၂၀၁၇ ခုနှစ် မေလ၌ အထပ်မြင့် အဆောက်အအုံများကို အစိုးရက ပြန်လည် စိစစ်မည် ဆိုသည့် အချိန်မှ စ၍ ဝယ်ယူ သူ များ၏ ယုံကြည်မှု လျော့ကျခဲ့ကာ ဆောက်လုပ်ရေး ကဏ္ဍနှင့် အိမ်ခြံမြေ အရောင်းအဝယ် များသည်လည်း ကျဆင်း ခဲ့သည်။
လက်ရှိတွင် အိမ်ခြံမြေ၊ ဆောက်လုပ်ရေး ကဏ္ဍတို့မှာ လေးလံ နှေးကွေးနေကာ ယင်းလုပ်ငန်းများတွင် မှီခိုနေကြရ သော လုပ်သား အင်အားများစွာတို့၏ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတို့လည်း ကြုံတွေ့ရလျက် ရှိသည်။
ယနေ့ အိမ်ခြံမြေကဏ္ဍတွင် ပြည်ပ ရင်းနှီးမြှုုပ်နှံမှုများ ဝင်ရောက်သည့် အခြေအနေ၊ အိမ်ခြံမြေ ဈေးကွက် လက်ရှိ ရင်ဆိုင် နေရသော အခြေအနေများနှင့် လာမည့် နှစ်တွင် အိမ်ခြံမြေ ကဏ္ဍ ပြန်လည် ဦးမော့လာနိုင်မလား စသည် တို့ကို သိရှိရန် အတွက် ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ အခု အစိုးရ လက်ထက်မှာ မြို့သစ် စီမံကိန်းတွေ၊ အခြားသော အိမ်ရာ စီမံကိန်းတွေ လုပ်နေတာ ရှိတယ်။ ဒီလို လုပ်ဆောင်နေတဲ့ အတွက် အိမ်ခြံမြေ ကဏ္ဍက ၂၀၁၈ ခုနှစ်မှာ တိုးတက်လာမယ်လို့ အားလုံးက မှန်းထား ပေမယ့်လည်း ဖြစ်မလာဘူးပေါ့နော်။ ဒီအပေါ်မှာ သုံးသပ်ချက် ပေးပါဦး။
ဖြေ။ ။ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ကြီးကြီးမားမား စီမံကိန်းတွေက မလုပ်ဖြစ်သေးတာပေါ့နော်။ အများကြီး လုပ်ဖို့ ရှိတယ်။ တကယ်လည်း လုပ်ဖို့ လိုတယ်။ ကျနော်တို့ရဲ့ အခြေခံ အဆောက်အအုံ အားနည်းချက်နဲ့ ဆက်နွှယ်တာပေ့ါ နော်။ အရမ်း အားနည်းတယ်။ ဒါတွေ မဖြစ်မနေ တည်ဆောက်ရမယ့် ဟာတွေပေါ့။ လေဆိပ် စီမံကိန်းဆိုလည်း မလုပ်ဖြစ်သေးဘူး။
ကျနော်တို့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို လုပ်ရမှာက များတယ်။ အခု အခြေအနေကလည်း ကန့်ကွက်လို့ရတဲ့ အခြေ အနေကလည်း အများကြီး ဖြစ်နေတယ်။ တခုခု စီမံကိန်း စမယ်ဆိုရင် အောက်ခြေက စပြီး ကန့်ကွက်တာတွေ များတယ်။
ဒီတော့ လုပ်တဲ့သူတွေလည်း အခက်အခဲ ဖြစ်စေတယ်။ လွှတ်တော်လည်း ရှိနေတော့ လုပ်သင့် မလုပ်သင့်၊ ငွေချေး သင့်၊ မချေးသင့် အများကြီးပေါ့လေ။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေ အရတော့ စီမံကိန်းကတော့ လုပ်နေရင်းနဲ့ ပျက် သွား တာမျိုးတွေလည်း ရှိတယ်။
