AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း - ၂)

နန်းလွင်နှင်းပွင့်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / နန်းလွင်နှင်းပွင့် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဇန်နဝါရီလ ၄ ရက်နေ့ တိုက်ခိုက်မှု အပြီးတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်ဘက်မှ တပ်အင်အား တိုးချဲ့ပြီး ရက္ခိုင့် တပ်မတော် (AA) ကို ချေမှုန်းရန်လည်း နိုင်ငံတော်သမ္မတရုံးမှ သဘောတူထားသည်။

နိုင်ငံတော်သမ္မတရုံး၏ ဇန်နဝါရီလ ၇ ရက် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက AA ကို ARSA အကြမ်းဖက် အဖွဲ့နှင့် ပူးပေါင်းကာ တိုက်ခိုက်နေပြီး မူးယစ်ဆေးဝါးမှ အကျိုးစီးပွားရှာနေသည်ဟု စွပ်စွဲပြောဆို သွားသည်။

ရခိုင်ပြည်နယ်တွင်း စစ်ရေးအခြေအနေများ၊ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲချက်များ၊ လတ်တလော AA ၏ရပ်တည်ချက်များနှင့် ပတ်သတ်၍ AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ရခိုင်ပြည်နယ်တွင်း စာပို့ခြိမ်းခြောက်တာမျိုး တချို့ လုပ်ကြံမှုမျိုးတွေကို ဘာလို့ AA က လုပ်နေတာလဲ။

ဖြေ ။ ။ ကျနော်တို့ ကျည်ဆံနဲ့ စာပို့တာက ခြိမ်းခြောက်တာ မဟုတ်ဘူး။ အဲ့တာ တကယ်ပြောတာ။ ကျနော်တို့ ပြောတဲ့ အတိုင်းမလုပ်ရင် တကယ်လုပ်မှာ။ ခြိမ်းခြောက်တယ်ဆိုတာက ကြောက်အောင် ခြောက်တာ။ ဒါက လုပ်သင့်လို့ လုပ်ရတာပါ။ ရှောင်လွဲလို့ မရပါဘူး။ စစ်ရေး သဘောသဘာဝအရ တချို့ကိစ္စတွေက ရှိတတ်ပါတယ်။ ကျနော်တို့ လုပ်တဲ့ အလုပ်တိုင်းကိုလည်း ပျော်လွန်းအားကြီးလို့ မဟုတ်ဘူး။ မလွဲသာတဲ့ အခြေအနေမှာ လုပ်ရပါတယ်။ အမျိုးသားရေး လွတ်မြောက်မှု လှုပ်ရှားရေး တခုမှာ ကျွန်စိတ်ပေါက်နေတဲ့ သူတွေ သစ္စာဖောက်နေတဲ့ သူတွေလည်း ရှိတာပဲ။ သတိပေးလို့ ရရင်တော့ သူ့အတွက် ကောင်းတာပေါ့။ သတိပေးလို့ မရရင်တော့ ကျနော်တို့ လုပ်စရာ ရှိတာ လုပ်ရတာပေါ့။

မေး ။ ။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ AA က စခန်း နှစ်ခု ရှိတယ်ဆိုတာရယ် ARSA နဲ့ အစည်းအဝေး တွေ လုပ်တယ်ဆိုတာ အစိုးရက စွပ်စွဲထားတဲ့ အချက်နဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ ။ ။ ကျနော်တို့ ဘင်္ဂလားထဲမှာ စခန်းမရှိဘူး။ ကျနော်တို့ တခါတလေ နယ်စပ်မှာ ရိက္ခာဖန်တီး တာတို့ ဘာတို့ ရှိတာပေါ့ဗျာ။ ဒါက ညာဖို့ မလိုပါဘူး။ ဘယ်နိုင်ငံအစိုးရမှ သူ့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေမှာ သူများရဲ့ သူပုန်တပ်ကို လက်ခံထားမှာ မဟုတ်ဘူးလေ။ ဒါကတော့ တခုမဟုတ် တခုရိုးချတဲ့ သဘောပါ။

မေး ။ ။ ၉ နှစ်တာကာလအတွင်း လက်နက်နဲ့ လူအင်အားတောင့်တင်းလာတဲ့ အပေါ် တပ်ရဲ့ အသုံးစရိတ်တွေ ဘယ်က ရလဲ။ မူးယစ်ဆေးနဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေတယ်။ တပ်အသုံးစရိတ်တွေနဲ့ ပတ်သတ်ပြီး ရှင်းပြပေးပါ။

