ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက ထုတ်ပြန်ခဲ့သည့် စာရင်းစစ်ချုပ် အစီရင်ခံစာသည် တိုင်းဒေသကြီး အစိုးရ၏ လစ်ဟာမှု၊ အားနည်းမှု၊ မပြည့်စုံမှုများကို တိတိကျကျ ထောက်ပြနိုင်ခဲ့သည်။ အဆိုပါ အစီရင်ခံစာ အပေါ်အခြေခံ၍ လွှတ်တော်ကလည်း တိုင်းဒေသကြီး အစိုးရကို မေးခွန်း ထုတ်ပြီး ထောက်ပြ ဝေဖန်ခဲ့ရာ ပြည်သူလူထုအကြား အတော်ပင် ဂယက်ရိုက်ခတ်ခဲ့သည်။ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးအစိုးရအနေဖြင့် လွှတ်တော်နှင့် စာရင်းစစ်ချုပ်ရုံး၏ ထောက်ပြဝေဖန်မှုများကို လိုက်နာဆောင်ရွက်ခြင်း၊ ဖြေရှင်းခြင်းတစုံတရာ ရှိ၊ မရှိကို ပြည်သူလူထုက စိတ်ဝင်စားလျက်ရှိရာ ယင်းကိစ္စပါ အချက်တချို့ကို ကြားနာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည့် ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ စာရင်းစစ်ချုပ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရော ပြည်သူလူထုကြားမှာပါ ပြောစရာတွေ များခဲ့တယ်ပေါ့။ အခု လက်ရှိအခြေအနေမှာရော အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်နေတယ်ဆိုတာ ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ စာရင်းစစ်ချုပ် အစီရင်ခံစာကတော့ သူ့တွေ့ရှိချက်တွေကို ရေးတယ်ပေါ့။ စာရင်းစစ်ချုပ်က တွေ့ရှိချက်ရေးပြီးရင် ဌာနက ပြန်ဖြေတဲ့ report ကိုရေးပေးရမယ်။ ပြီးရင် ဘာတွေဆောင်ရွက်ထားပြီဆိုတာ စာရင်းစစ်ကိုလည်းပို့ရမယ် သက်ဆိုင်ရာ အထက်ကိုလည်းပို့ရမယ်။ စာရင်းစစ်ထောက်ပြတာ မှန်သမျှ ဌာနက ပြည့်ပြည့်စုံစုံ ဆောင်ရွက်တာလား ဆိုတော့လည်း မဟုတ်ဘူးပေါ့။ တချို့ပေါ့ဆတဲ့ ဌာန သို့မဟုတ်ရင်လည်း အကြောင်းအမျိုးမျိုးကြောင့် မဆောင်ရွက်တဲ့ ဌာနလည်း ရှိနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် ၈၀ ရာခိုင်နှုန်းသော ဌာနတွေကတော့ တတ်နိုင်သလောက် ဆောင်ရွက်ကြပါတယ်။ ဘယ်နိုင်ငံမှာမဆို စာရင်းစစ်ရဲ့ report ကိုပြန်ပြီး ဖြေရမယ်ဆိုတာ လုပ်ထုံးလုပ်နည်းမှာ ရှိပြီးသား အဲဒီအတိုင်း ဆောင်ရွက် ကြတာ။
