ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဇန်နဝါရီလ ၉ ရက်နေ့တွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာ၌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို “ငဖြီးကြီး”ဟု သုံးနှုန်းကာ ဝေဖန်မှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုကြားတွင် ဂယက်ရိုက်ခတ်မှုများ ရှိခဲ့ပြီး တုန့်ပြန်ဝေဖန်မှုများလည်း ရှိခဲ့သည်။ သို့ဖြစ်ရာ ယင်းသို့သုံးနှုန်းဝေဖန်ရလောက်သည့် အကြောင်းရင်းများနှင့် တုန့်ပြန်ဝေဖန်မှုများအပေါ် သဘောထားနှင့် ပတ်သက်၍ သိရှိနိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရန်ကုန်မြို့တော်ဝန်ကို “ငဖြီးကြီး”လို့ ဘာကြောင့်သုံးနှုန်းခဲ့တာလဲရှင့်။
ဖြေ။ ။ သူ့တာဝန်သူ အလုပ်မလုပ်ဖူးလို့ ကျနော်မြင်လို့ပါ။ အဲဒီအတွက်ကို ကျနော်သုံးနှုန်းခြင်းဖြစ်ပါတယ်။
မေး။ ။ သူ့တာဝန်ဆိုတာ ဘယ်လိုအရာမျိုးတွေကို ပြောချင်တာလဲ။
ဖြေ။ ။ မြို့တော်ဝန်ဆိုတာ မြို့တော်စည်ပင်သာယာရေးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝ၊ အရပ်ရပ်ဟာ သူ့တာဝန်ပေါ့။ သူက အကြီးဆုံးပဲလေ။ သူ့အနေနဲ့ ဒီကိစ္စကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲပြီး လုပ်နိုင်ရမယ်။ အဲဒါတွေကို မလုပ်ဖူးလို့ မြင်နေလို့ပါ။
မေး။ ။ အန်ကယ့်မြို့နယ်ထဲမှာဆိုရင် ဘယ်လိုအရာတွေ မြင်နေလို့လဲ။
ဖြေ။ ။ ဥပမာဆိုရင် အိမ်တွေကနေ မိလ္လာစနစ်တွေ ချို့ယွင်းပြီးတော့ လမ်းဘေးမြောင်းတွေထဲအထိ စီးဆင်းနေ တဲ့ ကိစ္စမျိုးတွေ။ အဲဒီကိစ္စမျိုးတွေကို တင်ပြတဲ့အခါမှာ အဆင်မပြေဘူး။ မလုပ်ဖူး။ နောက် လမ်းမပေါ်မှာ ရှိတဲ့ ပိုင်ရှင်မဲ့ခွေးတွေ အန္တရာယ် တော်တော်ပေးတယ်ဗျာ။ ဒီကိစ္စတွေလည်း ဖြေရှင်းမပေးနိုင်ဘူးဗျာ။ ကျနော်တို့ လွှတ်တော်ကနေ စာနဲ့မေးတဲ့အခါ စာနဲ့ဖြေထားတာတွေလည်း ရှိပါတယ်။ လက်တွေ့မှာ လုပ်မပေးနိုင်ဘူးဗျ။ အဲဒါကြောင့် ကျနော်တို့ ပြည်သူတွေက လမ်းမပေါ်မှ ဒီခွေးတွေ အန္တရာယ်ကို နိစ္စဓူဝ ရင်ဆိုင်နေရတယ်။
နောက်တခုက လမ်းဘေးမှာ ကျူးကျော်နေတဲ့ ဈေးသည်တွေ၊ ပလက်ဖောင်းတွေမှာ ဈေးသည်တွေ ပြည့်နေ တယ်။ ပလက်ဖောင်းတွေ ပျောက်ပြီးတော့ လူတွေက လမ်းလယ်ကောင်တွေ လျှောက်နေရတယ်။ ဒီကိစ္စတွေ ဟာ စမ်းချောင်းမှာ ပြည်သူတွေအတွက် နိစ္စဓူဝ မလုံမခြုံနဲ့ သွားလာနေရတဲ့ အဖြစ်အပျက်တွေပေါ့ဗျာ။