ဖြေ ။ ။ အဲ့လိုမျိုး စွပ်စွဲချက်တွေက များတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ရံပုံငွေ ရှာတော့ အမျိုးမျိုး ရှာကြတာပဲလေ။ ကျနော်တို့လည်း တခါတလေ ငွေမရှိရင် ဘယ်ဘဏ်ကို သွားဖောက်မလဲ ဆိုတဲ့ စဉ်းစားချက်တွေတော့ ရှိကြပါတယ်။ သူပုန်ပဲလေ။ ကျနော်တို့ထဲမှာလည်း တပ်ဖွဲ့ဝင်က အများကြီး ရှိတယ် ဆိုတော့ တခါတလေပုဂ္ဂိုလ်ရေး လုပ်တာလည်း ရှိမယ်။ သဘောကဗျာ ဒီရက်ပိုင်းမှာပဲ မူးယစ်ဆေး ဖမ်းတဲ့ သတင်းတွေကို ကြည့်လိုက်ရင် မြန်မာ့တပ်မတော်ရဲ့ ဗိုလ်မှူးတွေ အရာရှိတွေ ဗျူဟာမှူးအဆင့်တွေ အများကြီး ရှိတယ်။

အဲ့တာကို ကျနော်တို့က မြန်မာ့တပ်မတော်က လုပ်တယ်လို့ ပြောရင် ရမလား။ ပြီးရင် ရခိုင်ပြည်ထဲက အမှုမှာ NLD ပါတီဝင်တွေလည်း ပါဝင်ပတ်သတ်ပါတယ်။ ဒါလည်း ပါတီက လုပ်တယ်လို့ပြောရင် ရမလားပေါ့လေ။ သူများတွေ စိတ်ဝင်စားလို့ မေးကြတယ်။ လက်နက်တွေ ဘယ်ကရလဲ၊ ငွေတွေ ဘယ်ကရလဲ။ ငွေနဲ့ လက်နက် မကောင်းရင် တော်လှန်ရေးလုပ်ငန်းက မရပ်တည်နိုင်ဘူး။

ပြီးရင် ဘယ်ကရတယ်ဆိုတဲ့ အရင်းအမြစ် ကတော့ ကျနော်တို့ ဒီအချိန်မှာ လျှို့ဝှက်ထားရမယ်။ သူများ ရှာလို့တွေ့ရင်လည်း ဖော်ထုတ်ကြပေါ့ဗျာ။ ကျနော်တို့ကတော့ လျှို့ဝှက်ထားရမယ်။ ဒါက သေရေးရှင်ရေးလည်း ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မပြောနိုင်သေးဘူး။ တော်လှန်ရေး အောင်မြင်ရင်တော့ ကြေငြာမယ်။ အဲ့တာကို သမိုင်းရေးမယ်။

အရင်က ဝက်သား တနပ်စားရဖို့ ၃ လလောက် ကြာတာလည်း ရှိတယ်။ ဒီလို ဖြတ်သန်းခဲ့ရတာပဲ။ ကိုယ့်ရဲ့ယုံကြည်မှု နဲ့ ကျနော်တို့ ရခိုင်လူမျိုးဟာ ဒီလိုမျိုး တပ်တွေ မရှိလို့ နိုင်ငံရေးအရ ဘယ်လောက်ထိ အရှက်ခွဲခံရသလဲ။ ဘယ်လောက်ထိ ပစ်ပယ်ခံရသလဲ။ နာကြည်းမှုတွေက ခွန်အား ဖြစ်စေပါတယ်။

အခက်အခဲ တွေကို ဖြတ်သန်းဖို့အတွက် ကျနော်တို့ကို အားမာန်တွေ အများကြီး ဖြည့်ပေးခဲ့တယ်။ လူထုရဲ့ ထောက်ခံမှုနဲ့ ဒီခရီးကို ဆက်လာတာ ဖြစ်ပါတယ်။ သူများတွေကတော့ အင်အားတောင့်တင်းတယ်လို့ ပြောတယ်။ ကျနော်တို့လိုချင်တဲ့ အနေအထားကို ရောက်ဖို့က ဆက်ကြိုးစားရဦးမယ်။ အခက်အခဲတွေကလည်း အများကြီး ရှိတယ်။