မြန်မာပြည်နဲ့ ပတ်သက်တဲ့ စီမံကိန်းကို ထောက်ပြတာပေါ့နော်။ စီမံကိန်း ကြီးကြီးကို တခါမှ အောင်အောင်မြင်မြင်နဲ့ လုပ် သွားတာ မရှိသေးဘူး။ စီမံကိန်းတွေ များများလုပ်လေ ကျနော်တို့ အိမ်ခြံမြေကို အထောက်အကူ ပြုလေပဲ။ ဒီစီမံကိန်း တွေ များများ လုပ်နိုင်ဖို့လည်း မျှော်လင့်တာပေါ့နော်။ တိုင်းပြည်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတာလည်းပါတယ်။ အလုပ် ကိုင် အခွင့်အလမ်းတွေလည်း ရမှာ ဖြစ်တယ်။ ဒါကြောင့် စီမံကိန်းတွေ များများ အောင်မြင်ဖို့ကို တောင်းဆိုပါတယ်။
မေး။ ။ လက်ရှိ အိမ်ခြံမြေ ဈေးကွက် အခြေအနေက ဘယ်လိုမျိုး ရှိနေလဲ။
ဖြေ။ ။ အိမ်ခြံမြေ ဈေးကွက်က ဒီနှစ်ပိုင်းမှာ လုံးဝတော့ ရပ်မသွားဘူး။ ဒါပေမယ့် ပါးတာပေါ့နော်။ ဖြစ်တဲ့ပွဲတွေလည်း အတက်ဈေးနဲ့ မဟုတ်ဘဲနဲ့ အခု တော်တော်များကလည်း ငွေလိုနေတဲ့ အနေအထားတခုကို ရောက်တဲ့ အခါကျတော့ လုပ်ငန်းရှင်ကြီးရင် ကြီးတဲ့ဟာကို ချရောင်းတယ်။ လုပ်ငန်းရှင် အငယ်ဆိုရင်လည်း သူပိုင်ဆိုင်တဲ့ဟာ ချရောင်းကြတာ ပေါ့နော်။ ဒီအခြေအနေ ဖြစ်တယ်။
မေး။ ။ လက်ရှိမှာလည်း ရန်ကုန်မြို့ရဲ့ အိမ်ရာ လိုအပ်ချက်က အရမ်းများနေတယ်။ ဝန်ကြီးချုပ်ကလည်း ပြောထား တယ်။ အိမ်ရာတွေ သိန်းနဲ့ ချီဖော်ဖို့ ရှိတယ်။ ဒါတွေသာ လုပ်နိုင်ရင် အိမ်ခြံမြေ ကဏ္ဍက ပြန်ပြီး ကောင်းမွန်လာမယ် လို့ ပြောကြ တယ်။ အဲဒါ ဖြစ်နိုင်လား။
ဖြေ။ ။ မှန်ပါတယ်။ တနှစ်တနှစ် ရန်ကုန်တိုင်းရဲ့ အိမ်ရာ လိုအပ်ချက်က သိန်းနဲ့ချီ လိုတာ ဖြစ်တယ်။ အိမ်ခန်းပေါင်း ရော လုံးချင်းရောပေါ့။ အခု ဆောက်ဖြစ်တာမှ တနှစ်ကို နှစ်သောင်း သုံးထောင်၊ သုံးသောင်း ဝန်းကျင်လောက်ပဲ ရှိ တယ်။ အိမ်ရာ လိုအပ်ချက်က တနှစ်ထက် တနှစ်ပိုပြီးတော့ ကြီးလာတယ်။ ရန်ကုန်က စီးပွားရေး မြို့တော် ဖြစ်တဲ့ အတွက် နယ်ကရွှေ့ ပြောင်းလာတဲ့ လုပ်သားတွေလည်း များတယ်။ ဒါကြောင့် အိမ်ရာ လိုအပ်ချက် အရမ်းကြီးတယ်။
သူများနိုင်ငံမှာလည်း အိမ်ရာ လိုအပ်ချက်ကို အစိုးရက ဖြည့်ဆည်းပေးတာ ရှိတယ်။ ဒါကြောင့်မို့ တန်ဖိုးနည်း၊ တန်ဖိုး သင့်၊ တန်ဖိုးကြီး စီမံကိန်းတွေ များများ လုပ်ပေးနိုင်ရင် ကျနော်တို့ အများပြည်သူရဲ့ အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်တယ်။
