ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ၃ ဦးကို နိုင်ငံတော်အတိုင်ပင်ခံ၏ ညွှန်ကြားချက်ဖြင့် နုတ်ထွက်စာ တင်ရမည်ဟု ဇန်နဝါရီလ ၁၈ ရက်က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောဆိုသည်။
ဒေါက်တာ ခက်အောင် က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးမြသိန်းကို ရုံးခန်းတွင်း ခေါ်ပြောကာ နုတ်ထွက်စာ တပါတည်း တင်ခိုင်း ခဲ့သည်။
နုတ်ထွက်စာ တင်ခိုင်းသည့် အကြောင်းအရင်းနှင့် ပတ်သတ်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်မှ ဦးမြသိန်းကို ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ နုတ်ထွက်စာ တင်ခိုင်းတာနဲ့ပတ်သတ်ပြီး ဘယ်လို အကြောင်းကြား လာတာလဲပြောပြပါဦး။
ဖြေ ။ ။ ၁၈ ရက်၊ ၁ လ ၊ ၂၀၁၉ ရက်မှာ ကျနော့်ရုံးခန်းမှာ ကျနော်က စာဖတ်နေတာ။ စာဖတ်နေတော့ ၉ နာရီ မိနစ် ၄၀ လောက်မှာ ဝန်ကြီးချုပ်က သူ့ရုံးခန်းကို လာခဲ့ပေးဖို့ ခေါ်လာတော့ ကျနော်က ဒီလိုပဲ အရင်က အလုပ်အကြောင်း တခုခုရှိရင် ခေါ်နေကျဆိုတော့ ကျနော်က ဒိုင်ယာရီစာအုပ်လေး ယူပြီးသွားလိုက်တယ်။ ဟိုရောက်တော့ သူက တခြားအကြောင်းလေး တခွန်းနှစ်ခွန်း ပြောပြီးတော့ သူကျနော့်ကို ပြောတာ ကချင်ပြည်နယ် အစိုးရအဖွဲ့ထဲက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်း နောက် လူမှုရေး ဝန်ကြီး ဒေါက်တာသင်းလွင်၊ နောက်ပြီးတော့ သယံဇာတနဲ့ သဘာဝဝန်ကြီး ဦးHလအောင်တို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ကြီးတာဝန်မှ နုတ်ထွက်စာ တောင်းယူရန် ဖုန်းဆက်လာ ပါတယ်လို့သူက ပြောပါတယ်။
ပြောတော့ ကျနော်ကလည်း အံ့သြသွားတာပေါ့။ ကျနော်က သူ့ကို ပြောတာ ကျနော့်ဆီကို အစိုးရအဖွဲ့ရဲ့ ပြည်နယ်ဝန်ကြီး တာဝန်ကို ပျက်ယွင်းတာလည်း ဘယ်တုန်းကမှ ဘယ်သူမှ မပြောဖူးဘူး။ နောက်ပြီး ပြည်နယ်ဥက္ကဋ္ဌ အဖြစ် NLD ပါတီမှာ ထမ်းဆောင် ခဲ့တာလည်း ၅ နှစ်လောက် ရှိပြီ။ ဘာမှ ကျနော် အငြိအစွန်းလည်း မရှိဘူး။ တိုင်ကြား ခံရတာလည်း မရှိဘူး။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထွက်ခိုင်းတယ် ဆိုတော့ ကျနော်က ပထမတော့ ယုံသလိုလို ဖြစ်သွားတယ်။
ယုံသလိုလို ဖြစ်သွားတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကျနော့်ကို တွန်းအားပေးတယ်။ အကယ်၍ ဝန်ကြီးကလည်း ဒီနေ့ရှိနေတာ ဆိုတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း မြန်မြန်ဆန်ဆန် တောင်းနေတာ ဆိုတော့ ဒီကနေ့ပဲ ရေးပေးရင် ကောင်းမယ်ဆိုပြီး ပြောတယ်။ ပြောတဲ့ခါကျတော့ ကျနော်က ဟုတ်ပါပြီလေဆိုပြီး ကျနော်က မည်သည့် ကျိုးကြောင်းပြချက်နဲ့ ရေးပေးရမှာလည်း ဆိုတော့ ကျန်းမာရေးအကြောင်းပြပြီး ရေးပေးပါလို့ ပြောတယ်။ ပြောတော့ ကျနော်လည်း အခန်းပြန်လာပြီး ရေးပြီး သူ့ဆီ လက်မှတ်လေး ထိုးပြီး ပို့လိုက်တာပေါ့။ ပို့လိုက်တော့ သူက ပထမပြောတဲ့ထဲ ဘာပါလည်း ဆိုတော့ လူမှုရေးဝန်ကြီးကိုလည်း ထိုးခိုင်းမှာလား တောင်းမှာလားဆိုတော့ သူက နေပြည်တော်မှာ အစည်းအဝေးတတ်နေလို့ သူပြန်လာမှ တောင်းမယ်လို့ပြောတယ်။
