မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရန် အတွက် အခက်အခဲများ ရှိနေသလို အဟန့်အတား များစွာလည်း ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ထုတ်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ၌ ၂၀၁၈-၂၀၁၉ တွင် မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၂ ရာခိုင်နှုန်းဟု ခန့်မှန်ထားသည့် အတွက် ၂၀၁၇-၂၀၁၈ ခုနှစ် တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ထက်စာလျှင် နှေးကွေးနေသည်ဟု ဖော်ပြထားသည်။
NLD အစိုးရ တက်လာစ နှစ်များတွင် ငြိမ်းချမ်းရေး အပိုင်းကို ဦးစားပေး ဆောင်ရွက်ခဲ့ပြီး စီးပွားရေး တိုးတက်ရန် တစိုက် မတ်မတ် ဆောင်ရွက်ခြင်း မရှိခဲ့ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။
လက်ရှိ၌ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းထား သလောက် တက်မလာခြင်း၊ ပြည်တွင်း၌ စီးပွားရေး လုပ်ကိုင်နိုင်မှု အခွင့် အလမ်းများ နည်းပါးနေခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ လုပ်ငန်းရှင်များ အတွက် လုပ်ငန်း လည်ပတ်ရန် ရုန်းကန်နေရခြင်း စသည့် အခြေအနေများနှင့်လည်း ကြုံတွေ့ရလျက် ရှိသည်။
လက်ရှိ ၂၀၁၉ ခုနှစ်တွင် ရင်ဆိုင်ရမည့် စီးပွားရေး၏ စိန်ခေါ်မှုများ၊ ဖြစ်လာနိုင်သည့် အကျိုးဆက်များနှင့် လုပ်ငန်းရှင်များ အနေနှင့် မြန်မာ့ စီးပွားရေး အပေါ် မျှော်လင့်ထားသည့် သဘောထားများ၊ အစိုးရမှ ဖြည့်ဆည်း လုပ်ဆောင်ပေးရန် လိုနေ သည့် အခြေအနေများကို ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ဧရာဝတီ သတင်းဌာနမှ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံ မေးမြန်းထားသည်။
ဦးသန်းလွင် ဒုဥက္ကဋ္ဌ (ငြိမ်း)
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်
သာမန်အားဖြင့် ကြည့်ရင်တော့ စီးပွားရေးက လူတိုင်း နီးပါး သိပါတယ်။ ဒီအခြေနေမျိုးက ပြီးခဲ့တဲ့ ကာလကို ကြည့်ရင် သိပ်ပြီးတော့ အဆင်မပြေကြဘူးပေါ့နော်။ ဖြစ်တတ်တာက ဘာလဲဆိုတော့ ဒါက အစိုးရ တခုနဲ့ တခု အပြောင်းအလဲမှာ ဖြစ်တတ်တယ်။ ပေါ်လစီတွေ ပြောင်းတာ ရှိတယ်၊ တည်ဆောက်ပုံလေးတွေ ပြောင်းတာ ရှိတယ်။ အစိုးရ တဖွဲ့နဲ့ တဖွဲ့ စီး ပွားရေး ပေါ်လစီလေးတွေ မတူကြဘူး။
အခုထိ ကြည့်ရတာတော့ စီးပွားရေး အခြေအနေက နည်းနည်းလေး တုံ့ဆိုင်း နေတဲ့ အခြေအနေ ရှိတယ်။ ဘာကြောင့် ဖြစ်ရလဲဆိုတော့ တနည်းအားဖြင့် ပြောရင် ဒါလည်း အားသာချက် ရှိသလို၊ အားနည်းချက်တွေလည်း အများကြီး ရှိတယ်။ အထူးအထွေ သိပ်ပြောစရာ မလိုပါဘူး။ ဒါက နိုင်ငံတော် အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ နောက်ပြီးတော့ သက်ဆိုင်တဲ့ အပိုင်းကို သက်ဆိုင်တဲ့ လူတွေ ကဏ္ဍ အသီးသီးကလည်း တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်နေကြတာပဲ။ သိနေကြပြီ။
ပြောချင်တာက စီးပွားရေး ပေါ်လစီတွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ တည်ဆောက်ပုံတွေ ဘယ်လိုပဲ ပြောင်းပြောင်း မြန်မာ နိုင်ငံက ဈေးကွက် စီးပွားရေးကို ဦးတည် သွားနေမှာ ဆိုတော့ သူများ ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ရှိတဲ့ အခြေခံ မူဝါဒ လေးတော့ မပျက်စေချင်ဘူး ပေါ့နော်။ ဆိုပါတော့ စီးပွားရေး တုံ့ဆိုင်းနေတဲ့ အချိန်တို့ စီးပွားရေး သိပ် ပြီး အဆင်မပြေတဲ့ အချိန်တို့ ဆိုရင် အစိုးရ ဘက်ပိုင်း ဆိုင်ရာက ပုဂ္ဂလိက ကဏ္ဍနဲ့ အညှိအနှိုင်းတွေ လုပ်ရတာပဲ။
အစိုးရ ကဏ္ဍကလည်း ဒီခေတ်မှာ တော်တော်လေး အရေးပါတယ်။ ကြားကာလမှာ လုပ်ပေးရင် သိပ်အဆင်ပြေတယ်လေ။ ဒါကြောင့် ပုဂ္ဂလိက လုပ်ငန်းတွေ တောင်းဆိုနေတဲ့ အခွန်လျှော့ပေးပါ ဆိုတာ မှန်တာပေါ့။ အစိုးရဘက်က ကြည့်ရင်လည်း အခွန်နဲ့ GDP အချိုးတန်ဖိုးက သိပ်နည်းနေတယ်။ ဘာလို့လဲဆိုတော့ အခွန်လျှော့လို့ ရှိရင် ပိုပြီးတော့တောင် ကျသွားဦး မယ်ဆိုတာ ဒါလည်း တဖက်တလမ်း တွေးရတယ်။
