တပ်မတော်မှ စစ်ဌာနချုပ် နယ်မြေ ၅ ခု၌ စစ်ဆင်ရေးများ ရပ်ဆိုင်းထားသည့် ၄ လကျော် ကာလ အတွင်း အပစ်အခတ် ရပ်စဲရေး မလုပ်ထားသည့် အဖွဲ့အစည်းများနှင့် အပစ်ရပ်ရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးမည်ဟု ကြေညာထားသည်။
တပ်မတော်နှင့် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်မှ ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းထိ တိုက်ပွဲများ၊ စစ်ရေး တင်းမာမှုများ ဖြစ်ပွား ထားသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကလည်း တပ်မတော်၊ အစိုးရတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင် ဆင်လျက် ရှိသည်။
၇ နှစ်တာ တိုက်ပွဲကာလ အတွင်း ရပ်ရွာများမှ ထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည့် ကချင် စစ်ဘေးရှောင် ဒုက္ခသည် တသိန်းကျော်မှာ ယခုအခါ စားဝတ်နေရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင် နေရသည်။
ကချင် စစ်ဘေးရှောင် တသိန်းကျော် အနက် ၅ သောင်းခန့်မှာ KIA ထိန်းချုပ် နယ်မြေတွင် ရှိသည်။
ကချင် စစ်ဘေးရှောင် တသိန်းကျော်ကို အဓိက ကူညီ စောင့်ရှောက်ပေးသည့် အခန်းကဏ္ဍတွင် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ကလည်း ပါဝင်နေပြီး KBC သည် KIA နှင့်လည်း ကချင်ပြည်နယ် အရေး၊ လူထုအရေးတွင် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိသည်။
KBC သည် ဇုံနယ် အသင်းတော်များ အဖွဲ့ ၁၅ ဖွဲ့၊ အသင်းတော်ပေါင်း ၄၂၀ ၊ အသင်းသူ အသင်းသားပေါင်း ၄ သိန်းကျော် ဖြင့် ဖွဲ့စည်းထားပြီး ကချင်လူထု၏ လူမှုရေးနှင့် နိုင်ငံရေး ဆိုင်ရာ အခန်းကဏ္ဍများတွင် ဦးဆောင် ပါဝင်နေသည့် အဖွဲ့ အစည်း တခု ဖြစ်သည်။
မကြာခင် တပ်မတော်နှင့် တွေ့ဆုံမှုများ ပြုလုပ်ရာတွင် KIA က ဒုက္ခသည်များ အရေးကို မည်သို့ ထည့်သွင်း ဆွေးနွေးမည်၊ အပစ်ရပ် ၄ လတာ အတွင်း ကချင်လူထု အတွက် လုပ်ဆောင် ဆွေးနွေးရမည့် ကိစ္စများ ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဧရာဝတီ သတင်းဌာန၏ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ တပ်မတော်က အပစ်ရပ်ထားတဲ့ ၄ လကျော် ကာလ အတွင်းမှာ ဒုက္ခသည်တွေကို နေရာချထားရေး လုပ်ဖို့ စီစဉ် နေတာများ ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့ အဲဒီကိစ္စကို အစိုးရ တပ်မတော်နဲ့ KIA သူတို့ တွေ့ဆုံပြီးမှ သူတို့ရဲ့ သတ်မှတ်ချက်၊ ဆုံးဖြတ် ချက် ပေါ်မှာပဲ ကျနော်တို့က ဆောင်ရွက်ဖို့ ရှိပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ IDPs နေရပ်ပြန်ရေးက ပြန်လို့ ရပြီဆိုပြီး တဖက်ကပဲ ပြောတာမျိုး မဟုတ်ဘဲ နှစ်ဖက်ရဲ့ သဘောတူညီချက်မှာ ပြန်ရင်တော့ ပိုလုံခြုံတာပေါ့။ အခု တွေ့ဆုံဖို့လည်း ရှိပါလိမ့်မယ်။ အဲဒီ တွေ့ွဆုံမှု အပေါ်မှာ ကျနော်တို့ စောင့်နေပါတယ်။
