လက်တွေ့ကျတဲ့ အပစ်ရပ်ရေး ဆွေးနွေးမယ်ဆိုရင် မြောက်ပိုင်း ၄ဖွဲ့နဲ့ ဆွေးနွေးတာ ပိုကောင်းမယ်

နန်းလွင်နှင်းပွင့်
TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် / PSLF-TNLA News & Information Department

တပ်မတော်နှင့် အပစ်ရပ်ရေးကိစ္စ ဆွေးနွေးနိုင်ရန်အတွက် ရက္ခိုင့်တပ်မတော် (AA) နှင့် တိုက်ပွဲဖြစ် နေသည့် ရခိုင်ပြည် နယ်အား အပစ်ရပ်စဲသည့် ဧရိယာ သတ်မှတ်ပေးရန် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့က ကြေငြာလိုက်သည်။

အပစ်ရပ်ရေးကိစ္စနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့မှ ခေါင်းဆောင်များက ဒီဇင်ဘာလ၂၇ ရက်တွင် အစည်းအဝေး တရပ် ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ကြေညာ လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့် ဆွေးနွေးပွဲများတွင် တပ်မတော်နှင့် အပစ်ရပ်ရေးကိစ္စ လုပ်ဆောင်ရာ၌ တဖွဲ့ချင်းမဟုတ်ဘဲ အဖွဲ့လေးဖွဲ့ ပူးပေါင်းဆွေးနွေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၏ စစ်ရေးအခြေအနေ၊ အပစ်အခတ်ရပ်စဲရေးအပေါ် ရပ်တည်ချက်များနှင့် ပတ်သက်၍ အဆိုပါ ၄ ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို ဧရာဝတီ၏ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်း ထားပါသည်။

မေး ။ ။ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်အကြား မြေပြင်မှာ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ မြေပြင်မှာကတော့ တိုက်ပွဲတွေက အခုလည်း ဖြစ်နေပါတယ်။ နေ့တိုင်းဖြစ်နေတာကတော့ ရခိုင်မှာ ဖြစ်နေတာပါ။ ကျနော်တို့ အချင်းချင်း ဆက်သွယ်ပြီး သိသလောက်ကတော့ မြောက်ပိုင်းမှာ တိုက်ပွဲတွေ မရှိဘူး။ ပြီးခဲ့တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်ချက် ထုတ်ပြီးတဲ့ နောက် မှာ ကျနော်တို့ တအန်းနဲ့ ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်တာက မြန်မာ့ တပ်မတော်ဘက်က မှားပြီး တက်လာ သလား၊ နားလည်မှု ဘယ်လိုလွဲလည်းတော့ မသိဘူး။ ကျနော်တို့ နေတဲ့ဘက်ကို စစ်ကြောင်း ချီလာလို့ အဲဒီမှာ အပြန်အလှန် ပစ်ခတ်ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲကြီးတော့ မဟုတ်ပါဘူး။ ၁၅ မိနစ်၊ နာရီ ဝက် လောက် ဖြစ်တဲ့ တိုက်ပွဲပါ။ အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲတွေ မရှိတော့ပါဘူး။

မေး ။ ။ တပ်မတော်က အပစ်ရပ်စဲထားတဲ့ စစ်တိုင်း ၅ တိုင်း နယ်မြေတွေမှာ စစ်ဆင်ရေးတွေ အကုန်ရပ်တန့် သွားပြီလား။

ဖြေ ။ ။ လောလောဆယ်တော့ တိုက်ပွဲတွေ မရှိဘူးဆိုတော့ ရပ်တန့်တယ်လို့တော့ ပြောလို့ ရပါတယ်။ ဒါပေမယ့် မြန်မာ့ တပ်မတော်ဘက်က ပုံမှန်ရှိနေတဲ့ တပ်တွေကတော့ နဂိုအတိုင်းပဲ ရှိနေပါတယ်။ ဆိုလိုချင်တာက တိုက်ပွဲဖြစ်မယ် ဆိုရင် လည်း အချိန်မရွေး ဖြစ်နိုင်တဲ့ အနေအထားပါ။ မြန်မာ့ တပ်မတော်က ခါတိုင်းလို စစ်ဆင်ရေး လှုပ်ရှားမှုတွေ၊ အဝင်အထွက် အသွားအလာတွေ၊ ဥပမာ ကျနော်တို့ ၄ ဖွဲ့လုံးရဲ့ ရှိနေတဲ့ တပ်စခန်းနေရာတွေကို တက်လာမယ် ဆိုရင်တော့ ဒီလိုပဲ တိုက်ပွဲတွေ ဆက်ရှိနေဦးမယ်။ တက်မလာပဲ သူတို့ နေရာမှာပဲ သူတို့ နေနေတယ်ဆိုရင်တော့ တိုက်ပွဲတွေ ရှိမှာ မဟုတ်ပါ ဘူး။