အခွန်မလျှော့ပေးလို့ ရှိရင် ပုဂ္ဂလိက လုပ်ငန်းတွေ ဘယ်လိုတက်မလဲ ဒီလိုလည်း ရှိသေးတာကိုး။ အစိုးရလည်း ရေတိုမှာ တော့ အခွန် လျှော့တယ်။ ရေရှည်မှာတော့ ပုဂ္ဂလိက လုပ်ငန်းတွေ ပြန်တက်လာရင် အခွန်ရမှာပဲ။ ဒါတော့ ဒီလိုလေးတွေ ချထားရင်တော့ အဆင်ပြေမှာပဲ။ ဒါက အချက်တချက်ပါ။
စီးပွားရေး မကောင်းရင်လည်း နိုင်ငံ ရေးမှာ ဂယက် လာရိုက်မယ်။ အဲဒါလည်း ဆက်သွားဖို့တော့ အရေးကြီးတယ်။ တကယ်လို့ အစိုးရပိုင်း ဆိုင်ရာမှာ ပေါ်လစီလေးတွေ အပြောင်းအလဲ ဖြစ်လာမယ်။ ဗဟိုဘဏ်နဲ့ အပိုင်းမှာလည်း ပေါ်လစီ လေးတွေ မှန်မှန်ကန်ကန်နဲ့ လုပ်ပေးနိုင်မယ် ဆိုရင်တော့ တက်ဖို့ အလားအလာ ကောင်းပါတယ်။ အခုက ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး (GDP) လည်း ကျနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။
အစိုးရဆီမှာ အကြံပေးတဲ့ အပိုင်းမှာ အားနည်းတယ်လို့ မြင်တယ်။ ဒါက ကဏ္ဍပေါင်းစုံ ပြောတာနော်။ ကဏ္ဍတခုတည်း ပြောတာ မဟုတ်ဘူး။ စီးပွားရေး တခုတည်း ပြောတာ မဟုတ်ဘူး။ အစိုးရဌာန ဆိုတော့လည်း ဝန်ကြီးဌာနတွေက အများ ကြီးပဲလေ။ ဌာနပေါင်း ၂၀ ကျော်လောက် ရှိတာပဲ။ အဲဒီမှာ သူ့ကဏ္ဍ အလိုက် ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ရှိပြီးသားလေ။ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် အနေနဲ့ အားနည်း နေလို့ ရှိရင် လုပ်ငန်းမှာလည်း မတွင်ကျယ်ဘူးပေါ့လေ။
အစိုးရ ဦးဆောင်သွားမယ့် ဟာတွေကျတော့ ကိုယ်ကိုယ်တိုင်က မကျွမ်းကျင်ရင် မကောင်းဘူးလေ။ မကျွမ်းကျင်ရင် ဌာန အလိုက် အကြံပေးတွေ ဖွဲ့ပြီး လုပ်တယ်။ ဒါတွေက ချက်ချင်း လက်ငင်း လုပ်ရမယ့် အဖွဲ့တွေ စောင့်ဆိုင်းနေလို့ မရဘူး။ မမှားမိအောင် လုပ်ဖို့ ဆိုတာက အကြံပေးတွေက သိပ် အရေးကြီးတာပေါ့။ ပိုအရေးကြီးတာက အစိုးရ တခုနဲ့ တခု အပြောင်းအလဲမှာ ပို အရေးကြီးတယ်။ ဒါလေးတွေတော့ နည်းနည်းလေး ဂရုစိုက်ဖို့ လိုတယ်။
တိုင်းပြည်မှာလည်း အကြံပေးနိုင်တဲ့ ပညာရှင်တွေ အများကြီး ရှိပါတယ်။ အစိုးရက မြင်တတ်ရင်တော့ ခေါ်လို့ပါတယ်။ ခေါ်သုံးလို့ ရပါတယ်။ ယေဘူယျတော့ အကြံပေးလို့ ရပါတယ်။ အရေးကြီးတာက အစိုးရပိုင်းက ဘယ် ကဏ္ဍမှာတော့ ဘယ်သူတွေ ရှိတယ် ဘာဆိုတာ လိုက်ရှာရမှာ။
လောလောဆယ် တရုတ်နဲ့ ပတ်သက်ရင် စိတ်ခုစရာ အကြောင်းတွေ ရှိပေမယ့်လို့ နမူနာကောင်းတွေ ရှိတယ်။ ဘာကြောင့် ဒီလို တရုတ် စီးပွားရေး ထိုးတက်သွားလဲ ဆိုတာ ပြန်သုံးသပ်ရင်တော့ အဓိကတော့ သူက ပညာရှင်ကို သုံးတာ။ အဲဒါ သိပ် အရေးကြီးတယ်။ ပညာရှင်ကို သုံးရင် ပြီးခဲ့တာလည်း သင်ခန်းစာ ယူလို့ရတယ်။ ရှေ့ဆက်လည်း မမှားအောင်လို့ ကျော် လွှားလို့ ရတယ်။ မှားယွင်းလို့တော့ မဖြစ်ဖူးပေါ့နော်။ ကိုယ်က အတွေ့အကြုံ မရှိဘဲနဲ့ မှားသွားပြန်ပြီ ပြန်ပြင်ပါအုံး။
အဲဒီလိုတော့ လုပ်လို့ မရဘူးလေ။ အတိမ်းအစောင်း မခံဘူးလေ။ အရင်တုန်းက အစိုးရ ဘာမှားခဲ့လဲ သင်ခန်းစာ ယူရမှာ ကိုယ်က မမှားအောင် ဆက်လုပ်။ ဘာလို့ဆိုတော့ အချိန်က သိပ်စကား ပြောတယ်။ အချိန်က အခုဆိုရင် လုပ်ရင်းကိုင် ရင်းနဲ့ ၃ နှစ် ရှိသွားပြီ။
ကျနော်တို့လည်း အရပ်သား အစိုးရ တက်လာတယ် ဆိုတော့ ဝမ်းသာပါတယ်။ ကူညီပေးချင်ပါတယ်။ အပေါ်အချက်တွေ ကိုတော့ သေသေချာချာ စဉ်းစားပြီးတော့ စီးပွားရေး ပေါ်လစီ ချတဲ့အခါမှာ စနစ်ကျဖို့ လိုတယ်။ အစိုးရ ဌာနတွေမှာ ကျွမ်း ကျင်တဲ့သူတွေ များများ ခန့်လာဖို့ လိုတယ်။ မကျွမ်းကျင်တဲ့ သူတွေကိုတော့ တဖြေးဖြေးတော့ နည်းနည်း လျှော့ပေးဖို့ လို တယ်။ ဒါ အရေးကြီးတယ်။
အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်နေတော့ တဖက်က စီးပွားရေးကို လစ်ဟင်းမှု ရှိနေတယ်။ ဒီဘက်ကိုလည်း အာရုံ စိုက်စေချင်တယ်။ ဒီဘက်ကလည်း စီးပွားရေး တိုးတက်လာရင်တော့ ငြိမ်းချမ်းရေးကို အကျိုးပြုတယ်။
ဒေါက်တာ မောင်မောင်လေး ဒု ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
၂၀၁၉ ခုနှစ်မှာတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေက ၂၀၁၈ ခုနှစ်လို ပုံစံမျိုးပဲ ရှိပါတယ်။ ဒါလေးတွေကို ကျော် လွှားနိုင်အောင်လို့ ၂၀၁၈ ခုနှစ်ရဲ့ စိန်ခေါ်မှုတွေကို သိထားဖို့ လိုသလို၊ သင်ခန်းစာတွေ ကိုလည်း ယူပြီးတော့၂၀၁၉ မှာ လာမယ့် စိန်ခေါ်မှုလေးတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ကြိုပြီးတော့ တွက်ချက်ထားဖို့ လိုပါတယ်။ ဘာကို လုပ်သင့် တယ် မလုပ်သင့်ဘူး ဆိုတာတော့ ကြိုတင် စဉ်းစားထားပြီးတော့ လုပ်သင့်တယ်။
