ကချင် ပြည်နယ်ရှိ ထင်ရှားသော မေခနှင့် မလိခ ပေါင်းစုံသည့် နေရာ ဧရာဝတီ မြစ်ဆုံတွင် တည်ဆောက်သည့် ဆည်တာ တမံနှင့် ပတ်သက်ပြီး ပြည်သူများက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အပါအဝင် စီးပွားရေး၊ လူမှုရေး ဆိုင်ရာများ အပေါ် ထိခိုက်နိုင်မှုများ ရှိလာနိုင်ခြင်းကြောင့် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်မှုများ ရှိခဲ့ကြသည်။
မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးများမည်ဟု ယူဆထားကြပြီး ရေကာတာ တည်ဆောက် လိုက်ခြင်းဖြင့် ဧရာဝတီ မြစ်ရိုး တလျှောက်ရှိ စိုက်ပျိုးရေးများ ပျက်စီးနိုင်၍ မြစ်ဆုံ၏ လှပမှုလည်း ပျက်စီးစေနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း လုပ်ဆောင်နေသူများကလည်း သုံးသပ်နေကြသည်။
ထိုရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်ပြီး လူမှု အသိုင်းအဝိုင်းများက ဆန့်ကျင် ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။
ယခုအစိုးရသစ် လက်ထက်တွင် အဆိုပါ စီမံကိန်း ပြန်လည် စတင်လာနိုင်မည့် အရိပ်အခြေများ တွေ့နေရသည့် အတွက် ပြည်သူများက စိုးရိမ် ပူပန်မှုများ တကျော့ ပြန်ထွက်ပေါ် လာခဲ့သည်။
ထိုသို့ စိုးရိမ်မှု အပေါ် အစိုးရအနေဖြင့် မည်သို့ဆောင်ရွက် လုပ်ဆောင်ပေးသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များအား ဧရာဝတီက မေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။
ဦးမြင့်ဇော်
သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှား ဆောင်ရွက်သူ
ပြည်သူ မလိုလားတာ ဒီဟာသည် သုတေသန အားဖြင့် အကျိုးအကြောင်း အချက်အလက် သိနေပြီ ဖြစ်တဲ့ အတွက် ဒါကို အပြီး ပယ်ဖျက်ဖို့အတွက် သူတို့ရဲ့သက်တမ်း အတွင်းမှာ သူတို့ရှိနေတဲ့ အစွမ်းအစတွေထဲမှာ ကြိုးစားသင့်တယ်လို့ ကျနော် မြင်ပါတယ်။
လက်ရှိ အစိုးရ အနေနဲ့ ဒါကို ဘယ်လိုမှ အပေါင်း လက္ခဏာ မဆောင်တဲ့ ငြိမ်းချမ်းရေး ရှုထောင့်ကပဲ ကြည့်ကြည့် သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ကပဲ ကြည့်ကြည့် ပြည်သူ့ ဘဝ လုံခြုံမှု ထဲကိုပဲ ကြည့်ကြည့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ရှုထောင့် ကပဲ ကြည့်ကြည့် ဘယ်လိုရှုထောင့်ကမှ မဆီလျော်တဲ့ ဒီလို စီမံကိန်းမျိုးကို ကျနော့် အနေနဲ့တော့ အစိုးရက တစ် က ပြန်စ မယ်လို့ မထင်ပါဘူး။
