြန်လည်းဆိုတော့ အချက် (၃) ချက်ပေါ့နော် RCSS ဘက်က ထုတ်ပြန်တာ (၁) SSA ဒီဘက်ကို ကူးပြောင်းမလား၊ အညံ့ခံ မလားပေါ့၊ (၂) SSPP/SSA တိုက်မလားပေါ့၊ (၃) SSPP/SSA ရှိနေရင် ငါတို့ RCSS/SSA အတွက် ရှေ့ဘဝ တိုးတက်နိုင်ဖို့ မရှိနိုင်ဘူးလို့ ဦးယွက်စစ်ကြီး ကိုယ်တိုင် ပြောတာ၊ ပြောပြီးတော့ အခုလို လုပ်တာ အခိုင်အမာ အကောင် အထည် ဖော်တာဖြစ်တယ်၊ တိုက်ပွဲတွေ ဖြစ်တယ်။ ကျနော်တို့အခုထိ RCSS ကို တရားဝင် တိုက်မယ် လို့ တရားဝင် ထုတ် ပြန်ချက်၊ ဗဟိုဆုံးဖြတ်ချက် မရှိပါဘူး၊ ဘာလို့ဆို စစ်အစိုးရတောင်မှ ငြိမ်းချမ်းရေး စားပွဲခုံပေါ်မှာ ငြိမ်းချမ်း တဲ့ နည်းနဲ့ ဖြေရှင်းဖို့ ပြောတာပဲ။ ဒီကိစ္စတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ တောင်းဆိုတယ်၊ ဒါပေမယ့် မရဘူး၊ နောက်ဆုံး ၂၀၁၈ ခုနှစ်မှာ RCSS က ဦးယွက်စစ်ကိုယ်တိုင် ကြေညာချက်ထုတ်ပြီးတော့မှ SSPP/ SSA ကို တွေ့ရာသချိုၤင်းဓားမဆိုင်ဘူး၊ နေရာတကာတိုက်၊ မတိုက်ရင် အရေးယူမယ်ဆိုပြီး ပြောထားတယ်။
ကျနော်တို့ စတုတ္ထအကြိမ် ပါတီကွန်ဂရက် ထုတ်ပြန်ချက်မှာ ကျနော်တို့ ကိုင်ဆွဲထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စားပွဲဝိုင်းမှာ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ ပြောထားပါတယ်၊ ဒါအစိုးရနဲ့လည်းမကဘူး တပ်မတော်နဲ့ လည်း မကဘူး ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အကျုံးဝင်တယ်၊ ဒါက ကျနော်တို့ သဘောထားပဲ ပြန်လည် ဆွေးနွေးဖို့ဆိုတာ ဒါကို ဘာကြောင့် တိုက်ရတယ်ဆိုတဲ့ အကြောင်းအရင်းက ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန် လည် ကာကွယ်တာ ငါတို့ကို အပြုတ်တိုက်တော့မယ်၊ ငါတို့ကို ချေးမှုန်းတော့မယ်။ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကာကွယ်ခြင်း ဖြစ်ပါတယ်။ RCSS ကိုတိုက်မယ်ဆိုတဲ့ အမိန့်ကြေညာချက်တွေ၊ စကားတွေ ထုတ်ပြန်ပြီးတော့ တိုက်တာမျိုး မရှိပါဘူး။ ကျနော်တို့ကတော့ ငြိမ်းချမ်းတဲ့ နည်းလမ်းဖြင့် စားပွဲဝိုင်း မှာ အဖြေရှာခြင်းမှ တပါး စစ်ပွဲနဲ့ မဖြစ်နိုင်ဘူးဆိုတဲ့အပေါ်မှာပဲ ရပ်တည်ပါတယ်။
