အစိုးရငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များနှင့် အလွတ်သဘောဆွေးနွေးမှုများကို ဇန်နဝါရီလ ၁၃ နှင့် ၁၄ ရက် နှစ်ရက်တာပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံမှုအပြီး ရှေ့ငြိမ်းချမ်းရေးအခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် (AA) နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စစ်ဘေးရှောင် ပြည်သူများအရေးနှင့် AA အပေါ် အစိုးရ သဘောထားများကို ဧရာဝတီသတင်းထောက်ငြိမ်းငြိမ်းက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နှုတ်ဖော်ပြပါသည်။
မေး။ ။ အစိုးရငြိမ်းချမ်းရေးကော်မရှင် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့တွေ့ပြီး ဆွေးနွေးမှုက အကြောင်း အရာအရ တဖွဲ့ချင်းအလိုက် မတူကြဘူး။ ဆွေးနွေးမှုတွေအပေါ် ဘယ်လို အကျိုးရလဒ်ရှိတယ်လို့ ပြောလို့ရမလဲ။
ဖြေ။ ။ ပထမတကြိမ်မှာတော့ ပြီးခဲ့တဲ့ (နိုဝင်ဘာလ) ချင်းမိုင်ခရီးစဉ်က ဘာကြောင့်လာသလဲဆိုတော့ အဓိကက damage control အတွက်လာတာ။ အဲဒီမှာ ရပ်ဆိုင်းမှုတွေ ဆိုင်းငံ့မှုတွေ စတိတ်မန့်တွေ ထွက်ကြတယ်။ အဲဒီမှာ ပဋိပက္ခ သံသရာ လည်သွားမှာ ကျနော်တို့ စိုးရိမ်တယ်။ အဲဒီပဋိပက္ခတွေ ထိန်းချုပ်ရေးအတွက် ဦးစားပေးပြီး လာတယ်။ လာပြီးတော့ နောက်တဆင့် ဒုတိယအဆင့်အနေနဲ့ ဒီပဋိပက္ခတွေ လည်မသွားအောင် လုပ်ပြီးပြီဆိုရင် ကျနော်တို့ ပုံမှန် လမ်းကြောင်းထဲ ပြန်ရောက်အောင် သွားမယ်။ အဲဒီအတွက် ကျနော်တို့ informal နဲ့သွားမယ်ဆိုပြီး (အရင်အခေါက်က) အဲဒီရည်ရွယ်ချက်နဲ့လာတာဖြစ်တယ်။
ဒီတခေါက်ကတော့ ကျနော်တို့ ယခင်က ဆွေးနွေးခဲ့တဲ့ဟာတွေရဲ့ အဆက်ပေါ့။ KNU နဲ့ဆိုင်ရင် (နိုဝင်ဘာလ) ချင်းမိုင်မှာတခေါက်၊ ဒီကြားမှာလည်း ဗိုလ်မှူးကြီးထူးထူးလေးနဲ့ ရန်ကုန်မှာဆွေးနွေးတယ်။ ခုတကြိမ် ဒီမှာလာပြီး ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာလည်း အများကြီး အပြုသဘောဆောင်တယ်။ အဲဒီတော့ KNU ကလည်း သူ့ဘက်မှာ ပြန်ဆွေးနွေးမယ်။ ဆွေးနွေးပီးရင် EAOs တွေနဲ့ ထိုင်ပြီးတော့ ကျနော်တို့နဲ့ ပြန်တွေ့မယ်။ မကြာခင်မှာ formal (တရားဝင်ဆွေးနွေးပွဲ) လမ်းကြောင်း normalization (ပုံမှန်) ပြန်ဖြစ်သွားမယ်ဆိုတဲ့ဟာ ကျနော်တို့ မျှော်မှန်းထားတယ်။
RCSS နဲ့ကျတော့ အဓိကက သူတို့ စတိတ်မန့် (JMC အဆင့်ဆင့်တွင်ပါဝင်မှု ရပ်ဆိုင်းထားခြင်း) မှာ ပါတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ပြောထားတဲ့အတိုင်း ကျနော်တို့ NRPC နဲ့တွေ့မယ်။ တပ်နဲ့ သီးသန့်တွေ့မယ်။ ပြီးရင် အဲဒီအထဲမှာ မကျေလည်တာလေးတွေ အကျေအလည် ဆွေးနွေးပီးရင်တော့ သူလည်း ကျနော်တို့ normalization (ပုံမှန်) ပြန်ဖြစ်သွားမယ်။