အခုဆိုလည်း ထိုးစစ်ဆင်ဖို့ တော်တော်များများ တဖွဲဖွဲရောက်လာပြီဆိုတော့ အကျပ်အတည်းကာလတွေကို ဖြတ်သန်းရဦးမယ်။ ၂၀၁၉ ၊ ၂၀၂၀ ကြားကာလကိုတော့ ကျနော်တို့ ပြည်သူတွေကိုလည်း သတင်းစကား ပေးထားပါတယ်။ Through the Strom ပေါ့။ ကျနော်တို့ မုန်တိုင်းတွေကို ဖြတ်သန်းရမယ်။ မုန်တိုင်းတွေကို ဖြတ်သန်းပြီးမှ တောက်ပတဲ့ နေရောင်ခြည်နဲ့ လေပြည်လေညှင်းတွေကို ခံစားရမယ်။ ရခိုင်ပြည်သူလူထုတွေ မုန်တိုင်း ဖြတ်သန်းတဲ့ အချိန်မှာ စိတ်ဓါတ်ခွန်အားရှိဖို့ အရာရာကို ရင်ဆိုင်ဖို့တော့ ပြောထားပါတယ်။

မေး ။ ။ တပ်မတော်နဲ့ အစိုးရအဖွဲ့ဝင်အချို့က AA ရဲ့လက်နက်တွေ ဝယ်တဲ့ ပင်မစီးပွားရေးက မူးယစ်ဆေးပဲ လို့ ပြောနေတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ ဒါက စွပ်စွဲချက်တွေပဲ ဖြစ်တယ်။ ကျနော်တိ့ု ရန်သူက ကျနော်တို့ မကောင်းတာတွေ ထောင်ချောက် မိမယ့်ဟာတွေကို ပြောမှာပဲ ။ ပြောတဲ့လူကရော ယုံကြည်ထိုက်ပါသလား ။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပြဿနာက နိုင်ငံရဲ့ အကျပ်အတည်း စီးပွားရေး အခက်အခဲတွေကြောင့် ဘယ်အဖွဲ့အစည်းရဲ့ လက်တံတွေမဆို မကင်းရာ မကင်းကြောင်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဘဏ္ဍာရေး အရင်းအမြစ်နဲ့ ပတ်သတ်လို့ ကျနော်တို့ လျှို့ဝှက် ထားဖို့ စဉ်းစားထားပါတယ်။ ဥပမာ တခြားနိုင်ငံကလည်း ပေးချင်ပေးမှာပေါ့။ တခြားမိတ်ဆွေလည်း ပေးချင်ပေးမှာပေါ့။ တခုခုကတော့ ရရမှာပဲ။ မရရင် ဘယ်လို ရပ်တည်မလဲ။ ဒါက လျှို့ဝှက်ထားဖို့ပဲ လောလောဆယ် ပြောချင်ပါတယ်။

မေး ။ ။ AA ဘက်က ပြောနေတဲ့ 2020 Arakan Dream ဆိုတာကို ရှင်းပြပေးပါလား။

ဖြေ ။ ။ ရခိုင်လူမျိုးတွေ တယောက်ချင်းစီရဲ့စိတ်ထဲမှာ ကျနော်တို့ရဲ့ သမိုင်းကို တကယ်ဂုဏ်ယူကြတယ်။ ကျနော်တို့က တချိန်ချိန်မှာ သူများရဲ့ ကျွန်ပြုမှုအောက်မှာ ကိုယ့်ကံကြမ္မာကို သူများ ဆုံးဖြတ်ခံရတဲ့ ဘဝက လွတ်မြောက်ဖို့ ကျနော်တို့ ယုံကြည်ကြတယ်။ အဲ့ယုံကြည်ချက်က ရခိုင်ရဲ့ အိပ်မက်၊ ရခိုင်လူမျိုးတွေရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ရမယ်ပေါ့။

ဒါကို ကျနော်တို့က သမိုင်းပေးတာဝန်တရပ်အနေနဲ့ ထမ်းဆောင်နေတာ ဖြစ်တယ်။ တောက်လျှောက်ပဲ ကျနော်တို့က တချိန်တုန်းက မတော်လှန်နိုင်ဘူး။ အဲ့အချိန်တွေတုန်းက ခေါင်းငုံ့ခံနေတုန်းကလည်း အဲ့ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေ ရှိကြတယ်။ ကျနော်တို့က လက်တွေ့ အဖြစ်ဖန်တီးဖို့ ကြိုးစားတယ်။ ကျနော်တို့ရဲ့ ကံတရားကို လူမျိုးခြားတွေ ဆုံးဖြတ်နေတာကို မခံရဖို့ပေါ့။ ကျနော်တို့က ပြန့်ကျဲပြီး အိပ်မက် မက်နေတာ မဟုတ်ဘူး။ စုစည်းပြီး လက်တွေ့ အကောင်အထည်ဖော်တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တာ ဖြစ်တယ်။