ကျနော်လည်း စဉ်းစားပြီးတော့ နောက်နေ့မနက်မှာ ဒီပုဂ္ဂိုလ်တွေ ပြန်လာရင် တောင်းမတောင်း မေးကြည့်မယ်ဆိုပြီးမှ လူမှုရေးဝန်ကြီးကို ကားပေါ်မှာ မေးကြည့်ပါတယ်။ လူမှုရေးဝန်ကြီးက ကျနော့်ကို ဘာမှလည်း မတောင်းဘူး။ အဲ့ကိစ္စ ကျနော်ဘာမှလည်း မသိဘူးခဗျလို့ပြောမှ ကျနော့်ဦးနှောက်ထဲ အသိက ဒါဆိုရင် ဝန်ကြီးချုပ်က ဖန်တီးတာပဲဆိုပြီး ကျနော် အတွေးပေါက်တယ်။
အတွေးပေါက်တော့ ကျနော်က သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး ဦးHလအောင် ကိုလည်း သူနေပြည်တော်က မပြန်လာခင်မှာ မေးကြည့်တော့ သူက အဲ့လိုတော့ ဘာမှ မပြောဘူး။ သူ့ကို ခေါ်တော့ ခေါ်တယ်။ အလုပ်ကိစ္စတွေပြီးရင် ပြန်ခဲ့ဖို့တော့ ခေါ်တယ်ဆိုတော့ ကျနော်က အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ သူက ဟာဒီလိုလား ဆိုပြီး ငါက သေမထူး နေမထူးကောင်တဲ့ ငါ့ကို ဒီလို လာလုပ်လို့ဘယ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ပြော မပြောဆိုတာ သွားမေးကြည့်ပြီးမှ ဆက်လုပ်မယ်ဆိုပြီး သူက နေပြည်တော်မှာ ဆက်နေနေတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ချင်းပြည်နယ် သွားနေတယ် ဆိုတော့ မတွေ့ရသေးဘူးနဲ့ တူပါတယ်။
မေး ။ ။ အတိုင်ပင်ခံကနေ နှုတ်ထွက်စာ တင်ခိုင်းတဲ့ အကြောင်းပြချက်ကရော ဘာလို့ပြောပါသလဲ။ သိရပါသလား။
ဖြေ ။ ။ အကြောင်းပြချက်ကတော့ ကျနော်က ဘာမှလည်း ပြစရာ မရှိဘူးလို့ သူ့(ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်) ကို ပြောတော့ ဘာကို အကြောင်းပြ ထွက်ရမလဲ ဆိုတော့ သူက ကျန်းမာရေး အကြောင်းပြလိုက်ရင် ကောင်းမယ်လို့ ပြောလာတယ်။
အတိုင်ပင်ခံက ဘာ့ကြောင့်ဆိုတာတော့ ကျနော်လည်း မသိရသေးဘူး။ အမှန်က ကျနော်တို့က လူကြီးကို အလုပ်တွေကျပ်တဲ့ ကြားမှာ တိုက်ရိုက်ဖုန်းဆက်ပြီး မေးတာမျိုးက လုပ်ခဲပါတယ်။ မလုပ်ပါဘူး။ ကျနော့်ကို သွားပြီး မေးမြန်းဖို့တိုက်တွန်း ကြပါတယ်။ ဟုတ်မဟုတ်ဆိုတာကို။ ကျနော်တို့အခု သိရသလောက်ကတော့ ကျနော့်ကို မနာလိုနေတဲ့ ပါတီ (NLD) ထဲက လူတွေက လုပ်နေတာလို့ အသံထွက်လာပြီ။ အဲ့လို အခြေအနေ အသံထွက်လာတော့ တနေ့ထက် တနေ့ကျနော်လည်း အဓိပ္ပာယ် ပေါက်လာတာ။
မေး။ ။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မသိရပဲနဲ့ ဝန်ကြီးကရော ဘာလို့နှုတ်ထွက်စာ မြန်မြန် တင်ပေးလိုက်ရတာလဲ။
ဖြေ ။ ။ ကျနော်က ပထမကတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို တယောက်ယောက်ကနေ ကျနော့်ကို ပြုတ်အောင် ချောက်တွန်းတာ ရှိပြီးမှ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အဲ့စကားကို ယုံကြည်ပြီးမှ တကယ်ပဲခိုင်းလာတယ်လို့ ပထမ ထင်လိုက်တယ်။ နောက်စဉ်းစားတော့ ဒီဥစ္စာက အတိုင်ပင်ခံပုဂ္ဂိုလ်က ခိုင်းတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ကျနော် တွေးနိုင်လာတယ်။ အဲ့လို တွေးနိုင် လာတော့ နောက်ရက်မှာ အထောက်အထားအ ခြေအနေတွေက တစချင်း ပေါ်လာတာလည်း တွေ့ရပါတယ်။