မေး ။ ။ ပြီးခဲ့တဲ့ လအထိ မြောက်ပိုင်း ၇ ဖွဲ့က FPNCC အနေနဲ့ ရပ်တည်ထားတယ်။ အခု မြောက် ပိုင်း ၄ ဖွဲ့က သက်သက် ဆွေးနွေးမယ်ဆိုတော့ ဘယ်လိုမျိုးလဲ ရှင်းပြပါဦး ။

ဖြေ ။ ။ အခု ကျနော်တို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့က တိုက်ပွဲ ဖြစ်နေတာပါ။ ဒါ့ကြောင့် လက်တွေ့ ကျကျ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးမယ်ဆိုရင် မြောက်ပိုင်း ၄ ဖွဲ့နဲ့ ဆွေးနွေးတာ ပို ကောင်းမယ်လို့ မြင်တယ်။

ဘာဖြစ်လို့ အဲဒီ လိုပြောရလဲဆိုတော့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက် မထုတ်ခင်မှာလည်း ကျနော်တို့ တအန်း၊ ရခိုင်၊ ကိုးကန့် ၃ဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) နဲ့ တွေ့ဆုံတာ ၃ကြိမ် ရှိပါပြီ။ တွေ့ဆုံပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြီးနောက်မှာ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်တွေ ထုတ် လာတာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးတဲ့ ၃ ကြိမ်လုံးမှာလည်း KIA က သက်သေအဖြစ်ပါတယ်။ တကယ်အပစ်အခတ် ရပ်စဲ ရေး ကိစ္စဆွေးနွေးတဲ့ အခါမှာဆိုရင် ကျနော်တို့ ၃ ဖွဲ့တည်းနဲ့ မလုံလောက်ပဲ KIA လည်း ပါဖို့ လိုတယ် လို့ ကျနော်တို့ ပြောထား၊ ဆွေးနွေးထားတာ ရှိပါတယ်။ တကယ် အပစ်အခတ်ရပ်စဲရေး ကိစ္စကို ဆွေးနွေးမယ် ဆိုရင် ၄ ဖွဲ့လုံးနဲ့ တွေ့ဆုံ ညှိနှိုင်းတာက လက်တွေ့ကျတယ်။

ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ (ဧရာဝတီ)

မေး ။ ။ ဒါဆို ဒီ၄ ဖွဲ့က သတ်သတ်၊ SSPP၊ “ဝ” နဲ့ မိုင်းလားတို့ ၃ ဖွဲ့က သတ်သတ်စီ ဆွေးနွေးကြ မယ့် သဘောလား။

ဖြေ ။ ။ အခု သွားနေတဲ့ အခြေအနေက မြန်မာ့တပ်မတော်၊ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့က ပြောတာက မိုင်းလားတို့၊ “ဝ”တို့၊ SSPP တို့က ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် စသဖြင့် သဘောတူညီချက်တွေ ရှိပြီးသား ဖြစ်တယ်။ ၇ ဖွဲ့ထဲမှာ ကျနော်တို့ ၄ ဖွဲ့ကပဲ တိုက်ပွဲတွေ ဖြစ်ပြီး ဘာသဘောတူညီချက်မှလည်း မရှိသေးဘူး၊ အဲဒါကြောင့်ပါ။

မေး ။ ။ မဟာမိတ် ၄ဖွဲ့က Bilateral ထိုးဖို့ စာချုပ်တွေ ပြင်ဆင် ဆွေးနွေးထားပြီးပြီလား။

ဖြေ ။ ။ အဲဒါတော့ မရှိသေးပါဘူး။ ကျနော်တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကိစ္စက တကယ် လက်တွေ့ကျကျ တိုက်ပွဲတွေ ဘယ်လို ရပ်တန့်မလဲဆိုတာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်မယ်လို့ ကျနော်တို့ မြင်တယ်။ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ လာမယ့် တွေ့ဆုံမှုတွေ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