ဒီကိစ္စတွေကို ဥပဒေကြောင်းအရ ဆောင်ရွက်ပေးမယ်ဆိုရင် ပြည်သူလူထုရဲ့ လုံခြုံရေးဟာ အင်မတန်မှ အဆင့်မြင့် မြင့်ရှိလာမယ်။ မြို့တော်ရဲ့ စည်ပင်မှုဟာ တော်တော်လေးကို ကောင်းမွန်လာမယ်လို့ မြင်တယ်။
နောက် ၂၀၁၈ ခုနှစ် ရန်ကုန်စည်ပင်သာယာရေး ဥပဒေကိုလည်း အသက်သွင်းလို့ ရနေပြီပဲ။ ဒါကို ဥပဒေ အတိုင်းကို ဆောင်ရွက်စေချင်တယ်။ ဒါပေမယ့် လက်တွေ့ကျကျကို ဘာမှ မမြင်ရဘူး။ မမြင်ရတဲ့အပြင် ပိုပြီးတော့ ဆိုးဆိုးလာတယ်။ ၂၀၁၈ ခုနှစ် ဥပဒေပြီးသွားတဲ့အခါ အသက်ဝင်အောင် မလုပ်ဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်မှု တခုပဲဗျ။ တရားဥပဒေစိုးမိုးမှု မရှိရင် တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လိုမှ ကောင်းနိုင်စရာ အကြောင်းမရှိဘူး။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ရာမှာ တာဝန်ရှိတဲ့အာဏာပိုင်တွေမှာ အရေးကြီးပါတယ်။
မေး။ ။ ခုနက ပြောတဲ့အထဲမှာ တိုင်တယ်။ စာနဲ့လည်းပို့တယ်လို့ပေါ့။ ဒါပေမယ့် လက်တွေ့မှာ အကောင်အထည် ဖော်လာတာ ဘာတခုမှ မရှိဘူးဆိုတော့ အဲဒါ ဘာကြောင့် ဖြစ်တာလဲ။
ဖြေ။ ။ စီမံခန့်ခွဲမှုပြဿနာတွေပေါ့။ ကိစ္စတရပ်ရပ်ကို ဖြေရှင်းမယ်ဆိုရင် သူ့အဆင့်ဆင့်မှာ စီမံခန့်ခွဲမှုအတွက်ကို သူ့ယန္တရားရှိတယ်။ အဲဒါကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်ရမယ်။ ကျနော်ပြောတာက မြို့တော်ဝန်တယောက်အနေ နဲ့ သူ့လမ်းမပေါ်ထွက်ပြီး မြောင်းကြီးထဲ ငုံကြည့်နေဖို့ မလိုပါဘူး။ သူ့အလုပ်သူလုပ်နေရင်ကို ကျေနပ်ပါတယ်။
မေး။ ။ ဒါဆိုရင် မြို့တော်ဝန်အလုပ်မလုပ်ဘူးလို့ ဆိုလိုချင်တာလား။
ဖြေ။ ။ အဲဒါကြောင့် ငဖြီးလို့ ပြောခဲ့တာ။
မေး။ ပြည်သူလူထု အချို့ကတော့ ဝေဖန်ကြတယ်။ အချင်းချင်းကြားမှာ ဖြစ်တဲ့ကိစ္စတွေက လူမှုကွန်ရက်အထိ ရောက် မလာသင့်ဘူးဆိုတာမျိုးပေါ့။ အဲဒီပေါ်မှာရော အန်ကယ့်အမြင် ဘယ်လိုရှိပါသလဲရှင့်။
ဖြေ။ ။ Social Media ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မီဒီယာရဲ့ အဓိပ္ပါယ်ဆိုတာက ပြည်သူလူထုနဲ့ အာဏာပိုင်တွေကြားမှာ။ လူတဦးနဲ့ လူတဦးကြားမှာ။ အဖွဲ့အစည်းတခုနဲ့ အဖွဲ့အစည်းတခုကြားမှာ။ အထူးသဖြင့် အာဏာပိုင်နဲ့ ပြည်သူနဲ့ကြားမှာ ပေါင်းကူးပေးတဲ့ ယန္တရားတခုပါပဲဗျာ။ အဲဒါကို လက်ခံရမယ်လေ။