တကယ်လို့ ဒါမျိုးကို ရေတို ထွက်ပေါက် အနေနဲ့ ဒါမျိုး လုပ်ဖို့ ဆုံးဖြတ်လိုက်ရင်လည်း ပြည်သူ အများစုက ကန့် ကွက်ကြ မယ်။ ဒီဟာကို မဖြစ်အောင် လှုပ်ရှားကြမယ့် အခြေအနေမှာ ရှိမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီဟာသည် ပြည်သူ အများ စု သိနေပြီးတော့ ပြည်သူ့ အမြင်၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့သဘောထား အထူးသဖြင့် ဌာနေ ပြည်သူတွေရဲ့ သဘောထားနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်နေတဲ့ အတွက်ကြောင့် မဖြစ်အောင် လုပ်ကြဖို့ ရှိတယ်လို့ ကျနော် ဒီလို ထင်ပါတယ်။
ကျနော်တို့ကတော့ ပြည်သူ ရွေးချယ် တင်မြှောက်ထားတဲ့ အပေါ်မှာ ပြည်သူရဲ့စိတ်ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်မယ်လို့ မထင် ပါဘူး။ တရုတ်နိုင်ငံ အနေနဲ့ကလည်း ရေရှည်မှာ နှစ်နိုင်ငံက ပြည်သူတွေ ကြား အမုန်းပွားမယ့် အခြေအနေမျိုးကို သူတို့ ဆက်မသုံးသင့်ဘူး။ အဲ့ဒီ အချက်အလက်ပေါ်မှာ ဆက် မတွန်းဖို့ လိုတယ်။
မြန်မာနိုင်ငံ အစိုးရအနေနဲ့ကလည်း သူတို့ လက်ထက်မှာ ရှိနေတဲ့ လေ့လာချက်တွေ စစ်တမ်းတွေ အရကို ဒါမလုပ်သင့် ကြောင်း သေချာနေတဲ့ အတွက် မလုပ်ဖို့ ဆုံးဖြတ်ရမယ့် ကိစ္စလို့ ဒီလိုပဲ ယုံကြည်ပါတယ်။
ဒေါ်ခွန်ဂျာ
ကချင် ငြိမ်းချမ်းရေး ကွန်ရက်
မြစ်ဆုံကို တကယ်တမ်း ပြန်လုပ်မှာလား မလုပ်ဘူးလား ဆိုတာ ဒီမြန်မာနိုင်ငံသားတွေ အနေနဲ့ တယောက်မှ မသိဘူး။ အဲဒီ တော့ အစိုးရ အနေနဲ့ တကယ်တမ်း ဖြစ်သင့်တာက အခြေအနေ မှန်ပေါ့။ ဥပမာ စာချုပ်ထဲကဆို ပြည်သူတွေ သိသင့် သိထိုက် သလောက်ကို ချပြသင့်တယ်။ အခုဟာက ဘာမှမသိရသလို ဖြစ်နေတယ်။
နောက်တခုက Status ဘယ်လောက် အဆင့်မှာ ရောက်နေပြီလဲ။ ဥပမာ ဆိုရင်တော့ ဒီဟာက အရင်အစိုးရ လက်ထက်မှာ လုပ်ခဲ့တာ ဖြစ်တယ်။ ပြီးရင် မြန်မာနိုင်ငံ အနေနဲ့ အကြွေးတင်နေတယ်။ ဒါကိုလည်း အကုန်လုံး နားလည်တယ်။
ဒါပေမယ့် ပမာဏ ဘယ်လောက်ဖြစ်ပြီးမှ ဒါကို ဘယ်လို ဖြေရှင်းဖို့ ကြိုးစားနေသလဲပေါ့။ အစိုးရ တရပ်တည်း ဖြေရှင်းပြီး တော့မှ မှားယွင်းခဲ့သည် ရှိသော် ဒါသည် အခုပြောမယ်ဆိုရင် တချိန်မှာ အသက် ၁၈ နှစ် အထက်မှာရှိတဲ့ မြန်မာနိုင်ငံသား အားလုံး ရဲ့တာဝန်လို ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုရင် နောင်လာနောက်သားတွေ အတွက် ဒါက ကျန်ခဲ့မယ့် ကိစ္စဖြစ် တယ်။ အဲဒီတော့ ကိုယ်ရှိနေတဲ့ အချိန်မှာ ကိုယ်က သမိုင်းတရားခံလည်း မဖြစ်ချင်ဘူး။ ပြီးရင်တော့ နောင်လာ နောက် သားတွေ အတွက် အကောင်းဆုံးပဲ ချန်ခဲ့ချင်တယ်။