KNPP ကလည်း အလားတူပဲ ကျနော်တို့ဆွေးနွေးနေတာ ၅ ကြိမ် လောက်ရှိပြီ။ ဒီအတွင်းမှာ တစုံတခု နောက်တဆင့် တက်လှမ်းနိုင်ဖို့အတွက် ထူးခြားတဲ့ milestone (သမိုင်းမှတ်တိုင်) ဖြစ်အောင်လို့ ကျနော်တို့ ၂ ဖက်စလုံးက ကြိုးပမ်းနေတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ တိတိကျကျတော့ ကျနော်တို့ ပြောလို့မရသေးဘူး။ ဒီကြားထဲမှာ ကျနော်တို့ ပြန်ညှိရမှာတွေ ရှိတယ်။
နောက်တချက်က ဇန်နဝါရီ ၁၄ ရက်ညမှာ (NCA လက်မှတ်မထိုးရသေးတဲ့) နောက်တဖွဲ့နဲ့ တွေ့တယ်။ ဒီအဖွဲ့ (KAI) ကလည်း NCA မှာ ဘယ်လိုပါဝင်လာကြမလဲဆိုတာ ဆွေးနွေးကြမှာ ဖြစ်တယ်။ အလွတ်သဘော ဖြစ်တဲ့အတွက် ကျနော်တို့ မတွေ့ရသေးတဲ့အတွက် ပြောလို့မရဘူး။
သို့သော် ကျနော်တို့ ချင်းမိုင်ခရီးစဉ် လာတဲ့ချိန်အတွင်း ရည်ရွယ်ချက်ကတော့ ဒီအကြိမ်ကတော့ ပုံမှန်လမ်းကြောင်းကို ပြန်ရောက်ရှိရေးပေါ့။ ဒါကို ဦးတည်ပြီးသွားတယ်။ မထိုးရသေးတဲ့ အဖွဲ့တွေ လက်မှတ်ရေးထိုးတဲ့ လမ်းကြောင်းပေါ် ရောက်လာအောင် ဦးတည်ပြီး ဆွေးနွေးတာ ဖြစ်တဲ့အတွက် တော်တော်လေးတော့ အောင်မြင်တဲ့ခရီးစဉ်လို့ ပြောလို့ရပါတယ်။
မေး။ ။ နောက်တကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရှိလာမယ်ဆိုရင် KNPP အနေနဲ့ ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ ပါဝင်နိုင်ဖို့ အစိုးရဘက်က မျှော်လင့်ထားလဲ။
ဖြေ။ ။ နှစ်ဘက်လုံးက ကြိုးစားနေတယ်။ အစိုးရဘက်ခြမ်းတင်မဟုတ် KNPP ဘက်အခြမ်းမှာ လည်း ကြိုးစားနေတယ်။ ခုလောလောဆယ်တော့ ပါဝင်နိုင်ရေး ကြိုးပမ်းနေတယ်ဆိုတာ လောက်ပဲ ပြောလို့ရမယ်။
မေး။ ။ နိုဝင်ဘာလမှာပဲ KIA အဖွဲ့နဲ့ အလွတ်သဘော တွေ့ခဲ့တယ်။ ဒီ့နောက်ပိုင်းမှာ မြောက်ပိုင်းကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရ ကိုယ်စားလှယ်တွေ သွားတဲ့အခါ မြောက်ပိုင်းက TNLA, AA နဲ့ MNDAA ၃ ဖွဲ့နဲ့ပဲ တွေ့တာ ကြားတယ်။ KIA ဘက်က တကယ့်ကို ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားဖို့ကျတော့ရော ဘယ်လိုများ ကြိုးပမ်းနေလဲ။
ဖြေ။ ။ ဒီခရီးစဉ်ပြီးရင် ငြိမ်းချမ်းရေးကော်မရှင်က ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်ပြီး မြောက်ပိုင်းကို သွားမယ်။ ဆွေးနွေးမှုတွေဆက်ပြီး လုပ်သွားမယ်။ ပြောရရင် ကျနော်တို့ ညှိနှိုင်းဆွေးနွေးမှုတွေ မရပ်ဘူး။ တောက်လျှောက် သွားနေတယ်။ NCA ထိုးပြီးသားလူရော မထိုးရသေးတဲ့လူရော မြောက်ပိုင်းအဖွဲ့အပါအဝင်ပေါ့။ အဲဒါတွေတော့ ဆက်တိုက် လုပ်နေပါတယ်။
မေး။ ။ အနောက်ဘက်ပိုင်းမှာ AA က တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဖွဲ့တွေအားလုံး ပါဝင်နိုင်ရေး ဘယ်လိုဆက်ဖြစ်သွားမလဲ။ AA ကို bilateral ညှိနှိုင်းဖို့ ပြောဆိုထားတာလည်း ရှိခဲ့တယ်ဆိုတော့ အေအေနဲ့ သီးသန့် ဆွေးနွေးသွားဖို့ရှိလား။
