၂၀၁၉ ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့ ၌ ရက္ခိုင့် တပ်မတော် (AA) က အစိုးရ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို တပြိုင်တည်း အလစ်အငိုက် ဝင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်နှင့် AA တို့အကြား စစ်ရေး တင်းမာမှု ဖြစ်ပွားနေသလို ယင်းမတိုင်မီကာလက နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင် စခန်းများတွင် သွားရောက် ခိုလှုံနေကြရသည်။
ယခင်ဖြစ်ထားသည့် ဘင်္ဂါလီအရေးကို နိုင်ငံတကာ ဖိအားများအောက်တွင် ဖြေရှင်းနေမှု မပြီးမြောက်သေးမီ၊ လက်ရှိ အခြေအနေများ ကို မထိန်းသိမ်းနိုင်မီတွင် AA နှင့် တပ်မတော်ကြား စစ်ရှိန်ပိုမြင့်လာပါက ရခိုင်ပြည်သူများအတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေးနှင့် သွားလာရေး အခက်အခဲများပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိသည်။
ထို့ကြောင့် ရခိုင် အရေးနှင့် ပတ်သက်၍ NLD အစိုးရ မည်သို့ ကိုင်တွယ်သင့်သလဲ၊ AA အဖွဲ့၏ ရဲကင်းစခန်းများကို တိုက်ခိုက်မှုအပေါ် အမြင်များကို နိုင်ငံရေး အသိုင်းအဝိုင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ
ဦးဆောင် နာယက
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA)
ကျနော်ကတော့ အချိန် မှားယွင်းတယ်၊ နေရာ မှားယွင်းတယ်လို့ တွက်တယ်ဗျ။ နောက်ပြီးတော့ ပစ်မှတ်လည်း မှားတယ် လို့ ထင်တယ်။ ဒီ ၃ ခုပေါ့။ အချိန်မှားတယ် ဆိုတာက လွတ်လပ်ရေးနေ့ အထင်ကရ ဖြစ်တဲ့နေ့မှာ ဖြစ်တဲ့ကိစ္စ၊ နေရာ မှား တယ် ဆိုတာက ရဲစခန်း ဖြစ်လို့ဗျ။
ဒါက စစ်စခန်း ယှဉ်ပြိုင် တိုက်ခိုက်နေတဲ့ ရန်ဘက် မဟုတ်ဘဲနဲ့ ကျေးရွာ လူထုကို လုံခြုံရေး ယူပေးနေတဲ့ ရဲ ဖြစ်တယ်။ ဒါကြောင့် ရဲစခန်းကို ရန်ပြုခြင်းက ဒါလည်း နေရာမှားတဲ့ သဘော ဖြစ်တယ်။ နောက် ပစ် မှတ် မှားတယ်ပေါ့ဗျာ။ လွတ် လပ်ရေးနေ့ ဖြစ်တယ်။
နောက်တခါ တစုံလုံးကို ကြည့်ရင်၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် တပ်မတော် ကြေညာချက် ထုတ်ပြီး အပစ်အခတ် ရပ်စဲ ရေး ကာလမှာ ပထမဆုံး ဖြစ်တဲ့ ကြီးမားတဲ့ တိုက်ခိုက်မှု ဖြစ်တာပေါ့ဗျာ။ အဲဒါကလည်း ပေါ်လစီ ချမှတ်ပြီးတော့ တိုက်ခိုက် တဲ့ အပေါ်က ချမှတ်ပေးတဲ့ ရက္ခိုင့် တပ်မတော် (AA) က ခေါင်းဆောင်တွေ စဉ်းစားချက် ပေါ်လစီ စံသတ်မှတ်မှုပေါ့ဗျာ။ အဲဒီအပေါ်မှာ နည်းနည်း လွဲချော်တယ် လို့လည်း ပြောနိုင်တာပေါ့။