ကမ္ဘာမှာ မြန်မာနိုင်ငံဟာ အရင်လို အထီးကျန်လို့ မဟုတ်ဘဲနဲ့ ကမ္ဘာနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက် လုပ်ကိုင်နေတဲ့ အတွက် ပြောင်းလဲနေတဲ့ ဟာတွေကို သေသေချာချာ စဉ်းစားဖို့ လိုပါတယ်။ နိုင်ငံရေး စီးပွားရေးက ချိတ်ဆက်နေတယ်။ ဒါလေးတွေကို ပြင်ဆင်ထားဖို့ လိုတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကမ္ဘာ့ ငွေရေးကြေးရေးမှာလည်း အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်း တင်လိုက်တဲ့ အတွက် တက် သစ်စ ဈေးကွက်တွေ ဖြစ်တဲ့ အာဂျင်တီးနားတို့၊ တောင်အာဖရိကတို့ အိန္ဒိယတို့ သီရိလင်္ကာတို့က အစစအရာရာ ရိုက်ခတ် မှုတွေ ရှိပြီးတော့ သူတို့ရဲ့ ငွေရေးကြေးရေး တန်ဖိုး ကျဆင်း သွားတာတွေ ရှိပါတယ်။ ဒါဟာ အခြေခံကောင်း မရှိတဲ့ အတွက် ဒီအတက်အကျ ကြမ်းတာကို ခံနိုင်ရည်ကောင်း မရှိပါဘူး။ အထူးသဖြင့် ပြည်သူတွေပေါ့နော်။ ဒါကို ခံနိုင်စွမ်း မရှိ တဲ့ အတွက် ဒါလေးတွေကို သတိထားဖို့ လိုပါတယ်။
အနောက်နိုင်ငံက နှာချေလိုက်ပြီဆို မြန်မာနိုင်ငံက ဖျားနေပြီလို့ ခဏခဏ ပြောပါတယ်။ တင်းမာနေတဲ့ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ စည်းကြပ်မှုတွေကလည်း အပြောင်းလဲတွေ ရှိလာနိုင်တယ်။ အခုကတော့ ဆွေးနွေးတုန်း ရှိပါသေးတယ်။ ဒါလေးတွေက ကိုယ့်ကို ဂယက် ရိုက်နိုင်လား ဆိုတာ ထည့်သွင်းပြီး တွေးခေါ် စဉ်းစားဖို့ အများကြီး လိုပါတယ်။ ဒါက မြန်မာနိုင်ငံတင် မဟုတ်ပါဘူး။ ဒေသတွင်း နိုင်ငံတွေလည်း စတင် ပြင်ဆင်နေတာ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာကတော့ အခုက အောက်ကို နည်းနည်း ရောက်နေပြီးတော့ နှေးကွေးနေတဲ့ ဟာ လေးတွေ ရှိပါတယ်။ ဒါကို အားလုံးက ဝိုင်းဝန်းပြီးတော့ စီးပွားရေးကို ဆွဲတင်ဖို့ ပိုလိုပါတယ်။ တော်တော်များများက ၂၀၁၈ ခုနှစ်မှာ စီးပွားရေး နှေးကွေးတယ်။ စီးပွားရေး တန့်နေတယ်။ တချို့က ကျသွားတယ်တောင် ပြောပါတယ်။ ဒါလေးတွေကို သတိချပ်ပြီးတော့ လုပ်ဖို့လိုပါတယ်။ အဓိကတော့ ငွေရေးကြေးရေးမှာ ဝင်ငွေ၊ ထွက်ငွေ မမျှတာလေးတွေ ရှိတယ်။
ဝင်ငွေ ထွက်ငွေ မျှအောင်လို့ အသုံးစရိတ်က အစ စိစစ် ဖို့လည်း လိုပါတယ်။ နိုင်ငံပိုင် တချို့ ရှုံးနေတဲ့ လုပ်ငန်းလေးတွေကို အခွန်ငွေ ဘယ်လို ရအောင် လုပ်မလဲ။ အယိုအဖိတ်တွေ ကာမိအောင် ဘယ်လို လုပ်မလဲဆိုတာ ထိန်းသိမ်းရေးနဲ့ တွန်း အားလေး ပေးဖို့လိုပါတယ်။
လုပ်ငန်း ပရောဂျက်တွေကို ချပေးတာ၊ တကယ် အကျိုးအမြတ်ရှိမယ့် လုပ်ငန်းတွေကိုလည်း ဖော်ဆောင်ဖို့ တိုးချဲ့လာဖို့ တွေ လိုပါတယ်။ အခြေခံ အဆောက်အအုံတွေ တိုးတက်လာအောင်၊ အလုပ်ကိုင် အခွင့်အလမ်းတွေ တိုးတက်လာအောင် နိုင်ငံတော် အနေနဲ့ လုပ်ပြီးတော့ လုပ်ငန်းရှင်နဲ့ အစိုးရ စကားပြောတာတို့ ပူးပေါင်း ဆောင်ရွက်တာတို့ လုပ်ပြီးတော့ လုပ်ငန်း သစ်တွေကို ဆောင်ရွက်တာ၊ အလုပ်အကိုင်သစ် ရရှိရေးတွေကို ဆောင်ရွက်တာ လုပ်သင့်ပါတယ်။
ရွေးကောက်ပွဲနဲ့ နီးလာတဲ့ အတွက် နိုင်ငံတော်ကလည်း လုပ်ပြဖို့ လိုလာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အနေနဲ့က အိမ် အိုကြီးကို ပြုပြင်ပြောင်းလဲ နေရတဲ့ ပုံစံမျိုး ဖြစ်တဲ့ အတွက် လုပ်ရကိုင်ရတာ တော်တော်လေး ခက်ပါတယ်။ ဒါ့ပြင် လူ တွေရဲ့ တွေးခေါ်ပုံ၊ နေထိုင်မှုတို့က တော်တော်လေးကို လုပ်ဖို့ လိုပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အတွက် ဒေသ တွင်းမှာ အောက်ဆုံး ရောက်နေတာကို အပေါ်ကို ဆွဲတင်နိုင်ဖို့ အတွက်ကို အားလုံးက တာဝန်ရှိစိတ် ရှိရှိနဲ့ ဝိုင်းဝန်းပြီး တော့ ကျောချင်းကပ် လုပ်ဆောင်ဖို့ လိုပါတယ်။
အဓိကတော့ ပြည်တွင်း ငြိမ်းချမ်းရေးရမှ တိုးတက်နိုင်ပါတယ်။ ဘယ်နိုင်ငံ မဆိုပါ။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ရ အောင် အားလုံးက အသိရှိရှိ ပြုပြင် ပြောင်းလဲ၍ ပြည်တွင်း ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ဖို့လည်း လိုပါတယ်။