မေး။ ။ RCSS က SSPP ကိုတိုက်ဖို့ဆိုတဲ့ ထုတ်ပြန်ချက်က ဘယ်တုန်းက ထုတ်တာလဲ၊ ဒီဟာနဲ့ ပတ်သက် ပြီးတော့ရော ခေါင်းဆောင် (၂)ဦး တွေ့ဆုံ ဆွေးနွေးဖို့ ရှိသလား။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ လက်ခုပ်တီးတယ်ဆိုတာက တဖက်တည်းနဲ့ မရပါဘူး၊ ကျနော်တို့က တွေ့ဆုံ ဆွေးနွေးရေး တံခါးကို ဖွင့်ထားတယ်၊ ကျနော်တို့ တွေ့ဆုံမှု မလုပ်ရင်လည်း ဘယ်လိုလုပ်မလဲ၊ ကျနော်တို့က တော့ ဆွေးနွေးမယ်။
မေး။ ။ အခု တပ်မတော်က စစ်တိုင်း (၅)တိုင်းကို စစ်ဆင်ရေး ရပ်စဲကြောင်း ကြေညာခဲ့တယ်၊ အဲမှာ အချိန် (၄) လ ပေးထားတယ်၊ အဲဒီ အချိန်ကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အကျိုးရှိရှိ အသုံးပြုနိုင် ရင် ၂၀၁၉ မှာ ငြိမ်းချမ်းရေး တော်တော်ကောင်းလာမယ်၊ မဟုတ်ရင် တော်တော် ဆိုးဝါး လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိတယ်၊ ဘယ်လို မြင်လဲ။
ဖြေ ။ ။ ဒါကတော့ ကာလတခု အချိန်သတ်မှတ်တာပဲ ပြည်တွင်းစစ်ဆိုတာ နှစ်(၇၀)ရှိပြီ၊ ပြည်တွင်းစစ်ဆို တာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့အရာဆိုတာ လူတိုင်းသိတယ်၊ ဆိုတော့ ဒီပြဿနာတွေကို (၄) လ အတွင်းနဲ့ ဖြေရှင်းလို့ရမလား စဉ်းစားကြည့်၊ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်စေ ၄ လဖြစ်ဖြစ်၊ ၄ ရက်ပဲ ဖြစ်ဖြစ်၊ ၄ နာရီပဲ ဖြစ်ဖြစ် ကျနော်တို့က ဒီအပစ် အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာချက်အပေါ်မှာတော့ ကြိုဆိုပါတယ်။
ဒါနဲ့ မလုံလောက်သေးဘူးလို့လည်း ကျနော်တို့ ထုတ်ပြန်ချက်လည်း ထုတ်ပြန်ထားတာ ရှိပါတယ်၊ အဲဒါကို လည်း ကျနော်တို့ စဉ်းစားပေးဖို့၊ ကျနော်တို့ ယုံကြည်မှု နှစ်ပေါင်း ၇၀ ပျက်ပြားလာတာကို ၄ လတည်းနဲ့ တော့ ဘယ်လိုမှ မလုံလောက်ဘူးလို့ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် တဖက်က ဒီလိုဖြစ်တယ် ခုဏကျနော် ပြော သလိုပဲ ကြိုဆိုပါတယ်။ သဘောပေါက်ဖို့ လိုပါတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တာပါ။ ကျနော်တို့က သွေးဆာနေတဲ့ စစ်သွေးကြွတွေမဟုတ်ပါဘူး၊ ကျနော်တို့ကလည်း ပင်လုံစာချုပ်အရ တောင်းဆို နေတာပါ။
ပင်လုံစာချုပ်မရှိဘူးဆိုရင် ဒီနေ့ ပြည်ထောင်စုဆိုတာမရှိဘူး၊ ကျနော်တို့ မြန်မာလူမျိုးတွေနဲ့ ပူးပေါင်း ပြီးတော့ လွတ်လပ်ရေးယူခဲ့တာ၊ ဒီနေ့ကျနော်တို့ ပြည်တွင်းစစ်ဖြစ်ရတဲ့အဓိက အကြောင်းတရားဆိုတာ ဘာလဲ၊ ပင်လုံစာချုပ်အတိုင်း ကျနော်တို့ အကောင်အထည်မဖော်ခဲ့လို့ ဖြစ်တာ၊ ကျနော်တို့ ရှုပ်အောင်လည်းမလုပ်ဘူး ဒါပေမယ့် ကျနော်တို့ တိုက်တွန်းလိုတာက နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုရင် ပင်လုံ ကတိကဝတ်၊ ပင်လုံ မူတွေကို ယူပြီးတော့မှ အဲဒီ အပေါ်မှာ ပြောင်းလဲနေတဲ့ ပကတိအခြေအနေနဲ့ ပေါင်းစပ်ပြီးတော့မှ ကျနော်တို့နဲ့ ကိုက်ညီမယ့် တန်းတူရေးကိစ္စကို တကယ့်အစစ်အမှန် အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကို တည်ဆောက်ဖို့ ကျနော်တို့ ရည်မှန်းချက်ရှိပါတယ်။
ကနေ့ထိ ကျနော်တို့ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်ရသေးတဲ့အတွက်ကြောင့် ကျနော်တို့က ပြန် လည် အကောင် အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်၊ ကျနော်တို့ တိုက်ပွဲ နှစ်ပေါင်း ၇၀ ဖြစ်လာတဲ့ အကြောင်း တရာက အဲ့ကွင်းဆက်တွေကြောင့် ဖြစ်တယ်။ ပင်လုံစာချုပ်အတိုင်း အကောင်အထည်ဖော်နိုင်ရင် တန်းတူ ရေး၊ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့်ဆိုတဲ့မူကို ရိုးသား ပွင့်လင်းစွာနဲ့အကောင်အထည်ဖော်ရင် ကျနော်တို့တိုင်းပြည်ကြီး တကယ် အဆင်းရဲဆုံး နိုင်ငံကြီး ဖြစ်မသွားပါဘူး။
ကျနော်တို့ထက် အင်မတန် နောက်ကျမှ လွတ်လပ်ရေးယူသွားတဲ့ စင်င်္ကာပူတို့၊ မလေးရှားတို့ဆိုတာ စင်္ကာပူဆို ရင် ရေကို ဝယ်သောက်နေရတဲ့တိုင်းပြည်က ကျနော်တို့ နှစ်ပေါင်း ၂၀ လိုက်လည်း မမီဘူး၊ ဒါဘာလဲဆိုရင် အုပ် ချုပ်တဲ့ မူပေါ်လစီတွေ မှားယွင်းမှုကြောင့်ဘဲ။
မေး။ ။ နောက်တခုက စစ်ဆင်ရေး ရပ်စဲကြောင်း ကြေညာခဲ့တာနဲ့တပြိုင်တည်း NCA ထိုးကြဖို့လည်း ပြောထားတယ်၊ SSPP အနေနဲ့ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ NCA ထိုး နိုင်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးပေါ့။
ဖြေ ။ ။ ကျနော်တို့က FPNCC ဆိုတာရှိတယ်၊ ဒါက FPNCC အဖွဲ့ရဲ့ အပေါ်မှာ မူတည်ပါတယ်၊ NCA က မပြည့်စုံသေးဘူး၊ အများကြီး ကျန်သေးတယ်၊ နည်းနည်း ညှိရအုံးမယ်။ ဥပမာ ကျနော်တို့ နိုင်ငံရေးမူဘောင် ကိစ္စ ဒါတွေက မပြည့်စုံသေးဘူး၊ နောက် အားလုံးပါဝင်ရေးကိစ္စတွေ ၂၀၁၅ ခုနှစ်မှာ လက်မှတ်မထိုးတာကလည်း အဲဒါတွေပဲ။
ကျနော်တို့ပြောတာက မဟုတ်ဘူး ရပ်မယ်ဆို အားလုံးရပ်၊ ထိုးမယ်ဆိုရင် အားလုံးထိုးလို့၊ ဆိုတော့ NCA ရဲ့ အပိုဒ် ၃၃ မှာ အားလုံး ပါဝင်ရေးဆိုတာက ရှိပြီးသား အဲဒါကို အကောင်အထည်မဖော်လို့ဖြစ်တယ်၊ ကျနော် တို့က အဲဒါကြောင့် ဟိုလူ့ကို ကျန်တာ၊ ဒီလူ့ကို ကျန်တာ၊ တိုက်မယ်၊ ရသလောက် လုပ်မယ်ဆိုတာ မကိုက်ဘူး။ လုပ်မယ်ဆိုရင် ရိုးသားပွင့်လင်းစွာနဲ့ အားလုံးကို ရပ်၊ အားလုံးကို ဆွေးနွေး သူက ဘာဖြစ်တယ်၊ နောက်မှ ပေါ်တယ်၊ သူက အရင်ပေါ်တယ် အဓိကမဟုတ်ဘူး။ အဲဒီအကြောင်းတရားတွေကြောင့် ဒီနေ့ ကျနော်တို့ ဒုက္ခ ရောက်နေတယ်။