အချိန်ရော၊ နေရာရော၊ ပစ်မှတ်ရော ဒါတွေက ဘယ်သူကမှ ထောက်ခံဖို့၊ ဘယ်သူပဲ ဖြစ်ဖြစ် ဒီကိစ္စ အပေါ် မှာ အားပေးဖို့ ဆိုတာ တော်တော်လေး ခက်သွားတဲ့ သဘောမျိုး ဖြစ်သွားတယ်။ ဒါကြောင့် ဒီလို တိုက်ခိုက်ဖို့ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် ကတော့ တော်တော်လေး မှားယွင်းတယ်လို့ ပြောနိုင်ပါလိမ့်မယ်။
ကျနော်တော့ အစိုးရ အဖွဲ့ကို ကြုံရင် ကြုံသလို အကြံပေးတာတော့ ရှိတယ်။ ဒီကိစ္စကို ကိုင်ဖို့က နည်းလမ်း ၂ ဖွယ် ရှိတယ် လို့။ တခုက ဘာလဲ ဆိုတော့ အစိုးရနဲ့ သူ့ရဲ့ တည်ဆဲ ဥပဒေတွေ အရ ဒီအဖြစ်အပျက်ကို သုံးသပ်တာ တခုပေါ့။ နောက် တခုက ယေဘုယျအားဖြင့် အစိုးရနဲ့ AA အပါအဝင် ဖြစ်တဲ့ မြောက်ပိုင်း အဖွဲ့တွေက ဆွေးနွေးပွဲတွေ၊ နိုင်ငံရေး လုပ်ငန်းစဉ် မှာ ပါလာနိုင်ဖို့ အတွက် သူတို့ လမ်းဖွင့်တာတွေ ရှိတယ် တဖက်က။
တဖက်က အဲဒီလို ရှိနေတဲ့ အခါမှာ စိုသောလက်လည်း မခြောက်ပေ့ါဗျာ။ ဒီမှားယွင်းမှုတွေ လမ်းချော်တာတွေက ရှိတတ် ပေမယ့်လည်း ဒါကို တခါတည်း အသိအမှတ် ပြုမှုတွေကို လုံးဝ ဖျက်သိမ်း၊ ရုပ်သိမ်း၊ ရပ်ဆိုင်း လိုက်တာမျိုး မဟုတ်ဘဲနဲ့ နည်းလမ်း ရှာပြီးတော့ ဒီလို ဖြစ်သွားတဲ့ ကိစ္စကို ပြန်လည် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းကို ဦးစားပေး ရှာသင့်တယ်လို့ အစိုးရကို ကျနော် အကြံပေးခဲ့ပါတယ်။
အထူးသဖြင့် ဒီပြန်လည် ထိန်းသိမ်းတဲ့ နည်းလမ်းက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိအားက တဖက်က လိုတယ်လို့ ကျနော် ထင်တယ်။ အစိုးရ ထက်စာရင်ပေါ့။ ဥပမာ မြောက်ပိုင်း ၃ ဖွဲ့မှာ AA၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA- ကိုးကန့်) သုံးဖွဲ့က တတွဲကိုး၊ နောက်ပြီးတော့ သူတို့ အထက်က ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA )၊ NDAA-မိုင်းလား ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က တတွဲကိုး။
အဲဒီ အတွဲ ရှိနေတော့ ဝ၊ မိုင်းလား၊ KIA ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ညှိနှိုင်း နိုင်သလို၊ သူနဲ့ လက်ရည် တပြင် တည်း လှုပ်ရှားနေတဲ့ ၃ ဖွဲ့မှာ လည်းပဲ TNLA နဲ့ ကိုးကန့်ကလည်းပဲ ကိုယ့်လူ ကိုယ်ထိန်းစနစ်နဲ့ နည်းနည်း ဝိုင်းလုပ်ကြရင် ဒါက ပိုပြီးတော့ လမ်းကြောင်း တည့်နိုင်တယ်ပေါ့။