ဖြေ။ ။ သီးသန့်တော့ မဟုတ်ဘူး။ ကျနော်တို့က မူလကတည်းက ငြိမ်းချမ်းရေး ကော်မရှင်က စတိတ်မန့် ထုတ်ထားတယ်။ ၃ ဖွဲ့နဲ့ ဆွေးနွေးမှုအပိုင်းပေါ့။ အဲဒီအပေါ်မှာတော့ နောက်တကြိမ် ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိတဲ့ လူကြီးတွေသွားတဲ့ အပေါ်မှာလည်း ဆွေးနွေးမှုတွေမှာ တခုခု response (တုံ့ပြန်မှု) ကို အဲဒီအခါကျမှ သိရမှာဖြစ်တယ်။
လောလောဆယ်တော့ ကျနော်တို့ပြောနိုင်တာက AA ကို ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းစဉ်မှာ ပိတ်ပင်ထားတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး စကားဝိုင်းကို ရောက်လာအောင် ကျနေ်ာတို့ တံခါးဖွင့် ညှိနှိုင်းဆွေးနွေး ထားတယ်။ တံခါးဖွင့်ထားတယ်။
နောက်တချက်က ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတဲ့ပြည်နယ်တွေမှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခနဲ့ စစ်ဒဏ်သင့်ပြီး အများကြီး ဒုက္ခတွေရောက်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိတယ်။ အဲဒီအဖွဲ့တွေက ခုချိန်မှာ အပစ်အခတ် တိုက်ခိုက်မှုတွေ မဖြစ်အောင် ဒီစစ်မီးသံသရာဆုံးအောင် ချုပ်ငြိမ်းအောင် ကြိုးပမ်းနေတဲ့အချိန်မှာ ဟိုဘက်မှာကျတော့ ရခိုင်ပြည်နယ်မှာကျတော့ ကျနော်တို့ အာဆာ အကြမ်းဖက်အဖွဲ့အစည်း လှုပ်ရှားတဲ့ နယ်မြေလည်း ဖြစ်တယ်။ အဲ့ဘက်မှာကျတော့ ပြန်ပြီးတော့ သူများတွေက ပဋိပက္ခ ချုပ်ငြိမ်းအောင် တိုက်ပွဲတွေ မဖြစ်အောင် ကြိုးပမ်းတယ်။ ဒီဘက်မှာ တိုက်ပွဲတွေ ဖြစ်အောင် ပဋိပက္ခတွေ ကြီးထွားလာအောင် လုပ်တယ်ဆိုတော့ ပြောင်းပြန်ဖြစ်နေတယ်။
အဲဒီတော့ကျတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ယှဉ်လိုက်ရင်လည်း ပြောင်းပြန် ဖြစ်နေတယ်။ အကျိုးသက်ရောက်မှုကလည်း ဆိုးကျိုးပဲ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့ မြင်တယ်။ သို့သော် AA ကိုတော့ ကျနော်တို့က ပြောထားပြီးသား။ ငြိမ်းချမ်းရေးကော်မရှင်နဲ့လည်း ဆွေးနွေးနေတယ်။ ဒီလမ်းကြောင်းပေါ် ပါလာအောင်။
အထူးသဖြင့် ကျနော်တို့ ဘယ်ပြဿနာမဆို တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာတဲ့နည်းကပဲ အကောင်းဆုံးပဲ။ ငြိမ်းချမ်းစွာပေါ့နော်။ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းဆွေးနွေးတဲ့နည်းကပဲ အဖြေရမှာ။ ကျနော်တို့ လက်နက်ကိုင် ပဋိပက္ခကြောင့်နဲ့ အဖြေမရဘူး။ ဘာလို့လဲဆို ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော်ပြီ။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ဖြစ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခပေါ့။ ရပြီးတော့လည်း ဆက်ဖြစ်တယ်ပေါ့။
နောက်ကျတော့ ဒီ (လက်နက်ကိုင်) နည်းလမ်းက ဘယ်လိုမှ အဖြေမရသလို ဘယ်သူ့ ဘယ်သူမှလည်း အကျိုးမရှိဘူး။ နံပါတ်တစ် ဒေသခံ ပြည်သူတွေ ဒုက္ခရောက်တယ်။ နံပါတ် ၂ အဲဒီ ပြည်နယ် ဒုက္ခရောက်တယ်။ နံပါတ် ၃ က ပြည်ထောင်စု တခုလုံးနဲ့ ယှဉ်ပြီးတော့ သက်ရောက်မှု အများကြီးခံရတယ်။ ဘယ်သူ့ဘယ်သူမှ အကျိုးမရှိတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်တဲ့အတွက် ကျနေ်ာတို့ကတော့ ချုပ်ငြိမ်းဖို့အတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေး လမ်းကြောင်းကပဲ သွားဖို့ပဲ တိုက်တွန်းချင်တယ်။