ကျနော်တို့ ကောင်းကောင်းနားလည်တယ်၊ ကျနော်တို့ ခေတ်မှာ ဆိုးမွေကို ကျနော်တို့ မပေးခဲ့ ချင်ဘူးဗျာ၊ ကျနော်တို့ သားစဉ် မြေးဆက်တွေကို ကောင်းမွေတွေပေးမှာ ကျနော်တို့ အသက်ကြီးပြီဗျ သေတော့ မှာ ဟုတ်လား၊ ဒါရိုင်းရိုင်းပြောမယ်ဆိုရင် ကျနော်တို့ အတွေးထဲမှာ ကျနော်တို့က ကောင်းမွေတွေ ပေးချင်တယ်၊ ကျနော်တို့ လိုချင်တာ ရှင်းရှင်းလေး၊ ရိုးရိုးသားသားနဲ့ ပင်လုံ ကတိကဝတ် ပင်လုံစာချုပ်မူတွေကို အခြေခံပြီး တော့မှ တိုင်းပြည်ကို တကယ့် တန်းတူတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင် စုစစ်ကို လိုချင်တာပါ။ ဒါရှင်းရှင်းလေးပါ ဒီလောက်ပါပဲ။
အခု ၄ လအပစ်ရပ်တာ မပြည့်စုံသေးဘူး၊ ဒါပေမယ့် မလုပ်တာထက်စာရင် တော်သေးတာပေါ့၊ ဒါကို ကျနော် တို့ လုပ်ကြည့်တာပေါ့။ ကောင်းပါတယ်၊ ကောင်းတဲ့ဖက်ကနေ ကျနော်တို့ ပြောတာပါ။
မေး။ ။ NCA ထိုးဖို့ ဘာကြောင့် အဆင်သင့်မဖြစ်သေးတာလဲ၊ UWSA က မထိုးလို့ SSPP အနေနဲ့ ထိုးမရဘူး လို့ သုံးသပ်နေတဲ့ ကိစ္စတွေအတိုင်းဖြစ်နေလို့လား။
ဖြေ ။ ။ စောစောက ပြောသလိုပေါ့ အားလုံးပါဝင်ရေးလေ၊ အားလုံးပါဝင်နိုင်ရေးမူကိုသာ လက်တွေ့ အကောင် အထည်ဖော်နိုင်ရင် ဘာမှ ပြဿနာမရှိဘူး၊ ဒီနေ့ကြည့် နိုင်ငံရေးမူဘောင်ဆိုတာ အင်မတန် အရေးကြီးတဲ့ ကိစ္စ ဒီနေ့အထိ ဘာမှ ပြင်လို့မရသေးဘူး၊ အားလုံးပါဝင် လက်မှတ်ထိုးပြီးမှ ချမှတ်ရမှာ ဒါကို ဘာမှ မပြီးသေးခင် ကျနော်တို့က ကိုယ့်ဖြစ်ချင်တာတွေ ဖြစ်နေတော့ ပကတိအခြေအနေတွေကို မဖြေရှင်းဘူး၊ မကျော်လွှားဘူး၊ အပြောတမျိုး မလုပ်တမျိုးပဲ ဖြစ်နေတယ်။ ဒီအားနည်းချက်တွေကို ပြင်ဆင်ဖို့လိုပါတယ်။
ကျနော်တို့က အသက် ၇၀ ကျော်နေပြီး ကျနော်တို့ခံစားရမှာမဟုတ်ဘူး သားတွေ၊ မြေးတွေပဲ ခံစားရမှာ ဒါကြောင့် လက်တွေ့ကိစ္စတွေကို ဖယ်ပြီးတော့ ကျနော်တို့ ဖြစ်ချင်တာတွေ လိုချင်တာပဲ စွပ်လုပ်နေလို့ရှိရင် ယုံကြည်မှုဆိုတာ ဘယ်လို တည်ဆောက်မလဲ။