မေး။ ။ ၂၀၁၈ ခုနှစ်မှာ အိမ်ခြံမြေ ကဏ္ဍ ကောင်းမွန်လာမယ်လို့ ပြောပေမယ့် အခု နှစ်ကုန်နေပြီ ဆိုတော့ ပြန်ကောင်း မလာတာက အဓိက ဘယ်လို အချက်တွေကြောင့် ဖြစ်မလဲ။
ဖြေ။ ။ အဓိကတော့ နိုင်ငံရေး အရွေ့ပေါ့နော်။ ဒါကို အများက စောင့်ကြည့်နေတာ။ နိုင်ငံရေး အရွေ့က ကောင်းမယ်၊ တည်ငြိမ်မယ်။ ဆူပူမှု မရှိဘူး၊ စစ်ပွဲတွေ မရှိဘူး။ နောက်တခုက ပွင့်ပွင့်လင်းလင်း ပြောရရင် တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံ တဲ့ သူတွေ လာပြီးတော့ ရင်းနှီးမြှုပ်နှံမယ် ဆိုရင် ဌာနဆိုင်ရာ ဝန်ဆောင်မှုတွေက အရမ်း ကြန့်ကြာတယ်။
မြန်မာပြည် လာပြီး ရင်းနှီးမြှုပ်နှံမှုထက်ကို အိမ်နီးချင်းဖြစ်တဲ့ အခု တက်လာတဲ့ ကမ္ဘောဒီးယား၊ လာအိုတို့၊ ထိုင်းနိုင်ငံတို့ သွားတယ်။ အဲဒီမှာ အထပ်မြင့် အဆောက်အအုံ ဆောက်ဖို့ ဆိုရင်၂လနဲ့ ၃ လပဲကြာတယ်။ ဒီမှာက အဆောက်အအုံ ဆောက်မယ်ဆိုရင် လိုင်စင်ရဖို့ပဲ ၂ နှစ်လောက် ကြာတယ်။
ငွေအသွင်း အထုတ်မှာလည်း သတ်မှတ်တဲ့ စည်းကမ်းတွေက သူတို့ဆီမှာ ပျော့ပြောင်းတယ်။ ဒီမှာ တချို့ နိုင်ငံခြား သား တွေက ဒေါ်လာကို သိန်းနဲ့ချီ လွဲှလာရင် ၂ လ၊ ၃ လနဲ့ ထုတ်လို့ မရဘူး။ ထောက်ခံချက်တွေ အရမ်းတောင်း တယ်။ ကိုယ့် ငွေတွေက တရားဝင် သွင်းလာတဲ့ဟာ ဖြစ်ရဲ့သားနဲ့ ထုတ်သုံးဖို့က ခက်နေတာပေါ့နော်။ ပြောမယ်ဆိုရင် အခက်အခဲတွေ က အများကြီးပဲ။ နောက် ခြစားမှု ပြဿနာတွေပေါ့။
မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုလာမယ် ဆိုရင် ဘယ်ကဏ္ဍပဲ လာလာ ကျနော်တို့ အိမ်ခြံမြေ လုပ်ငန်းရှင်နဲ့ ထိတွေ့ရ တယ် ဆိုတော့ သူတို့ကို မေးရင် တခြားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာထက် စာရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တာ သူတို့ အတွက် ခက်တယ်။ ကွန်ဒို ဆောက်နေတဲ့ နိုင်ငံခြားသားတွေဆိုရင် လေး၊ ငါးနှစ်နေလို့ ကွန်ဒို ၁၀ လုံး၊ ၁၅ လုံး ဆောက် ပြီးသား ဖြစ်နေတဲ့ အခြေနေမျိုးကို သူတို့ Plan ချပြီး ဝင်လာပေမယ့် တကယ့် တကယ်ကျတော့ တလုံး ဆောက် ပြီးတာ နဲ့ တစ်နေတယ်။