မေး။ ။ နောက်တချက်က ပါတီက ရွေးချယ်ထားတဲ့ မြို့တော်ဝန်ကိုပဲ ပါတီရဲ့ အခုလက်ရှိ လွှတ်တော် ကိုယ်စားလှယ်တယောက်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့အပေါ်မှာ ပြည်သူလူထုရော၊ ပါတီတွင်းကရော ပြန်လည်တုန့်ပြန်မှုတွေ ပြင်းထန်တာတွေ့ရတယ်။ အဲဒီပေါ်မှာ ဘယ်လိုမြင်လဲရှင့်။
ဖြေ။ ။ ကျနော့်အတွက်ကတော့ သမားရိုးကျဖြစ်စဉ်ပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီတွင်း ဒီမိုကရေစီ အပြည့်အဝရှိတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတွင်း အစည်းအဝေးတွေမှာ ဒီလိုပဲ ငြင်းကြခုန်ကြတယ်။ အဲဒါက ဒီမိုကရက်တစ်ကျောရိုးဗျ။ ကျနော်တို့မြန်မာနိုင်ငံမှာ Democratic Value အမြင့်ဆုံးပါတီကို ပြောပါဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဗျ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမှုဆောင်တိုင်းက elected (ရွေးချယ်ခံ) ပဲဗျ။ ရွေးချယ်ခြင်း စနစ်နဲ့ တင်မြှောက်ထားကြတာ။ ညီလာခံကနေ တင်မြှောက်ထားကြတာ။ ရပ်ကျေးညီလာခံတွေက တင်တယ်။ မြို့နယ်ညီလာခံတယ်။ ခရိုင်ညီလာခံတွေက တင်တယ်။ တိုင်း၊ ပြည်နယ် အဆင့် ဗဟိုအဆင့် အဆင့်ဆင့်မှာ ကျနော်တို့ဟာ ရွေးချယ်တဲ့အဆင့်ဟာ။ ကျနော်တို့ဟာ ဒီမိုကရေစီကို လက် တွေ့ကျင့်သုံးတဲ့ ပါတီဟာ မြန်မာနိုင်ငံမှာ ကျနော်တို့ပဲ ရှိတယ်။ ဒီမိုကရေစီစနစ်ကို လက်တွေ့အကောင်အထည် ဖော်နေတာ ဖြစ်တဲ့အတွက် ကျနော့်အတွက် အထူးအဆန်း တခုမှ မရှိပါဘူး။
မေး။ အခုလိုမျိုးပြောလိုက်တဲ့အပေါ်မှာ ပါတီရဲ့ ခေါင်းဆောင်ပိုင်းက ဖြစ်ဖြစ်၊ အစိုးရပိုင်းက ဖြစ်ဖြစ် မေးခွန်းထုတ်တာမျိုး၊ လာပြောတာမျိုးရှိလား။
ဖြေ။ ။ ပါတီအနေနဲ့ ဒီကိစ္စမျိုးကို ပါတီအတွင်းမှာလည်း ဖွင့်ပေးပြီးသား။ ပါတီအတွင်းမှာလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ရှိတယ်။ ဝေဖန်မှုတွေရှိတယ်။ ဒါ Value ပါပဲ။ သတင်းတခုမှာ တွေ့လိုက်တယ်။ မုံရွာဦးအောင်ရှင်ကနေပြီးတော့ ကျနော့်ကို အရေးယူခံရနိုင်ဖွယ် ရှိတယ်ဆိုပြီး သူ့ရဲ့ ထင်ကြေးကို ပြောတယ်။ သူ့ရဲ့ထင်ကြေးဟာ ပါတီရဲ့ image ကို ထိခိုက်စေပါတယ်။ ဒါ ပါတီကို အထင်သေးတာဗျ။ ပါတီဟာ Democratic Value အရမ်းမြင့်တယ်။ အဲဒီမြင့်နေတဲ့ဟာကို သူမသိဘူးဆိုတာ ပါတီကို သူမျက်ခြေပျက်နေတဲ့ သဘောပါပဲ။