မေး။ ။ KBC ရဲ့ စာရင်း အရဆို ဘယ်နေရာက IDPs တွေက နေရပ်ပြန်လို့ ရပြီလဲ။
ဖြေ ။ ။ ကျနော်တို့ KBC မှာ ပြန်လို့ ရတဲ့ နေရာတွေကို စီစဉ်ထားတာ ရှိတယ်။ အဲဒီထဲမှာ တချို့နေရာ တွေက စိုးရိမ် ရတာတွေ ရှိတယ်။ ကျနော်တို့က နှစ်ဖက် သဘောတူညီချက် အပေါ်မှာ လုပ်ဆောင်ရမှာပါ။ ပြန်မယ့် IDPs တွေ အတွက် နှစ်ခါ မနာရအောင်ပေါ့။ တဖက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်ရင် ကျနော်တို့ အတွက် နစ်နာတာမျိုး ရှိလာနိုင်တယ်။ အဲဒါကြောင့် တပ်မတော်နဲ့ KIA ရဲ့ သဘောတူညီမှု အပေါ်မှာပဲ ကျနော်တို့က သွားဖို့ ရှိပါတယ်။
ကျနော်တို့ရဲ့ ခန့်မှန်းချက် အရ ဗန်းမော် တဝိုက်၊ မန်စီ တဝိုက် ၊ မြစ်ကြီးနားက ဆိုရင် တာလောကြီးတို့ ရှမ်းပြည်ဘက် တချို့နေရာတွေ မူဆယ်မြို့နယ် ကြားမှာ ပါဝင်တဲ့ စခန်းတွေက တပ်မတော်နဲ့ KIA တို့ သဘောတူညီမှု ရှိရင်တော့ အဆင် ပြေပါတယ်။
တချို့တောင် ပြန်ပြီး ကိုယ့်ရွာကိုယ် ပြန်နေနေတဲ့ ရွာတွေလည်း ရှိနေပါပြီ။ အဓိက ကတော့ နှစ်ဖက် စစ်တပ်ရဲ့ စစ်အင် အား၊ တပ်ရဲ့ စစ်စခန်းတွေ ရှိတဲ့ နေရာနဲ့ KIA ရဲ့ စစ်ကြောင်းတွေ ရှိတဲ့ နေရာတွေမှာတော့ မလုံခြုံဘူး။ အဲဒါကြောင့် ကျ နော်တို့ သူတို့ရဲ့ သဘောတူညီချက်ကို စောင့်နေတာပါ။
မေး။ ။ အစိုးရ လုပ်နေတဲ့ NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာဆို အရင် အပစ်ရပ်မယ်။ နောက်မှ ဆွေးနွေးမှုတွေ လုပ်ပြီး ကြားကာလမှာမှ IDPs တွေကို နေရာချဖို့ လာတယ်။ အခု NCA ထိုးထားတဲ့ နေရာတွေမှာတောင် ပြန်လည် နေရာချ ထားရေး မလုပ်နိုင်သေးဘူး။ ဒီတော့ ကချင်မှာရော ဘယ်လို လုပ်မလဲ။ ဘယ်လိုဖြစ်သင့်တယ် ထင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ပြည်သူလူထုရဲ့ အမြင်၊ IDPs ဘက်က အမြင်ကတော့ အခုရွာမှာ ရှိတဲ့ တပ်စခန်းတွေကို ဆုတ်မယ်။ KIA လည်း အဲဒီ နေရာကို မလာဘူးဆိုရင်တော့ ကျနော်တို့ အတွက် အလုံခြုံဆုံးပါပဲ။ တပ်စခန်းတွေလည်း ရှိနေမယ်။ KIA ကလည်း လာနေမယ် ဆိုရင်တော့ ကျနော်တို့ အတွက် မလုံခြုံပါဘူး။
ကျနော်တို့ဘက်က ဖြစ်စေချင်တာက KIA ဘက်က လည်း လာရောက် တိုက်ခိုက်တာမျိုး မရှိအောင်၊ တပ်ကလည်း ရွာတွေနားက တပ်စခန်းတွေ ဆုတ်သွားပေးဖို့ အဓိက ဖြစ်ပါတယ်။
မေး။ ။ ဒါဆိုရင် အပစ်ရပ်ထားတဲ့ ၄ လတာ ကာလတွင်းမှာ တပ်မတော်နဲ့ KIA ဆွေးနွေးတဲ့အခါ IDPs ကိစ္စကို ထည့် ဆွေးနွေးမှာလား ။ KBC ဘက်က KIA ကိုရော ပြောထားပါသလား။
ဖြေ ။ ။ ဒါ အဓိက ပါပဲ။ အပစ်အခတ် ရပ်စဲရေး Bilateral ကို လုပ်တဲ့အခါ သူတို့ နှစ်ဦးနှစ်ဖက် ဘယ်နေရာတွေမှာ သဘောတူညီမှု ရှိလဲဆိုတာကို ကျနော်တို့ အတိအကျသိရင် သူတို့လည်း အဲဒီ နေရာတွေကို လာလို့ မရတော့ဘူး။ ကျနော်တို့ လူထုအတွက် လုံခြုံတာပေါ့။