အထူးသဖြင့် အခု ပဋိပက္ခရဲ့ ဆိုးကျိုးပေါ့နော်။ ဒီပဋိပက္ခမှာ ပြောရရင် ဘယ်သူမှ နိုင်တဲ့လူ မရှိဘူး။ zero sum game ဖြစ်တယ်။ ခု လတ်တလော ပြည်သူတွေ အများကြီး တိမ်းရှောင်ပြီး သွားရတဲ့အပေါ် ကျနော်တို့ အများကြီး မြင်တွေ့ရတယ်။ ကြားသိရတယ်။ အဲဒီအပေါ်မှာလည်း အများကြီး အစိုးရအနေနဲ့ များစွာစိတ်မကောင်းဖြစ်မိတယ်။
အဲဒါနဲ့ပတ်သက်ပြီးတော့လည်း နံပါတ် တစ်က အခု ကျနော်တို့ အစိုးရလုပ်နေတဲ့ဟာက ဘာလဲဆိုတော့ ဒီလူတွေကို စနစ်တကျ နေရာချထားရေး။ IDP စခန်းတွေ သေချာ ဖွင့်လှစ်ဖို့။ အဲဒါတွေကို လူမှုကယ်ဆယ်ရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လုပ်နေတယ်။ နံပါတ် နှစ်အချက်က ဒီ စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ အမြန်ဆုံး ရောက်ရှိအောင် လုပ်နေတယ်။ နံပါတ် သုံးအချက်က သူတို့တွေ နေရေးထိုင်ရေး၊ စားရေးသောက်ရေး ပြေလည်ပြီဆိုရင် နောက်ထပ် ကျောင်းသားတွေအတွက် ပုံမှန် ပညာသင်ကြားရေး၊ အတန်းပညာမပျက် ပညာသင်ကြားရေး အဲဒါကို ကျနော်တို့ ဘယ်လိုဆက်လုပ်မလဲဆိုတာ စီစဉ်ဆောင်ရွက်နေတယ်။
နောက်တချိန်တည်းမှာပဲ ကျနေ်ာတို့ ဒီစစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု နဲ့ပတ်သက်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျနော်တု့ိ ညှိနှိုင်းနေတာ ရှိတယ်။ တချို့လည်း လုပ်နေပြီ။ ကျန်းမာရေး စောင့်ရှောက်မှုကို ကျနော်တို့က IDP တွေရှိရာ နေရာမှာ မိုဘိုင်း လိုက်ပီးတော့ ပေးရမယ့် သဘောမျိုး။ mobile clinic သဘောမျိုးလုပ်တာ၊ ဆေးဝါးကုသရေးအဖွဲ့တွေ စေလွှတ်ပြီးလုပ်တာမျိုး လုပ်နေတယ်။
အထူးသဖြင့်တော့ ရခိုင်ပြည်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်လာတဲ့အတွက် ဒုက္ခရောက်တဲ့ ပြည်သူတွေအတွက် စီစဉ်ဆောင်ရွက်နေတယ်ဆိုတာ ကျနော် အလေးထားပြီး ပြောချင်ပါတယ်။
မေး။ ။ ရခိုင်ပဋိပက္ခဖြစ်လာပြီး ဒီလအစောပိုင်း သတင်းစာရှင်းလင်းပွဲများ ရခိုင်ပြည်သူတွေ အေအေကို မထောက်ခံဖို့ ပြောခဲ့တဲ့အပေါ် ခြိမ်းခြောက်မှုအဖြစ် ဝေဖန်သံတွေ ရှိခဲ့တယ်။ အဲဒီ အစိုးရရဲ့ရပ်တည်ချက်အနေနဲ့ပြောလိုက်တာက နောက်ထပ် အလုပ်တွေ ဆက်လုပ်ဖို့ ထိခိုက်တယ်လို့ ဆရာ ယူဆပါသလား။
ဖြေ။ ။ အဓိကကတော့ ပြည်သူတွေကို ကျနော်တု့ိက တိုက်တွန်းတာပါ။ အားလုံးသည် we are all AA (အကုန်လုံး အေအေထောက်ခံသူများ) ဖြစ်ချင်မှလည်း ဖြစ်မယ်။ ထောက်ခံတဲ့သူက ဘယ်သူဖြစ်တယ်ဆိုတာ ကျနော်တို့တော့ သတင်းတွေ ကြားရတယ်။ သို့သော် တိတိကျကျ ကျနော်တို့ ပြောဖို့ခက်တယ်။ ပြောဖို့ခက်တော့ကျတော့ ကျနော်တို့က တိုက်တွန်းချက်အနေနဲ့ ပြောလိုက်တယ်။