GDP အချိုးတွေကို ကြည့်ပြီးတော့ နိုင်ငံတိုင်းမှာ ဘဏ်တို့ ဘာတို့ကနေ ချေးပြီးတော့ တိုင်းပြည် တပြည်ရဲ့ အခြေခံ အဆောက်အအုံကို တည်ဆောက် သွားတယ်။ မြှင့်တင် သွားတာတွေ ရှိပါတယ်။ ဒါကြောင့် အဂတိ ကင်းရှင်းစွာ လုပ်မယ် ဆိုရင် ရဲရဲဝင့်ဝင့်နဲ့ ဖော်ဆောင်ဖို့ လိုပါတယ်။ ဒါတွေက မက်ခရို စီးပွားရေးမှာ ကျင့်သုံးပြီးတော့ အားလုံးက သတိချပ်ဖို့ လိုပါတယ်။
Ease of Doing Business ဆိုတာ ရှိပါတယ်။ ရင်းနှီး မြှုပ်နှံမှုကို ဖော်ဆောင်တဲ့ နေရာမှာ လျှပ်စစ်မီး မရှိလို့ မရပါဘူး။ လျှပ်စစ်မီး ရှိဖို့ လိုပါတယ်။ ဒါကိုလည်း ရဲရဲဝံ့ဝံ့နဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လျှပ်စစ်မီး ရရှိနိုင်ဖို့ ဘယ်နည်းလမ်းနဲ့ ဖော် ဆောင်မလဲ ဆိုတာ သူတို့ ပြတ်ပြတ်သားသား လုပ်ဖို့ လိုပါတယ်။
နောက်ပြီးတော့ လျှပ်စစ် မီတာခတွေကို တိုင်းပြည်က ကျခံနေရတယ် ဆိုတာလည်း ဒါကို ရှဉ့်လည်း လျှောက်သာ ပျား လည်းစွဲသာ ဖြစ်အောင် သတ္တိရှိရှိ လုပ်ဖို့ လိုပါတယ်။ နောက်တချက်က မြန်မာနိုင်ငံမှာ ကျွမ်းကျင် လုပ်သား ရှားပါးမှု ကိုလည်း အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ ဖော်ဆောင်ဖို့လည်း ပညာရေးမှာလည်း ရင်းနှီးမြှုပ်နှံပေးဖို့ လိုပါတယ်။
၂၀၁၈ ခုနှစ်မှာ UMFCCI ကိုတော့ နိုင်ငံ ပေါင်းစုံက လာပါတယ်။ တော်တော်လေး ဝမ်းသာစရာလည်း ကောင်းပါတယ်။ အနောက်နိုင်ငံတွေကလည်း လာပါတယ်။ အခုနှစ်မှာလည်း ဆက်လက် လာဖို့ ရှိပါတယ်။ ကိုယ်သာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်အောင်၊ လျှပ်စစ်မီးတွေ ရရှိအောင်၊ လမ်းပန်း ဆက်သွယ်ရေးတွေ ကောင်းအောင်၊ ရှိခဲ့တဲ့အလုပ်သမား ပြဿနာတွေ ဘာတွေကိုလည်း ရှင်းပြီးတော့ တစိုက်မတ်မတ်နဲ့ ဥပဒေဘောင် အတွင်းက လုပ်ဆောင် သွားနိုင်မယ် ဆိုရင် မြန်မာနိုင်ငံက ဒီထက် မတိုးတက် နိုင်စရာ အကြောင်း မရှိပါဘူး။
ဒါ့အပြင် ငွေရေးကြေးရေး ဒေါ်လာနဲ့ ပတ်သက်တာ အတက်အကျ ဖြစ်ဖို့ ဟာကလည်း အမေရိကန်ရဲ့ ဗဟိုဘဏ်က ဖက်ဒရယ် ရလဒ်က အခုနှစ်မှာ ၂ ကြိမ်လောက် အတိုးနှုန်းကို တင်နိုင်စရာ အကြောင်းလေး ရှိပါတယ်။ ဒေါ်လာ ဈေး ကြောင့် ကျပ်ငွေ တန်ဖိုး မကျအောင် ရိုက်ခတ်မှု မရှိနိုင်အောင် ကြိုတင် ပြင်ဆင်ထားဖို့ အများကြီး လိုပါတယ်။ ရေနံဈေးကို အထိုက်အလျှောက် အတက်အကျ ခံနိုင်ရည် ရှိအောင်တော့ မြန်မာနိုင်ငံက အမျိုးမျိုး လက်တွေ့ကျကျ ပြင်ဆင်ထားဖို့ လိုတယ်။ ရေနံဈေး အတက်အကျ များခဲ့ရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာလည်း ထိခိုက်နိုင်သလို မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု အတွက်ကိုလည်း ရိုက်ခတ်နိုင်တဲ့ အတွက် အစစအရာရာကိုတော့ တွေးတော ပြင်ဆင်ပြီးတော့ ကြို တင် ချမှတ် ထားသင့်တယ်လို့ ထင်ပါတယ်။
အဓိကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အရေးကြီးပါတယ်။ ဘယ်နိုင်ငံမှ မငြိမ်းချမ်းဘဲနဲ့ တိုင်းပြည် တိုးတက်မှု မရှိနိုင်ပါ ဘူး။ မြန်မာနိုင်ငံဟာ ဒေသတွင်း နိုင်ငံများရဲ့ စီးပွားရေး အရရော၊ လူသား အရင်းမြစ် ဖွံ့ဖြိုးရေး အရရော၊ လူမှုရေး အရရော နိမ့်ကျနေတဲ့ အခြေအနေကနေ ပြန်လည် ဦးမော့လာအောင် ငြိမ်းချမ်းရေးမှာလည်း အာရုံ စူးစိုက်ပြီး ဝိုင်းလုပ်ကြဖို့၊ ပညာ ရေးမှာရော ရင်းနှီးမြှုပ်နှံပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေမှာ အလုပ်အကိုင် အခွင့်လမ်းများများ ရရှိနိုင် အောင် ဝိုင်ဝန်း ကြိုးစားသင့်တယ်လို့ ထင်တယ်။ နောက်မို့ဆိုရင် ပြည်ပကို သွားပြီးတော့ အလုပ်အကိုင် ရှာနေရတဲ့ အဖြစ် ဆိုးကို မရောက်စေချင်ပါဘူး။ ဒါကြောင့်မို့ အားလုံးကတော့ ဘက်စုံ တိုင်းပြည် တိုးတက်အောင်လို့ ဝိုင်းဝန်းလုပ်ကြဖို့ လိုပါ တယ်။
ဒေါက်တာ စိုးထွန်း ဥက္ကဋ္ဌ
မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူး ရောင်းချသူများ အသင်း