မေး။ ။ တပ်မတော်ဘက်က အပစ်အခတ် ရပ်စဲရေးကို NCA လမ်းကြောင်း အတိုင်း သွားဖို့ ပြောနေတယ်။ KIAနဲ့ ကချင် နိုင်ငံရေး အသိုင်းအဝိုင်းက NCA ကို ငြင်းပြီး ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) လမ်းကို လက်ခံထားတယ်။ အခု အခြေအနေ အရဆို NCA လမ်းကြောင်းကို ပြန်ရောက်လာမယ့် သဘောလား။
ဖြေ ။ ။ NCA လမ်းကြောင်းလို့ ပြောတာထက် ခုနပြောတဲ့ IDPs တွေ ပြန်ရေးကိုပဲ KIA က ပိုပြီး Focus လုပ်လာတဲ့ အတွက်ကြောင့် Bilateral ကို ပြန်စ လုပ်ဆောင်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ NCA နိုင်ငံရေး လမ်းကြောင်းကတော့ ဆက်ပြီး အများကြီး ဆွေးနွေးရဦးမှာပါ။
လောလောဆယ် IDPs ပြန်နိုင်ရေးမှာ သူတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုက ဘယ်ဒေသတွေ ရှိမယ်ဆိုတာကို ကျနော်တို့ စောင့်စားနေပါတယ်။ NCA ကို နောက်ဆက်သွားဖို့ကတော့ လောလောဆယ် နှစ်ဦးနှစ်ဖက် သဘောတူညီမှုက အရေးကြီး ပါတယ်။
မေး။ ။ဒါဆို ပထမဆုံး ကချင်မှာ ဖြေရှင်းရမယ့် ကိစ္စက IDPs ပြန်နိုင်ရေးလား။
ဖြေ ။ ။ KIA က IDPs ပြန်နိုင်ရေးကို ပထမ ဦးစားပေး အနေနဲ့ တွေ့မြင်လာတဲ့ အတွက် တပ်မတော်နဲ့ KIA ရဲ့ နှစ်ဦး နှစ်ဖက် ပြောဆို ဆွေးနွေးဖို့ အကြောင်းအရာတွေ ဖြစ်လာတာပါ။
မေး။ ။ တပ်မတော်နဲ့ ဆွေးနွေးရေးမှာ IDPs ကိစ္စကို ရှေ့တန်းတင် ထားတယ် ဆိုတော့ အပစ်အခတ် ရပ်စဲရေးမှာ ဘာလို့ IDPs တွေကို မြန်မြန်ဆန်ဆန် နေရပ် ပြန်လည်ချထားရေး လုပ်ဖို့ လိုလားတာလဲဆို ရှင်းပြပေးပါ။
ဖြေ ။ ။ ပြောရရင် အစိုးရ ထိန်းချုပ်တဲ့ နယ်မြေမှာ စစ်ရှောင်တွေ နေရတာ ဧရိယာက ကျဉ်းကျပ် လွန်းပါတယ်။ စခန်းကို တိုးချဲ့လို့လည်း မရ။ စစ်ရှောင်ရတဲ့ နှစ်က ၇ နှစ်ရှိလာတဲ့ အချိန်မှာ အိမ်ထောင်စုတွေမှာ လူငယ်တွေက များလာတယ်။ သူတို့ရဲ့ လူမှုရေး ပြဿနာတွေကလည်း ကျနော်တို့ ထိန်းသိမ်းဖို့ ခက်ခဲလာတဲ့ အခြေအနေမှာ ရှိပါတယ်။
ထို့နည်းတူ နယ်စပ် တလျှောက်မှာ ရှိတဲ့ စခန်းတွေမှာလည်း ပညာရေး၊ ကျန်းမာရေး ကိစ္စတွေက ကျနော်တို့ လွတ်လွတ် လပ်လပ် တိုက်ရိုက် မလုပ်နိုင်ပါဘူး။ အတားအဆီးတွေ ကြားထဲကနေ လုပ်နေရတယ်ဆိုတော့ တခါတလေ ခိုးကြောင် ခိုး ဝှက်တွေ လုပ်နေရတယ်။ ပညာရေး၊ ကျန်းမာရေးမှာ IDPs တွေ အတွက် အများကြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေပါ တယ်။ ကျနော်တို့က IDPs တွေရဲ့ အနာဂတ်၊ နေရပ်ပြန်ရေးက နံပါတ်တစ်ပါ။
နောက်တချက်က သူတို့ လယ်မြေတွေ ကိစ္စပါ။ အစိုးရရဲ့ လယ်ယာမြေ ဥပဒေ( မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ) က ကျနော်တို့ အတွက် တော်တော့်ကို မနေသာ ဖြစ်စေပါတယ်။ အဲ့ဒီကိစ္စတွေ ပါပါတယ်။ မြေယာတွေ မဆုံးရှုံးဖို့ အတွက် စဉ်းစား ပေးရပါတယ်။ ဒါတွေက IDPs တွေကို ဘာ့ကြောင့် ဦးစားပေးလဲ ဆိုတဲ့ အချက်တွေပါ။