ဒါကြောင့် ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ဖိအားကိုလည်း သုံးသင့်တယ်၊ တိုက်တွန်းသင့်တယ် ပေါ့ဗျာ။ ဘာကြောင့်လဲ ဆိုတော့ အခု ၃(AA-TNLA-MNDAA) ဖွဲ့က ပြည်နယ် အဆင့် Bilateral ထိုးဖို့ စာချုပ် မူကြမ်းတွေ ဘာတွေတောင် လုပ်နေ ပြီ။ စာချုပ်မူကြမ်းတွေ ပြုစုနေပြီ ဆိုတော့ ၃ ဖွဲ့ Bilateral ထိုးနိုင်ရေးက ဒီလို လှုပ်ရှားမှုတွေကြောင့် နှောင့်နှေးသွားနိုင် တယ်။ ဒါမှမဟုတ် ပိတ်ဆို့သွားနိုင်တယ် ဆိုတဲ့ အန္တရာယ် မျိုးကိုလည်း ထောက်ပြရမှာပေါ့။
အခု ကျနော်တို့ ကြားတာ က “ဝ” အဖွဲ့အစည်း ကိုယ်တိုင်က အဲဒီ ၃ ဖွဲ့ကို Bilateral အဆင့် အမြန်ထိုးနိုင်ဖို့ အတွက် လိုလား နေတယ်လို့ ကြားတာကိုး။ တကယ်လို့သာ ဝ အဖွဲ့ အဲဒီလို လိုလားနေတယ် ဆိုရင် Bilateral အမြန်ထိုးနိုင်ဖို့ ဒီလို လုပ်ရပ် (လွတ်လပ်ရေးနေ့ AA ဝင်တိုက်ခြင်း)မျိုးက အနှောင့်အယှက် ဖြစ်သွားတာကို။ ဒါကြောင့် ဒီလို လုပ်ရပ်မျိုးကို ရှောင်ဖို့၊ နောက် မဖြစ်ဖို့ ကိုယ့် အချင်းချင်း ထိန်းပြီးတော့ Biliteral ပေါက်သွားအောင် အရင် ဖောင်ဒေးရှင်း ချနိုင်အောင် ကြိုးစား သင့်ကြောင်း အဲဒီလို ယူဆမိပါတယ်။
ဦးကိုကိုကြီး
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်
ရဲစခန်းတွေ တိုက်ခိုက်ခံရတဲ့ သတင်း ပေါ်လာတဲ့ အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေပေါ်မှာ လာပြီးတော့ ထိခိုက်သွားမှာ တော့ ကျနော် စိုးရိမ်တယ်။ ဒါက တခု။ နောက် ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတွက်လည်း ကျနော်တို့ တော်တော် လေး စိတ်မကောင်း ဖြစ်တယ်။ သို့သော် တချိန်ထဲမှာ ရခိုင် ပြဿနာ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နဲ့ ဆက်စပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ တကယ်တော့ ဒီဟာက နိုင်ငံရေး ပြဿနာ၊ နိုင်ငံရေးက အခြေခံအကြောင်း အရင်း ဖြစ်တယ်လို့ မြင်တယ်။
စစ်ရေး ဆိုတာကတော့ သွေးထွက်တဲ့ နိုင်ငံရေးလို့တောင် ပြောကြတာပေါ့။ ဖြစ်နိုင်ရင်တော့ ဒါကို နိုင်ငံရေး အခြေခံ ပေါ် မှာပဲ ဖြေရှင်းတာမျိုးကို ကျနော်ကတော့ ဖြစ်စေချင်တယ်။ တခုကတော့ စစ်ရေး တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ နှစ်ဘက် စလုံးကနေ ကြိုးစားသင့်တယ်လို့ မြင်တယ်။
