မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းရှိ တောင်တန်း ကုန်းမြင့်များကြားမှ ဒေသတခုဖြစ်သည့် ကယား ပြည်နယ်သည် လွတ် လပ်ရေး ရပြီးနောက် ပြည်တွင်း စစ်မီးနှင့် အတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် အဘက်ဘက်မှ နိမ့်ကျ ခဲ့သော ပြည်နယ် တခုဖြစ်သည်။
သို့သော်လည်း ထိုပြည်နယ်၏ မြို့ငယ်လေး တခုကပင် ကမ္ဘာသိ စာအုပ်တအုပ်ကို ဖန်တီး ပုံဖော်မည့်သူ တဦးကို မွေး ထုတ်ပေးလာခဲ့သည်။
ထိုသူသည် ပါစကယ်ခူးသွယ် (Pascal Khoo Thwe ) ပင် ဖြစ်ပါသည်။
စာရေးဆရာ ပါစကယ်ခူးသွယ်သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည် နယ်စပ်မှ ဖယ်ခုံမြို့နယ်သား ဖြစ်ပြီး လည်ပင်း၌ ကြေးကွင်းများစွာ စွပ်ထားတတ်သည့် ဓလေ့ကြောင့် ကမ္ဘာကျော်သည့် ကယန်း (ပဒေါင်) တိုင်းရင်းသား တဦး လည်း ဖြစ်သည်။
ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ပြီးနောက် ဒေသခံ အာဏာပိုင်များနှင့် ပဋိပက္ခ ဖြစ်ကာ ထိုင်း- မြန်မာ နယ်စပ် တွင် တော်လှန်ရေး ကျောင်းသား အဖြစ် နေထိုင် လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။
ထို့နောက် အင်္ဂလန်နိုင်ငံသို့ ရောက်ရှိပြီး ကိန်းဘရစ်ချ် တက္ကသိုလ်တွင် ပညာသင်၍ ဘွဲ့ရယူနိုင်ခဲ့သူ ဖြစ်သည်။
ပါစကယ်ခူးသွယ်သည် From The Land of Green Ghosts (A Burmese Odyssey) စာအုပ်ကို ရေးသား ထုတ်ဝေ ခဲ့လေသည်။
ထိုစာအုပ်တွင် သူ့ အကြောင်း၊ သူ့ဇာတိ ကယားပြည်နယ် အကြောင်း၊ လူမျိုးစု သမိုင်း တို့ကို သာမက မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်၊ လူမှုရေး အခြေအနေ တို့ကိုပါ ရောမွှေ ရေးသားထားသည်။
ခေတ်သစ် မြန်မာနိုင်ငံ၏ ကြောက်မက်ဖွယ်ရာ အတိတ်သမိုင်း၏ အမှောင်ခြမ်းများ၊ ရှေးဟောင်း လူမျိုးစုများ၏ ဓလေ့ ထုံးစံများ၊ ယုံကြည်မှုများ၊ ပြည်တွင်း စစ်မီးတောက်များကို သရုပ်ပါပါဖြင့် ဖော်ပြထားသည့် ထိုစာအုပ်သည် ၂၀၀၂ ခုနှစ် တွင် တောင်အာရှ၏ အကောင်းဆုံး စာပေဆုကို ရရှိခဲ့ပြီး ယနေ့ အချိန်တွင် ကမ္ဘာတဝန်း ဘာသာစကား အမျိုးမျိုး သို့ ပြန်ဆိုပြီး ထုတ်ဝေ ဖြန့်ချိခဲ့သည့် စာအုပ်တအုပ် ဖြစ်သည်။
ယင်းစာအုပ်အား “အိုဘယ့် အစိမ်းတို့မြေ” အမည်နှင့် စာရေးဆရာ သင့်လူ က မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သည်။