ဆောင်ရွက်ကြတယ်ဆိုပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဆိုရင်တော့ သက်ဆိုင်ရာဝန်ကြီးက ဘာတွေ ဆောင်ရွက်ထားပါပြီဆိုတာ လာဖြေတာရှိတယ်။ ရန်ကုန်တိုင်းလွှတ်တော်မှာ အဲဒီအဆင့်က မရှိခဲ့ဘူး။ နောက်တော့ အစိုးရကလာဖြေပေးပါလို့ တောင်းဆိုထားတာရှိတယ်။ Report တွေမှာထည့်ရေးထားတာရှိတယ်။ ဝန်ကြီးချုပ် နဲ့ တွေ့ဆုံတဲ့အခါမှာလည်း ပြောထားတာရှိတယ်။ ဝန်ကြီးချုပ်ကလည်း ဒါကိုနောင်အခါမှာ ဖြေကြားပေးပါမယ် လို့ ကတိပေးထားတာရှိတယ်။ ဖြေကြားပေးခြင်းအားဖြင့် ပုံမှန်ဆောင်ရွက်ထားတဲ့ ကိစ္စကို လွှတ်တော်ထဲမှာ လာဖြေခြင်း အားဖြင့် ပြည်သူက အမြင်ရှင်းသွားတာရှိတယ်။ အခုက ပြည်သူကလည်း မသိသလို လွှတ်တော်ကလည်း မသိရဘူးပေါ့။
မေး ။ ။ အန်ကယ်တို့ တိုင်းဒေသကြီးလွှတ်တော်ငွေစာရင်းကော်မတီအနေနဲ့ အဲဒီကိစ္စကို ဘယ်လိုဆက်ပြီး ဆောင်ရွက်ထားလဲရှင့်။
ဖြေ ။ ။ ဒီလိုမသိရတဲ့အခါကျတော့ ပြည်သူ့ငွေစာရင်းကော်မတီက ဘက်ဂျက်တွေ ဘာဆောင်ရွက်ထားလဲဆိုတာ သိဖို့လိုတဲ့ အခါ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအရ လိုအပ်တယ်လို့ ထင်တဲ့ ဌာနတချို့ကိုခေါ်ပြီးတော့ မေးတယ်။ မေးတဲ့အခါ ဌာနတခုကဆိုရင် ဘက်ဂျက်ပိုလျှံငွေကို ပြန်မအပ်ဘဲနဲ့ နောင်နှစ်လိုအပ်ချက်အတွက် သုံးထားတယ်။ အဲဒီလို ဆောင်ရွက်လို့ မသင့်တော်ဘူး။ ဒါတွေအားလုံး ပြန်အပ်လိုက်ပြီးတော့ နောက်နှစ်ဟာကို နောက်နှစ်သုံးတာမျိုး ဖြစ်သင့်တယ်လို့ ပြောတယ်။ ဌာနကလည်း ဘာဖြစ်လို့လုပ်ရတယ်ဆိုတာကို ရှင်းပြတယ်ပေါ့။ ဌာနအများကြီးကိုတော့ မစိစစ်နိုင်ပါဘူး။ မနှစ်ကဆိုရင်လည်း ပန်းဥယျာဉ်နဲ့ အားကစားတို့မှာ ငှားခတွေ ကောက်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားနာခဲ့တာ ရှိတယ်။
မေး ။ ။ လက်ရှိမှာ စစ်ထားပြီးသလောက် ဌာနက ဘယ်နှခုလဲ။