အဓိကကတော့ ဒီရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းဖို့၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ပြည်နယ်သူ ပြည်နယ်သား အားလုံးက ဝိုင်းပြီးတော့ ကူညီဆောင်ရွက်မှရမယ်။ ဆောင်ရွက်မှလည်း ဒီရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးက အမြန်ဆုံး ရရှိနိုင်မှာ ဖြစ်တယ်။
နောက်တချက်က ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးသွားဖို့။ ကျနော်တို့ ရခိုင်နဲ့ပတ်သက်လို့ ပရောဂျက်တွေ အများကြီးရှိတယ်။ အဲဒီပရောဂျက်တွေ အများကြီး လုပ်ဖို့ကလည်း ဒီဘက်မှာ တည်ငြိမ်နေမှလည်း ရမယ်။ တည်ငြိမ်နေမှလည်း ဒီပရောဂျက်တွေလုပ်ပီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူပြည်သားတွေ အကျိုးခံစားရမယ်လို့ ကျနော်တို့မြင်တယ်။ အဲဒီတော့ လတ်တလော ကျနော်တို့ လုပ်နေတာကတော့ တည်ငြိမ်အေးချမ်းရေးကို လုပ်နေတယ်။
တည်ငြိမ်အေးချမ်းရေးမှာမှ အဓိက ပြည်သူတွေ ဒုက္ခရောက်တဲ့ဟာတွေအပေါ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ IDP စခန်းတွေ စနစ်တကျဖြစ်ဖို့။ ဆေးဝါးထောက်ပံ့မှုရဖို့။ နောက် ကလေးသူငယ်တွေ ပညာသင်ကြားရေး မပျက် စာသင်ခန်းတွေဆီ ပြန်ဝင်နိုင်ဖို့ ဘယ်လိုလုပ်မလဲဆိုတာ ကျနေ်ာတို့ လုပ်နေတယ်။
နောက်တချိန်တည်းမှာပဲ community နဲ့ ကျနော်တို့ ပူးပေါင်းပြီး လုပ်ရမှာ ရှိတယ်။ ဘာလဲဆိုတော့ ဒီရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခ မကျယ်ပြန့်လာအောင် ကျနော်တို့ အားလုံးက ဝိုင်းပြီးတော့ လုပ်မှလည်း ရမယ်။ အဲဒီအတွက်လည်း ကျနော်တို့ ကွန်မြူနီတီတွေရဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုတယ်။
အားလုံးက ရခိုင်ပြည်နယ်ကို ငြိမ်းချမ်းစေချင်တယ်လို့ ကျနော်တို့လည်း နားလည်တယ်။ အဲဒီတော့ ဒါက အစိုးရနဲ့ ဒေသခံ ပြည်သူ၊ သက်ဆိုင်ရာ stakesholders တွေ အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမယ်။
အဲဒါကြောင့်လည်း ကျနော်တို့ ပြောတာက ပြဿနာတွေ ဖြစ်လာရင် စေ့စပ်ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ လိုတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးဖို့လိုတယ်။ အဲဒီအတွက် ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ လုပ်ဆောင်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ထိထိရောက်ရောက် တိုးတက်မှုတွေရလာအောင် ဆွေးနွေးဖို့လိုတယ်။ အဲဒါမှလည်း နိုင်ငံရေး နည်းနဲ့ပဲ ကျနော်တို့ ဖြေရှင်းနိုင်မယ်။
ဘာလို့လဲဆို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းဖို့က ကျနော်တို့ ခေတ်အဆက်ဆက် ဖြေရှင်းလာခဲ့ပြီ။ အဖြေမထွက်ဘူး။ ဒီဟာသည် အဖြေထွက်ဖို့ ခက်တဲ့ နည်းလမ်း ဖြစ်နေတဲ့အတွက် ကျနော်တို့က နိုင်ငံရေးနည်းလမ်းနဲ့ပဲ လုပ်ဖို့ ပြောချင်တာ ဖြစ်ပါတယ်။