အကယ်၍များ မြစ်ဆုံကို ပေးလိုက်ခြင်းဖြင့် တခြား ပြောင်းလဲချက်တွေ ရှိသေးသလား။ ဒါမှ မဟုတ်လို့ ရှိရင် မြစ်ဆုံကြောင့် မို့ ပိနေတဲ့ အကြွေးကို အစိုးရက ဘယ်လိုကြံဖန်ပြီး ဆပ်ဖု့ိ ကြိုးစားနေသလဲ။ တခြားဘာတွေ စေ့စပ်ညှိနှိုင်းမှု လုပ်နေတယ် ဆိုတဲ့ဟာတွေကို လူတွေ ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ချပြသင့်တဲ့ အချိန် ဖြစ်ပြီလို့ ယူဆတယ်။
နောက်မို့ဆိုရင် ပြည်သူတွေက စိုးရိမ်ပူပန်မှုများလေ ဒီစိုးရိမ်ပူပန်မှု ကနေပြီးတော့မှ အသွင်ပြောင်းပြီးတော့ ပဋိပက္ခ ပုံစံ မျိုး တောင် အမျိုးမျိုး ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ယူဆတယ်။ ပြီးတော့ ဒီမြစ်ဆုံကြောင့် စိုးရိမ်ပူပန်တာနဲ့ လူထုတွေက စည်းလုံး ညီညွတ်မှု မရှိဘဲနဲ့ အကွဲအကွဲတွေ ဖြစ်ကုန်တယ်။ အများကြီး ကွဲသွားတာကို တွေ့ရတယ်။ ဒါကိုလည်း တော်တော် စိတ် မကောင်းဘူး။
နောက်တခုက အရင်တုန်းက အစိုးရ လက်ထက်မှာက မြစ်ဆုံနဲ့ ပတ်သက်ပြီး နည်းနည်းပို ယုံကြည်မှု ရှိတယ်။ ဘာဖြစ် လို့ လဲဆိုတော့ စစ်အုပ်ချုပ်ရေး၊ စစ်အစိုးရ ပြီးရင် ကိုယ်ရွေးကောက်ထားတာ မဟုတ်ဘူး။ ပြီးရင် ၂၀၀၈ အခြေခံဥပဒေ အောက် မှာ ပထမဆုံး ယူလိုက်တဲ့ အစိုးရ ဖြစ်တယ် ဆိုပြီး ခံစားရတဲ့ အခါကျတော့ ဆန့်ကျင်ဖို့က လူထုမှာ သတ္တိရှိကြ တယ်။
အခု ဒီအစိုးရမှာကျ ကိုယ်ရွေးကောက်ထားတဲ့ အစိုးရ ဖြစ်တယ်။ နောက်တခုက ဒီအစိုးရက ဘယ်လိုသဘော ထားလဲ ဆိုတဲ့ နေရာမှာ မသိဘူး ဆိုတော့ လူထု အနေနဲ့ ဝေဝါး ကုန်တယ်။ အဲဒီတော့ စိုးရိမ် ပူပန်မှုက ပိုများတယ်။ ဘာလို့ုဆို သွေးကွဲပြီးသား နေရာမှာဆို ဘာမဆို ဆောင်ရွက်လို့ရတယ်။ ဒါကို အခွင့်အရေး ပိုယူတယ် ဆိုတာ နိုင်ငံတကာမှာလည်း ဖြစ်လေ့ဖြစ်ထ ရှိနေကြ ဖြစ်တယ်။
နဂိုကတည်းက မြစ်ဆုံက တရုတ်နဲ့ ထိုးထားတဲ့ လက်မှတ်ဖြစ်တဲ့ အတွက်ကြောင့်မို့ တရုတ်က ပါဝင်တာ ဖြစ်တယ်။ ဒါပေ မယ့် အခု အချိန်မှာတော့ တရုတ်က သူ့ရဲ့သြဇာကို၊ အာဏာကို အစွမ်း ကုန်ပြနေတာနဲ့ တူတယ်။ ပြီးရင် မြန်မာ နိုင်ငံမှာ ရှိတဲ့ နိုင်ငံသား တယောက်ကို ဒီလိုမျိုး ဖိတ်ခေါ်ပြီးတော့မှ ခြိမ်းခြောက်နေတဲ့ အဆင့်မျိုးဖြစ်နေတယ်။ ဒါက တော်တော် လေး တရား လွန်တယ်လို့ ယူဆတယ်။