ဖြေ ။ ။ ဌာနကအများကြီးတော့ မစစ်နိုင်ပါဘူး အခြေအနေအရ ဌာနရဲ့ အားလပ်မှု အပေါ်မှာလည်း မူတည်တယ်။ ဌာနတခုစစ်ဖို့ဆိုရင် ကျနော်တို့ ကော်မတီကလည်း အစည်းအဝေးကို တပတ်တကြိမ်လောက်ပဲ ခေါ်နိုင်တယ်။ လွှတ်တော်ကိုယ်စားလှယ် အသီးသီးကလည်း သူတို့နယ်မြေမှာ လုပ်စရာတွေ ရှိတာကိုး။ ပုံမှန်အစည်းအဝေးဆိုရင် တကြိမ်ပေါ့။ ကြားနာပွဲရှိတယ်ဆိုရင် နှစ်ကြိမ်ပေါ့။ ဌာနတွေကို ခေါ်တာနဲ့ မပြီးဘူး ခေါ်ပြီးသွားရင် report ပြန်ရေးပြီးတော့ အကြံပြုချက်တွေ လွှတ်တော်ဥက္ကဋ္ဌကိုတင်ပြရမယ်။ လွှတ်တော်ဥက္ကဋ္ဌကနေ အစိုးရကို တင်ပြရမယ်။ အဲဒီကိစ္စတွေရှိတော့ ကြားနာမှုတခုလုပ်တယ်ဆိုရင် စပြီးစီစဉ်တာကနေ အဆုံးသတ်ဖို့အထိ လိုအပ်တဲ့အခါကျတော့ အများကြီး မဆောင်ရွက်နိုင်ဘူး။ ဒါကြောင့် အလုပ်သင့်ဆုံးဌာနကို ရွေးပြီးတော့ ဆောင်ရွက်တာပေါ့။ ဒါပေမယ့် ဘက်ဂျက်ကိစ္စတွေ ပြီးရင်တော့ ဆောင်ရွက်သင့်တာတွေ ဆက်လက်ဆောင်ရွက်သွားမှာပေါ့။ ဘာတွေဆောင်ရွက်မယ်ဆိုတာကတော့ ကော်မတီထဲမှာ ဘယ်ဌာနကို ဆောင်ရွက်သင့်တယ်ဆိုတာ ဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်။
မေး ။ ။ လက်ရှိမှာ ဌာန ဘယ်နှစ်ခုလောက် ကြားနာပြီးသွားပြီလဲရှင့်။
ဖြေ ။ ။ လက်ရှိ ကော်မတီအနေနဲ့ ကြားနာထားတာက စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့က ၃ ဌာနတော့ ရှိတယ်။ ကြားနာမှုက တချို့ဌာနတွေဆိုရင် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သူတို့ရှင်းပြတာ တော်တော်လေးရှုပ်ထွေးပြီးတော့ Report ရေးရတာလည်း အချိန်ယူရတယ်။ အစိုးရအတွက်လည်း အကျိုးရှိဖို့ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ လိုအပ်ရင် ပြင်ပပညာရှင်တွေနဲ့ ဆွေးနွေးရတာကိုရှိတာကိုး ကျနော်တို့ အကြံပြုချက်ကလည်း ခိုင်မာဖို့ အရေးကြီးတာကိုး။ ဥပဒေနဲ့လည်း ညီရမယ် ပညာရှင်ရှုထောင့်ကလည်း မှန်ကန်ရမယ်ဆိုတော့ တချို့အင်ဂျင်နီယာပိုင်း ကိစ္စတွေကျတော့ လည်း ကျနော်တို့က အကုန်မသိနိုင်ဘူးကိုး။ အဲဒါတွေ ညှိနှိုင်းပြီးတော့ အစီရင်ခံစာထဲမှာ ဖြစ်သင့်တာတွေကို အကြံပေးရတာလည်း ရှိတာကိုး။
မေး ။ ။ ကြားနာပြီးရေးထားတဲ့ report ကိုကျတော့ ဘယ်ကိုတင်ပြသွားမှာလဲရှင့်။