မေး။ ။ အန်ကယ်ရေးထားတဲ့ အထဲမှာလည်း မန္တလေးမြို့တော်ဝန်နဲ့ ရန်ကုန်မြို့တော်ဝန်ကြားမှာ လုပ်ဆောင် ချက်တွေ ကွာဟမှုရှိတယ်ဆိုတာမျိုးတွေ့ရတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဘယ်လိုတွေ ကွာဟနေ တယ် ထင်လဲရှင့်။
ဖြေ။ ။ အရပ်စကားနဲ့ပဲ ဖြေပါရစေဗျာ။ လွှတ်တော်ကိုယ်စားလှယ် တယောက်ပေမယ့် အရပ်စကားနဲ့ပဲ ဖြေပါရစေ။ နံ့သာဆီနဲ့ အီးလောက် ကွာတယ်။
မေး။ ။ စည်ပင်က လူက မကောင်းတာလား။ မူက မကောင်းတာလား။
ဖြေ။ ။ လူလား။ မူလား အဲဒီလိုလား။ စည်ပင်ရဲ့ မူဆိုပြီးတော့ သီးခြားတော့ မရှိပါဘူးဗျာ။ စည်ပင်မှာ ဥပဒေရှိ တယ်။ ဥပဒေကို အကောင်အထည်ဖော်ရမှာက စည်ပင်ရဲ့ အလုပ်ပဲ။ လက်ရှိ ၂၀၁၈ ဥပဒေဟာဆိုရင် အင်မတန် မှ အားရစရာကောင်းပါတယ်။ ရေပက်မဝင်အောင် ကြိုးစားထားကြတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ လို တယ်။ အဲဒါကို အကောင်အထည် မဖော်ပဲ ဝေ့လယ်ကြောင်ပတ်နဲ့ အကောင်အထည်မဖော်ဘဲ မနေစေချင်ဘူး။
မေး။ ။ ဘယ်လိုမြို့တော်ဝန်မျိုးလိုချင်တာလဲရှင့်။
ဖြေ။ ။ အလုပ်လုပ်တဲ့ မြို့တော်ဝန်ပေါ့ဗျာ။ မန္တလေးမြို့တော်ဝန်လိုပေါ့ဗျာ။
မေး။ ။ အဲဒီလိုဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ။ ဆိုလိုတာက ပြည်သူတွေပိုင်းက လုပ်လို့ရလား။ ရွေးချယ်ခန့်ထားတဲ့ အပိုင်းက လုပ်ရမှာလား။
ဖြေ။ ။ ပြည်သူတွေအပိုင်းကတော့ မကြာခင်မှာ မတ်လ ၃၁ ရက်မှာ စည်ပင်ရွေးကောက်ပွဲတွေ လုပ်ပါလိမ့်မယ်။ စည်ပင်အုပ်ချုပ်ရေးအတွက်ကို ကော်မတီရဲ့ ဥက္ကဋ္ဌ ရွေးမယ်။ နောက်အဖွဲ့ဝင် ၂ ယောက်ရွေးခွင့်ရှိမယ်။ နောက် ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ရှိတဲ့ ၃၃ မြို့နယ်မှာ မြို့တော်စည်ပင်သာယာရေးကော်မတီ အတွက်ကို ၆ ယောက်ရွေးမယ်။ အဲဒီ ၆ ယောက်ထဲမှ ၁ ယောက်က ဒုတိယမြို့တော်ဝန်ဖြစ်လာမယ်။ အဲဒီလူကိုပဲ မျှော်လင့်ထားရမလို ရှိတာပေါ့။ ဒါပေမယ့် လက်ရှိမှာလည်း လက်ရှိမြို့တော်ဝန်က စိတ်ပြောင်းပြီးတော့ လုပ်ချင်စိတ်၊ ကိုင်ချင်စိတ်လေးရှိလာရင် ကောင်းတာပေါ့။
မေး။ ။ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောတဲ့အပေါ်မှာရော ဘယ်လိုမျိုး ပြောချင်လဲ။