နောက်တခုကတော့ ရခိုင် ပြည်နယ် ပြဿနာ ဖြေရှင်းတဲ့ နေရာမှာ ဌာနေ ရခိုင်နိုင်ငံရေး အင်အားစုတွေ၊ အရပ်ဘက် အင် အားစုတွေရဲ့အခန်းကဏ္ဍကိုလည်း ဒါ အလေးအနက်ထား သင့်တယ်။ ဒါသူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ကျနော်တို့ တိုက်တွန်း အားပေးသင့်တယ်လို့ မြင်ပါတယ်။
တိုင်းရင်းသား ဒေသ တော်တော်များများမှာ စစ်ရေး ပဋိပက္ခကို အကြောင်းပြုပြီးတော့ ဒုက္ခသည်တွေ များလာတယ်။ နောက် ဒုက္ခသည် စခန်းမှာ မွေးဖွားတဲ့ ကြီးပြင်းတဲ့ လူငယ်တွေရဲ့စိတ်ထဲမှာ သူတို့ ကိုယ်၌က တချိန်ချိန်မှာ ဒီလိုမျိုး လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းမှ ဖြစ်မယ် ဆိုတဲ့ အတွေးအခေါ်မျိုးတွေ ပေါ်လာမှာ ကျနော်တု့ိ စိုးတယ်။
နောက်တခုက ဖြစ်လိုက်ပြီ ဆိုရင် လူမျိုးရေး ပုံစံမျိုး ပိုပိုပြီးတော့ သဘောဆောင် သွားတာမျိုးတွေ ဖြစ်တတ်တယ်။ အထူးသဖြင့် ဒါ ဗမာတွေ တိုက်တယ်။ ဗမာ စစ်တပ်လာလို့ ပြေးရတယ် ဆိုတာမျိုး ပြီးခဲ့တဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေ တော်တော်များများ ဒီအတိုင်းပဲ။ သာမန် ရွာသားတွေက အစ အဲဒီလို ခံစားချက်မျိုးတွေ ဖြစ်တဲ့ အခါကျတော့ ကျနော်တို့က ဒီဟာသည် နိုင်ငံရေးစနစ်ကြောင့် ဖြစ်တယ် ဆိုတာထက်ကို လူမျိုးရေး ပုံစံမျိုး။
နောက် တဖက် ကလည်း တချို့ တိုင်းရင်းသား အဖွဲ့တွေ ကြားထဲမှာလည်း ဗမာ မုန်းတီးရေး စိတ်ဓာတ်ကို အခြေခံ ပြီးတော့ စည်းရုံးကြတာ၊ စုစည်းကြတာမျိုးတွေလည်း ကျနော်တို့ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခါ အဲဒီလိုမျိုး လူမျိုးရေး မုန်းတီးစိတ်မျိုး အခြေခံမျိုးတွေနဲ့ တိုင်းရင်းသားတွေရဲ့ သူတို့ အမျိုးသားရေး စိတ်ဓာတ်တွေ ပြင်းထန်လာရင် ကိုင်ရတွယ်ရ ခက်တယ်လို့ ကျနော် မြင်တယ်။ ဆိုတော့ တိုင်းရင်းသား ခေါင်းဆောင်တွေထဲမှာလည်း အလယ်အလတ် သဘောမျိုး လောက်ရှိတဲ့ ရေရှည် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့ ကျနော်တို့ ကြိုးစားသင့် တယ်လို့ မြင်တယ်။
ကျနော့် သဘော ပြောရရင်တော့ AA လာတိုက်တဲ့ ကိစ္စကလည်း မဖြစ်သင့်ဘူး။ နောက် နိုင်ငံရေး အရ ကျတော့ သူက သူ့ ဒေသခံ ထောက်ခံမှု ရချင်ရမယ်။ ပြည်မက လူတွေရဲ့ စိတ်ထဲမှာ ကျတော့ အခုတောင်မှ ARSA နဲ့ ပေါင်းတယ်တို့ ဘာတို့ တွေ ဆိုတဲ့ စွပ်စွဲချက်တွေ ဖြစ်လာတဲ့ အခါကျတော့ သူတို့ အတွက် ပြည်မ နိုင်ငံရေးမှာ ရှုံးသွားနိုင်တယ်။ ကိုယ်က သူတို့ ဒီလိုလုပ်တဲ့ ကိစ္စကို အားပေးတာ မဟုတ်ဘူး။