မေး ။ ။ မဟာမိတ် ၄ ဖွဲ့က ဒီ ၄ လအတွင်းမှာ တပ်မတော်နဲ့ ဆွေးနွေးဖို့ ဘာတွေ ပြင်ဆင်ထားပြီလဲ။

ဖြေ ။ ။ အဓိကကတော့ နှစ်ဖက်တိုက်ပွဲတွေ ဘယ်လိုနည်းနဲ့ ရပ်တန့်ကြမလဲ၊ ဘယ်လိုနည်းနဲ့ ရပ်လို့ ရမလဲ ဆိုတာကို ကျနော်တို့ အဖြေရှာဖို့ လိုတယ်။ တိတိကျကျ ရပ်တန့်ဖို့ ဆွေးနွေးဖို့လိုတယ်။ ပြီး တော့ စစ်ဘေးရှောင်ဒုက္ခသည် (IDPs) တွေ ကိစ္စ ၊ အထူးသဖြင့် ကချင်မှာ ဒုက္ခသည်တွေက ဒုက္ခရောက် နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ အဲဒီပြဿနာတွေ ဖြေရှင်းဖို့၊ ဆွေးနွေးဖို့။

ပြီးတော့ ကျနော်တို့ နယ်မြေပိုင်းခြား သတ်မှတ်ရေးတွေပါ။ နယ်မြေပိုင်းခြား သတ်မှတ်ရေးတွေက မရှင်းလင်းလို့ မလို အပ်ဘဲ သဘောတူညီချက်တွေက ပျက်ပြယ်တဲ့ အနေအထားတွေ ရှိတယ်။ ဥပမာ RCSS တို့ KNU တို့ဘက်မှာ သင်ခန်းစာပဲ။ ကျနော်တို့ တကယ်လို့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ကို ဆွေးနွေးမယ်ဆိုရင် အဲဒါတွေကို ဆွေးနွေးဖို့ လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။

မေး ။ ။ FPNCC ရဲ့ တောင်းဆိုချက်တွေကရော အလုပ် ဆက်ဖြစ်ဦးမလား။ ဒါမှမဟုတ် NCA လမ်းကြောင်းပေါ်ပဲ ပြန်တက်လာပြီး ဆွေးနွေးကြမှာလား။

ဖြေ ။ ။ FPNCC ဆိုတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီကတော့ ဆက်ရှိနေတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်ရဲ့ သဘောထားရော၊ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ သဘောထားရောက အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ လိုအပ်တယ်။ အပစ် အခတ် ရပ်စဲရေးကို ဆွေးနွေးတဲ့ အချိန်မှာတောင်မှ FPNCC တခုလုံးက တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူး။ အခု ၄ ဖွဲ့နဲ့ပဲ တိုက်ပွဲ ဖြစ်နေတော့ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်နဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အပစ်အခတ် ရပ်စဲရေး ကိစ္စဆွေးနွေး တဲ့ နေရာမှာတော့ FPNCC က လောလောဆယ် မသက်ဆိုင်သေးသလို ဖြစ်တယ်။ ဒါပေမယ့် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ သဘောတူညီမှု တစုံတရာ ရပြီးရင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် FPNCC အနေနဲ့ပဲ ကျနော်တို့ ဆွေးနွေးမယ့် အနေအထား ရှိပါတယ်။

မေး ။ ။ ရခိုင်ပြည်နယ်က အပစ်ရပ်တဲ့အထဲ မပါတာကို မြောက်ပိုင်းမဟာမိတ်တွေဘက်က ဘယ်လို သုံးသပ်ထားလဲ။ ဒီဇင်ဘာလ ၂၇ ရက် ထုတ်ပြန်ချက်အရ တပ်မတော်နဲ့ အစိုးရဘက်က တပြည်လုံး အပစ်မရပ်ရင် မြောက်ပိုင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေက ဆက်လှုပ်ရှားနေမယ်ဆိုတဲ့ သဘောမျိုး တွေ့ရပါတယ်။ အဲဒါကို ရှင်းပြပါဦး။

ဖြေ ။ ။ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုတာက စစ်တိုင်းအားလုံးကို အပစ်ရပ်ဖို့ လိုတယ်။ ရခိုင်ဒေသမှာလည်း တိုက်ပွဲတွေ ရပ်တန့်ဖို့ လိုတယ်။ ဒါမှ ယုံကြည်မှုတွေ တိုးလာပြီး ဆွေးနွေးတာ လက်တွေ့ကျမယ်လို့ မြင်ပါတယ်။