အရင်တုန်းက ဆိုရင် တရုတ်က ပြည်တွင်းရေးနဲ့ ပတ်သက်ရင် မစွက်ဖက်ဘူးလို့ ပြောတယ်။ အခုက သူကိုယ်တိုင် ဝင် ရောက် စွက်ဖက်နေတာ တွေ့တယ်။ ဒါမြစ်ဆုံမှာ တင်မကဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း အတူတူပဲ ဖြစ်တယ်။ ဥပမာ ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဆိုရင် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ထိုင်လေ့ ရှိတယ်။ အဲဒီတော့ ငြိမ်းချမ်းမယ် မငြိမ်းချမ်းဘူးက တရုတ် လက်ထဲမှာ ရှိနေသလို ဖြစ်နေတယ်။
ဒီဟာက အကောင်အထည် ဖော်တာ မဖော်တာထက် အစိုးရ တရပ်အနေနဲ့ တာဝန်ယူရမှာ ဖြစ်တယ်။ ဘယ်အစိုးရပဲ ဖြစ် ဖြစ်၊ ဘယ်ခေတ်ကပဲ ဖြစ်ဖြစ် ဒါကို ရှောင်လွှဲလို့ မရဘူး။ ဒါကို တာဝန်ယူရမှာ ဖြစ်တယ်။ ဒါပေမယ့် တာဝန်ယူတယ် ဆိုတဲ့ အခါမှာ အကောင်အထည် ဖော်တာနဲ့ ကွာခြားတယ်။
ဒီနှစ်ခုကတော့ သီးသန့်စီ ဖြစ်တယ်။ တာဝန်ယူပြီး ဖြေရှင်းရမှာ ဖြစ်တယ်။ အရင်အစိုးရ လက်ထက်မှာတောင် မလုပ်သင့် ဘူး ယူဆလို့ ရွှေ့ဆိုင်းခဲ့တဲ့ ဟာကို အကောင်အထည်ဖော်တယ် ဆိုတာ မဖြစ်သင့်ဘူးလို့ ယူဆတယ်။
ဦးအောင်ခမ်း
ဥက္ကဋ္ဌ
ကချင် ဒီမိုကရက်တစ် ပါတီ
အခုအချိန်မှာ တရုတ်ပြည်ကလည်း မြစ်ဆုံ ရေကာတာကို လုပ်ချင်တဲ့ ဆန္ဒပြင်းပြနေတယ်လို့ ကျနော်က ယူဆလို့ ရပါ တယ်။ ဒါကြောင့်လည်း သူတို့က အခုလို မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ပြီးတော့မှ ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ အပိုင်း တွေ ဖြစ်တယ်။ ဒါကြောင့်မို့ လက်ရှိ အစိုးရက ဒီဟာနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု ရှိတဲ့ ထုတ်ပြန် ကြေညာ ချက်တွေ နောက်တချက်က လွန်ခဲ့တဲ့ အချိန်က ကော်မရှင် ကနေ လေ့လာထားတဲ့ ဟာတွေကို ပြည်သူ လူထုကို ချပြ သင့်တယ်လို့ ကျနော်က မြင်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူလူထုက ဒီဟာကို လည်း မတွေ့ရဘူး။ နောက်တချက်က ငွေရေးကြေးရေး ကိုင်တွယ် တယ်။ ဘယ်လောက် အထိ လုပ်တယ် ဆိုတာလည်း မသိဘူး။ ဒါကြောင့်မို့ ဒီဟာတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးမှ အစိုးရ အနေနဲ့ အမြန်ဆုံး ထုတ်ဖော်သင့်တယ်လို့ ဒီလိုပဲ မြင်ပါတယ်။
အဓိက ကတော့ ပထဝီ နိုင်ငံရေးကြောင့်ပါ။ တရုတ်နဲ့ ကချင်ဒေသနဲ့တော့ အလွန်တရာမှ နီးစပ်တဲ့ အတွက်ကြောင့် ဒီဟာ လည်း တချက် ပါတယ်။ နောက်တချက်ကတော့ သူတို့ အနေနဲ့ အနောက်နိုင်ငံက မြစ်ကြီးနားနဲ့ တကွ ကချင်ပြည်နယ်ထဲမှာ ကူးလူး ဆက်ဆံမှာကိုလည်း သူတို့ စိုးရိမ်ပုံ ရတယ်။ ဒါကြောင့် ဒီဟာကို တရုတ် အနေနဲ့တော့ ကြိုပြီးတော့ ကာကွယ် ထားပုံ ရတယ်။