၂၀၂၀ ခုနှစ်လောက်မှာ ဆိုရင်တော့ ကျနော်တို့ ရက္ခိုင့်တပ်မတော်လည်း ၁၀ နှစ်လောက် တည်ဆောက်လာပြီ။ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေကိုလည်း လူထုဆီမှာ တော်တော်လေး ဖြန့်ကျက်ထားပြီ။ အလွှာအသီးသီးမှာ ရှိတဲ့ နေရာအသီးသီးကို ရောက်သွားကြတဲ့ ရခိုင်လူမျိုးတွေကို စုစုစည်းစည်းနဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်တည်ဆောက်ဖို့ ပြီးရင် ပြိုပျက်နေတဲ့ ရခိုင့်လူ့အဖွဲ့အစည်းကို စနစ်တကျနဲ့ တာဝန်ယူကြဖို့ ကျနော်တို့က တပ်လှန့်နှိုးဆော်သံတွေ ပေးထားခြင်း ဖြစ်တယ်။

၂၀၂၀ ဆိုတဲ့ ကာလကလည်း မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ဘာပဲ ဖြစ်ဖြစ် အဲ့ကာလတခုမှာ ကျနော်တို့ ရခိုင်လူမျိုးတွေက စုစုစည်းစည်းနဲ့ ရပ်တည်ပြီး ဘယ်ပြဿနာမဆို ညီညီညွတ်ညွတ်ဖြေရှင်းဖို့ ကျနော်တို့ ကိုယ်စီကိုယ်စီမှာ ရှိကြတဲ့ ရခိုင်တွေ ရဲ့ အိပ်မက်ကို ရဲရဲဝင့်ဝင့်နဲ့ တာဝန်ယူကြဖို့ ပေါ့ဗျာ။ အဲ့တာတွေကို တပ်လှန့်နှိုးဆော်သံပေးထားတာ ဖြစ်တယ်။

၂၀၂၀ မှာ မြန်မာနိုင်ငံက ခွဲထွက်သွားဖို့ကတော့ မဟုတ်ပါဘူး။ ဘာနဲ့ တိုက်ဆိုင်လဲ ဆိုတော့ ဒီဇင်ဘာ ၊ ဇန်နဝါရီဆိုရင် ရက္ခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးတာကို အောက်မေ့ဖွယ် အခမ်းအနားလုပ်ကြတယ်။ အဲ့အခမ်းအနားက ကျနော်တို့ သမိုင်းရဲ့ မှတ်တိုင်ပဲ လုပ်ပိုင်ခွင့် ရှိတယ်။ အခမ်းအနား လုပ်တာကို ကြည့်ပြီး ကျနော်တို့ ရခိုင်တွေက လွတ်လပ်ရေး ကြေငြာနေတာမ ဟုတ်ပါဘူး။ သူတို့က မျက်စိမှားနေတာ။ တပြိုင်တည်းမှာ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်။ အခမ်းအနားတွေကလည်း တိုက်ဆိုင်နေတော့ ဗမာနိုင်ငံရေးသမားတွေက ဒီ၂ခုကို ရောထွေးသွားတာလို့ ကျနော်တို့ နားလည်ပါတယ်။

ကျနော်တို့ ဒီကနေ ခွဲထွက်တယ် မခွဲထွက်တယ်ဆိုတာကတော့ ကျနော်တို့ တခါမှ မပြောဖူးပါဘူး။

မေး ။ ။ FPNCC ထဲမှာ အဖွဲ့တွေက လူမျိုးတွေလည်း မတူကြတော့ ဦးတည်ချက်တွေက မတူညီကြဘူး။ FPNCC က ရှေ့ဆက် အလုပ် ဖြစ်နိုင်မလား။ သီးခြား တဖွဲ့ချင်း သွားမယ့် အနေအထားရှိလား။