ကျနော်တို့ကတော့ စီးပွားရေး ပိုပြီး ကောင်းဖို့ မျှော်လင့်ကြတာပဲ။ ဒါပေမယ့် လက်ရှိ အခြေအနေ အရတော့ သတိထားပြီး တော့ လုပ်ရမယ့် အနေအထားပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့၂၀၁၉ ခုနှစ်မှာလည်း ကမ္ဘာ့ အခင်းအကျင်း ပြန်ကြည့်ရင် အမေ ရိကန်နဲ့ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲက မပြီးသေးဘူး။ ခဏပဲ သူတို့ ဆိုင်းငံ့တဲ့ သဘောပဲရှိတော့ ဒါကို ခဏ ပြန် စောင့်ကြည့်ရမယ့် သဘောပဲ မြင်တယ်။
ဒုတိယ အချက်ကတော့ ကမ္ဘာမှာ ကုန်သွယ်ရေး စစ်ပွဲ အရှိန်ကြောင့် ဘာတွေ ဖြစ်လာလဲ ဆိုရင် ကုန်ပစ္စည်းတွေ ဈေးနှုန်း ကျတဲ့ ဟာမျိုးတွေ ရှိတယ်။ ရှိတဲ့ အခါကျတော့ ကျနော်တို့ တိုင်းပြည်ကလည်း လယ်ယာ ထွက်ကုန်ကိုပဲ အဓိက တင်ပို့ တော့ သတိထားရမယ့် အနေအထား မြင်တယ်။ ဆန်ဆို မနှစ်က တန်ချိန် ၃ သန်းလောက် ပို့ခဲ့ပေမယ့် ဒီနှစ် ဘတ်ဂျက်မှာ တော့ နှစ်သန်းတောင် မပြည့်နိုင်ဘူး ဖြစ်နေတယ်။
အဲဒီတော့ တင်ပို့မှု လျော့ကျသွားတဲ့ အတွက် သတိထားရမယ့် အချက်ပဲ။ ပိုလျှံလာမယ့် ဆန်စပါးတွေ အတွက် ထားရမယ့် နေရာ အခက်အခဲ ဖြစ်လာမယ်။ နှစ်အချက်က ကျနော်တို့က ဈေးနှုန်းကျတဲ့ ပြဿနာကို ကြုံတွေ့လာနိုင်တဲ့ အနေအထား မို့ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်။
ပြန်ကြည့်မယ် ဆိုရင် ကျနော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံပေါ့နော်။ တရုတ်နိုင်ငံ ဆိုရင် နယ်စပ်က တဆင့် ဆန်တို့ သကြားတို့ ပြောင်းတို့ ဖရဲတို့ အကုန်လုံး သွားတယ်။ လက်ရှိ ၂ လ၊ ၃ လလောက် အခြေအနေမှာ သွားရလာရ ခက်တဲ့ အနေအထား ရှိတာကြောင့် လက်ရှိ အနေအထားမှာလည်း ဆန်စပါး တင်ပို့က လျော့ကျတာ ဖြစ်တယ်။ ပြောင်းဆိုရင် တင်ပို့မှုရဲ့ ၉၉ ရာခိုင်နှုန်းက တရုတ် နိုင်ငံကို သွားတာ။
အခု တရုတ်ကို တင်ပို့မှု ခက်ခဲလာ နိုင်တယ်လို့ မြင်တာပေါ့နော်။ ပြောရရင်တော့ ဒီနှစ်က စိန်ခေါ်မှု ပိုများတယ်။ ပြောရ ရင်တော့ ဒီနှစ်မှာ လယ်ယာ ထွက်ကုန် ပစ္စည်းတွေကို အဓိက တင်ပို့တဲ့ ကျနော်တို့ တိုင်းပြည် အနေနဲ့ သတိထားပြီး လုပ်ကိုင်ရမယ့် အခြေအနေ ရှိတယ်။
ကျနော်တို့ရဲ့ အခြေခံ ဖြစ်တဲ့ ဆန်တို့ လယ်ယာ ထွက်ကုန် ပစ္စည်းတွေ ဈေးကွက် ရရှိမှု အနေအထား အခု မရေရာသေး ဘူး ဖြစ်နေတယ်။
ကျနော်တို့က တရုတ်နိုင်ငံနဲ့လည်း တရားဝင် နယ်စပ် ကုန်သွယ်ရေး ကိစ္စကလည်း မဖြေရှင်းနိုင်သေးဘူး။ အိန္ဒိယ နိုင်ငံနဲ့ လည်း ကျနော်တို့က ပဲကိစ္စက လက်မှတ် မရေးထိုးနိုင်သေးဘူး။
နောက်ကျန်တဲ့ ကဏ္ဍတွေကို ကျနော်တို့ တိုင်းပြည် အနေနဲ့ ပြန်ကြည့်ရင်လည်း ဆောက်လုပ်ရေးတို့ ခရီးသွားတို့မှာ ဆိုရင် ရခိုင် ကိစ္စဖြစ်တဲ့ အတွက် သိပ်ပြီးတော့ မျှော်လင့်လို့ မရဘူး။ ဒါကြောင့် ပြောရရင်တော့ စီးပွားရေး ကဏ္ဍမှာ ဆိုရင် ဒီနှစ်က သတိထားပြီး လုပ်ကိုင် ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။
ကျနော် မြင်တာတော့ ၂၀၁၉ ခုနှစ်မှာ အစိုးရ အနေနဲ့ တိုင်းပြည် စီးပွားရေး ပိုပြီးတော့ ကောင်းအောင် လုပ်ဖု့ိ လိုတယ်လို့ မြင်တယ်။ ဒါမှ ၂၀၂၀ ပြည့်နှစ်မှာ အာဏာရ အစိုးရ အနေနဲ့ အခွင့်အလမ်း ပိုရမယ်လို့ မြင်တယ်။ လူတွေရဲ့ သူတို့ပေါ်မှာ မျှော်လင့်ချက် အနေအထား အရ နည်းနည်းလေးတော့ ဒါ ဖြစ်လာနိုင်တယ်လို့ မြင်တာပေါ့ နော်။ ကျနော်တို့ မြင်တာကတော့ ၂၀၁၉ ခုနှစ်မှာတော့ အစွမ်းကုန် ဆောင်ရွက်ဖို့ လိုတယ်။
အစိုးရ ကတော့ စီးပွားရေးနဲ့ ပတ်သက်ရင် အဆင်ပြေတယ်လို့ သုံးသပ်နေတယ် ပေါ့နော်။ အဲဒီအခါကျတော့ ကျနော်တို့ လုပ်ငန်းရှင်တွေ ပြောနေတာလည်း အပိုတွေ ပြောနေတယ်လို့ ယူဆတယ်ပေါ့နော်။ အဲဒီ တချက်တော့ တဖက်နဲ့ တဖက် တွေးပုံတွေးနည်း နည်းနည်းလေး လိုနေတာပေါ့နော်။ ဒါကတော့ အခြေခံ အချက်လို့ မြင်တယ်။ အဆင်ပြေတယ် ဆိုတော့ သူတို့က ဒီအတိုင်း ထိုင်နေရုံပဲ ရှိတာပေါ့နော်။ ပြောင်းစရာ မလိုဘူးပေါ့နော်။ စီးပွားရေး ကောင်းနေတယ်။ တက်နေတယ် လို့ မြင်ရင်တော့လည်း ဒီအတိုင်း ဆက်သွားရမယ့် သဘော ရှိနေတယ်။