ကျနော်တို့ကတော့ နဂို ကတည်းက မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့သူ ဖြစ်တယ်။ ဒါကြောင့် မို့လည်း တနိုင်ငံလုံးမှာ ဒီမြစ်ဆုံ ရေကာတာနဲ့ပတ်သက်ပြီး ပါဝင်ပြီးမှ ကန့်ကွက်လာတဲ့ အခြေအနေမျိုး ဖြစ် တယ်။ တကယ်လို့များ လက်ရှိ အစိုးရပဲ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မြစ်ဆုံရေကာတာ တည်ဆောက်ဖြစ်ခဲ့မယ် ဆိုရင် ဒီဟာ တွေကို မကောင်းတဲ့ နောက်ဆက်တွဲတွေက အလွန်တရာ ကြီးမားတဲ့ အကျိုးရလဒ်တွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အထူး သဖြင့် နောက်ဆုံး အစိုးရတောင်မှ ပြောင်းလဲတဲ့ အထိ ဖြစ်လာနိုင်ပါတယ်။
ဒေါက်တာ ခလမ် ဆမ်ဆွန်
သိက္ခာတော်ရ ဆရာတော်
ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)
ကျနော်တို့ ကချင် လူထုတွေရဲ့ စိုးရိမ်မှုကတော့ တာရိုးကျိုးတဲ့ အချိန်မှာ အသက်အန္တရာယ် စိုးရိမ်ရတာ၊ ကျနော်တို့ ကချင် လူထုတွေရဲ့ စိုးရိမ်မှုပေါ့။ အောက်မြန်မာပြည် လူထုရဲ့စိုးရိမ်မှုကတော့ စိုက်ပျိုး မွေးမြူရေး အတွက်ပေါ့။ အဲဒီတော့ စိုးရိမ်မှု တော့ မတူဘူး။ ကျနော်တို့ရဲ့ဆန္ဒက မြစ်ဆုံ ဆိုတဲ့ မေခနဲ့ မလိခဆုံတဲ့ နေရာမှာ ကျနော်တို့ကတော့ သဘာဝကို မဖျက်ဆီး ချင်ဘူး။ ဒါပေမယ့် သူတို့လုပ်နေတဲ့ နေရာတွေ အများကြီး ရှိတယ်။ မလိခဘက်မှာရော လုပ်နေတာတွေ ရှိတယ်။
အဲဒီ နေရာတွေတော့ ကျနော်တို့က ဘာမှ မပြောချင်ဘူး။
ဒီမေခနဲ့ မလိခဆုံတဲ့ နေရာ အခုလုပ်တဲ့ စီမံကိန်း က ထုထည် ကြီးမားလွန်း တော့ ကျနော်တို့ရဲ့ အသက် အန္တရာယ် စိုးရိမ် တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ထံ KBC က သဘော ထား ပြောင်းလဲဖို့ ရှိတယ် ဆိုတဲ့ အကြောင်းကို စာရေးပြီးတော့ တောင်းဆိုတာတော့ ရှိခဲ့တယ်။
ကျနော်တို့ အသင်းတော်က လူကိုယ်တိုင် ပါဝင်ပြီးတော့ ဆန့်ကျင် ကန့်ကွက်ခဲ့တာ မရှိဘူး။ ဆွေးနွေးချက်တွေ ခြုံငုံပြီးတော့ မှ တရားဝင် စာရေး ဆန့်ကျင်တာတော့ ရှိခဲ့တယ်။ လူကိုယ်တိုင်တွေ့ပြီး ပြောတာတွေလည်း ရှိတယ်။ ကျနော်တို့က မဆန့် ကျင် တာတော့ မဟုတ်ဘူး။ လက်ရှိ အစိုးရရဲ့သဘောထား၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) သဘောထားတွေကို မြန်မြန် ယူဖို့တော့ လိုသေးတယ်။