ဖြေ ။ ။ FPNCCမှာတော့ အခြေအနေ နည်းနည်းပါးပါး မတူညီမှုတွေ ရှိတယ်။ အတွေးအခေါ် ကွာဟချက်တွေ ကတော့ အနည်းနဲ့ အများရှိကြပါတယ်။ အစိုးရတဖွဲ့ဆိုရင်တောင် မတူညီတဲ့ အတွေးအခေါ်တွေ ရှိကြတယ်လေ။ မတူပေမယ့်လည်း ဘုံအကျိုးတွေ တူညီတဲ့ဟာတွေကို ရှာဖွေပြီး ခရီးဆက်ကြရတာပေါ့။ ကျနော်တို့ FPNCC အနေနဲ့ကတော့ အခုအစိုးရပြောနေတဲ့ NCA ဆိုတာ လက်ရှိ အခြေအနေမှာ Bilateral ကိစ္စကို အဓိက စိတ်ဝင်စား တယ်။ ဘာဖြစ်လို့ဆိုတော့ FPNCC အဖွဲ့ဝင်တချို့က Bilateral ထိုးပြီးသား။ ပြည်ထောင်စုအဆင့် ထိုးပြီးသား။ အဲ့မှာ တိုက်ပွဲ ဖြစ်နေတဲ့ ၄ ဖွဲ့က Bilateral မထိုးထားဘူး။ ပြည်ထောင်စုအဆင့် ထိုးထားခြင်း မရှိဘူးဆိုတော့ တိုက်ပွဲတွေက အမြဲတမ်း ဖြစ်တယ်။ အဲ့တာကို အရင်ထိုးထားလိုက်ပြီးမှ နိုင်ငံရေးအရ ပြေပြေလည်လည် သွေးထွက်သံယို မရှိတဲ့ အချိန်မှာ ငြိမ်းချမ်းရေးက ပိုပြီး လက်တွေ့ဆန်မှာပေါ့။ အဲ့လို မျှော်လင့်ချက်တွေ ရှိတယ်။

FPNCC ဘက်မှာ အရင် NCA ရဲ့ လုပ်ပုံကိုင်ပုံတွေကို နည်းနည်း သဘောမတွေ့တာတွေ ရှိတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးကို ရောပြီး ရေးထားတာကို FPNCC ဘက်က သိပ်ပြီး သဘောမတွေ့ဘူး။ ပီပြင်တဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာရင် နိုင်ငံရေး အဖြေ ရှာရတာ ပိုလွယ်ကူတယ်။ ဒါ့ကြောင့် ပီပြင်ရှင်းလင်းတဲ့ သဘောထားတွေနဲ့ အကောင် အထည် ဖော်ချင်တာတွေ FPNCC မှာ အများကြီး ရှိပါတယ်။

မေး ။ ။ Bilateral အတွက် တပ်မတော်နဲ့ ဗိုလ်ချုပ်တို့ဘက် စာချုပ်တွေ ဆွေးနွေးပြင်ဆင်တာ ရှိပြီလား။

ဖြေ ။ ။ မရှိသေးပါဘူး။ ကျနော်တို့ ဆက်ပြီး ပြောရဦးမယ်။ ပြောရဦးမယ် ဆိုတာတောင် အခုလို အကျပ်အတည်းနဲ့ ခြိမ်းခြောက်မှုတွေ ကြားမှာဆိုရင်တော့ တော်တော်လေး စိတ်ရှည်အောင် ထားပြီး ကြိုးစားရမယ့် အနေအထားမျိုးပါ။

မေး ။ ။ တပ်မတော်အကြီးအကဲတွေ အစိုးရဘက်က အကြီးအကဲတွေနဲ့ရော ဗိုလ်ချုပ်တို့ဘက်နဲ့ ဖုန်းနဲ့ ဖြစ်ဖြစ် အီးမေးလ်နဲ့ ဖြစ်ဖြစ် ဆက်သွယ်တာမျိုးရော ရှိပါသလား။

ဖြေ ။ ။ မရှိပါဘူး။ ကျနော်တို့ မဟာမိတ် ညီနောင် ၃ဖွဲ့ ရှိမယ်။ KIA ပါမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်ပေါ့။ အဲ့ဒီ့မှာ KIO မှာတော့ PCG (ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့) ဆိုတာ ရှိတယ်။ ကျနော်တို့ ပလောင် ကိုးကန့် ရခိုင် ကတော့ ဒါမျိုး မရှိပါဘူး။ အခုလည်း ရခိုင်ဘက်မှာ စစ်ရေးတင်းမာနေတော့ ကျနော်တို့ ညီနောင်တွေထဲမှာတော့ ပြောဆိုဆွေးနွေး နေကြတာ အများကြီး ရှိပါတယ်။

မေး ။ ။ လာမယ့် လတွေ နှစ်တွေမှာ ရခိုင်လူထုက စစ်ဘေးဒဏ် ပိုကြုံရ နိုင်မလား။ ငြိမ်းချမ်းရေး အလားအလာရော ဘယ်လို ရှိနိုင်ပါသလဲ။

