ရခိုင်ပြည်နယ် အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည့် ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပလက်ဝမြို့နယ် များအထိပါ ကူးစက်လာခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများမှာ အိုးအိမ်စည်းစိမ်များစွန့်ခွာပြီး ဘေးလွတ်ရာ နေရာများတွင် သွားရောက်ခိုလှုံနေကြရသည်။
ဇန်နဝါရီလ ၄ ရက်နေ့မနက်ပိုင်းက AA တပ်ဖွဲ့များသည် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ရဲအရာရှိ တဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦးဒဏ်ရာ ရရှိကာ ၁၈ ဦး သုံ့ပန်းအဖြစ် ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
ထိုအခြေအနေကြောင့် ရခိုက်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အခြေအနေများကို တွေ့မြင်နေရသည်။
ယင်းတိုက်ပွဲဆက်လက် ဖြစ်ပွားမည်ဆိုပါက ရခိုင်ပြည် သူများအပေါ် မည်သို့ ရိုက်ခတ်လာနိုင်မည်ဆိုသည်ကို တိုင်းရင်းသားလက်နက်အဖွဲ့ အစည်းအပါအဝင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများအား ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ်မေးမြန်းထားသည်။
ဒေါက်တာမင်းဇော်ဦး အလုပ်အမှုဆောင်ညွန့်ကြားရေးမှူး
Myanmar Institute for Peace and Security
အဓိကကတော့ လက်ရှိအစိုးရနဲ့ AAတို့ကြားထဲမှာ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ တပ်သားတွေကိစ္စ၊ လက်နက်ကိုင် ကိစ္စတွေ ဆွေးနွေးဖို့လိုမယ်။ အဲ့ဒီဆွေးနွေးမှု အဆင်မပြေသေးလို့ တိုက်ပွဲတွေက ရပ်ဖို့ခက်တယ်။ အခုကတော့ ကျနော့်အမြင်ကတော့ အစိုးရက AA ကို မဆွေးနွေးဘူးလို့ ထားတာမဟုတ်ဘူး။ ဆွေးနွေးမယ်။
တခုကတော့ ဒုက္ခသည် အရေအတွက်က တိုးမယ့်အနေအထားရှိတယ်လို့ ကျနော်တို့အနေနဲ့သုံးသပ်တယ်။ အဲ့ဒါကို အစိုးရက စနစ်တကျနဲ့ အစီအစဉ်တကျနဲ့ ဒီဒုက္ခသည်တွေကို နေရာချထားပေးတာတို့၊ သူတို့အတွက် ထောက်ပံ့ပေးတာတို့ ဒါတွေကို လုပ်ပေးဖို့လိုတယ်။ ဒီပုံစံအတိုင်းဆိုရင် တိုက်ပွဲက ပိုပြီးတော့ မြှင့်ဖို့ပဲရှိတယ်။