သု့ိသော် အဲဒီလို လုပ်လို့ အပြုတ်တိုက်မယ်။ ချေမှုန်းမယ် ဆိုပြီး ဖြစ်လိုက်ရင် ဒေသခံ ရခိုင်တွေက ဗမာ မုန်းတီးရေး ဝင် လာပြီးတော့ AA ကို ပိုပြီး အားပေးလာတာမျိုး AA တပ်ဖွဲ့ဝင် အသစ်တွေ ထပ်ပြီး ပေါ်လာတာမျိုး ဖြစ်သွားနိုင်တယ်။
ဒေါက်တာ နိုင်ဆွေဦး
အမှုဆောင်ဒါရိုက်
သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့
ကျနော့် အမြင်က နယ်ခြားစောင့်တပ် ဆိုတာက ရခိုင်တွေ ၊ မြိုတွေ၊ ခမီတွေ တိုင်းရင်းသားတွေကို ARSA အကြမ်းဖက် သမားတွေ ရန်ကနေ ကာကွယ်ဖို့ အတွက် ထားထားတဲ့ ရဲစခန်းတွေ ဖြစ်တယ်။ ဆိုတော့ ဒါက နိုင်ငံရဲ့အနောက်ဘက် တံခါး အတွက် အရေးကြီးတဲ့ နေရာတွေ ဖြစ်တယ်။ ဒီလိုနေရာကို တိုက်ခိုက်တာက AA အနေနဲ့ ပထမဆုံး လုပ်သင့်လား၊ မလုပ်သင့်ဘူးလား စဉ်းစားသင့်ပါတယ်။
ကိုယ့်ရဲ့တိုင်းရင်းသား လူမျိုးတွေကို ကာကွယ်ပေးနေတာကို လုပ်သင့်လား ဆိုတာ စဉ်းစားသင့်ပါတယ်။ ကျနော့် အမြင် တော့ နိုင်ငံတော်ရယ်၊ ဒီ တပ်မတော်ရယ် ၊ ရဲတပ်ဖွဲ့တွေရယ်က ဒီဒေသ တည်ငြိမ်ရေးရယ်၊ လုံခြုံရေးရယ် ၊ တရား ဥပဒေ စိုးမိုးရေးရယ် လုပ်ဆောင်နေတဲ့ အချိန်မှာပဲ ဝင်ရောက် တိုက်ခိုက်တာက ဒါက နောက်ကျောကို ဓားနဲ့ ထိုးတဲ့ လုပ်ရပ်၊ ပြီး တော့ အကြမ်းဖက်မှု ကျူးလွန်တဲ့ ကိစ္စလို့ ကျနော် အနေနဲ့ သုံးသပ်ပါတယ်။
ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လက်နက်မှု အကြမ်းဖက်မှုတွေနဲ့ အမှုဖွင့်ထားပြီးသား ဖြစ်တယ်။နောက် ဒီအဖွဲ့ တွေကို သက်ဆိုင်ရာ တပ်မတော် လုံခြုံရေး အဖွဲ့တွေက ကျနော်တို့ သိသလောက်တော့ လိုက်ပြီးတော့မှ ကျနော်တို့ အနေနဲ့ လုံခြုံရေး လုပ်ဆောင်နေကြပြီ ဖြစ်တယ်။ နောက် ဒီရွာတွေမှာလည်း အင်အားဖြည့်တင်း ထားတာ မြင်နေရတယ်။ အဖြစ်သင့်ဆုံးက မေးခွန်းထုတ်ရမှာက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု ရှိ၊ မရှိ မေးခွန်းထုတ်ရပါမယ်။
ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင် ဘာကြောင့် ရခိုင်ကို ဝင်ရောက် တိုက်ခိုက်တာလဲ ဆိုတာ မေးခွန်း ထုတ်သင့်ပါတယ်။ ငြိမ်းချမ်းရေးကို မလိုလားဘူး။ နောက် AA အနေနဲ့ တိုက်တယ် ဆိုတာက တပ်မတော် စခန်းကို တိုက်တာနဲ့ မတူပါဘူး။ ရဲတပ်ဖွဲ့စခန်းကို တိုက်တယ် ဆိုတာက နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကို ထိခိုက် တာဖြစ်တယ်။