တကယ် လည်း တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့ ၄ဖွဲ့က AA ဆိုရင် ကျနော် တို့ မြောက်ပိုင်းမှာလည်း ပါတယ်။ ရခိုင်မှာဆိုလည်း AA တဖွဲ့ တည်းကို မြန်မာ့တပ်မတော်က ထိုးစစ် တွေဆင်ပြီး တိုက်ပွဲက နေ့တိုင်းလို လိုဖြစ်နေတယ်။ အဲဒါက မရပ်တန့်ဘဲနဲ့တော့ ကျနော်တို့ လက်တွေ့ကျတဲ့ အပစ်အခတ်ရပ်စဲရေးတွေ ဆွေးနွေးလို့ ရမှာ မဟုတ်ဘူး။

AA ဘက်မှာ ထိုးစစ်တွေ ရပ်ပြီး တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ လိုပါတယ်။ တကယ်လို့ မြန်မာ့တပ်မတော်က အဲဒီလို မလုပ်နိုင်ဘူး၊ ထိုးစစ်တွေ ရှိနေဦးမယ် ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း အလားတူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကလည်း ရပ်ဆိုင်းဖို့ ခက်ခဲတဲ့ အနေအထား ရှိပါတယ်။

မေး ။ ။ အခုလို အပြန်အလှန် အပစ်ရပ်တာတွေ ကြေငြာကြတာတွေက တပ်မတော်နဲ့ မြောက်ပိုင်း အဖွဲ့တွေကြားမှာ တကယ်ပဲ ကြေကြေလည်လည် ဆွေးနွေးနိုင်လို့လား။ ဒါမှမဟုတ် တရုတ်ရဲ့ ညှိနှိုင်းမှု ကြောင့်လား ။

ဖြေ ။ ။ လက်ရှိ နိုင်ငံရေး အခြေအနေအရ၊ ပထဝီနိုင်ငံရေး အခြေအနေအရ အားလုံးက တရုတ်ရဲ့ ကြားဝင်စေ့စပ်မှု အများ ကြီး ပါပါတယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။ အခုတိုက်ပွဲ ဖြစ်နေတာက အဆုံးမဲ့ တိုက်ပွဲ ဖြစ်နေတယ်။ ဒီလိုပဲ ဆက် သွားနေရင် တိုင်းပြည်က နစ်နာတယ်။ လူထုက စစ်ဝန် ထုပ်ဝန်ပိုးတွေ အများကြီး ခံစားနေရတဲ့ အပိုင်း ဖြစ်တယ်။ အဖြေရှာ ဖို့ လိုတယ်လို့ ကျနော်တို့ နှစ်ဖက်လုံးကလည်း နားလည်တယ်၊ လက်ခံတဲ့ အနေအထား ရှိပါတယ်။ တရုတ်ရဲ့ ကြားဝင်ဖျန်ဖြေမှု ကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

မေး ။ ။ မြောက်ပိုင်းမဟာမိတ်တွေ စစ်ရေးလှုပ်ရှားတာ မလုပ်ဖို့ တရုတ်က ပြောဆိုတာရော ရှိသေး လား။

ဖြေ ။ ။ ဒါကတော့ အမြဲတမ်း ပြောနေကြပါ။ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင် (PC) နဲ့ တွေ့တဲ့ အချိန်မှာလည်း တရုတ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်နဲ့ တွေ့တော့လည်း ဒီစစ်ရေးဆိုင် ရာ လှုပ်ရှားမှုတွေကို ထိန်းသိမ်းဖို့ အမြဲတမ်း ပြောပါတယ်။

မေး ။ ။ စစ်ရေးကိစ္စတွေမှာ ထိန်းချုပ်ဖို့ တရုတ်ရဲ့ ပြောဆိုမှုတွေက မြောက်ပိုင်း မဟာမိတ်ခေါင်း ဆောင်တွေအနေနဲ့ ဖိအား တခုလို့ ခံစားရလား။

ဖြေ ။ ။ ဟုတ်ကဲ့ပါ။ ဒါတွေက ကျနော်တို့ မလွဲသာ မရှောင်သာ ရင်ဆိုင်နေရတဲ့ ဖိအားတွေပါ။

Loading