ထိုစာအုပ်ကို ရေးသားခဲ့သည့် စာရေးဆရာ ပါစကယ်ခူးသွယ်သည် ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တဖက် တလမ်းမှ အထောက်အကူ ပြုနိုင်ရန် ကြိုးပမ်းလျက် ရှိနေသည်။
ကယားပြည်နယ်တွင် အားလုံး ပါဝင်သည့် ခရီးသွား လုပ် ငန်း ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းလျက် ရှိသည့် နိုင်ငံတကာ ကုန်သွယ်မှု စင်တာ (ITC) တွင် ကယားပြည်နယ် ဆိုင်ရာ အကြံပေး အနေနှင့် တာဝန် ထမ်းဆောင်လျက် ရှိသည်။
သို့ဖြစ်ရာ ကယား ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကယားပြည်နယ်၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက် သည့် ပါစကယ်ခူးသွယ်၏ ထင်မြင် ယူဆချက်များကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ အခု ကယားပြည်နယ်မှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT)ဆိုပြီး လုပ်နေတာက ဘယ်အချိန်လောက် က စခဲ့လဲ။
ဖြေ။ ။ ကယားပြည်နယ် CBT က ၂၀၁၄ မှာ စတင်ခဲ့တယ်။ စီမံကိန်းက ၃ နှစ်ပေါ့။ ၃ နှစ်မှာ ငွေရေးကြေးရေး ထောက်ပံ့ ပေးတာကတော့ နယ်သာလန် အစိုးရ ဖြစ်တယ်။ လုပ်ပေးတဲ့ လုပ်ငန်းတွေကတော့ အောက်ခြေမှာ ဆိုရင် ကျေးရွာတွေမှာ ခရီးသွား လုပ်ငန်းကို အခြေခံ သင်တန်းတွေ ပေးတယ်။
ဧည့်လမ်းညွှန်၊ ဟိုတယ်တွေ၊ ခရီးသွား ကုမ္ပဏီတွေကို ချိတ်ဆက်ပေးတယ်။ အခြား ဝန်ဆောင်မှု လုပ်ငန်းနဲ့ ပတ်သက် ရင် အစားအသောက်မှာ ဆိုလည်း သန့်ရှင်းရေး၊ လက်ဆောင် ပစ္စည်းတွေ ကုန်ပစ္စည်းတွေကို အရည်အသွေး ကောင်း အောင် လည်း သင်တန်းပေးတယ်။
မြန်မာနိုင်ငံက ခရီးသွား ကုမ္ပဏီကြီးတွေကို အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီကြီးတွေနဲ့ သွားချိတ်ပေးတယ်။ အဓိက ချိတ် ပေး တာကတော့ လန်ဒန်ရယ်၊ ဘာလင်ရယ် အဲဒီမှာ ချိတ်တယ်။ ကယားပြည်နယ် စီမံကိန်းကတော့ ၃ နှစ် ပြီးသွားပြီ။ တနင်္သာ ရီမှာ ဆက်နေတယ်။ ဒါပေမယ့် တနင်္သာရီမှာ လုပ်နေတုန်းလည်း ကယားမှာ ဆက်ပြီး ပံ့ပိုးပေးမယ်။
အရေးကြီးတာက ဘာလို့လဲဆိုတော့ ခရီးသွား လုပ်ငန်းကို သင်တန်းပေးပြီးတာနဲ့ ပြီးတာမဟုတ်ဘူး။ တည်တံ့ ခိုင်မြဲ ရေး အတွက် ကျနော်တို့က ဆက်ပြီး နည်းလမ်းပိုင်း ဆိုင်ရာတွေ အကူအညီပေးရမယ်။ အထူးသဖြင့် တိုးချဲ့ချင်တဲ့ ရွာတွေကို လည်း ထပ်ပြီးတော့ ဖြည့်ပေးမယ်။ နောက်ရှိပြီးသား ရွာတွေကိုလည်း စီမံ ခန့်ခွဲရေး ဆိုင်ရာ သင်တန်းတွေ ဆက်လုပ်ပေး ပါတယ်။