တနည်းအားဖြင့် အစိုးရကို တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ အကြမ်းဖက် လုပ်ရပ် ကျူးလွန်တာလည်း ဖြစ်ပါတယ်။ အဖြစ်သင့်ဆုံးကတော့ အကြမ်းဖက် အဖွဲ့အစည်းလို့ ကြေညာပြီးတော့မှ ပြတ်ပြတ်သားသား ချေမှုန်းသွားဖို့ လိုတယ်လို့ ကျနော် အနေနဲ့ သုံးသပ်ပါတယ်။
ဦးမြအေး
ဖယ်ဒရယ် ဒီမိုကရက်တစ် အင်အားစု
အဲဒါက တော်တော် ဖြေရခက်တဲ့ မေးခွန်းပဲ။ ပြောချင်တာကတော့ အဲဒီ မတိုင်ခင်ကတည်းက ရခိုင်ဘက်ကို တပ်မတော် ဘက်က ထိုးစစ်ဆင် တိုက်ခိုက်တာတွေလည်း ရှိတယ်။ နယ်မြေ ရှင်းလင်းရေး လုပ်တာတွေလည်း ရှိတယ်။ လွတ်လပ်ရေး နေ့မှာ ရဲတပ်သား ၁၃ ယောက် ကျတယ်။ ကျနော်တို့ အနေနဲ့တော့ ရခိုင် ဒေသက နဂိုကတည်းက ပူပူလောင်လောင် ဒေသလည်း ဖြစ်နေတယ်။
တည်ငြိမ်မှုလည်း ပြန်မရသေးတဲ့ အပြင်ကို ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ကမ္ဘာ့အရေး ကိစ္စလို ဖြစ်နေတဲ့ အချိန်မှာ တပူပေါ် နှစ်ပူဆင့် ဖြစ်သွားတဲ့ ဖြစ်ရပ်မျိုးလို့ ကျနော် အဲဒီလောက်ပဲ မြင်တယ်။ ဥပမာ လွတ်လပ်ရေးနေ့ တိုက်တဲ့ ရည်ရွယ်ချက်ကတော့ ကျနော်လည်း မပြောတတ်ဘူး။ ဒါကတော့ AA ကပဲ သိလိမ့်မယ် ထင်ပါတယ်။
အဲဒါက အခုလို တိုက်ခိုက်တဲ့ အခါမှာ သမ္မတရုံးက ညွှန်ကြားချက်နဲ့ ပြန်ပြီး တိုက်မယ်။ ပြုမယ် ဆိုတာ သတင်းတွေလည်း ဖတ်ရတယ်။ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးရဲ့ ပြောကြားချက်တွေကိုလည်း သိရတယ်။ ကျနော်ကတော့ စစ်ကို စစ်နဲ့ တုံ့ပြန်တာထက် နိုင်ငံရေးနည်း အရ ဖြေရှင်းဖို့ ကြိုးစားသင့်တယ်လို့ ကျနော် မြင်တယ်။
ဘာဖြစ်လို့ ကျနော် ဒီစကား ပြောသင့်တယ်လို့ ပြောတာလဲ ဆိုတော့ အခုက အွန်လိုင်း စာမျက်နှာတွေ ပေါ်မှာရော အပြင်မှာ ကြားတဲ့ပုံစံတွေက ပြဿနာတွေက လူမျိုးရေး ပုံစံ ဖြစ်လာတယ်။ ကျနော်ကတော့ ပိုပြီး ရှုပ်ထွေးသွားမှာမျိုးကို မဖြစ်စေချင်ဘူး။ သက်ဆိုင်ရာကတော့ နယ်မြေ ရှင်းလင်းတာ လုပ်ချင်လုပ်မှာပေါ့။ သို့သော်လည်း ကျနော်ကတော့ စစ်ပွဲ အရှိန်မြင့်သွားမှာကို စိတ်ပူတယ်။
နိုင်ငံရေး မဆန်တော့ပဲ လူမျိုးရေး ဆန်လာရင် မကောင်းဘူးလို့ ကျနော် မြင်တယ်။ အခု အွန်လိုင်းပေါ်မှာ ရခိုင်က ဗမာကိုပြော၊ ဗမာက ရခိုင်ကို ပြော အဓိပ္ပာယ် မရှိဘူးလို့ မြင်တယ်။ အထူးသဖြင့် လူမျိုးရေးတွေ မြင့်နေတဲ့ အချိန်မှာ ကျနော်တို့ ဘယ်လို လျော့ကျသွားအောင် လုပ်မလဲ ဆိုတာ စဉ်းစားရဖို့ လိုတယ်လို့ မြင်တယ်။