နောက်တခုက နိုင်ငံရေး လမ်းကြောင်းပါ။ ကျနော်တို့ အားလုံးက နိုင်ငံရေး ဆွေးနွေးမှုအားဖြင့် အဖြေရနိုင်တယ် ဆိုတာကို ယုံကြည် မျှော်လင့်ပါတယ်။ ကျနော်ပြောချင်တာက အစိုးရနဲ့ တပ်မတော်ရဲ့ ကတိတည်မှုနဲ့ ရိုးသားမှုတော့ အဓိက ပါပဲ။
မေး။ ။ ကချင်က ၁၇ နှစ်တာ အပစ်ရပ် အတွေ့အကြုံတွေ အရ ဒီတခေါက်မှာ လုပ်မယ့် စာချုပ်တွေမှာ ပြန်လည် မကျိုး ပေါက်အောင် ဘာတွေ လုပ်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ ။ ။ ကျနော့် အမြင်ကတော့ နှစ်ဦးနှစ်ဖက်က ပြောထားတဲ့ ကတိအတိုင်း တည်ဖို့ ရိုးသားဖို့ လိုပါတယ်။ ပွင့်လင်းခြင်း၊ ရိုးသားခြင်း၊ ကတိတည်ခြင်းကတော့ အဓိက ပါပဲ။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ ဖန်တီးထားတဲ့ အချိန်မှာ တိုက်ပွဲဖြစ် တာမျိုး၊ ပဋိပက္ခဖြစ်တာမျိုး ဖြစ်လာရင် ပြည်သူတွေက ဒီတခေါက်တော့ ပိုနောက်ဆုတ် သွားလိမ့်မယ်။ နောက်တခေါက် ကြိုးစားဖို့ကိုလည်း ပိုခက်သွားလိမ့်မယ်လို့ မြင်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ကချင်က NCA လမ်းမှာ အဆင်မပြေလို့ ဝနဲ့ ပူးပေါင်းတော့ လူထုက မကြိုက်ဘူးလို့ ပြော ခဲ့တယ်။ နောက် ဝ နဲ့ အတူသွားတဲ့ FPNCC လမ်းကို လက်ခံခဲ့ကြတယ်။ အခု အခြေအနေမှာရော လူထုက FPNCC လား။ NCA လား။ ဘယ်လမ်းက လူထုရဲ့ လက်အခံနိုင်ဆုံး ဖြစ်မလဲ။
ဖြေ ။ ။ ကျနော်တို့ ကချင်လူထု အမြင်က FPNCC နဲ့တော့ အတိုင်းအတာ တခုထိ KIA တွေ သွားမယ်လို့ ကျနော်တို့ ယုံ ကြည်တယ်။ ဒါပေမယ့် FPNCC အတွင်းမှာ အဖွဲ့တွေက သူတို့ရဲ့ ပန်းတိုင်တွေက ကွဲလွဲတော့ ဒီကြားထဲမှာ သူတို့တော် တော် ပြန်ညှိယူရမယ်လို့ ထင်ပါတယ်။
ဒါပေမယ့် အတိုင်းအတာ တခုထိ စစ်ရေးတို့ ဘာတို့က သဘောတူညီချက်တွေ ယူထားတော့ အခုလို (အစိုးရက) တဖွဲ့ချင်း ပြန်တွေ့လာတဲ့ အချိန်မှာ ဘယ်လို ပြန်ပြောင်း သွားမယ် ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ တဖွဲ့ချင်း တွေ့တဲ့ အပေါ်မှာရော KIA ကတော့ ကျနော် ထင်တာ AA တို့ ကိုးကန့်တို့ တအန်းတို့နဲ့ ကျတော့ သူတို့ တဖွဲ့တည်း အတူတူ တွေ့ဆုံဖို့ လိုလားမယ်လို့ ထင်မြင်ယူဆပါတယ်။
မေး။ ။ အခုချိန်မှာ NCA က ကချင်တွေ အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက် လမ်းတခုလို့ ပြောလို့ ရမလား။ ဒါမှမဟုတ် အရင်တုန်းကလိုပဲ NCA ကို လက်မခံနိုင်တဲ့ အမြင်ရှိနေတုန်းပဲလား။
ဖြေ ။ ။ အခုတော့ လုံးဝ လက်မခံနိုင်ဘူးဆိုတဲ့ အမြင်ကတော့ လျော့သွားတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ကျနော်တို့ အားလုံးကလည်း ဘာပဲပြောပြော စစ်မှန်တဲ့ Federal Union ကို ရရှိဖို့ အားလုံးက ဆန္ဒ ရှိနေတဲ့ အချိန်မှာ NCA က ကျ နော်တို့ အတွက် နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ဆွေးနွေးနိုင်မယ့် လမ်းတခုလို့တော့ ယုံကြည်ပါတယ်။