မေး။ ။ ကယားပြည်နယ်ရဲ့ ခရီးသွား ကဏ္ဍက အရင်နှစ်တွေနဲ့ ယှဉ်ရင် ဘာတွေ တိုးတက် ပြောင်းလဲမှုရှိလဲ။
ဖြေ။ ။ အရင်တုန်းကတော့ ပန်ပက်လောက်ပဲ ခရီးသည်တွေ လာကြတာ များတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကြေး ပတ် ကယန်းတွေ ရှိတဲ့အတွက်ကြောင့်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ရွာသားတွေ အကျိုးခံစားခွင့် မရှိခဲ့ဘူး။ ဓာတ်ပုံ ရိုက်ပြီး ထွက်သွားကြတယ်။ ဓာတ်ပုံရိုက်ခံရတဲ့ သူလောက်ပဲ နည်းနည်းပါးပါး ရကြတယ်။
အခု ITC က ကျေးရွာ အခြေပြု ခရီး သွား လုပ်ငန်းလုပ်တဲ့ အခါကျတော့ ရွာသားတွေ ကိုယ်တိုင် ပါဝင် လှုပ်ရှားနိုင် တယ်။ လမ်းညွှန် အဖြစ် ပြပေးနိုင်တယ်။ နောက် ထမင်း၊ ဟင်း နေ့လယ်စာတွေ ချက်ပေးနိုင်တယ်။ အခြားဝန်ဆောင်မှု ဖြစ်တဲ့ လက်ဆောင် ပစ္စည်းတွေလည်း ရောင်းနိုင်တယ်။ တိုက်ရိုက် အကျိုးတွေ ရှိသလို သွယ်ဝိုက်တဲ့ အကျိုးလည်း ရှိတယ်။
မေး။ ။ သွယ်ဝိုက်တဲ့ အကျိုးဆိုတာက ဘယ်လို အရာတွေကို ပြောတာလဲရှင့်။
ဖြေ။ ။ ရွာသားတွေ အတွက် ကောင်းတာက ကိုယ့်ရဲ့ ယုံကြည်မှု၊ ယဉ်ကျေးမှုတွေကို ထုတ်ဖော်ခွင့်ရတယ်။ အဲဒီလို ထုတ် ဖော်ခွင့်ရတာက သူတို့ အတွက် အကျိုးအမြတ် အများကြီး ရှိတယ်။ အဲဒါကတော့ အသပြာ အရေအတွက်နဲ့ ပြော လို့ မရ ဘူး။ ကျနော်တို့ ယဉ်ကျေးမှုက ပျောက်ကွယ်ခါနီး ပုံစံမျိုး ဖြစ်တဲ့ အချိန်မှာ ဒီလိုလုပ်ချင်းအားဖြင့် လူငယ် တွေလည်း သဘော ပေါက်လာတယ်။ နိုင်ငံခြားသားတွေလည်း ကျနော်တို့ကို ပိုပြီး ကူညီနိုင်တယ် ပိုပြီးမှ စာနာပေးနိုင် တဲ့ သဘောရှိပါ တယ်။
မေး။ ။ ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ ခရီးသွား လုပ်ငန်း တိုးတက်လာဖို့ အတွက် ဘာတွေကို ထိန်းသိမ်း ဖို့ လိုမလဲ။
ဖြေ။ ။ ရှိတာတော့ အများကြီးပဲ။ အထူးသဖြင့် ကျနော်တို့မှာ သဘာဝ အလှတွေကို ထိန်းသိမ်းဖို့ လိုတယ်။ အမှိုက် သရိုက်တွေကို ထိန်းသိမ်းဖို့ လိုတယ်။ သစ်ပင်တို့ တောကောင်တို့ကိုလည်း ထိန်းသိမ်းဖို့ လိုတယ်။ အရေးကြီးဆုံး ကတော့ ရိုးရာ ယဉ်ကျေးမှုတွေ မပပျောက်ဖို့ လိုတယ်။ ဒါတွေက ဆက်လုပ်နိုင်ပေမယ့် ဒီနေ့လုပ် ဒီနေ့ ဖြစ်တဲ့ဟာမျိုး တော့ မဟုတ်ဘူး။ တဖြည်းဖြည်းချင်း လုပ်မှ ဆက်ဖြစ်လာမယ့် သဘော ရှိပါတယ်။