ဖြေ ။ ။ ကြားနာပြီးရေးထားတဲ့ report ကို လွှတ်တော်ဥက္ကဋ္ဌကို ပြန်ပြတယ်။ လွှတ်တော်ဥက္ကဋ္ဌက တဆင့် ဝန်ကြီးချုပ်ကို ပို့ပေးရတယ်။ သက်ဆိုင်ရာဌာနကို ကော်မတီရဲ့ အကြံပြုချက်အတိုင်း ဆောင်ရွက်ဖို့ မဆောင်ရွက်ဖို့ ဆိုတာကတော့ အစိုးရရဲ့ တာဝန်ပေါ့။
မေး ။ ။ စာရင်းစစ်ချုပ်ဆီကိုရော ပြန်မပို့ရဘူးလား။
ဖြေ ။ ။ စာရင်းစစ်ချုပ်ဆီကိုတော့ ကျနော်တို့ တွေ့ရှိချက်ကိုတော့ ပြန်ပို့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဆောင်ရွက် ထားပြီးပြီဆိုတာကို သူက သိဖို့လိုတယ်။ တခါတလေကျတော့ ကြားနာမှုမှာ စာရင်းရုံးက တာဝန်ရှိသူကိုပါ ခေါ်လိုက် ခြင်းအားဖြင့် စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူက စာရင်းစစ်ရှုထောင့်ကနေပြီးတော့ သူမေးစရာရှိရင် မေးလို့ရတာပေါ့။ ကျနော်တို့ နားမလည်ရင်လည်း စာရင်းစစ်ကို ဟုတ်သလားဆိုပြီး မေးလို့ရတာပေါ့။ ကြားနာပွဲတွေမှာလည်း စာရင်းစစ်ချုပ် ရုံးကလည်း လာပြီးတော့ ထိုင်ပေးပါတယ်။ ကျနော်တို့ဘက်က ကျေနပ်အောင်မေးပြီးရင် စာရင်းစစ်ချုပ်ကရော ဘာမေးမလဲ ဆိုတာကိုလည်း မေးလို့ရပါတယ်။
မေး ။ ။ ကြားနာပြီးသလောက် အခြေအနေမှာ ဘာတွေတွေ့ရှိရလဲ။
ဖြေ ။ ။ တွေ့ရတတ်တာကတော့ စာချုပ်စာတမ်းအတိုင်း မပြီးဘူးဆိုရင် ဘာကြောင့်မပြီးလဲဆိုတာ သက်ဆိုင်ရာ ဌာနကို မေးတာမျိုးရှိတာပေါ့။ သက်ဆိုင်ရာဌာနကလည်း ဘယ်လို အခက်အခဲတွေရှိတယ်ဆိုတာ ပြောပြတယ်။ ဒီအခက်အခဲ တွေကို ဘယ်လိုဖြေရှင်းပေးမလဲ ဥပမာ စာချုပ်ကလည်း ခေတ်အဆက်ဆက်မှာ ချုပ်ခဲ့တဲ့ စာချုပ်ဆိုတော့ စာချုပ် သက်ရောက်မှု အားနည်းတယ်ဆိုရင်လည်း စာချုပ်ကိုပြင်ချုပ်မလား ဒါမှမဟုတ်ရင် ဆောင်ရွက်မယ့်သူ developer ကိုပြောင်းပြီး ဆောင်ရွက်မလား စသဖြင့် အကြံပေး တာတွေရှိပါတယ်။ လက်ရှိ developer က စီမံကိန်းကို ဆောင်ရွက်နိုင် မယ် မထင်ဘူးဆိုရင် ဒါကို လက်ရှိဆောင်ရွက်ထားတာကို တန်ဖိုးတွက်ပြီးတော့ နောက်ထက် developer ကို လဲဖို့ကို စဉ်းစားသင့်ပါတယ်ဆိုတာမျိုး အကြံပြုရတာမျိုးရှိတာပေါ့။
မေး ။ ။ ဒီနှစ်မှာ ဌာန ၃ ခု စစ်ဆေးခဲ့တယ် ဆိုတော့ မနှစ်ကရော ဌာန ဘယ်နှစ်ခုလောက် စစ်ဆေးကြားနာဖြစ်ခဲ့လဲ။