အဲဒီတော့ ကျနော့် အနေနဲ့ကတော့ နိုင်ငံရေးပိုင်းကို ပိုပြီးတော့ ဇောင်းပေး စေချင်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာပြီး တော့မှ ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ တိုးလာမယ်။ စစ်ဘေး ဒုက္ခသည်တွေ ဒုက္ခရောက်မယ့် အဖြစ်မျိုး လည်း မဖြစ်စေချင်ဘူး။ စစ်ဖြစ်ပြီ ဆိုရင် အရင်ဦးဆုံး အမှန်တရား ပျောက်သွားလိမ့်မယ်။ နောက်တခါ ကြားထဲက ပြည်သူ တွေက နေရင်းထိုင်ရင်း မြေဇာပင် ဖြစ်မယ်။
အဲဒီလို မီးလောင်သွားတဲ့ ပုံစံမျိုး မဖြစ်စေချင်ဘူး။ မီးလောင်ရာ လေပင့်စကားလည်း ကျနော် မပြောချင်ပါဘူး။ နောက် တချက်က ဒီလို အင်အားနဲ့ သုံးပြီး ဖြေရှင်းလိုက်ရင် ဒီပြဿနာက ပိုကြီးသွားမှာကို စိတ်ပူတယ်။သာမန် သမာရိုးကျတော့ မဟုတ်ဘူး ထင်တယ်။
ဗိုလ်မှူးကြီး စိုင်းငင်း
အတွင်းရေးမှူး (၃)
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)
ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ ဘူးသီးတောင် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး AA ပြန်ရှင်းလင်းတာက အဲဒီ စခန်းတွေကို တပ်မတော် က လက်နက်ကြီး ပစ်တဲ့နေရာ အဖြစ် အသုံးပြုလို့ ဝင်ရောက် တိုက်ခိုက်ရတယ်လို့ ဆိုပါတယ်။ စစ်ရေးအမြင် သက်သက် နဲ့သာ ကြည့်ရင် အဲဒီ လုပ်ရပ်က အစွန်းရောက် ဖွယ်ရာ မဟုတ်လောက်ပါဘူး။
ခိုင်လုံတဲ့ အကြောင်းတွေရှိလို့သာ သူတို့က ဒီစစ်ဆင်ရေးကို လုပ်တာ ထင်ပါတယ်။ သို့သော်လည်း ပြည်ထောင်စု တခု လုံးရဲ့ လုံခြုံရေး၊ ကာကွယ်ရေး ဆိုင်ရာ အမြင်နဲ့ ကြည့်ရင်တော့ ဒီဖြစ်ရပ်ဟာ ဝိဝါဒ ကွဲလွဲစရာ သို့လော သို့လော ဖြစ်ဖွယ် ရာတွေကို ဖြစ်စေနိုင်တယ်လို့ မြင်ပါတယ်။
ဒီဝင်ရောက် စီးနင်း တိုက်ခိုက်တာဟာ နောက်ကျောကို ဓားနဲ့ အလစ်ဝင်ထိုးလိုက်ခြင်းပဲ လို့ ပြောတယ်လို့ ကြားတယ်။ အစိုးရက ဒီဖြစ်စဉ်ဟာ ရခိုင်ပြည် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုတယ်။ AA ကို သောင်းကျန်းသူ အဖြစ် သတ်မှတ်ပြီး တပ်မတော်ကို စစ်ဆင်ရေး ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ တပ်မတော်ရဲ့ တဖက်သက် အပစ်ရပ်ခြင်း ထုတ်ပြန်ချက်မှာ စစ်တိုင်း ၅ တိုင်းသာပါပြီး အနောက်ပိုင်း တိုင်း ဖြစ်တဲ့ ရခိုင်ပြည် မပါဝင်တော့ ရည်ရွယ်ချက် ရှိရှိနဲ့ ရခိုင်ပြည်ကို တမင် ချန်ထား တာလားလို့ သုံး သပ်တဲ့ သူတွေ ရှိတယ်။ တချို့ကလည်း ဒါဟာ AA ကို ရခိုင်ပြည်ကနေ အပြီးသတ် တိုက်ထုတ်ဖို့ ကြိုးစားတဲ့ ကနဦး ခြေ လှမ်း တလှမ်း ဖြစ်တယ်လို့ ဆိုတယ်။ ရခိုင်လူထုနဲ့ AA တို့ ကလည်း အဲဒီလို ခံစားချက်မျိုးများ ရှိနေသလားတော့ မပြော တတ်ဘူး။