ဖြေ ။ ။ ကျနော့်ဘက်က ပြောဖို့ ခက်ပါတယ်။ အစိုးရဘက်က ထိုးစစ်တွေကို ဆက်လက် ဆင်နွဲမယ် ဆိုရင်တော့ စစ်မီးက လောင် မှာပါ။ သူတို့ရဲ့အပြောကို ကြည့်ရတာ ရခိုင်ပြည် ဖွတ်ဖွတ်ကျေသွားမယ်။ နောက် ၁၀ နှစ်မှာ ဘာဖြစ်သွားမယ်ပေါ့။ ဆီးရီးယားလို ဖြစ်မယ်လို့ ပြောတာလည်း ကျနော်တို့ ကြားမိပါတယ်။

ကျနော့် စိတ်ထဲမှာ ဘာတွေ ဖြစ်လဲ ဆိုတော့ ငါတို့ တိုင်းပြည်ကို ဖျက်ရင် သူတို့ တိုင်းပြည်ကိုလည်း ဖျက်ရမလား ဆိုတဲ့ အတွေးလည်း ရောက်မိပါတယ်။ သူတို့က ဘာလုပ်မယ်ဆိုတာပေါ် မူတည်ပြီး ငြိမ်းချမ်းရေးအရ ကမ်းလှမ်းလာရင် တော့ ကျနော်တို့ အနွေးထွေးဆုံး ကြိုဆိုမယ်။ တတ်တတ်ကြွကြွလုပ်ဆောင်မယ်။ စစ်ရေးအရ ကျနော်တို့ တိုင်းပြည်ကို တစစီဖြစ်အောင် လုပ်ရင် ကျနော်တို့လည်း ထပ်တူထပ်မျှ ကြိုဆိုရမှာပဲ။

မေး ။ ။ မဟာမိတ်တပ်ဖွဲ့တွေလိုမျိုး ထိန်းချုပ်နယ်မြေ၊ မြို့လိုနေရာတွေ လုပ်ဖို့ ရည်ရွယ်နေတာ ရှိလား။

ဖြေ ။ ။ ဆန္ဒအရပြောရရင် ရချင်တာပေါ့ဗျာ။ အဲ့တာလည်း အနေအထားတခုက ကျနော်တို့ကို ဖန်တီးပေးမှာပါ။ လိုတော့ လိုပါသေးတယ်။ အများကြီး ကြိုးစားရဦးမှာပါ။

မေး ။ ။ AA အနေနဲ့ ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရပိုင်ခွင့်တွေနဲ့ ပတ်သတ်တဲ့ နိုင်ငံရေး ရည်မှန်းချက် က ဖက်ဒရယ်လား။ ဒါမှမဟုတ် UWSA လို Confederate အခြေအနေမျိုး ရထားတာ မျိုးကို လိုချင်တာလား။

ဖြေ ။ ။ ကျနော်တို့ကတော့ များများ ရလေ ကြိုက်လေပဲ။ ဖက်ဒရယ်ယူတာထက် ဝလိုမျိုးဆို ပိုကောင်းတာပေါ့။ နိုင်ငံရေး အရ လိုချင်တာ ရှိမယ်။ ဖြစ်သင့်တာ ရှိမယ်။ အဲ့ကြားထဲမှာမှန်မှန်ကန်ကန် ရပ်တည်သွားမယ်။ ဒါက သူများဆီက သွားတောင်းတာ မဟုတ်ဘူး ကိုယ့်ဟာကိုယ် ယူတာပဲလေ။ ကျနော်တို့တော့ ကိုယ့်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာကို ကိုယ့်လက်ထဲမှာ ထားရတာ ပိုကြိုက်တယ်။

ကျနော်တို့ကတော့ အခြေခံဥပဒေနဲ့ အညီ “ဝ” လိုမျိုး အာဏာခွဲဝေမှုမြင့်မားတဲ့ အခြေအနေကို ပိုသဘောကျတယ်။ ကျနော်တို့ ရခိုင်ပြည်၊ ရခိုင်သမိုင်း၊ ရခိုင်လူမျိုး မျှော်လင့်ချက်နဲ့လည်း ပိုပြီး ဆီလျော်တယ် ထင်တယ်။ အာဏာခွဲဝေမှု နဲ့ ပြည်ထောင်စု ဆိုင်ရာ အခွင့်အရေးတွေ ခွဲဝေပြီးမှ ခံစားခွင့် ရှိမယ်ဆိုရင်တော့ ပြည်ထောင်စုရဲ့ စည်းလုံးညီညွတ်မှုနဲ့ လူမျိုးတိုင်း ပျော်ရွှင်တဲ့ အနေအထားမျိုးတော့ ဖြစ်မယ်လို့ ကျနော် ယုံကြည်တယ်။