ကျနော်တို့ ကချင်လူထု အတွက်တော့ KIO နဲ့ လည်း ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးတွေ ပါလာပြီ။ KIO ရဲ့ ခံယူချက်နဲ့ အစီအစဉ်တွေကို ကျနော်တို့က သိဖို့လိုသေးတယ်။ အဲဒီတော့ သူတို့ရဲ့ သဘောထားကို ကျနော် တို့က ဘာမှ နားမလည်သေးဘူး။ မြစ်ဆုံ ရေတာတမံကြီး ပေါ်ပြီးမှ ဒုက္ခရောက်တာမျိုး ပေါ့။ ကျနော်တု့ိရဲ့ စိုးရိမ်မှုက အဲဒါ ပါပဲ။
ဒေါ်ဂျာဆိုင်းခေါန်အား
အင်ဂျန်းယန် မဲဆန္ဒနယ်၏ လွှတ်တော် ကိုယ်စားလှယ်
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ
မြစ်ဆုံကလည်း ခက်တော့ ခက်တယ်။ ဒါကလည်း ပြည်သူတွေက အများကြီး ပြောစရာ ရှိတာတို့၊ ပြည်သူတွေရဲ့ သဘော ထား တွေ၊ နောက်ပြီးတော့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တို့၊ နောက် အောက်ပိုင်း အလယ်ပိုင်း ဧရာဝတီ မြစ်ရိုး အားလုံး က လူတွေ အားလုံး ပြောတာတွေ ထုတ်ပြန်ချက်တွေက အများကြီး လုပ်ထားပြီးသားပါ။
လုပ်ထားပြီးသား ဆိုတော့ ဒါက တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အတိုင်းအတာ ဖြစ်နေတယ်။ အဲ့ဒါက အရင်က လုပ်ခဲ့တဲ့ဟာက နည်း စနစ် တွေက လိုအပ်ချက် ရှိတယ် ဆိုတဲ့ဟာ ဒါ အားလုံး ပြောခဲ့ပြီးသား။ အဲဒီ အပေါ်မှာ ကျမတို့ အနေနဲ့ကတော့ ဒါပြည်သူ တွေ အများစုရဲ့ဆန္ဒကိုပဲ ယူမယ် ဆိုရင် အစိုးရက နေပြီးတော့ သေသေချာချာလေး ပြန်ပြီးတော့ စဉ်းစားသင့်တယ်။ ပြည်သူ တွေကို ဗဟိုပြုတယ် ဆိုရင် ပြည်သူတွေရဲ့ဆန္ဒကို ဦးစားပေးရမယ် လို့တော့ ကျမကတော့ မြင်ပါတယ်။
အလုပ်တခု လုပ်မယ် ဆိုရင်တော့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သေသေချာချာ သိရတယ်။ ကျမတို့ အနေနဲ့ တကယ်တမ်း ဒါကမလုပ်မဖြစ် လုပ်နေတဲ့ ကိစ္စရပ်လား။ ဒါမှမဟုတ် လုပ်မယ်ဆိုပြီး အရင်လုပ်လိုက်တဲ့ အပေါ်မှာ ဆက်ပြီးလုပ်တာလား။ အဲဒီမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ် ဆိုရင်တော့ မလုပ်သင့်ဘူး။ ကောင်းကျိုး ဆိုးကျိုးကိုတော့ ဒါကိုယ့် အရေး အရာ အတွက် ဒါကိုယ့်ရဲ့ ပြည်တွင်းရေးကို ကိုယ်က သေသေချာချာ ပိုင်ပိုင်နိုင်နိုင်လေး ဆုံးဖြတ်ရမှာ အစိုးရ ရဲ့ ဦးဆောင်မှု တရပ်။
နောက် အစိုးရမှာ တာဝန်လည်း ရှိတယ်။ အဲဒီတော့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု အပေါ်မှာတော့ ပြည်သူတွေ လက်မခံ နိုင် ဘူး ဆိုရင် အစိုးရ မလုပ်သင့်ဘူး။ ဒါပြည်သူတွေလည်း လုံးဝ ကန့်ကွက် နေတာလား။ မဟုတ်ရင် သူရဲ့အခြေအနေ အရပ် ရပ် အပေါ်မှာ တကယ်ပဲ ဒါကမလိုလားသင့်လို့ ပြောနေဆိုနေတာလား ဆိုတာတော့ အစိုးရက ထိထိမိမိ တာဝန်ယူ ရမယ့် အပိုင်း တော့ ရှိပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်မှုကို လျစ်လျူ မရှုသင့်ပါဘူး။