ဖြေ။ ။ Blaming ပေါ့။ Blame လုပ်တယ်ခေါ်တာ။ ပုံချချင်တာ။ ကိုယ်အလုပ်မလုပ်တဲ့ဟာကို အထက်လူကြီးကို ပုံချချင်တာ။ အထက်လူကြီးကပဲ သူ့ကို ခွင့်မပြုလို့လို့ ပြောတာ။ ကျနော်ကတော့ အဲဒီလိုမထင်ပါဘူး။
မေး။ ။ အခုလို ဝေဖန်ချက်တွေကို ဒါ ထောက်ပြတာမဟုတ်ဘူး။ အပြစ်တင်တာလို့ ပြောကြတယ်။
ဖြေ။ ။ သူ အလုပ်လုပ်ဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။ သူ့ကို အလုပ်လုပ်စေချင်တာ။
မေး ။ ။ မြို့နယ်မှာ စည်ပင်သာယာနဲ့ ပတ်သက်ပြီး လုပ်စေချင်တာလေးတွေ ပြောပြပါဦး။
ဖြေ။ ။ အဓိက အချက်ကတော့ ၂၀၁၈ စည်ပင်သာယာရေး ဥပဒေကို အကောင်အထည် ဖော်နိုင်ဖို့ပဲ။ လမ်းဘေးမှာ ရှိတဲ့ ပလက်ဖောင်းတွေ ပြန်ပေါ်လာမယ်။ လူတွေ ပလက်ဖောင်းပေါ်ကနေ လမ်းလျှောက်လာနိုင်မယ်။ ကားတွေကြားထဲကနေ လျှောက်စရာ မလိုတော့ဘူး။ လမ်းမပေါ်မှာပဲ ကားရပ်ထားတယ်။ ကားမရပ်ရ ဆိုပြီး ကားလေးကို ဆွဲသွားတယ်။ လမ်းမပေါ်မှာပဲ မီးဖိုကြီးတွေ ဖိုပြီး အကြော်အလှော်တွေရောင်း နေတာကျ မဖမ်းဘူးဗျ။ အဲဒါက တရားဥပဒေကို ပြက်ရယ်ပြုနေသလိုပဲ။ လူတွေဟာ မမျှမတ ခံစားနေရတယ်။ မမျှမတ ခံစားနေရ တယ်ဆိုတဲ့ အဓိပ္ပါယ်က မကောင်းဘူးဗျ။ လူတွေဟာ မျှမျှတတ ခံစားရတဲ့ အခြေအနေမျိုးပဲ ရှိစေချင်တယ်။ ကားတစီးရပ်ရင် ဖမ်းသွားတယ်။ ဈေးထိုင်ရောင်းရင် မဖမ်းဘူး။ ကဲ အဲဒီကိစ္စကို ဘယ်သူရှင်းမလဲ။
နောက်တခုက ခွေးတွေ သားကြောဖြတ်တဲ့ ကိစ္စကို လုပ်တယ်။ ကောင်းပါတယ်။ ဒါပေမယ့် ကျနော်ပြောနေတဲ့ကိစ္စကိုတော့ ဝေ့လယ်ကြောင်ပတ် မလုပ်စေချင်ဘူး။ ကျနော်ပြောနေတာ ခွေးကိုက်နေတဲ့ ပြဿနာကို ပြောတာ။ နိစ္စဓူဝ လမ်းပေါ်သွားလာနေရတာ။ လမ်းပေါ်က ခွေးတွေကို ရှင်းစေချင်တာ။ ရှင်းတယ်ဆိုတဲ့ စကားလုံးမှာ သတ်ခိုင်းတာ မဟုတ်ဘူး။
မေး။ ။ ဒီဥပဒေပြဋ္ဌာန်းကာစက လူတွေက အတော်လေးမျှော်လင့်ကြတယ်။ ထောင်ဒဏ်တွေလည်း ပါလာတာ မျိုးဆိုတော့။ ဒါပေမယ့် အခုလက်တွေ့မှာ ကရော ဘယ်လိုဖြစ်နေလဲရှင့်။
ဖြေ။ ။ လက်တွေ့မှာ ပြည်သူလူထုရဲ့ Opinion က အရမ်းကောင်းပါတယ်။ ပြည်သူလူထုက ဥပဒေရဲ့ သက်ဝင်မှု ကို အရမ်းမျှော်လင့်တယ်။ အဲဒါကြောင့် မြို့တော်စည်ပင်ကို တိုက်တွန်းချင်တာက ဥပဒေကို အကောင်အထည် ဖော်ပါ။ ရဲရဲဖော်ပါ။ ပြည်သူတွေ နောက်ကနေ ပါလာပါလိမ့်မယ်။
မေး။ ။ အကောင်အထည်မဖော်နိုင်တဲ့ အဓိက အခက်အခဲက ဘာလို့ထင်ပါသလဲ။
ဖြေ။ ။ မြို့တော်ဝန် အလုပ်မလုပ်လို့ဗျ။