တပ်မတော်ဘက်ကလည်း တပ်အသစ်တွေကို ထပ်ထပ်လွှတ်နေတယ်ဆိုတော့ တိုက်ပွဲက ပိုမိုပြင်းထန်လာဖို့ပဲ ရှိတယ်ဆိုတော့ စစ်ရှောင်တွေ ပိုများလာနိုင်တယ်ဆိုတော့ ဒါကို အစိုးရရော၊ ရခိုင်အစိုးရရော ပြည်ထောင်စု အစိုးရရော စနစ်တကျနဲ့ အစီအစဉ်ချပြီးတော့ စစ်ရှောင်ဒုက္ခသည်တွေကိုရော သေသေချာချာ လုပ်ဆောင်ပေးဖို့ လိုပါလိမ့်မယ်။
ဒေါ်စောမြရာဇာလင်း ဒု ခေါင်းဆောင်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
ရခိုင်ပြည်မှာ တိုက်ပွဲတွေဖြစ်လာတယ်ဆိုလို့ရှိရင် ရခိုင်ပြည်က ကိုယ်ရဲ့ လုပ်ပိုင်ခွင့်တွေ ရမယ်ဆိုပြီးမှ သာမာန်လူတွေ အနေနဲ့ဆိုလို့ရှိရင် စစ်ကိုသဘောကျကြတဲ့ လက္ခဏာတွေက တော့တွေ့ရတယ်။ ဒါပေမယ့် စစ်ရဲ့အနိဋ္ဌာရုံနဲ့ စစ်ရဲ့ရိုက်ခတ်မှုတွေက ဘယ်လောက်အထိ အခက်အခဲရှိလဲ ဆိုတာကိုက သာမာန်ပြည်သူ တွေ မသိနိုင်ဘူး။
အခုဆိုရင် လက်တွေ့ခံစားလာရတဲ့သူဖြစ်တယ်။ စစ်ရှောင်တွေက ၅ ထောင်ကျော် အထက် ကို ရောက်လာပြီ။ တလအတွင်းမှာတောင် လူဒီလောက်များလာရင် စစ်တွေ ရှည်ကြာလာရင်တော့ ဒီထက် များလာနိုင်တယ်။ အဲ့ဒါအတွက် စိတ်ပူတယ်။ လူတွေက တဖြည်းဖြည်းချင်း အိုးမဲ့ အိမ်မဲ့တွေ ဖြစ်လာ ကြမယ်ဆို လို့ရှိရင် ကလေးတွေကလည်း ကျောင်းမတက်ရ၊ ဘာမတက်ရဖြစ်မယ်။ ကျန်းမာရေး ချို့တဲ့မှုတွေလည်း အများကြီးဖြစ်လာနိုင်တယ်။
နောက်ရခိုင်ပြည်နယ်က ချင်းပြည်နယ်ပြီးရင် ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်တယ်။ အခုဆို ရက်တိုတိုလေးမှာတောင်မှ ကျန်းမာရေး ကိစ္စ တွေရှိလာပြီ။ နောက်အခုက ဆောင်းရာသီဖြစ်တဲ့အတွက်ကြောင့် လူတွေက ပိုပြီးတော့ ဒုက္ခရောက်ကြရတယ်။ ဒါဟာ စစ်ရဲ့အနိဋ္ဌာရုံပဲ စစ်ကြောင့်ဖြစ်တယ်ဆိုတာမျိုးကို ပြည်သူတွေက သိလာပြီ။ နောက်ပိုင်းမှာဆိုရင် ရခိုင်ပြည် နယ်မှာ ဒီထက်ပိုပြီး စစ်တပ်အင်အားတွေ သုံးလာမယ် ဆိုရင် နှစ်ဖက်စလုံး ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာမယ် ဆိုရင် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာမယ်ဆိုရင် အခြေ အနေတွေက တနှစ်ထက် တနှစ် ပိုဆိုးလာမယ်။ နောက်ပြီး စီးပွားရေးကျဆင်းမှုတွေ အများကြီးဖြစ်လာနိုင်မယ်။