ဒီကိစ္စကို စစ်အင်အား သုံးပြီး ဖြေရှင်းမယ် ဆိုရင်တော့ ကောင်းမွန်တဲ့ အဖြေရနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ AA တို့ သုံး ဖွဲ့က ထုတ်ပြန်ချက် ထုတ်ပြန်ပေးပြီးတဲ့နောက် အစိုးရနဲ့ Bilateral Ceasefire Agreement လက်မှတ်ထိုးရေး ဆွေးနွေးဖို့ ရှိနေတော့ ဒီလုပ်ငန်းစဉ် အတိုင်း အောင်မြင်အောင် နှစ်ဖက်စလုံး ဆက်လက် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထင်ပါ တယ်။
ရခိုင်လူထု၊ ရခိုင်ပြည်နဲ့ ပြည်ထောင်စု အကျိုးတွေကို ဦးထိပ်ထားပြီး ဆွေးနွေး ညှိနှိုင်းခြင်း နည်းလမ်းဖြင့် နှစ်ဦးနှစ်ဖက် ဖြေ ရှင်းရင် ဒီပဋိပက္ခမီးတွေကို ငြှိမ်းသတ်နိုင်မှာပါ။
ဦးသိန်းသန်းဦး
လူ့အခွင့်အရေး ရှေ့နေ
ကျနော် အဲဒီလို ဖြစ်သွားတဲ့ အပေါ် စိတ်လည်း မကောင်းဘူး။ ၂၀၁၉ ခုနှစ်မှာ ကျနော်တို့က အပစ်အခတ် ရပ်ဖို့ မျှော်လင့် နေတဲ့ အချိန်မှာ ဒီလိုကြီး ဖြစ်လာတာက ပြည်တွင်း စစ်မှာ စစ်ရှိန်ကို ပိုမြင့်ရာ ကျတယ်။ ဒီလို တိုက်တဲ့ ကိစ္စကို ကျနော် သဘောမတူဘူး။ အဲဒီလို မလုပ်သင့်ဘူး။ ဒါ ကျနော်တို့ အပစ်အခတ် ရပ်စဲရေး အခု နေရာ ကွက်ပြီးတော့ လုပ်တယ်။
သို့ရာတွင် ရခိုင်မပါဘူး။ အဲဒီကနေ တဆင့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ပြီးတော့မှ ပိုပြီးတော့ ငြိမ်းချမ်း ရေးကို နွေးနွေး ထွေးထွေး နီးနီးကပ်ကပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလိုကိစ္စမျိုးကတော့ ထိန်းသိမ်း သင့်တယ် လို့ မြင်တယ်။
အစိုးရ ကတော့ ငြိမ်းချမ်းရေးကို သွားနေတော့ တပ်မတော်နဲ့ ညှိနှိုင်းပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်ပြီး တော့ ပိုပြီးတော့ အရှိန်မြင့်ပြီးတော့ နားလည်မှု ရအောင် ဆွေးနွေး သင့်တယ်လု့ိ ထင်တယ်။ ကိုယ်ကတော့ ကိုယ်ပိုင် အင် အားရှိတဲ့ အတွက် ပြန်ပြီးတော့ ထိန်းသိမ်းသင့်တယ်။ သူတပြန် ကိုယ်တပြန်တွေ လုပ်ပြီးတော့ မပြီးနိုင်မစီးနိုင် ဖြစ်မသွား အောင် ဒီဟာလေးကို ထိန်းသိမ်းသင့်တယ်။ တဖက်ကလည်း ကိုယ့် လုံခြုံရေး အပေါ် ကိုယ်ယူဖို့ လိုတယ်။ ဒါပေမယ့် ညှိနှိုင်း ဆွေးနွေးမှု မလုံလောက်လို့ အဲဒီလို ဖြစ်တယ်လို့ ထင်တယ်။