မေး။ ။ အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံက ခရီးသွား ကဏ္ဍမှာ နောက်ကျ ကျန်နေတယ်ပေါ့ နော်။ ဒီလို နောက်ကျနေတာရဲ့ အဓိက အချက်က ဘာလို့ ထင်လဲရှင့်။
ဖြေ။ ။ နောက်ကျ ကျန်ခဲ့တာကတော့ အစိုးရကြောင့်ပဲ။ အရင် အစိုးရကလည်း သေချာ မလုပ်ဘူး။ ဒီအစိုးရကလည်း သေ ချာ မလုပ်နိုင်ဘူး။ ဒါကတော့ အရှင်းဆုံးပဲ။ ကျနော် အမှန်အတိုင်း ပြောတယ်။ ပေါ်လစီ အရ ရှိပေမယ့် ဘယ်သူမှ လက် တွေ့လုပ်မပေးနိုင်ဘူး။ အရင် အစိုးရလည်း မလုပ်ပေးနိုင်ဘူး။ ဒီအစိုးရလည်း ကြိုးစားပေမယ့် မလုပ်ပေးနိုင်ဘူး။ အဓိကက စနစ်ကြောင့်ပါ။
ဒီကဏ္ဍမှာတော့ ပြည်သူ လူထုကို အပြစ်တင်လို့မရဘူး။ ခရီးသွား လုပ်ငန်းမှာ တကယ်အလုပ် ဖြစ်မှာတွေကို လုပ်နိုင် တဲ့ သူကို ပေးလုပ်။ ဥပမာ ကျွန်းတွေ ရှိတယ်။ ခရီးသွား လုပ်ငန်း ရှိတယ်။ အဲဒါတွေကို အစိုးရ ပိုင်မြေ၊ တပ်ပိုင်မြေတွေ လုပ် ပစ်လိုက်တော့ သူများတွေ လုပ်စားလို့ မရဘူး။ ခွင့်ပြုချက် ဆိုလည်း ဟိုနားပိတ် ဒီနားပိတ်။ ကျနော် ပြောချင်တာ က အဲဒါမျိုး။
မေး။ ။ အခု ကယားမှာ ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း လုပ်လိုက်တဲ့ ကျေးရွာတွေက သိသိသာသာ ဖွံ့ဖြိုးလာ သ လား။
ဖြေ။ ။ ဖွံ့ဖြိုးမှုက အဲဒီလောက်ထိ မသိသာဘူး။ သူတို့ရဲ့ လိုအပ်မှုတွေက ငွေရေးကြေးရေးထက် စနစ်က ညီညီမျှမျှ တက် လာနိုင်ဖို့ လိုတယ်။ ဥပမာ ပညာရေးပိုင်းမှာက မမီသေးတဲ့ အခါကျတော့ ပစ္စည်းတွေ ဘယ်လောက် ချပေးပေး သေချာ မသုံးနိုင်တာမျိုးတွေ ရှိတာပေါ့။ တိုးတော့ တိုးတက်တယ်၊ လမ်းတွေ ကောင်းလာတယ်၊ မီးတွေ ရလာတယ်၊ ကျန်းမာရေး အခြေအနေအရ ပိုကောင်းလာတယ်။
မေး။ ။ ရပ်ရွာ အခြေပြုခရီးသွား လုပ်ငန်း လုပ်တဲ့အခါမှာ အဓိက အခက်အခဲက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အဓိကကတော့ နည်းစနစ်ပဲ။ နည်းစနစ် ဆိုတာက နှစ်ဖက်စလုံး လိုတယ်။ တဖက်မှာလည်း ဧည့်သည်တွေ လာ နိုင်အောင် စီမံခန့်ခွဲ ပေးတဲ့ နေရာမှာ လိုမယ်။ ရွာသားတွေလည်း အတွေ့အကြုံ မရှိတဲ့ အခါကျတော့ သူတို့ သဘော ပေါက် နားလည်လာအောင် သူတို့ ယဉ်ကျေးမှုလည်း မထိအောင် လုပ်နိုင်တယ် ဆိုတာကို သူတို့ ယုံကြည်မှု ရှိလာအောင် လုပ်တဲ့ နေရာမှာ အခက်ဆုံးပဲ။