လွန်ခဲ့တဲ့နှစ်မှာဆိုရင်လည်း ARSA အဖွဲ့တွေကြောင့် ရခိုင်အပါအဝင် တခြားမျိုးနွယ်စုတွေ အများကြီး ဒုက္ခရောက်ခဲ့ကြတယ်။ ဒီလိုမျိုးတွေကလည်း ကြုံခဲ့ဖူးပြီဖြစ်တယ်။ ၂၀၁၂ ကဆိုရင် ဘာသာရေး အဓိကရုန်းနဲ့ ဆက်နွယ်တာကို ရခိုင်ပြည်က ခံခဲ့ရတယ်။ ဒါတွေကို အားလုံးကို ငြီးငွေ့လာပါပြီ။ စစ်ကိုလည်း မလိုလားတော့ ပါဘူး။ အဲ့ဒါကြောင့်အားလုံးက စစ်ပွဲတွေ ရပ်ဆိုင်းဖို့ကိုပဲ သက်ဆိုင်သူများအားလုံးကို မေတ္တာရပ်ခံချင်တယ်။
နှစ်ပေါင်း ၇၀ကျော်ကြာ မြန်မာတနိုင်ငံလုံးမှာ စစ်ပွဲတွေ ဖြစ်လာကြတယ်။ အဲ့လိုစစ်ပွဲတွေထဲမှာ ဘယ် သူမှ မနိုင်ခဲ့ဘူး။ လက်နက်အင်အားနဲ့ လူအင်အားကြီးပါတယ်ဆိုတဲ့ စစ်တပ်ကလည်း မနိုင်ခဲ့ဘူး။ တိုင်းရင်းသား တွေလည်း မနိုင်ခဲ့ဘူး။ မြန်မာနိုင်ငံရဲ့အရှေ့ အနောက်တောင်မြောက်နေရာမှာ သွေးချောင်းစီးတဲ့ တိုက်ပွဲကြီး တွေ အများကြီး ဖြစ်ခဲ့ဖူးတယ်။
စစ်ပွဲတွေ ဖြစ်လာပြီဆိုရင် နေရပ်စွန့်ခွာတဲ့သူတွေက များလာမယ်။ အဲ့ဒီအတွက်ဆိုရင် သတိရှိရှိနဲ့ အားလုံးပြင် ဆင် ကြဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြည်သူလူထုတွေအနေနဲ့ကလည်း စစ်ကို မလိုလား ဘူးဆိုတဲ့ ပြောသံ ဆိုသံတွေ ထွက်လာဖို့က အများကြီးအရေးကြီးတယ်။ ပါတီတွေရော၊ အရပ်ဘက်အဖွဲ့ အစည်းတွေကပါ စတိတ် မန့်တွေ ထုတ်တာဖြစ်ဖြစ်ပေါ့။ မြန်မာတနိုင်ငံလုံးကနေ စစ်ရပ်ဆိုင်းဖို့ ကိစ္စတွေကိုတော့ အားလုံးတပြည် လုံးက ဝိုင်းဝန်းပြောခြင်းဖြင့် အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ထင်တယ်။
ဆလိုင်းအိုက်ဇက်ခင် စည်ပင်ဝန်ကြီးဟောင်း
ချင်းပြည်နယ်အစိုးရအဖွဲ့
အဓိကကတော့ ယခုဖြစ်တဲ့နေရာတွေက ရခိုင်ပြည်ပြောပေမယ့် မြို၊ ခမီးမျိုးနွယ်စုတွေ နေတဲ့ဒေသက ပိုများ တယ်။ လူနည်းစုတွေဖြစ်တာကြောင့် ပိုပြီးထိခိုက်လွယ်တယ်။ ရခိုင်လို့ ပြောပေမယ့် တကယ် အဲ့ဒီရခိုင် ပြည်ထဲမှာက ထိခိုက်လွယ်တဲ့ အုပ်စုဖြစ်တဲ့ မြို၊ ခမီအဲ့ဒီမျိုးနွယ်စုတွေရှိတဲ့ နယ်မြေတွေမှာဖြစ်တော့ ပိုပြီးထိခိုက်တာများတယ်။
အထူးသဖြင့် မြိုတွေ၊ ခမီတွေအဓိကနေတဲ့ တောင်ယာစပါးတွေရှိတဲ့ အချိန်လို့ ပြောတယ်။ ဘာဖြစ်နိုင်လဲဆိုတော့ ကျေးရွာမှာ ရှိနေတဲ့ မြို၊ ခမီ တိုင်းရင်းသားတွေက ထွက်ပြေးရတယ်။ အဲ့တော့ သူတို့က နောက်တပ်တိုက်ပွဲရှောင်ချင်တဲ့နေရာ သွားရတော့ အဓိကကတော့ သူတို့စီးပွားရေး ထိခိုက်တယ်။ ပြန်လည်ထူထောင်ဖို့ရာ ခက်လာတယ်။