ကိုဆာဂျီ
အထွေထွေ အတွင်းရေးမှူး
ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)
ကျနော်သိသလောက်တော့ KIO ကလည်း မြစ်ဆုံကို မလုပ်ဖို့ စာက တရားဝင် ပေးထား ပြီးပြီ။ အရပ်ဘက် အဖွဲ့ အစည်း တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ ၊ ကချင်ဘက်က အမြောက်အမြား မြစ်ဆုံနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ဟာ ထွက် ထား ပြီးပြီ။ ဒီနီးစပ်တဲ့ အချိန်ပဲ ကချင်ဘက်က လိုသလို၊ အဖွဲ့အစည်းတွေက လိုသလို အောက်ပိုင်း ကလိုသလို ပညာရှင် တွေပဲ လိုသလို အခု ဖြစ်နေတာက နိုင်ငံတော်ရဲ့ ပြတ်သားမှု မရှိတဲ့အောက်မှာ ချီတုံချတုံ၊ ဆုံးဖြတ်ချက် မရှိတဲ့ အချိန်မှာ ပြည်သူ လူထုက ဇဝေဇဝါ စိုးရိမ်မှုတွေနဲ့ ဒုက္ခ ဖြစ်လာရတဲ့ အပိုင်းလို့ မြင်တယ်။
ပြည်သူ လူထု စိုးရိမ်မှု ၊ လူထုအသံ အပေါ်မှာ အစိုးရက အလုပ်လုပ်သင့်တယ်။ စိုးရိမ် ပူပန်မှု ရှိ၊ မရှိကို နိုင်ငံတော် အစိုးရ အနေနဲ့က ပြတ်ပြတ်သားသား ချပြသင့်တယ်။ ပြည်သူလူထုနဲ့ လက်တွဲပြီးမှ ပြည်သူ့ အကျိုးလုပ်တယ်။ တိုင်းပြည် အတွက် အလုပ်လုပ်တယ်။ ပြည်သူ လူထုကို အလုပ်အကျွေး ပြုတယ် ဆိုတော့ ပြည်သူ့ အသံ နားထောင်ဖို့က ပြည်သူကို ဒါစိုးရိမ် ဖွယ် မရှိကြောင်း၊ ကျနော်တို့ကလည်း ခွင့်မပြုကြောင်း၊ ပြည်သူ လူထု အပေါ်မှာ မူတည်ကြောင်း၊ ပြည်သူလူထု သဘော တူညီချက် မရှိတဲ့ အခါ အစိုးရက မဆုံးဖြတ်ကြောင်း၊ ပြည်သူနဲ့ တသားတည်း ဖြစ်တဲ့ဟာ ချပြလိုက်ရင်တော့ တော်တော် များ များ စိုးရိမ်ပူပန်မှု ပျောက်သွား လိမ့်မယ်။ တော်တော်များ များကလည်း ရှင်းရှင်းလင်းလင်း ဖြစ်သွားမယ်။ တိုက်ရိုက်ကြီး တရုတ်ကို ကန့်ကွက်တဲ့ဟာ ပြောစရာ မလိုဘူး။
မြစ်ဆုံကို ဘယ်သူမှ သဘော မတူညီဘူး။ ပြည်သူ့ သဘောထားကို ရယူပြီး တော့မှ ပြည်သူတွေ သဘောမတူတဲ့ အတွက် ကြောင့် ကျနော်တို့ အစိုးရ အနေနဲ့တော့ ဘာမှဆက်လုပ်စရာ အကြောင်းလည်း မရှိဘူး ဆိုတဲ့ဟာ ထုတ်ပြော လိုက်ရင် ပြီးသွားတာပဲ။
ဒါပေမယ့် နိုင်ငံရေး ကစားကွက်ကတော့ ကျနော်တို့လည်း လက်လှမ်း မမီနိုင်တော့ တရုတ်နဲ့ ဆက်ဆံရေး၊ ဆက်သွယ်ရေး အကြောင်းပြချက်နဲ့ ကိုယ်ကိုယ်တိုင် ဘယ်လောက်အထိ ပြောင်းလဲချင်တဲ့အပေါ်မှာ မူတည်တယ်။ အစိုးရ ကိုယ်တိုင်က သတ္တိ ရှိရှိနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို မလုပ်ချင်တော့ တရုတ်ကို ကြောက်နေရမယ့် အနေ အထား ရောက်မယ်။