လေး၊ငါးနှစ်သာ ကြာသွားတာ ရောင်းလို့လည်း မထွက် ထပ်ဆောက်တော့လည်း မဆောက်နိုင်ဘူး။ ငွေကြေးတွေ အချိန် တွေ အများကြီး ဆုံးရှုံးတယ်လို့ ကျနော်တို့ ကြားတယ်ပေါ့နော်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို သူများ နိုင်ငံ တွေကို ကြည့် ပြီးတော့ မှ မြန်မြန်နဲ့ လွယ်လွယ်ကူကူ လုပ်ပေးနိုင်ရင်တော့ ဝင်လာကြမှာပါ။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် လုပ်ငန်းတွေ အများကြီး ရှိနေပြီး သူတို့လည်း ဝင်လာချင်ပေမယ့် ဝင်လာဖို့ အဟန့် အတားတွေ ရှိနေတာကို ထောက်ပြချင်တာပေါ့လေ။
မေး။ ။ အခု နိုင်ငံခြားသားတွေက အိမ်ရာ၊ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ် သွားကြ တာ လား။
ဖြေ။ ။ ရင်းနှီးမြှုပ်နှံမှု တွန့်ဆုတ်တာက အကြောင်းအမျိုးမျိုး ရှိတယ်။ နိုင်ငံရေး မတည်ငြိမ်ရင်လည်း မလာချင်ဘူး။ ဥပမာ ရခိုင် အရေးတို့ ဘာတို့ မတည်မငြိမ်ကိစ္စတွေ ဖြစ်တယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ ဒါတွေက ရင်းနှီးမြှုပ်နှံမှု ဝင်လာ ချင်တဲ့ နိုင်ငံခြားသားတွေ အတွက် အဟန့်အတား ဖြစ်တယ်။
နောက်ပြီး နိုင်ငံခြားသားတွေက ရင်းနှီးမြှုပ်နှံဖို့ အထည်ချုပ် လုပ်ငန်းပဲ လာလာ၊ ခရီးသွား ကဏ္ဍ ဝန်ဆောင်မှု လုပ်ငန်း ပဲ လာလာ၊ ကားစက်ရုံပဲ ထုတ်ဖို့ လာလာ၊ ပလတ်စတစ် စက်ရုံပဲ လာလာ၊ ဘာပဲ လာလာ မြေလိုတယ်။ ဒါကြောင့်မို့ အိမ်ခြံ မြေ ကဏ္ဍက နိုင်ငံခြားသား လာတာနဲ့တင် အထောက်အကူ ပြုတယ်။ အဲဒါကို ပြောချင်တယ်။
မေး။ ။ အိမ်ခြံမြေ ဈေးတွေ ပြီးခဲ့တဲ့နှစ်တွေက ဈေးတွေ အရမ်းမြင့်တက်ခဲ့တယ်။ အခုချိန်မှာတော့ တချို့ လုပ်ငန်းရှင် တွေ ပညာရှင်တွေကလည်း သုံးသပ်ကြတယ်ပေါ့လေ။ အိမ်ခြံမြေက ပူဖောင်းပေါက်နေပြီ အခု အခြေနေကို အဲဒီလို ပြောလို့ ရလား။ လက်ရှိ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ နိုင်ငံတကာလို အိမ်ခြံမြေ ပူဖောင်းပေါက်တယ်လို့ သုံးနှုန်းလို့ မရဘူးပေါ့နော်။ နိုင်ငံတကာမှာ အိမ်ခြံမြေ ပူဖောင်း ပေါက်တယ် ဆိုတာက ရှင်းတယ်။ နိုင်ငံခြားမှာ ဝယ်ယူတဲ့ အိမ်ခြံမြေ အားလုံးက ဘဏ်ချေးငွေနဲ့ ဝယ်ကြတာ။ မြန်မာပြည် လို ၂ လ၊ ၃ လ အတွင်း အပြီးချေပြီးတော့မှ ဝယ်တာ ရှားတယ်။ အခုက ဈေးကျတယ်ပဲ ပြောလို့ ရတယ်။
အိမ်ခြံမြေ ပူဖောင်း ပေါက်တယ် ဆိုတာက နိုင်ငံတကာမှာက ဘဏ်ချေးငွေနဲ့ ဝယ်ပြီးရင် သူတို့ မပေးဆပ်နိုင်လို့ ဘဏ် ကို လွဲှချ လိုက်တာလေ။ ဘဏ်ကလည်း လုပ်ဆောင်ရမယ့် အပိုင်းတွေ အများကြီးပဲ ရှိတော့ ရတဲ့ဈေးနဲ့ ငွေဖော်ပြီး လုပ် တယ်။ မြန်မာနိုင်ငံမှာက အခု ဈေးကျတယ်သာ ပြောတာ ဈေးက တဝက်မကျသေးဘူး။