ကျနော်တို့ ဆီမှာ ရှိနေတဲ့ ပြဿနာလေးတွေလည်း ရှိတယ်ပေါ့နော်။ ဒါလေးတွေကို အစိုးရအဖွဲ့ တာဝန်ရှိသူ သိရင် ပို ကောင်းတယ်။ တရုတ်နိုင်ငံတို့ ဘာတို့နဲ့ နယ်စပ် ကုန်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့ တိုင်းပြည်မှာ သွားနေတဲ့ ကုန်ပစ္စည်းတွေက တရားဝင် ဖြစ်ပေမယ့် တရုတ်ဘက်မှာ တရားမဝင် ဖြစ်နေတာတွေကို ဆုံးဖြတ်ချက်ချတဲ့ သူတွေက အခြေခံ အကြောင်းတရား သိဖို့ လိုတာပေါ့။
တချို့ဟာတော့ အပြောင်းအလဲတွေ လုပ်လာတယ် ပြောတယ်။ ဒါကလည်း ချက်ချင်းကြီး ပြောင်းလဲတာ မဟုတ်ပါဘူး။ နိုင်ငံခြား ဘဏ် လုပ်ကိုင်ခွင့်ဘာတို့ အစိုးရ အဆက်ကို တင်ပြထားခဲ့တယ်။ ကုမ္ပဏီ မှတ်ပုံတင် စနစ်ကို အွန်လိုင်း ပြောင်း တာတို့ ဘာတို့က ကြိုဆိုပါတယ်။ အိမ်နီးချင်း နိုင်ငံတွေ သွားနေတဲ့ နှုန်းကို ကြည့်မှ ရမယ်။ အရင်က ကျနော်တို့ နောက်မှာ လာအို၊ ကမ္ဘောဒီးယား ကျန်တယ်ပေါ့နော်။ အခုကတော့ ဘယ်သူမှ မကျန်တော့ဘူး။ ကျန်နေတဲ့ တိုင်းပြည် ပြောင်းလဲမှု ထက်စာရင် ကျနော်တို့က ကျန်နေခဲ့တယ်။
ကိုယ်နဲ့ အနားမှာ ရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေ အာဆီယံ နိုင်ငံတွေ ဘယ်လို သွားနေလဲ ဘယ်လို ပြောင်းနေလဲ ဒါတွေ ကျနော်တို့က လေ့လာဖို့ လိုတယ်။ ကိုယ်ပြောင်းလဲခဲ့တာလေး ကျေနပ်နေတာနဲ့ ကျနော်တို့ အနေနဲ့ လူတွေ လိုလားတဲ့ တကယ့် လိုအပ်ချက်ကို ဖြည့်ဆည်းတယ်လို့ မမြင်ဘူးပေါ့နော်။ ပြန်ကြည့်မယ် ဆိုရင် ပြောင်းလဲလား မပြောင်းလဲလား ဆိုတာ အခြေခံကို ကြည့်ပေါ့နော်။
အရင်တုန်းကလည်း နိုင်ငံခြားမှာ အလုပ်သွား လုပ်ကြတယ်။ အစိုးရသစ် တက်လာတယ် နိုင်ငံခြားက လူတွေ ပြန်လာဖို့ တောင် ဖိတ်ခေါ်တယ်။ အခုက ပြန်မလာတဲ့ အပြင်တောင် ပတ်စပို့ရုံးမှာ ထပ်တောင် တိုးနေတယ်။ အဓိပ္ပာယ်က တိုး တက်တယ်၊ ပြောင်းလဲတယ် ဆိုရင်တော့ နိုင်ငံခြားက သူတွေ ပြန်လာမှာပေါ့။ ဘာလို့ ပြန်မလာလဲ။ ဒါကို ကြည့်ရမယ်လို့ ကျနော်တို့ မြင်တယ်။ လုပ်ငန်းရှင်တွေ ဘာတွေ ပြောတဲ့ အသံကို နားထောင်တာထက် စာရင် အောက်ခြေမှာ ကျနော်တို့ ဆင်းကြည့်လိုက်တာနဲ့ ပြန်ပြီး သွားနေလား၊ ဆက်ထွက်နေလား၊ ဟိုဘက်က ပြန်လာနေလား၊ အလုပ်အကိုင် အခွင့် အလမ်း တကယ်ရလား၊ လုပ်တဲ့ လစာရော၊ ဝင်ငွေ ကရော စားလောက်ရဲ့လား။
ဦးတင့်လွင်
ဥက္ကဋ္ဌ
ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မရှင်
စီးပွားရေး ကတော့ ပြည်ထောင်စု အစိုးရရော၊ တိုင်းဒေသကြီး အစိုးရရော၊ လွှတ်တော် ကရော ကြိုးစားနေတာတော့ ရှိတာ ပေါ့လေ။ ပေါ်လစီမှာ စီးပွားရေး ကလည်း အရေးကြီးတာ ဆိုတော့လေ။ အဓိကတော့ အောက်ခြေ လူတန်းစားပေါ့နော်။ ကျနော်တို့ ရန်ကုန်တိုင်း အနေနဲ့က ရွှေ့ပြောင်း လုပ်သားတွေ များတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေကို သူတို့ ဒေသက မဖန်တီးပေးနိုင်တော့ ရန်ကုန်ကို ရောက်လာတယ်။ နိုင်ငံတကာမှာ စီးပွားရေး တိုးတက်ဖို့က အသေးစားနှင့် အလတ်စား(SME) လုပ်ငန်း တွေက အရေးကြီးတယ်။ ဒါကြောင့်မို့ ဒီကိစ္စကို SME လုပ်ငန်းတွေ တိုးတက်ဖို့ အတွက် ချေးငွေတွေ ဘာတွေ ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒါကို ထိထိရောက်ရောက် လုပ်နိုင်တယ် ဆိုရင်တော့ တော် တော်လေး အဆင်ပြေ၊ တိုးတက်မယ် ထင်တယ်။ ပါတီဘက်ကရော အစိုးရ ဘက်ကရော လုပ်ဆောင်နေတာ ရှိပါတယ်။
SME တွေကို Two stept loan ပေးတယ်ပေါ့နော်။ နိုင်ငံခြားကနေ ဈေးသက်သက်သာ သာရတယ်။ ဒါပေမယ့် ဘဏ်က ကြားကနေ ရှိနေတဲ့ အခါကျတော့ ဟိုဘက်က ဈေးသက်သာ သလောက် ဆိုပါတော့ ၁ ရာခိုင်နှုန်း၊ ၂ ရာခိုင်နှုန်း ရှိနေ တယ်။ တဆင့်ကျတော့ ၈ ရာခိုင်နှုန်းလောက် ဖြစ်တော့ မကျေလည် ကြတာလည်း ရှိတယ်။
ဒါပေမယ့် အဲဒီ ပြဿနာက ဘာလဲဆိုတော့ ချေးတဲ့သူ ကိုယ်တိုင်က သတ်မှတ်ထားတာ။ နိုင်ငံတကာ စံအရ ဝေစုနှုန်း ထက် လျှော့ပြီး ချေးလို့ မရဘူး။ နောက်မို့ဆိုရင် သူ့ငွေကို ချေးပြီးတော့ ဘဏ်မှာ ပြန်အပ်မှာ စိုးလို့။ ဒါကြောင့် ဒီက ငွေစု ဘဏ် နိမ့်တဲ့နှုန်းနဲ့ ချေးခွင့် မပြုဘူး။ ဒါကြောင့် အတိုးနှုန်းမှာ နည်းနည်းတော့ များတယ်။