တကယ်တော့ အစိုးရကိုယ်တိုင် တကယ့်ကို ပြောင်းလဲဖို့ သတ္တိရှိရှိ လုပ်ချင်တယ် ဆိုရင် တရုတ်ရဲ့ အတွေးတွေ တရုတ်ရဲ့ လုပ် ရပ်တွေ ရင်းနှီးမြှုပ်နှံမှုတွေက ပျင်းတောင် ပျင်းစရာကြီး။ သူတို့ တခြားနိုင်ငံမှာ အကြွေးတင်တဲ့ လျော်ကြေးလောက် တောင် မရှိပါဘူး။ တကယ်တမ်း တိုင်းပြည်ကို ပြောင်းလဲဖို့ သတ္တိ ရှိရှိနဲ့ လူထုနဲ့ လက်တွဲသွားမယ် ဆိုရင် အခုတော့ နိုင်ငံရေး ကစား ကွင်းပဲ လုပ်တဲ့ အခါကျတော့ ပြောသာပြော ဂရုစိုက်မယ့် အနေအထား မရှိဘူး။
ဒါကြောင့်မို့ ဖြစ်သင့်တာက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို ပြည်သူ့ အသံနဲ့ ပြောပြရင် အကောင်းဆုံးပါ။ သူတို့ အစိုးရ မဖော်ပြရဲတဲ့ဟာလည်း ပြည်သူလူထုက သဘောမတူဘူးလို့ ပြောရင် ပြီးသွားတာပေါ့။ အစိုးရအနေနဲ့ ကိုယ်ကိုယ်တိုင် ပြု ပြင် ပြောင်းလဲမှုကို လုပ်ချင်ရင်တော့ ပြည်သူ့ စကား နားထောင်ပေါ့။
ပြည်သူရဲ့ အသံတွေကို အသုံးချပြီး လုပ်ရင် ပြီးသွားမှာပါ။ ကျနော့် အမြင်ကတော့ မြစ်ဆုံနဲ့ ပတ်သက်ပြီး ဘယ်သူမှ ခွင့်ပြု မယ်လို့ ပြောမှာ မဟုတ်ဘူး။ အစိုးရဘက်ကလည်း ခွင့်ပြုတဲ့ဟာက အခုထိ မရှိခဲ့ဘူး။ ဒီကြားထဲမှာပဲ တရုတ်ကတော့ အလွဲ သုံးစားပေါ့။ ကချင်ဘက်ပဲ လိုသလိုလို၊ ပြည်သူလူထု အတွက်ပဲ လိုသလိုလို ဘောလီဘောပုတ်ကြတယ်။
တကယ်တော့ အစိုးရက လုပ်ပါလို့ ခွင့်ပြုထားတာ မရှိသလို လုပ်ပါလို့ ပြတ်ပြတ်သားသား ချပြထားတာလည်း မရှိဘူး။ ဒါကတော့ နိုင်ငံတော် ဦးစီး ဦးဆောင်တဲ့ လူတွေ ပြတ်သားမှု မရှိတဲ့ဟာ ဒွိဟ ဖြစ်တဲ့ နိုင်ငံရေး ကစားကွက်တွေကြောင့် ကျနော်တို့ ပြည်သူတွေ စိုးရိမ်ပူပန်မှုနဲ့ ရင်ဆိုင်နေရတာပါလို့ ကျနော် အဲ့ဒါ ပြောချင်တယ်။
ဒေါက်တာ မျိုးညွန့်
ပြောရေးဆိုခွင့်ရှိသူ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
မြစ်ဆုံ ကိစ္စကတော့ ဖြစ်နိုင်သရွေ့ မြန်မြန် ဆုံးဖြတ်ချက် တခုတော့ ချဖို့ လိုနေပါတယ်။ အဲဒါ အတွက်ကတော့ ကျနော် အုပ်ချုပ်ရေး အကြီးအကဲတွေလည်း စဉ်းစားနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာလုပ်နေတယ်။ ဘယ်လို သဘော ထား ရှိတယ် ဆိုတာကတော့ အုပ်ချုပ်ရေးရဲ့သဘောထားကိုတော့ ကျနော်တို့ဆီကနေ မှတ်ချက်ပေး လို့ မရနိုင်ပါဘူး။
ကျနော်တို့ ပြောတာက ကျနော်တို့ ပါတီက ရထားတဲ့ မူတွေအတိုင်းပဲ ဆက်ပြောနေတာ ဖြစ်တယ်။ ။