မေး။ ။ အခု AA-TNLA-MNDAA တို့နဲ့ Biliteral ထိုးနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ ကြားရတယ်၊ တကယ်လို့ FPNCC အဖွဲ့ဝင်အားလုံး NCA ထိုးနိုင်ခဲ့မယ်ဆိုရင် FPNCC အနေနဲ့ ထိုးမှာလား၊ တဖွဲ့ချင်းစီး ထိုးကျမှာလား ဘယ်လိုမျိုး မူဝါဒတွေရှိကြလဲ။
ဖြေ ။ ။ ဒါလည်း ကျနော်တို့ အခိုင်အမာအခြေအနေကို အခိုင်အမာမူဝါဒအရပဲ လုပ်သွားကြမှာပေါ့။ မူအရ တော့ ကျနော်တို့က တပ်ပေါင်းစုဆိုတဲ့ မူအတိုင်းအားလုံးပါဝင်ရေးအရ တခုဖွဲ့မှ မကျန်ခဲ့ဘူးဆိုရင် ထိုးမယ်၊ နောက်ပြီးရင် NCA က ပြင်လို့မရဘူးဆိုတာကို ပြောရင်တော့ ဒါက မပြည့်စုံသေးဘူး၊ အဲဒီမှာလည်း ကျနော်တို့ ခဏက ပြောတဲ့ နိုင်ငံရေးမူဘောင် ကိစ္စတို့ ဘာတို့ လုပ်ရမယ်။ ဆန္ဒကကောင်းစေချင်တယ်ဆိုပေမယ့် ပကတိအခက် အခဲတွေကို မကျော်လွှားဘူး၊ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ မဖြစ်နိုင်သေးဘူး။
မေး။ ။ အခုဆိုရင် တရုတ်ရဲ့ ပါဝင်ပတ်သက်မှုက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပိုပြီးတော့ ကြီးထွားလာ တော့မယ် ၊ တရုတ်က မြန်မာပြည်မှာ တကယ်ပဲ ငြိမ်းချမ်းရေး ရစေချင်တဲ့ စိတ်ဆန္ဒရှိတယ်လို့ ယုံကြည်လား၊ တရုတ်ရဲ့ ပါဝင်မှုအပေါ် ဘယ်လိုမြင်ထားလဲ။
ဖြေ။ ။ ဒါကတော့ အပြန်အလှန်အကျိုးရှိရေး ဘယ်နိုင်ငံပဲ ဖြစ်ဖြစ်ပါ၊ ကျနော်တို့ တိုင်းပြည် ငြိမ်းချမ်းဖို့ လုပ်တာပဲ ဒါကောင်းတဲ့ ကိစ္စပဲ။
မေး။ ။ ရှမ်းပြည်မှာ “ဝ”၊ ပလောင်၊ ပအိုဝ့်က ပြည်နယ်ပေးဖို့ တောင်းဆိုနေကြတယ်၊ ရှမ်းပြည်နယ်မှာ ပြည်နယ် အသစ်တွေ ပေါ်ထွန်းရေးကိစ္စအပေါ်မှာ SSPP အနေနဲ့ ဘယ်လို ခံယူထားလဲ။
ဖြေ။ ။ ဒါကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်၊ နောက် ၁၉၄၇ ခုနှစ်က ကျနော်တို့ အခြေခံ မူတွေ ရေးဆွဲတဲ့အခါမှာ အခြေခံမူ ၇ ချက်ဆိုတာ ရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်တပြည်၊ လူမျိုး တမျိုးဆိုတာ လွန်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု အနှစ် (၂၀၀) ကျော်တုန်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့၊ တန်းတူရေးတို့ အဲဒါတွေနဲ့ဆိုင်ပါတယ်။