နောက်အကြောက်တရားတွေများတယ်။ နောက် ဒီလူတွေက ရခိုင်လူမျိုးတွေ မဟုတ်တဲ့အခါကျတော့ သူတို့စိတ်ထဲမှာ နိုင်ငံရေးအရ အကြောက်တရားတွေ ရှိတယ်။ အဲ့ဒါကြောင့်မို့ ရခိုင်မှာ တိုက်ပွဲဆက်ဖြစ်နေတဲ့ဟာက အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ပိုပြီး ထိခိုက်လွယ်တဲ့အုပ်စုတွေကို ပိုပြီးတော့ ရေရှည်မှာနစ်နာစေတဲ့အနေအထားရှိတယ်။
တိုက်ပွဲကတော့ ပြောရခက်တယ်။ AA ကလည်း သူ့နယ်ထဲမှာ သူ ဝင်ရောက်တယ်လို့ပြောတယ်။ တပ်ကလည်း လုံခြုံရေးလို့ ပြောတယ်။ သူ့အမြင်ကိုယ့်အမြင်တော့ ရှိတယ်။ သို့သော်လည်းပဲ ကျနော်အနေနဲ့ကတော့ ဘာကြောင့် ဘယ်လိုကြောင့် ဆိုတဲ့ဟာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာက ထိခိုက်ခံစားရတဲ့ ဒေသခံတွေ အသိဆုံးပဲ။
ဘယ်သူ့ကြောင့်တိုက်ပွဲတွေ ဖြစ်လာရတယ်ဆိုတာ အသိဆုံးပဲ။ အကောင်းဆုံးတော့ တိုက်ပွဲတွေ မဖော်ပြရင်အကောင်းဆုံးပဲ။ အခုက ကျနော်တို့က စိတ်ပူတာက အခုဖြစ်တဲ့နေရာတွေ အားလုံးက ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာဖြစ်တော့ ချင်းဒေသခံတွေက ထွက်ပြေးရတယ်။ အခုရခိုင်မှာလည်း မြို၊ ခမီတွေက ထွက်ပြေးရတယ်။ ကျနော်တို့ ရိုးရိုးတန်းတန်း နားလည်သလိုမဖြစ်နေဘူး။ ဖြစ်တဲ့သူက ၂ယောက်၊ ပြေးရတဲ့သူက ၁ယောက် အဲ့လိုမျိုးဖြစ်နေတယ်။
အဲ့ဒါကြောင့်မို့ အကောင်းဆုံးက နှစ်ဦးနှစ်ဖက် ဆွေးနွေး ညှိနှိုင်းပြီးတော့ တိုက်ပွဲတွေအစားနိုင်ငံရေးအရ အဖြေရှာတဲ့ နည်းက အကောင်းဆုံးလိုပဲ ပြောချင်တယ်။ သို့သော်လည်း အခုတပ်ဘက်ကရော၊ အစိုးရဘက်ကရော ဘူးသီးတောင်ရဲကင်းတွေကို AAဘက်က ဝင်တိုက်တဲ့ကိစ္စတွေက အခုဆွဲတဲ့ကိစ္စက ဥပဒေကြောင်းနဲ့စွဲတာဆိုတော့ ဒါနိုင်ငံရေးနဲ့ ဖြေရှင်းဖို့က တော်တော်ခက်မယ်ထင်တယ်။
ဒေါ်အေးနုစိန် ဒု-ဥက္ကဋ္ဌ
ရခိုင်အမျိုးသားပါတီ
တိုက်ပွဲတွေ စစ်တွေဆိုတာတော့ ဘယ်တော့မှ ကောင်းကျိုးမပေးတဲ့အနေအထားဆိုတာ လူသားတွေ အားလုံး သိပါတယ်။ စစ်ဖြစ်ကြပြီဆိုရင် ပြည်သူတွေဟာ မြေဇာပင်အဖြစ် ပထမဆုံး ထိခိုက်ခံရတဲ့လူသားတွေ ပါပဲ။ စစ်ကို မုန်းပြီးတော့ တိုက်တယ်။ အဲ့လိုပြောကြရင်း တိုက်ပွဲတွေ မရပ်နိုင်တဲ့အခြေအနေမှာတော့ ပြည်သူ တွေက မြေဇာပင်တွေလို ဒုက္ခတွေ အများကြီးကြားမှာ ခံစားနေရမှာဖြစ်တယ်။