မေး ။ ။ AA ရဲ့ နိုင်ငံရေးရည်မှန်းချက်က UWSA ကို စံထားတဲ့ သဘောလား။

ဖြေ ။ ။ ဟုတ်တယ်။ အဲ့လို ရရင်တော့ ပိုကောင်းတယ်။ ကျနော်တို့ လိုချင်တာပေါ့ဗျာ။

မေး ။ ။ 2020 Arakan Dream ဆိုတာကရော ဒါကို ရည်ညွှန်း ပါသလား။

ဖြေ ။ ။ ကျနော်တို့ တကယ်ပြောမယ်ဆိုရင် သူများရဲ့ ဆုံးဖြတ်မှုကို မလိုလားဘူး။ Confederate ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတယ်။ ဒါပေမယ့် အတူတကွ ဘုံကာကွယ်ရေးစနစ်တွေတော့ ရှိမှာပေါ့ ။ ဒီခေတ်မှာတော့ ဈေးကွက်စနစ်တွေ အစစအရာရာ နိုင်ငံခြားရေးတွေမှာ ပူးပေါင်းဆောင်ရွက်မယ်။ ကျန်တဲ့ ကိုယ့်ရဲ့ ကံတရားနဲ့ ကိုယ် စီမံပိုင်ခွင့်ဆိုတာကတော့ လူမျိုးတိုင်းရဲ့ ဆန္ဒမျှော်မှန်းချက်ပေါ့။ အဆင်ပြေအောင် ကျနော်တို့ ကြိုးစားလို့ ရပါတယ်။

မေး ။ ။ နယ်စပ်မှာ အခြေစိုက်နေရာတွေ အခိုင်အမာရဖို့ ကြိုးစားနေတဲ့ အချိန်မှာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ သဘောထား AAကို ဘာများ ပြောပါသလဲ။

ဖြေ ။ ။ သူတို့ဘက်ကတော့ ကျနော်တို့ အပေါ်မှာ ဘာမလုပ်ရ၊ ဘာမဖြစ်ရလို့ ပြောတာတော့ ဒီနေ့ထက်ထိ မကြား သေးပါဘူး။ သူတို့က တည်တည်ငြိမ်ငြိမ် နဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုလားတယ် ဆိုတာတော့ရှိပါတယ်။ ကျနော်တို့ရဲ့ ဆုံးဖြတ်ရမယ့် လူကတော့ ကျနော်တို့ပဲ ဖြစ်ပါလိမ့်မယ်။

မေး ။ ။ နယ်စပ်မှာ လှုပ်ရှားတာတွေနဲ့ ပတ်သတ်ပြီး အိန္ဒိယဘက်က သဘောထားရောဘယ်လိုရှိလဲ။ AA နဲ့ အိန္ဒိယ အာဏာပိုင် တွေကြားမှာ ဆက်ဆံမှု ကောင်း တည်ဆောက်ထားတာတွေ ရှိပြီလား။

ဖြေ ။ ။ ဆက်ဆံရေးကောင်းလို့တော့ ပြောလို့ မရသေးပါဘူး။ ကျနော်တို့က နားလည်မှု ရအောင် ကြိုးစားတာတော့ ရှိတာပေါ့။ ကျနော်တို့က သူတို့ရဲ့ စီမံကိန်းတွေ အပေါ်မှာ ကြိုဆိုတဲ့ သဘောထားတွေကို ဖွင့်ပြတာပေါ့။ ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ ရည်ရွယ်ချက်ကိုလည်း သူတို့ကို သိအောင် လူမျိုးတမျိုးရဲ့ ရပိုင်ခွင့်နဲ့ တရားမျှတတဲ့ လုပ်ရပ်ဆိုတာ ကိုတော့ Justify လုပ်တာပေါ့။ ပြီးမှ ကျနော်တို့ရဲ့ ဖြစ်တည်ခြင်း၊ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေက သူတို့ အကျိုးစီးပွားနဲ့ မဆန့်ကျင်ဘူးအောင်တော့ ကျနော်တို့လည်း ရှင်းပြရတာပေါ့။ ဒါမျိုးတွေတော့ ကျနော်တို့ ကြိုးစားပါတယ်။

မေး ။ ။ ဒါဆို ရှေ့ဆက် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် Confederate မူတွေ ဖြစ်တဲ့ “ဝ” ရဲ့ အသေးစိတ် တောင်းဆိုချက်မူ ကိုပဲ AA က ဆက်ဆုပ်ကိုင်သွားမှာပေါ့။