လူမျိုးတမျိုး သူ့မှာ တူညီတဲ့ ဘာသာစကားရှိမယ်၊ နောက် ဆက်စပ်တဲ့နယ်မြေတွေရှိနေမယ်၊ စီးပွားရေး ထူထောင်မှု ရှိရမယ်၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရမယ်၊ ဘာသာစကား ၊ ယဉ်ကျေးမှုတွေ တူညီရ မယ်၊ စသည်ဖြင့် အချက်တွေ ၅-၇ လောက် ချက်ရှိတယ်၊ ကုလသမဂ္ဂထုတ်ပြန်ကြေညာချက်။ အဲဒါ တကမ္ဘာလုံးမှာ ရှိနေတဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ လူမျိုးစုတွေနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေပါပဲ၊ Right တွေပါပဲ၊ ကျနော်တို့က အဲဒီမူတွေကို လက်ခံပါတယ်၊ လက်ခံပါတယ် ဆိုတာကလည်း ဒါပေမယ့် ဘယ်လိုဘယ်လို လုပ်ကျမယ်ဆိုတာ ကျနော်တို့ တဖွဲ့၊ တစု၊ SSPP/SSA တဖွဲ့၊ ပါတီတခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။
ဒါက ကျနော်တို့ ရှမ်းပြည်မှာရှိတဲ့ တပြည်လုံးက ပါတီပေါင်းစုံ၊ လူမျိုး ပေါင်းစုံ အသီးသီး၊ တော်လှန်ရေးထဲမှာ ရှိနေတဲ့ လက်နက်ကိုင်အားလုံးပေါင်းစုံ စားပွဲဝိုင်းပေါ်မှာ ငြိမ်းချမ်း စွာနဲ့ သဘောထားကြီးကြီးနဲ့ တန်းတူညီမျှဆိုတဲ့ အခြေခံအောက်မှာ မျှတစွာနဲ့ ဆွေးနွေးညှိနှိုင်း အကောင် အထည် ဖော်သွားဖို့ပဲ လိုပါတယ်။
ဒါကတော့ ခုဏပြောသလို ကမ္ဘာလုံးနဲ့ချီတဲ့ အရာတွေလည်း ရှိတယ်၊ မူတွေလည်း ရှိတယ် အဲဒါတွေနဲ့ ကိုက်ညီ မယ်ဆိုလို့ရှိရင် ကျနော်တို့ ဘာငြင်းစရာလိုလဲ၊ အဲဒါနဲ့ မကိုက်ညီဘူးဆိုရင်တော့ ဒါက အများရဲ့ ဒီမိုကရေစီ ကာလမှာ အများရဲ့ သဘောတူညီ ထောက်ခံမှုကလည်း လိုတယ်၊ ကျနော်တို့ဆန္ဒအရ ငါထောက်ခံချင်တယ်၊ တခုလုံးက ကျနော်တယောက်တည်းနဲ့ လုပ်လို့ရတာမဟုတ်ဘူး။ ကျနော်တို့ တဖွဲ့တည်းနဲ့ လုပ်လို့ရတာမဟုတ် ဘူး။ ဒါကို အားလုံး ကျေကျေလည်လည်နဲ့ လုပ်သွားမယ်၊ တန်းတူရေးကို အခြေခံမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုမယ်ဆိုရင် ဘာမှဆို လုပ်လို့ရပါတယ်။ သူ့ဘာသာ ဖွင့်ဆိုထားတဲ့အချက်အလတ်တွေ ပြည့်စုံ မယ်ဆိုရင်ပေါ့နော်။
မေး။ ။ ခွဲမထွက်ရေးနဲ့ တခုတည်းသော တပ်မတော် လက်ခံရေး ကိစ္စအပေါ်ရော SSPP ကဘယ်လို ခံယူ ထားလဲ၊ ဘယ်လို ဖြစ်စေချင်လဲ။
ဖြေ ။ ။ ဒါကတော့ တိုင်းပြည်တပြည်မှာ တကမ္ဘာလုံးမှာ ဘယ်သူမှ တပ်မတော်တခုတည်း ကိစ္စကို မငြင်းခုံ ကြပါဘူး၊ ကျနော်တို့ တိုင်းပြည်ရဲ့ထူးခြားချက်က ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆို ရင် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ပဲ ဖြစ်ရမယ်၊ တန်းတူမှုကို အခြေခံတဲ့ မူအောက်မှာ ကျနော်တို့ စေတနာ ရှိရှိ ထားကြရမှာပေါ့၊ ကိုယ့်တမျိုးသားတည်းနဲ့ဘယ်လိုကာကွယ်မလဲ။