ဒါပေမယ့်လည်း တနှစ်မှာ အတိုးနှုန်းက ၈ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းဆိုတော့ ၁ ကျပ်အောက်မှာ ရှိတာ ဖြစ်တဲ့ အတွက် မဆိုးဘူးပေါ့နော်။ ချေးငွေ ရဖို့က နည်းနည်း ခက်နေတာပေါ့။ ခက်နေတဲ့ အပိုင်းက ဘာလဲဆိုတော့ နိုင်ငံတကာမှာ ဘဏ်တွေအနေနဲ့က အာမခံ မရှိဘဲ ပေးရမယ့် ပြဿနာ ရှိတယ်လေ။ ဒါကြောင့် လုပ်ငန်းရှင်တွေကို လေ့လာတဲ့ အခါ ကျတော့ လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို ဘဏ်က ဖြည့်ဆည်းပေးမှု အားနည်းနေတယ်။
ဘာကြောင့်လဲ ဆိုတော့ ဥပမာ အခွန်ဆောင်ပြီးသား ဖြစ်ရမယ်တို့ ဘာတို့ပေါ့။ ဒီမှာက အခွန်မဆောင်ချင်လို့ မဟုတ်ဘူး။ ဆောင်ရမှာကို မသိတဲ့ဟာတွေ အားနည်းတာတွေ ရှိတယ်။ စာရင်းဇယားနဲ့ ပတ်သက်ပြီး စနစ်တကျ မထားဘူး။ ဒါတွေက ပြဿနာ ရှိတယ်။ နိုင်ငံတကာ စံအရ ဆိုရင် ဒါတွေမရှိရင် ချေးမှာ မဟုတ်ဘူး။ အဲဒီတော့ မြန်မာ လုပ်ငန်းရှင် အနေ အထားနဲ့ မကိုက်ဘူးပေါ့နော်။ ဒါကို ညိုပေးရမယ်ပေါ့။
အစိုးရဘက်က လုပ်ရကိုင်ရ ခက်တာလေးတွေလည်း ရှိတယ်။ ဥပမာ တက္ကစီ ပြဿနာမျိုးပေါ့။ ရန်ကုန်မြို့မှာဆိုရင် လိုအပ်တာထက် များနေတယ်။ ဒါကို လျှော့ချဖို့ အစိုးရ စည်းကမ်း အမိန့်တွေ ဘာတွေ ထုတ်ပြီးမှ လျှော့ချလို့ရမယ်။ ဒါဆို ပြဿနာက စီးပွားရေးနဲ့ ဆက်စပ်နေတော့ လူတွေရဲ့ ထွက်ပေါက် တခု ဖြစ်နေတယ်။ မိသားစု တချို့ရဲ့ စားဝတ် နေရေး ဖြစ်နေတယ်။ ရည်ညွှန်းချက်တွေ လျှော့ဆိုပြီး ပြတ်ပြတ်သားသား အရေးယူဖို့ ခက်တာပေါ့နော်။
အဘက်ဘက်က ကြည့်နေရတာတွေ စီးပွားရေးကို ထောက်ပြီး လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်နိုင်ဘူး။ အခုဆိုလည်း စည်ပင် ဥပဒေက သက်ရောက်မှု ရှိနေပြီ။ စီးပွားရေးနဲ့ ပြည်သူကို ထိန်းကျောင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေ လူတန်းစားနဲ့ ပတ်သက်နေတော့ အစိုးရ အနေနဲ့ လုပ်ရကိုင်ရ ခက်တာ။ ဒါပေမယ့် အစိုးရ၊ လွှတ်တော်၊ ပြည်သူ၊ ဌာန ဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရင် အရင်ထက် တိုးတက်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဘာလို့လဲဆိုတော့ အခု အများ ပြည်သူ သယ်ယူ ပို့ဆောင်ရေးကိုလည်း အစိုးရက ကောင်းအောင် လုပ်နေတယ်။ ကတ် စနစ်ကိုလည်း လုပ်နေတယ်။ ပြောင်းသွားမယ် ဆိုရင် ကောင်းသွားမယ် ဆိုရင် ယာဉ်ကြော ပိတ်ဆို့တာတွေ ဘာတွေ လည်း ရှင်းသွားမယ်။ လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုလွယ်သွားမယ်လို့ ထင်ရတယ်ပေါ့လေ။ အများပြည်သူ သယ်ယူပို့ဆောင်ရေးက အရေးကြီးတယ်။ လှိုင်သာယာတို့ ဘာတို့ကနေ မြို့ထဲလာပြီး အလုပ် လုပ်ရ တာဆိုရင် လမ်းပန်း ဆက်သွယ်ရေး မကောင်းရင် အဆင်မပြေတာတွေ ရှိမယ်။ ဒါတွေက စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ ဟာတွေ ဖြစ်တယ်။
နောက်ပြီး ပြည်ပ ရင်းနှီးမြှုပ်နံှမှုတို့ ဘဏ်ချေးငွေတို့လည်း ဆက်စပ်နေတယ်။ အခု နိုင်ငံခြားဘဏ်တွေလည်း ဝန်ဆောင်မှု ပေးတာရှိတော့ အခွင့်အလမ်း ပိုရလာမယ်။ ဘာပဲဖြစ်ဖြစ် လုပ်ငန်းကြီးတွေက နိုင်ငံခြား ဘဏ်တွေရဲ့ ချေးငွေရသွားပြီ ဆိုရင် ပုဂ္ဂလိက ကျန်တဲ့ ဘဏ်တွေရဲ့ ချေးငွေကလည်း SME လုပ်ငန်းလေးတွေဘက် ရောက်လာမှာ ဖြစ်တယ်။ ဒါကြောင့် ဘဏ္ဍာရေး ထွက်ပေါက်ကလည်း စီးပွားရေး ကဏ္ဍတခုလုံးကို သက်ရောက်မှု ရှိလာမယ်။
ဘယ်နိုင်ငံမှာ မဆို အစိုးရ တရပ်ရဲ့ စွမ်းဆောင်မှုက စီးပွားရေးက အရေးကြီးတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာက သိတဲ့ အတိုင်းပဲ အရှေ့ကို တိုးလုပ်ရင်လည်း နောက်ပြန်ဆွဲတဲ့ ကိစ္စတွေက မမျှော်လင့်ပဲ ပေါ်လာတာ ရှိတယ်။ ဥပမာ ရခိုင် ကိစ္စ ဆို နိုင်ငံတကာ သက်ရောက်မှု ရှိတယ်။ အီးယူ အုပ်စုကနေ ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့ ကြိုးစားနေတာ စသည်ဖြင့် မမျှော်လင့်တဲ့ ကိစ္စတွေပေါ့။ ဒါပေမယ့် ဖြစ်အောင် လုပ်ရမှာပဲ။
ဒီကြားထဲမှာ ပြင်သစ်က ချေးငွေ ကိစ္စဆို ပြည်ထောင်စုမှာ ဆိုင်းငံ့တာ ရှိတယ်။ သဘော မတူသေးဘူး။ တဖက်မှာ နိုင်ငံ တကာ ဆက်ဆံရေး အနေနဲ့လည်း ပိုကောင်းလာတယ်လို့ ယူဆရမယ်။ သူတို့အနေနဲ့က ဒီဘက်မှာ ဖွံ့ဖြိုးအောင် လုပ်ပေး မယ် ဖြစ်မယ်လို့ သဘော မြင်လာတာ ပါတယ်။