ဖြေ ။ ။ ကျနော်တို့က မဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ ဒီကိစ္စတွေကို ဒီမူကို ကိုင်ပြီး ဆွေးနွေးဖို့တော့ စဉ်းစား ထားတယ်။

မေး ။ ။ ဖက်ဒရယ်ကို လက်ခံတာတောင် မကြာသေးဘူး။ Confederate က အဆင်ပြေနိုင်မလား။

ဖြေ ။ ။ ယုံကြည်မှုတည်ဆောက်ဖို့ကတော့ တော်တော်လိုမယ်။ တဖက်နဲ့ တဖက် သံသယအရမ်းကြီးရင်တော့ ရှေ့ဆက်ဖို့ ခက်မှာပေါ့။ ရိုးသားမှု ရှိရမယ်။ ယုံယုံကြည်ကြည်နဲ့ တည်ဆောက်ရမယ်။ ကိုယ်လိုတဲ့ ဘက်ကိုပဲ တွေးပြီး ပြောနေလို့ မဖြစ်ဘူး။ ကျနော်တို့ တိုင်းရင်းသားအုပ်စုတွေကို အရင်ပြောတာ ရှိတယ်။ တောင်းပဲ တောင်းနေတယ်။ မင်းတို့ ဘာပေးမလဲဆိုတာ။ ကျနော်တို့ တောင်းတာက သူများဆီက ဟာကို တောင်းတာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ ဟာကို ကျနော်တို့ ပြေနေတာ ဖြစ်တယ်။ အခြေခံ အရှိတရားကို မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ ကျနော်တို့ အချင်းချင်း ပြောဖြစ်ပါတယ်။ အကြွေးဆိုတာ ယူထားပါများတော့ ကိုယ့်ဟာလို့ ထင်လာတယ်လို့လေ။

မေး ။ ။ ဒါဆို ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်နယ်တွင်းမှာ Confederate အခြေအနေမျိုးထိ ရဖို့ တိုက်ပွဲဝင် သွားမယ့် သဘောလား။

ဖြေ ။ ။ ဒါကို ရအောင်ထိ တိုက်သွားမှာလားဆိုတာထက် တိုက်တယ်ဆိုတာက လုံးဝ မလွဲသာတဲ့ အခြေအနေမှာ တိုက်တယ်ခိုက်တယ် ဖြစ်လာတာပါ။ အကောင်းဆုံးကတော့ ကျနော်တို့ ကြိုးစားပြီး တည်ဆောက်တယ်လို့ ပြောရင် ပိုဆီလျော် ပါတယ်။ နိုင်ငံရေးအရရောပေါ့လေ။ ကျနော်တို့က ကြိုးစားပြီး ရှေ့ဆက်သွားရမှာပဲ။ တခြားနိုင်ငံတွေမှာလည်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပြည်ထောင်စုတွေ တည်ဆောက်တဲ့ အချိန်မှာ တိုက်ပြီးမှ တည်ဆောက်တာ ရှိသလို တိုက်စရာ မလိုပဲ တည်ဆောက်တာလည်း ရှိပါတယ်။ တိုက်စရာခိုက်စရာ မလိုပဲ အဖက်ဖက်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည့်စုံအောင် တည်ဆောက်လို့ ရရင်တော့ ကောင်းတာပေါ့။ ကြိုးစားသွားမှာပါ။

မေး ။ ။ AA ရဲ့ နိုင်ငံရေး မျှော်မှန်းချက်ကို Confederate ကို မြောက်ပိုင်းက မဟာမိတ်အဖွဲ့တွေက ထောက်ခံလား။ သူတို့ သဘောထားရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ မဟာမိတ်တွေမှာတော့ တဦးရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ ဖြစ်တည်မှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုဖို့ နိုင်ငံရေး၊ စစ်ရေးဆိုတဲ့ သဘောထားတွေတော့ ရှိတာပေါ့ဗျာ။ ကျနော်တို့ အပြန်အလှန် အသိအမှတ် ပြုပြီး ကူညီဖေးမ သွားပါမယ်။

မေး ။ ။ လက်ရှိအခြေအနေတွေအရတွက်ဆရင် ၂၀၁၉ ခုနှစ်ကရော ငြိမ်းချမ်းရေးနှစ် ဖြစ်ပါ့မလား။

ဖြေ ။ ။ လက်ရှိအခြေအနေအရတော့ ငြိမ်းချမ်းရေးက ကမ်းမမြင်လမ်းမမြင်ပါပဲ။

ဆက်စပ်ဖတ်ရှုရန်AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း – ၁)

Did you find apk for android? You can find new Free Android Games and apps.
Loading