မေး။ ။ ကယားမှာ ခရီးသွားတွေ အများဆုံး သွားကြတာ ဘယ်နေရာတွေလဲ။
ဖြေ ။ ။ ပြည်ပ ကတော့ ပန်ပက်နဲ့ တနီးလာလဲ၊ ပြည်တွင်းရော ပြည်ပရော ဆိုရင် ပန်ပက်၊ တနီးလာလဲ၊ ကြပ်ဂူ၊ ထေးခို၊ ထီးဆဲခါး အဲဒီနေရာတွေ၊ ခွင့်ပြုချက် ရတဲ့နေရာတွေက အသွားများတယ်။ ကယားပြည်နယ် တောင်ပိုင်း မှာ လည်း ရှိတယ်။ ဒါပေမယ့် အခြေအနေအရ ခွင့်ပြုချက် မပေးတာလည်း ရှိတယ်။
မေး။ ။ ခွင့်ပြုချက်သာ ပေးလိုက်မယ် ဆိုရင် ခရီးသွား ကဏ္ဍမှာ ဒီထက် ပိုပြီးတော့ တိုးတက်လာမယ်လို့ ထင်သလား ရှင့်။
ဖြေ ။ ။ ခရီးသွားတွေ များတော့ များလာနိုင်တယ်။ တဖက်မှာ စိတ်ပူရမှာက ပြည်တွင်း ခရီးသွားတွေက အမှိုက်တွေ တ အားချတယ်။ ဒေသခံတွေ မထိန်းနိုင် သရွေ့တော့ မဖွင့်ပေးတာ ပိုကောင်းတယ်။ အချို့နေရာတွေက တအား သန့်ပြန့် တဲ့ နေရာတွေ ရှိတယ်။
အဲဒီလို နေရာတွေကို ဖွင့်ချပေးလိုက်မယ် ဆိုရင် တချို့လူတွေက ဘီယာတွေ၊ ပလတ်စတစ် ဘူးခွံတွေ သယ်လာပြီး တော့ မှ သောက်ပြီး ပစ်ချတာမျိုးတွေလည်း မဖြစ်စေချင်ဘူး။ အဲဒါကြောင့်မို့လို့ ခွင့်ပြုချက် ပေးတဲ့နေရာတွေမှာလည်း ဒေသခံတွေ ထိန်းချုပ်နိုင်မှ ဖြစ်မှာ။ မဟုတ်ရင် သူတို့အတွက် မတရားဘူး။ ကိုယ့်ဆီလာပြီး အမှိုက်ချ သလိုမျိုး ဖြစ်သွား တယ်။
မေး။ ။ ရိုးရာ ဓလေ့တွေကရော မှေးမှိန် ပျောက်ကွယ်နေတဲ့ အခြေအနေမျိုး ရှိနေသလားရှင့်။
ဖြေ။ ။ မှေးမှိန်လာတယ် ဆိုတာ မရှိပါဘူး။ မမြင်ရတာဘဲ ရှိတယ်။ ရိုးရာတွေက ထိန်းသိမ်းနေကြတယ်။ အဓိက ကတော့ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုကို အင်အား ကြီးကြီးနဲ့ ဖိနှိပ်တာတို့ လုပ်ရင်တော့ ပျက်နိုင်တယ်။ ဒါပေမယ့် သူတို့ ကတော့ ရိုးရာကို ထိန်းသိမ်းနေကြတယ်။
မေး။ ။ ဖွံ့ဖြိုး တိုးတက်လာတာနဲ့ အမျှ ရိုးရာ ယဉ်ကျေးမှုတွေ ပျောက်ကွယ်လာမှာကိုလည်း စိုးရိမ်ကြတယ်ပေါ့နော်။ ဒီလို မဖြစ်အောင်ကရော ဘယ်လို ထိန်းသိမ်းသင့်လဲ။
ဖြေ။ ။ ဟိုလို ဖြစ်သင့်တယ် ဒီလို ဖြစ်သင့်တယ် ဆိုတာထက် ပြည်သူ လူထုအများစုရဲ့ သဘောတူညီချက်နဲ့ သူတို့ ဘာသာ သူတို့ လုပ်ပါလိမ့်မယ်။ အဓိကကတော့ အစိုးရ ဝင်ရောက် စွက်ဖက်တာ မလုပ်ရင် ပိုကောင်းတယ်။ ဥပမာ သစ် တောတို့ လှပတဲ့နေရာတို့ပေါ့။ ဒါပေမယ့် အခြား အင်အားကြီးတဲ့သူက ဆွယ်ပြီး သယံဇာတ အရင်းအမြစ်ကို အသုံးချတာ မျိုးက အဆိုးဆုံးပါပဲ။ ။