ရာခိုင်နှုန်းအားဖြင့် ပြောရင် ပျမ်းမျှ ၃၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းလောက်ပဲ ကျတာ။ ပူဖောင်းပေါက်တယ် ဆိုတာက ဆက် တိုက်ကျတာ။ မြန်မာပြည်မှာက ဘဏ်ချေးငွေနဲ့ ဝယ်တဲ့သူ နည်းတယ်။ အခုမှ ဘဏ်ချေးငွေနဲ့ ဝယ်လို့ရတယ် ဆိုတာ ခေတ်စားလာတာ ဖြစ်တယ်။
တိုက်ခန်းတွေပဲ ဝယ်ယူလို့ ရသေးတာ။ လုံးချင်းတွေနဲ့ တန်ဖိုး အရမ်းကြီးတဲ့ ဟာတွေ ဘဏ်ချေးငွေနဲ့ ဝယ်လို့ မရဘူး။ ကျပ်သိန်း ၂ ထောင် အောက် နဲ့ ကျပ်သိန်း ၅ ထောင်လောက် အထိက အများဆုံးပဲ။ အခုက အိမ်ခြံမြေ ဈေးကျတယ် ပဲ ပြောလို့ရတယ်။
မေး။ ။ ပြီးခဲ့တဲ့လ အတွင်းကလည်း နိုင်ငံခြား ဘဏ်တွေကို ဗဟိုဘဏ်ကနေ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေ ပေး လိုက် တယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေကို ချေးငွေတွေ ချေးဖို့ ချပေးလိုက်တယ်။ ဒါတွေက အိမ်ခြံမြေ ကဏ္ဍကို ဘယ်လောက် ထိ အထောက်အကူ ပြုနိုင်တယ်လို့ ပြောလို့ ရသလဲ။
ဖြေ။ ။ ဒါက အိမ်ခြံမြေ လုပ်ငန်းကို အများကြီး အထောက်အကူ ပြုတယ်လို့ ပြောလို့ရတာပေါ့။ နိုင်ငံခြားသား ဘဏ် တွေ ဝင်လာပြီဆိုရင် ဘဏ်က ဒီအတိုင်းကို လက်ဗလာကြီးနဲ့ လာမှာ မဟုတ်ဘူး။ သူတို့မှာ ငွေကြေးတွေ ယူလာရမှာ လေ။ သူတို့ အကျိုးအမြတ် အတွက် သူတို့ လှည့်တော့မယ် ဆိုရင် ဘဏ်ချေးငွေ လုပ်ရတော့မယ်။
သူတို့ လုပ်ဆောင်မယ့် လုပ်ငန်းဆောင်တာ အများကြီးက ရှိတဲ့အထဲကမှ လုပ်ငန်းတွေက ကျနော်တို့ အိမ်ခြံမြေ လုပ်ငန်း ကို အထောက်အကူ ပြုမှာတော့ အသေအချာပဲ။ သူတို့ မြန်မြန် လုပ်ငန်း စတင်နိုင်လေ ကျနော်တို့ နိုင်ငံသား အတွက် အခွင့်အလမ်း များများ ရလေပဲ။ အိမ်ခြံမြေ ကဏ္ဍ အတွက် အထောက်အကူပြုကို ပြုတယ်။
မေး။ ။ အခု အစိုးရ လက်ထက်မှာ အိမ်ခြံမြေ ကဏ္ဍ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ဒီအစိုးရ လက်ထက်မှာ ဘာမှ အိမ်ခြံမြေကို ထောက်ပံ့မှု မရှိဘူး။ မရှိလို့လည်း အခွန်ကို လျှော့ခိုင်းမယ် ဆိုပြီး ၃ ရာ ခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း လျှော့မယ့် ကိစ္စလည်း မလုပ်ပေးနိုင်ခဲ့ဘူး ပေါ့နော်။ အိမ်ခြံမြေက ငွေကြေးစီးဆင်းမှု ကြီး တယ်။ အစိုးရ အနေနဲ့လည်း ကြီးကြီးမားမား အထောက်အပံ့ လုပ်ပေးတာ မရှိဘူးပေါ့လေ။ အမြန်ဆုံး ကုစားဖို့လည်း လိုနေပြီလို့ ယူဆတယ်။
အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဘယ်အစိုးရပဲ ဖြစ်ဖြစ် ကျနော်တို့ မိဘ လက်ထက်ထဲက ကြည့်မယ်ဆိုရင် ကျနော် တို့ အိမ်ခြံမြေဈေးက အခုလောက်နှုန်းမှ မရှိတာ။ တဖြည်းဖြည်းနဲ့ တက်သွားတာ။ ဒါက နိုင်ငံတကာမှာလည်း ဒီတိုင်း ပဲ။ အိမ်ခြံ မြေဆိုတဲ့ အရာကြီးက ခိုင်မာသော ရင်းနှီးမြှုပ်နှံမှု အဖြစ် တကမ္ဘာလုံးမှာ တည်ရှိနေတာပေါ့နော်။ ဒါကြောင့်မို့ အိမ်ခြံမြေက ကျတဲ့ အခါကျမယ်။ ဈေးအေးတဲ့ အခါအေးမယ်။ ပြီးရင် ပြန်တက်သွားတာပဲ။ ကြောက်စရာ ကို မရှိဘူး။
ဘာကြောင့်လဲ ဆိုတော့ လူရဲ့ လိုအပ်ချက် အရေးကြီးတဲ့ အထဲမှာ အိမ်ခြံမြေပါတယ်။ စားဝတ်နေရေး ထဲမှာကိုက မနေ လို့ မရဘူး။ နောက်ဆုံး ကျူးကျော်တောင်မှ အိမ်နဲ့ နေရတယ်။ အိမ်နဲ့ကင်းတဲ့သူဆိုတာ ဘယ်သူမှ မရှိဘူး။ သူ့ဘာသာ တဲ လေး ထိုးထိုး ဘယ်လိုပဲ နေနေ သေးရင်သေးမယ်။ ကြီးရင်ကြီးမယ် အားလုံးက အိမ်ပဲ။
အိမ်နဲ့ ကင်းတဲ့ လူသားမရှိတဲ့ အချိန်မှာ အိမ်ခြံမြေကို ဈေးကျပြီးရင် ပြန်မဖြစ်လာတော့ဘူးလို့ ပြောလို့မရဘူး။ တနေ့ တချိန် ပြန်ကိုဖြစ်မယ်။ စောင့်ကြည့်။ သမိုင်းတလျှောက်လုံး ကြည့်လိုက် နိုင်ငံတကာမှာလည်း ဖြစ်တယ်။ အခု ဈေးကျ နေ တယ်။ ခေတ်စကား ပြောမယ် ဆိုရင် သန်းခေါင် အပြင် ညည့်မနက်တော့ဘူး။ အခု တအား ကျနေတယ်။ မကြာ ခင် ပြန်ကောင်း မယ်လို့ ဒါက လူတိုင်း မျှော်လင့်လို့ရတဲ့ အခြေနေတခုပဲ ပေါ့လေ။
မေး။ ။ လာမယ့် ၂၀၁၉ ခုနှစ် အိမ်ခြံမြေ အလားအလာကို ဘယ်လိုမျိုး သုံးသပ်ထားလဲ။
ဖြေ။ ။ အဓိက အိမ်ခြံမြေမှ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ စီးပွားရေး တခုလုံးက နိုင်ငံရေး အရွေ့ပေါ် မူတည်နေတယ်။ နိုင်ငံ ရေး အရွေ့က အလားအလာ ကောင်းမယ် ဆိုရင်တော့ ဒီအိမ်ခြံမြေ အပါအဝင်ပေါ၊့ အခြား ကဏ္ဍတွေလည်း အလား အလာ ကောင်းမှာပေါ့။
အခု လောလောဆယ် လာမယ့် ၂၀၁၉ ခုနှစ်ရဲ့ နိုင်ငံရေး အရွေ့နဲ့ ဒီအာဏာရ အစိုးရရဲ့ အရွေ့ကို မြင်ရတာတော့ ဝမ်းသာ တာပေါ့နော်။ ဆိုတော့ များမကြာမီမှာ ပြန်ကောင်းဖို့ စီးပွားရေး လုပ်ငန်းရှင် တချို့က မျှော်လင့်သလိုပဲ ကျနော် လည်း အိမ်ခြံမြေ ကဏ္ဍ မကြာခင် ပြန်ကောင်းတော့မယ်လို့ မြင်နေရပါတယ်။ ။