နောက်ပြီး တရုတ်ကလည်း မြန်မာဘက်က ကုန်ယူရသလို သူတို့ဘက်က ကုန်ချော သွင်းရတာ ရှိတယ်။ အဲဒီတော့ လမ်းပန်း ဆက်သွယ်ရေး ပိုကောင်းအောင် ဆောင်ရွက်ချင်တယ်။ ဒါကိုလည်း ကျနော်တို့က အတိုင်းအတာ တခုအထိ ယူပြီး ဆောင်ရွက်ရ မလို ဖြစ်နေတယ်။ အဲဒီတော့ တဖက်မှာလည်း အနောက်ဘက်ကို ပြေလည်အောင် လုပ်ရင်းနဲ့ တဖက်မှာလည်း အိမ်နီးချင်း နိုင်ငံများနဲ့ ကုန်သွယ်ရေးကို ပြေလည်အောင် လုပ်ရမှာပဲ။
ဒေါ်နန်းသရဖူတင့်
မန်နေဂျင်း ဒါရိုက်တာ
Green Pindaya Co., Ltd
ကျမ တို့လို စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်က နိုင်ငံတကာ အဆင့်မီ ဈေးကွက် ထိုးဖောက်ဖို့ရယ်၊ ပြည်တွင်းမှာလည်း အဆင့်တန်းမီမီ စားသုံးသူတွေ လုံခြုံ စိတ်ချဖို့ရယ် အတွက်ကတော့ ဘာတွေလိုလဲ ဆိုတော့ အရည်အသွေး သတ်မှတ် ချက် လက်မှတ်ပိုင်းတွေ၊ အော်ဂဲနစ် ထုတ်ကုန်ဖြစ်ဖို့ ကိစ္စလေးတွေ၊ စက်ရုံဆိုလည်း အဆင့်မီဖို့တွေ ဒါတွေကို တော်တော် လေး ကြိုးစားခဲ့ရတယ်။
ကြိုးစား ထုတ်လုပ်လာတာ အခု လမ်းစလေးတွေတော့ ပေါ်လာတယ်။ စီးပွားရေး တရပ်လုံး အနေနဲ့ကတော့ အထွက်နှုန်း တွေက အရမ်းလျော့တဲ့ အတွက် တောင်သူတွေ အနေနဲ့က အမြတ်အစွန်းက အရမ်းကြီး မရှိဘူး။ သူတို့ အနေနဲ့က စိုက်ပျိုး ထုတ်လုပ်မှု အပိုင်းတွေ မြှင့်တင်နိုင်မှ တန်ဖိုးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်မှ အရည်အသွေး သတ်မှတ်ချက် လက်မှတ် တွေ ရရှိနိုင်မှ ပြီးတော့ စားသုံးသူအတွက်လည်း စိတ်ချရနိုင်မှသာ အခု ၂၀၁၉ ခုနှစ်မှာ စီးပွားရေး လုပ်ငန်းတွေက ပိုပြီး ကောင်းမွန်လာမှာ ဖြစ်တယ်။ ကျမတို့ဆီမှာက အသေးစား အလတ်စား လုပ်ငန်းလေးတွေ ရှိတဲ့အတွက် ချေးငွေရဖို့ ဝိုင်းဝန်း လုပ်ဆောင်ပေးတယ်။ နောက်ပြီး အပေါင်ပစ္စည်း မပြနိုင်တဲ့ အသေးစား လုပ်ငန်းလေးတွေ ဆိုရင် လုပ်ငန်းပြတာ တို့၊ Proposal ပေးတာတို့ ဘာတို့ လုပ်ပေးတယ်။
လက်ဖက် ကဏ္ဍမှာ အခု ဆိုရင် နိုင်ငံခြား အော်ဒါတွေ ရတယ်။ အဲဒီတော့ အစိုးရဘက်ကနေ ဘယ်လို ကူညီပေးရမလဲ ဆိုတာ ထိထိရောက်ရောက်လေး ဆွေးနွေးဖို့တွေ ပိုလိုအပ်လာတယ်။ ရွာငံက ကော်ဖီဆိုလည်း နည်းပညာတွေ၊ အရင်း အနှီးတွေ လိုအပ်နေတယ်။ ဒါတွေကို အစိုးရ အနေနဲ့ ပိုပြီး ဆွေးနွေး လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ထောပတ်သီး စိုက်ပျိုးမှုတွေလည်း ရှိတယ်။
ဒီကဏ္ဍ အသီးသီးက နိုင်ငံအတွက် နိုင်ငံတကာ ဝင်ငွေကို အများကြီး ရှာပေးနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒါကြောင့် အစိုးရဌာန ဆိုင်ရာများ အနေနဲ့ မြန်မြန်လေးပေါ့နော်။ one stop service center လိုမျိုး ဝန်ဆောင်မှုတွေ လုပ်ပေး စေချင် တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ဆီက တောင်သူတွေက ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အရမ်းစိမ်းနေ သေးတဲ့ အတွက် ဒီလိုမျိုးလေးတွေ လုပ်ပေးစေချင်တာ ဖြစ်တယ်။
ပြီးတော့မှ နည်းပညာများ ပံ့ပိုးပေးတာတွေ လုပ်သင့်တယ်။ စိုက်ပျိုးရေးကို အဓိက လုပ်ဆောင်နေတာ ဖြစ်ပေမယ့် နည်း ပညာပေးတာတွေ မရှိဘူး။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အရည်အသွေး စိစစ်ပေးတာတွေ မရှိဘူး။ စိုက်ပျိုးရေး သင်တန်း ကျောင်းတွေ မရှိဘူး၊ ဓာတု ပိုးမွှားကင်းစင်ရေး စမ်းသပ်တာတွေ မရှိဘူး။ ဒါတွေ အများကြီး အားနည်းနေတယ်။
အခု ၂၀၁၉ ခုနှစ် အတွင်းမှာ ကျမတို့ ဒေသရဲ့ စီးပွားရေး အနေအထားကို ပြောမယ် ဆိုရင် ခရီးသွားလာမှု လုပ်ငန်းတွေ၊ ဟိုတယ် လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းတွေကို ပိုပြီး အလေးပေး ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။ ဒါတွေ လုပ်နိုင် မယ် ဆိုရင် ဒေသ ဖွံ့ဖြိုးရေးက ပိုပြီး ကောင်းလာနိုင်ပါတယ်။
နောက်တခုက ရာသီပေါ်သီးနှံတွေက ဈေးနှုန်း မတည်ငြိမ်ဘူး။ ဒါကို ဝိုင်းဝန်း လုပ်ဆောင်ပေးဖို့ လိုတယ်။ သီးနှံတွေ စိုက်တယ် ပေါ်တော့မှ ဈေးမရလို့ ဆိုပြီး စွန့်ပစ်လိုက်ရတဲ့ စနစ်တွေကို ပြင်ဖို့ လိုတယ်။ ဒါတွေကို အရပ်ဘက် အဖွဲ့ အစည်းတွေ သာမက အစိုးရ ဌာနတွေက ပူးပေါင်း ဆောင်ရွက်ပေးမယ် ဆိုရင် ၂၀၁၉ ခုနှစ်မှာ တောင်သူတွေ လုပ်ငန်း တွေ ကောင်းမွန်လာ နိုင်ပါမယ်။