မေး ။ ။ ဘာတွေဆက်လုပ်သွားဖို့ရှိပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ ကျနော့်ကို ထွက်စာကို ဝန်ကြီးချုပ်ကနေ မရိုးမသား ဆောင်ရွက်တဲ့ အတွက်ကြောင့် စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးပါဆိုပြီး တိုင်ထားပါတယ်။ NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ရဲ့အတွင်းရေးမှူး အဖွဲ့ကို အဲ့လို အလုပ်ခံရပါတယ်ဆိုပြီး တိုင်ထားပါတယ်။
မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံဆီကိုရော ဝန်ကြီး ဦးHလအောင် လိုမျိုး စုံစမ်းသွားဖို့ ရှိပါသလား။
ဖြေ ။ ။ ကျနော့်ကိုလည်း တိုက်တွန်းကြပါတယ်။ ကျနော်ကလည်း ဒီဖြစ်ရပ်က မနေ့က စနေ ဖြစ်နေတယ်။ မနေ့က အကျိုးအကြောင်းတွေ စုံစုံလင်လင် သိလာရတော့မှ ငါ့ကို တပတ်ရိုက်ပြီး လုပ်တာ ဆိုတာ တိုင်မှ ဖြစ်မယ်ဆိုပြီး မနေ့က ၃ နာရီလောက်မှ တိုင်လိုက်တာ။
မေး။ ။ အလုပ်မလုပ်လို့ နုတ်ထွက်စာတွေတိုင်ခိုင်းတာလို့လည်း သတင်းတွေ ထွက်နေတယ်။ ဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။ ရှေ့မှာရော တိုင်တန်းတာမျိုး ခံရဖူးပါသလား။
ဖြေ ။ ။ အမှန်က ကျနော်နဲ့ ပတ်သတ်ပြီး အတိုင်ပင်ခံက ဒီကိုလာတာ ရှိတယ်။ တကယ်တမ်း အလုပ်မလုပ်ဘူးဆိုရင် ရှင်းရှင်းလင်းလင်း ပြောလို့ရပါတယ်။ အခု ဒီတခေါက် ကချင်ပြည်နယ်နေ့ လာသွားတော့လည်း ကျနော်တို့ ဝန်ကြီးချုပ်အိမ်မှာ တွေ့ခွင့်ရတယ်။ ပါတီက ညီညီညွတ်ညွတ် လုပ်ကိုင်ကြဖို့ပဲ ပြောသွားပြီး အစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေကို ဘာမှ အပစ်အနာအဆာ ရှိတယ်လို့ပြောသွားတာ မရှိဘူးခဗျ။
တိုင်ခံရဖူးတာလည်း မရှိပါဘူး။ တခုမှ မရှိပါဘူး။ ပါတီမှာသော်လည်းကောင်း၊ ဒီအစိုးရအဖွဲ့မှာ သော်လည်းကောင်း ကျနော့်ကို တိုင်လို့ ဖြေရှင်းရတာ တခုမှ မရှိဖူးပါဘူးခဗျ။
မေး ။ ။ အခုလို ဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ ။ ။ ပြောလိုတာက တကယ်တမ်းစဉ်းစားကြည့်ရင် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ဝန်ကြီး တယောက်ကို ဖြစ်စေ၊ ပြည်နယ်ဝန်ကြီး တယောက်ကို ဖြစ်စေ တိုင်းဒေသကြီးဝန်ကြီး တယောက်ကို ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရဲ့ ၂၆၃ မှာ စွပ်စွဲပြစ်တင်နိုင်တဲ့ အချက်တွေ မရှိပဲနဲ့ ထုတ်လို့ မရဘူးလေ။
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဥပဒေတွေမှာလည်း ဒီတိုင်းပဲ။ အတင်းအကျပ် ဖျားယောင်း သွေးဆောင်ပြီး အနိုင်အထက် မလျော်သြဇာသုံးပြီး လိမ်လည်ပြီးမှ ရယူတယ်ဆိုတာ ဥပဒေမှာ လိမ်လည်မှုဖြစ်တယ်။ အဲ့မှာ ၅ ချက်လောက် ရှိပါတယ်။ ဝန်ကြီးတ ယောက်ကို စွပ်စွဲပြစ်တင် နိုင်ဖို့က တာဝန်မကျေပွန်တာတို့ နိုင်ငံတော်နဲ့ ပြည်သူ့သစ္စာကို ဖောက်ဖျက်တာတို့ နောက်ပြီး အဂတိလိုက်စားတာတို့ ဒီဟာတွေ ၅ ချက် ရှိမှ ဝန်ကြီးတယောက်ကို ထုတ်ပစ်လို့ ရတယ်ဆိုတာရှိတယ်။ စွပ်စွဲပြစ်တင်တာ ခိုင်လုံမှ ရမယ်။
ကျနော့်ကိုက ဘာတခုမှ မရှိဘူး။ ကျနော်က ဘာအပြစ်မှ မရှိဘူးဆိုတော့ လိမ်လည်ပြီး ရယူသွားတဲ့ လက်မှတ်ကို ဘယ်လိုမှ ဥပဒေကြောင်းအရ ထုတ်လို့ မရပါဘူး။ ကျနော်ကတော့ ဆက်စုံစမ်းသွားမယ်။ ပါတီဌာနချုပ်ကိုလည်း သွားရှင်းပြဖို့ကျနော် စီစဉ်နေပါတယ်။