နိုင်ငံရေးတွေမှာ လက်နက်ကိုင်တော်လှန်ရေးဆိုတာ တွေ့ဆုံဆွေးနွေးအဖြေရှာ စေ့စပ်ညှိနှိုင်းမရတာ က ဖြစ်ကြ တယ်လို့ အမြဲတမ်း သတ်မှတ်ထားကြတယ်။ အဲဒီတော့ လက်နက်ကိုင်တော်လှန်ရေးတွေနဲ့ အမှန် တကယ် ငြိမ်းချမ်းရေးကို ယူမယ်ဆိုရင် အပစ်ရပ်ဖြေရှင်းတဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့စိတ်တွေ နဲ့ပဲ တွေ့ဆုံဆွေးနွေးဖြေရှင်းတာ အဓိက အရေးကြီးတယ်လို့ ကျမတို့က ခံယူပါတယ်။ အဲ့တော့ တွေ့ဆုံဆွေး နွေး စေ့စပ်ညှိနှိုင်းဖြေရှင်းကြဖို့ကိုပဲ လိုလားပါတယ်။ ဒါက အမှန်တကယ် ငြိမ်းချမ်းရေးလိုလားတဲ့သူပေါ့။
တယောက်နဲ့ တယောက်နဲ့ အပြတ်ဖျက်မယ်။ အပြုတ်တိုက်မယ်ဆိုတာကတော့ ကျမတု့ိ ကြုံတွေ့နေရ တဲ့ နိုင်ငံရေး သမိုင်းကြောင်း မှာတော့ မတွေ့ဖူးသေးပါဘူး။ အတိတ်ကာလက သမိုင်းကြောင်းမှာတော့ တဗိုလ် တက် တဗိုလ်ဆင်းနဲ့ တိုက်ကြတယ်။ ခိုက်ကြတယ်။သိမ်းပိုက်ပြီးတော့ရသွားတယ်။ ပြန်ပြီးတော့ ဆုံးရှူံးသွား တယ်ဆိုတဲ့ အင်ပါယာ ထူထောင် တာတွေက သမိုင်းတွေမှာ ရှိခဲ့ကြတယ်။
ဒါပေမယ့် တကယ်တမ်းဖြစ်တဲ့ ကာလမှာ စစ်အေးကာလလို့ပဲပြောပြော၊ ငြိမ်းချမ်းရေးကိုအဖြေရှာတယ် လို့ပဲ ပြောပြော ညှိနှိုင်းတယ်လို့ ပြောပြော ဒီလိုတယောက်နဲ့ တယောက်နဲ့ အကြိတ်အနယ် တိုက်ကြပြီး အနိုင်ရတယ်။ အောင်ပွဲရတယ်ဆိုတော့ မရှိသလောက် ဖြစ်သွားတဲ့အနေအထားမှာ ကျမတိုကတော့ ဒီနိုင်ငံ၊ ဒီဒေသ၊ ဒီလူမျိုးအခြေခံ ဘာပဲဖြစ်ဖြစ် ညှိနှိုင်း အဖြေရှာကြတဲ့ အနေအထားကိုပဲ ကျမတို့ လိုချင်ပါတယ်။
အစိုးရအပါအဝင် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံးဟာ တယောက်နဲ့ တယောက် မတရား စွတ်စွဲတာမျိုးတွေ ၊ ခြိမ်းခြောက်တာမျိုးတွေ မလုပ်ပဲနဲ့ တကယ်တမ်း ၂၁ ရာစုငြိမ်းချမ်းရေးညီလာခံ ဆိုတဲ့ လမ်းသစ်တခုကို ဖွင့်တဲ့အချိန်မှာ ပိုပြီးတော့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ လမ်းစဉ်ကို ရောက်သင့်တယ်။ အဲ့ဒါက ကျမတို့ရဲ့အဖြစ်ချင်ဆုံးသဘောပါ။ ပါးကိုက်လို့ နားကိုက်တယ်ဆိုတာ တကယ့်ကို ဂုဏ်သိက္ခာရှိတဲ့ မြင့်မြတ်တဲ့ လူသားတွေရဲ့အလေ့အကျင့်မဟုတ်ပါဘူး။ ကျမတို့က လူမျိုးရေး ပဋိပက္ခဖော်ဆောင်တာတွေ မကြိုက်ဘူး။ အဲ့ဒါကြောင့် သဘောထားကွဲလွဲမှုမရှိတဲ့ အပြုသဘောဆောင်ပြီး ဝိုင်းဝန်း အဖြေရှာကြဖို့ဆိုတာ ဒါမျိုးတွေကို ကျမတို့က လိုလားပါတယ်။
ဒေါ်မေစံပယ်ဖြူ ဒါရိုက်တာ
ကျား၊ မတန်းတူညီမျှရေးကွန်ရက်
အဓိကကတော့ တိုက်ပွဲတွေဖြစ်လာရင် အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးက အာမခံချက်ရှိမှာ မဟုတ်တော့ဘူး။ မလုံမခြုံဖြစ်မယ်။ ပြီးရင် တိုက်ပွဲဖြစ်တဲ့နေရာ အနီးတဝိုက်က လူတွေက ရွှေ့ပြောင်းရမယ်။ ရခိုင်မှာက ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ လူဦးရေက ရခိုင်မှာ နဂိုကတည်းက များပြီးသား။ အဲ့ဒီအတွက် ထပ်ပြီးတော့ ပြည်တွင်း နေရပ်စွန့်ခွာရတဲ့ လူတွေ ပိုပြီးတာ့များလာမယ်။ အဓိကကတော့ မြန်မာနိုင်ငံက ဖွံ့ဖြိုး တိုးတက်မှုနောက်အကျဆုံး ပြည်နယ်တွေထဲမှာ ရခိုင်ပြည်နယ် ပါတယ်။ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း အားဖြင့်ရော ဖွံ့ဖြိုးတိုးတက်မှုအားဖြင့်ရော နောက်ကျနေတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ အခုလို လက်နက်ကိုင်စစ်ပွဲတွေ ပိုပြီး တော့ အရှိန်အဟုန်မြင့်လာမယ်ဆိုရင် အရပ်သားပြည်သူတွေအပေါ်မှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အများကြီး ရှိမယ်။
ကျမတို့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ အမြဲတမ်းပဲ ပြောနေကြတယ်။ ဘယ်လိုအကြောင်း ကြောင့် ဘယ်သူနဲ့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အဓိကထိခိုက်နစ်နာရတာ ဒုက္ခရောက်ကြရတာ အမျိုးသမီးတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေ အဘိုးအဘွားတွေက ပိုပြီးတော့ထိခိုက်နစ်နာမှုခံစားရတယ်။
အဲလိုပြောလို့ အသက် အရွယ် ကောင်းတွေက မထိခိုက်၊ မနစ်နာဘူးလားဆိုတော့ ထိခိုက်နစ်နာတာပေါ့။ စစ်ဖြစ်ပြီဆိုရင် နှစ်ဘက် စလုံးမှာ ထိခိုက်ကြတာပဲ။ ဘယ်အကြောင်းကိစ္စမဆို လက်နက်ကိုင်ပြီးဖြေရှင်းတာကိုတော့ ကျမတို့က အားမပေးဘူး။ အဲ့တော့အတတ်နိုင်ဆုံး နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာတာကိုပဲ ကျမတို့က ပိုပြီး အားပေးပါတယ်။
နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမှလည်း ပဋိပက္ခတွေက ချုပ်ငြိမ်းနိုင်မယ်လို့လည်း ယုံကြည် တယ်။ လက်နက်ကိုင်ပြီးတော့ တယောက်နဲ့ တယောက် အငြင်းပွားပြီးတော့ တိုက်ခိုက်နေမယ်ဆိုရင် အဲ့ဒါက ဘယ်သူ့အတွက်မှ ကောင်းတဲ့ရလာဒ် မဖြစ်လာနိုင်ဘူး။ ကျမတို့က ငြိမ်းချမ်းရေးကိုလိုလားတယ်။ လက်နက်နဲ့ အဖြေရှာတာကို မလိုလားပါဘူး။ အဲ့တော့နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဖို့ကိုပဲ ကျမတို့က တိုက်တွန်းချင်တယ်။
ဦးစိုင်းညွန့်လွင် အထွေထွေအတွင်းရေးမှူး
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
စစ်ပွဲတွေကတော့ အားလုံးအတွက်ဆိုးကျိုးဖြစ်တာပဲ။ စစ်သားတွေအတွက်လည်းဖြစ်တယ်။ လူထု အတွက် လည်း ဖြစ်တယ်။ လက်နက်မရှိတဲ့သူက ပိုပြီး ဆိုးကျိုး ခံစားရတယ်။ အဓိကကတော့ ဒေသခံတွေက ပိုပြီး ဆိုးကျိုးခံစားရမယ်။ စစ်ပွဲမဖြစ်ရင်ကောင်းမယ်။ အခုက စိုးရိမ်စရာကောင်းတာက တပ်မတော်ဘက်က လည်း တပ်တွေထပ်ဖြည့်လာတယ်။ ထပ်ပြီးတော့ အပြတ်ချေမှုန်းမယ်ဆိုတဲ့ သဘောမျိုး ပေါ့။ တိုက်ပွဲတွေက တော့ ဆက်ဖြစ်မယ့် သဘောတော့ ရှိတယ်။
AAကို ဒီဘက်ပိုင်း မရောက်အောင် ဘယ်လောက် တားဆီးနိုင် မယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ AA ကို တားဆီးနိုင်မယ်ဆိုရင်တော့ လူထုအများကြီးသက်သာမယ်။ နောက် စိတ်ပူစရာကောင်းတာက ဒါက ကျနော့်ထင်မြင် ယူဆချက်ပါ။ မှန်ချင်လည်းမှန်မယ်။ မှားချင်လည်း မှားမယ်။ ရခိုင်လူထုက AA ကို တော်တော်လေး ထောက်ခံတဲ့ အနေအထားရှိတာ တွေ့ရတယ်။ အဲဒီကျနော့် အထင် မှန်ခဲ့လို့ရှိရင်တော့ နည်းနည်းတော့စိတ်ပူစရာကောင်းတယ်။
ဒါပေမယ့် အကောင်းဆုံးဖြစ်နိုင်တာကတော့ တပ်မတော်ဘက်ကနေ ၄ လဆိုတာ အခုဆိုရင် တလတောင်မရှိ သေးတဲ့ကာလမှာ မြောက်ပိုင်းမှာ ဆွေးနွေးနေတာ အောင်မြင်ရင်တော့ ကောင်းမယ်။ ဒါက သေချာမသိဘူး။ ဖြစ်နိုင်ခြေကို ပြောတာပါ။ အကောင်းဆုံး ကတော့ နှစ်ဘက်စကားပြောဖို့လိုပြီ။ ဒါကို သူတို့ဆုံးဖြတ်ထားတဲ့ နေရာမှာပြောပေါ့။