ဖြေ ။ ။ မနှစ်ကလည်း ၂၊ ၃ ဌာနထက်ပိုမများဘူး။ စည်ပင်ဌာနအချို့ကို ကွင်းဆင်းပြီးတော့ စစ်ဆေးတာရှိတယ်။ နောက်ပြီးျ ငှားရမ်းခတွေနဲ့ ပတ်သက်ပြီး ခေါ်ပြီးမေးမြန်းခဲ့တာရှိတယ်။ အများကြီးတော့ မဆောင်ရွက်နိုင်ပါဘူး။ မဆောင်ရွက်နိုင်တဲ့ အပိုင်းက ကျနော်တို့ ကော်မတီက ဘက်ဂျက်ကိစ္စကလည်း အရေးကြီးတော့ လက်ရှိလွှတ်တော်မှာ အတည်ပြုရမယ့် ကိစ္စဖြစ်နေတော့ ဒါကိုဆောင်ရွက်နေရတဲ့ အတွက်ပေါ့ ။ ကော်မတီ ကိစ္စတခုတည်း မဟုတ်တဲ့အခါ ကျတော့ စိတ်ရှိသလောက်တော့ လုပ်လို့မရဘူးပေါ့။ ဒါကြောင့်မို့လို့ သိပ်အများကြီး မစစ်နိုင်ဘူး။ လုပ်ချင်တာကတော့ တနှစ်ကို အနည်းဆုံး အရေးကြီးတဲ့ဌာန ၅ ခု ၆ ခုလောက်တော့ လုပ်ချင်တယ်။ ဆောင်ရွက်နိုင်အောင်တော့ ကြိုးစားဖို့ရှိပါတယ်။
မေး ။ ။ အန်ကယ်တို့ဘက်ကနေ ဒီလို report ရေးပို့တာမျိုးကျတော့ ဌာနတွေဘက် ပြုပြင်သွားတဲ့အချက်မျိုးတွေ တွေ့ရလား။
ဖြေ ။ ။ ဘက်ဂျက်သုံးစွဲမှုမှာတော့ ဌာနတွေက အရင်ထက်စာရင် စနစ်တကျ ဆောင်ရွက်လာတာ ရှိတာပေါ့။ အရင်တုန်းက ဘတ်ဂျက်တင်တယ်ဆိုရင် လွတ်လွတ်လပ်လပ်တင်တယ်။ ပိုပိုသာသာ တွက်လိုက်တယ်။ ခန့်မှန်းနဲ့ပဲ တွက်လိုက်တာပေါ့ ဒါကိုစစ်မယ့်သူကလည်း မရှိဘူးကိုး ဘက်ဂျက်က ပိုနေလည်း အရေးမကြီးဘူး။ အလွဲသုံးစားမှ မဟုတ်တာကို ပိုရင်ပြန်အပ်လိုက်တာပဲ။ ဒါကအလွဲသုံးစား မဟုတ်တော့ အရေးယူလို့လည်း မရဘူးကိုး။ ဌာနတွေက အဲဒီလို သဘောထားခဲ့ရာကနေ ကျနော်တို့က စိစိစစ်စစ်နဲ့ မေးမြန်းလာတဲ့ အခါ သူတို့အနေနဲ့ ဖြေလာရတဲ့ အခါကျတော့ ဒီပေါ်မှာ ပိုပြီးတော့ လေးလေးနက်နက် ဆောင်ရွက်လာတာကို တွေ့ရတယ်။
မေး ။ ။ ဒီလိုဆို ကြားနာမှုတွေက သက်ရောက်မှုရှိတယ်လို့ ပြောနိုင်တယ်ပေါ့နော်။ ဘယ်လောက်အတိုင်းအတာအထိ ထိရောက်မှုရှိမလဲ။
ဖြေ ။ ။ ထိရောက်မှုရှိနိုင်ပါတယ်။ ကျနော်တို့ ကြားနာလို့ရယ်တော့ မဟုတ်ဘူး။ စာရင်းစစ်ချုပ်က တိတိကျကျ ထောက်ပြ တာ တခုကြောင့် နဲ့တင်ပေါ့။ ကျနော်တို့ကြောင့်ရယ်လို့ မဟုတ်ပါဘူး။ ကျနော်တို့က ဒီလိုလုပ်သင့်ပါတယ်ဆိုတာကို အခုမှ ထောက်ပြတာ ဖြစ်တဲ့အတွက် နောက်နှစ်ကျ ကြည့်ရမှာပေါ့ ဘာဖြစ်လဲဆိုတာ။ စာရင်းစစ်က ထောက်ပြတာ မှန်တဲ့အတွက် ဒါကိုသူတို့က ဆောင်ရွက်ထားတာ။ စာရင်းစစ်က ပိုထိရောက်တယ်လို့ ပြောချင်တာ။ ကျနော်တို့က မေးလိုက်တဲ့ အခါမှာ စာရင်းစစ်က ထိရောက်မှု ရှိ၊မရှိကိုတော့ သိရတာပေါ့။ ဒါပေမယ့် စာရင်းစစ် လုပ်သမျှက ထိရောက်လားဆိုတော့ အဲဒီလိုတော့ ပြောလို့မရဘူး။ မထိရောက်တာတွေလည်း ရှိမယ်။
ကျနော်တို့က ဌာနဆိုင်ရာကို တရားရုံးစစ်သလို စစ်ဆေးတာလည်း မဟုတ်ဘူး။ ကြားနာတယ် ဆိုတာ ဝိုင်းပြီး အဖြေရှာပေးတဲ့ သဘောပဲ ဖြစ်သင့်တာကို ဝိုင်းပြီး အကြံပေးပေါ့။ အစိုးရဘက်ကိုလည်း ဒီလိုတော့ ဆောင်ရွက်ရင် ကောင်းမယ်လို့ ပြောတာပေါ့။ ကျနော်တို့ ပြောတဲ့ အတိုင်း အစိုးရက လုပ်မလား မလုပ်မလားကတော့ ဒါက အစိုးရအပိုင်းပေါ့။ တကယ်လို့ အစိုးရက မလုပ်ရင် ဘာလုပ်မလဲဆိုတော့ သိပ်အရေးကြီးတဲ့ ကိစ္စဆိုရင်တော့ လွှတ်တော်ထဲမှာ မေးရင်မေးမှာပေါ့ ကေ်ာမတီအနေနဲ့လည်း မေးချင်မေးမယ် လွှတ်တော်ကိုယ်စားလှယ် တဦးချင်း အနေနဲ့ မေးချင်မေးမယ်။
မေး ။ ။ မေးမြန်းတဲ့ ဌာနတွေက စည်ပင်ကချည်းပဲလား။
ဖြေ ။ ။ ဒီနှစ်ကတော့ ၂ ခုကတော့ စည်ပင်က တခုက စီမံကိန်းနဲ့ ပတ်သက်တာပေါ့။
မေး ။ ။ ကြားနာမှုလုပ်ဖို့ နောက်ထပ် ဌာနဘယ်လာနှစ်ခု ရှိနိုင်ဦးမလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ အနည်းဆုံး ၃ ခုလောက် လုပ်ချင်တယ်။ လူအများစိတ်ဝင်စားတာရယ် ကျနော်တို့ကလည်း သိချင်တာတွေ ရှိပါတယ်။ အဲဒီကိစ္စတွေအတွက် သက်ဆိုင်ရာ ကုမ္ပဏီပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဌာနပဲဖြစ်ဖြစ် ခေါ်ပြီးတော့ မေးချင်တာရှိတယ်။ မေးလိုက်ရင် ဘယ်လိုအခက်အခဲတွေ ရှိနေတာလဲ။ ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူကို ကတိပေးထားတဲ့ အတိုင်း မဆောင်ရွက်နိုင်တဲ့ ဘယ်လိုပြဿနာတွေ ရှိနေတာလဲ။ ဘဏ္ဍာရေးရှုထောင့် တခုတည်း မဟုတ်ဘဲနဲ့ ဘဏ္ဍာငွေသုံးစွဲမှုကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အခါမှာ ဘယ်လိုဝိုင်းပြီး စဉ်းစားကြမလဲပေါ့။ ဒီလိုနည်းနဲ့သာ ဘဏ္ဍာငွေက ပိုပြီးတော့ ထိရောက်သွားမှာပေါ့။