စစ်တပ် တခုတည်းဆိုတာ အဓိက တော့ တခြားတိုင်းပြည်ရဲ့ ကျူးကျော်မှုကို တိုက်ခိုက်ဖို့ပဲ။ အခု ပြည်တွင်းမှာ တိုက်ခိုက် နေတာက မဖြစ် သင့်တဲ့ ကိစ္စပါ။ ခုဏပြောတဲ့ တပ်မတော် တခုတည်းထားရေးဆိုတာကတော့ သိပ်ပြဿနာမရှိပါဘူး မူအရ တော့ ဒါပေမယ့် သင့်တော်သလို လုပ်လို့မရဘူး၊ ခိုင်မာတဲ့ အသိအမှတ်ပြုမှုတွေလိုတယ်၊ လူမျိုးကို အသိအမှတ် ပြုတာ ရှိတယ်၊ တန်းတူ မျှတ၊ တရားမျှတမှုရှိရမယ် ဆိုတာမျိုးတွေ လုပ်သွားမယ်ဆိုရင် ပြဿနာမကြီးပါဘူးလို့ ကျနော်ထင်တယ်။
အခုက သိတဲ့အတိုင်း ငြိမ်းချမ်းရေးလိုချင်တယ် ဘာကြောင့်မငြိမ်းချမ်းလဲဆိုတဲ့ အကြောင်းတရားတွေ မပြောကြဘူး၊ နောက်တခုက ခွဲထွက်တာ မထွက်တာ ဘာမှ ပြောစရာမလိုဘူး၊ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ပြီးပြီ။ ပင်လုံ စာချုပ်မှာ ကတိကဝတ်မှာ ပြောပြီးပြီ၊ ကျနော်တို့ ပေါင်းကြမယ်၊ ပေါင်းလို့မှ ကျနော်တို့ ၅ နှစ်စီမံကိန်း ၂ ကြိမ်ပဲ ခွင့်ပြုပါ ၁၀ နှစ်ပေါ့၊ အဲလိုမှ မရဘူးဆိုလည်း ခင်ဗျားတို့ ကျနော်တို့ကို မပေါင်းချင်လဲ ခွဲနိုင်တယ်။
ဒါက ဥပဒေ ရှိပြီးသား ဒါပေမယ့် ဒီနေ့အထိ ကျနော်တို့က ခွဲထွက်မယ်လို့ ဘယ်သူမှ မတောင်းဆိုပါဘူး။ ကျနော်တို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီး ပြောကတည်းက ကျနော်တို့မှာ ခွဲထွက်ဖို့မရှိဘူး၊ ဒါပေမယ့် ခွဲမထွက်ရဘူးလို့ ဒီလို အကြပ်လာကိုင်လို့လည်း မရဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အဓိပ္ပာယ်က ဘက်၂ ဘက် ရှိပါတယ်၊ ကနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အင်ဒိုနီးရှားကိုပဲ ပြောမယ်၊ ကျနော်တို့ အင်ဒိုနီးရှားမှာ အရှေ့ တီမောရှိမယ်၊ အာချေးရှိမယ်၊ အဲသလို ပုံသဏ္ဍာန်တွေပဲ ဖြစ်မယ်လေ။
အခိုင်အမာ ကိစ္စကို အခိုင်အမာကျကျ လက်တွေ့ကျကျ ရှင်းပြ ဖြေရှင်းသွားဖို့လိုတယ် ကိုယ့်ဆန္ဒအရ ဆန္ဒစွဲနဲ့ ဖြစ်ချင်တာ တွေ၊ ငါဖြစ်ချင်တယ်၊ ငါလုပ်မယ်ဆိုတာ မရဘူး၊ အဲဒီအပေါ်မှာ အဓိကထားပြီးတော့ အကြပ်မကိုင်ကြနဲ့၊ အဲ သလို သွားမလုပ်ကြနဲ့။ ကျနော်တို့ ပြောတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်လို့ရှိရင် ခွဲထွက်ပါလို့ ပြောရင်လည်း ဘယ်သူမှ ခွဲမထွက်ဘူး။ လက်တွေ့မှာ လုပ်ဖို့လိုတယ်၊ လေထဲမှာ ပြောမနေနဲ့ ကျနော်တို့ကို အကြောင်းအမျိုးမျိုးပြပြီး ခြိမ်းခြောက် ဖိနှိပ်ထားတဲ့ ပြည်ထောင်စုမျိုးကတော့ ဘယ်သူမှ မလိုချင်ဘူး၊ တန်းတူ ရည်တူကို လက်တွေ့မှာ အကောင်အထည်ဖော်ဖို့လိုတယ်။