အိန္ဒိယ နိုင်ငံမှာ ၁၉၄၇ ခုနှစ်၊ သြဂုတ် ၁၅ ရက်က ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေး ကြေညာခဲ့ပြီး အိန္ဒိယ ဒိုမိုနီယံအဖြစ် အစိုးရ ဖွဲ့စည်းကာ နေထိုင်ခဲ့သည်။
ထို့နောက် ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် အိန္ဒိယ သမ္မတ နိုင်ငံ ဖြစ်လာကာ ဖွ့ဲစည်းပုံ အခြေခံ ဥပဒေသစ်ကို ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းထား နိုင်ခဲ့သည်။
ထိုနေ့ကို အစွဲပြု၍ နှစ်စဉ် ဇန်နဝါရီ ၂၆ ရက်ကို အိန္ဒိယ သမ္မတနိုင်ငံ ထူထောင်ခြင်းနေ့ အဖြစ် သတ်မှတ်ကာ အထိမ်း အမှတ် အခမ်းအနားများ ကျင်းပလေ့ ရှိကြောင်း သိရသည်။
ထို အထိမ်းအမှတ် အခမ်းအနားကို အာသံ၊ မဏိပူရ်၊ မီဇို ရမ်၊ အာရုနာချာပရ်ဒေ့ စသည့် ပြည်နယ်များတွင်ပါ ကျင်းပ မည့် အပေါ် နာဂအမျိုးသား ဆိုရှယ် လစ်ကောင်စီ-ကပ္ပလန် (NSCN-K)မှ ဥက္ကဋ္ဌ ဦးယုံးအောင်နှင့် အဖွဲ့ (NSCN-K)က ကန့်ကွက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်ဟု NAGA JOURNAL အွန်လိုင်းသတင်း ဌာနက၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ရေးသား ဖော်ပြသည်။
NSCN-K သည် အိန္ဒိယရှိ နာဂ လူမျိုးများနှင့် မြန်မာနိုင်ငံရှိ နာဂ လူမျိုးများ တစုတစည်း စုပေါင်း နေထိုင်နိုင်ရေးနှင့် လွတ်လပ်သော နာဂ ပြည်ထောင်စု နယ်မြေ အဖြစ် သတ်မှတ်ပေး ခံရရေး ကြိုးုပမ်းနေသည့် နာဂ လက်နက်ကိုင် အဖွဲ့ ဖြစ် ပြီး အိန္ဒိယ အစိုးရနှင့်လည်း အငြင်းပွားလျက် ရှိနေသည်။
အိန္ဒိယ တပ်မတော်နှင့် NSCN-K ကြား မြန်မာ-အိန္ဒိယ နယ်စပ် အနီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိနေကာ ထို အခြေအနေများနှင့် ပတ်သက်၍ အိန္ဒိယ အစိုးရက NSCN-K အား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒ ရှိနေသော် လည်း NSCN-K ဘက်က ယုံကြည်မှု မရှိဘဲ ဖြစ်နေသည့် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မဖြစ်မြောက်နိုင်ဘဲ ရှိကြောင်း သိရသည်။
အိန္ဒိယ အစိုးရနှင့် NSCN-K ကြား ဖြစ်ပွားနေသော နိုင်ငံရေး ပြဿနာများတွင် တရုတ်နိုင်ငံ အနေဖြင့် နောက်ကွယ်က ပါဝင် ပတ်သက်မှုများ ရှိနေနိုင်ကြောင်း အိန္ဒိယ အစိုးရဘက်က မှတ်ယူမှု ရှိနေသည့်အပေါ် ဆွေးနွေး အဖြေရှာရန် လည်း လိုအပ်လျက် ရှိသည်။
တဖက်မှာလည်း NSCN-K ကို မြန်မာ အစိုးရက တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးရန် ကမ်းလှမ်း ဖိတ်ခေါ်ထားသည်။
ထို အခြေအနေများနှင့် ပတ်သက်ပြီး NSCN-K ပြောခွင့်ရ ပုဂ္ဂိုလ် ဗဟို ကော်မတီဝင် ဦးကျော်ဝမ်းစိန်ကို ဧရာဝတီ အကြီး တန်း သတင်းထောက် ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ဇန်နဝါရီ ၂၆ ရက်မှာ အိန္ဒိယ သမ္မတ နိုင်ငံ ထူထောင်ခြင်း အထိမ်းအမှတ်ကို NSCN-K က ကန့်ကွက်တယ်လို့ ကြားတယ်၊ ဘာကြောင့်လဲ၊ ဘယ်လို ဖြစ်လို့လဲ။
ဖြေ။ ။ အဲဒါ ကျနော်တို့ ဗဟိုပြန်ကြားရေး ဌာနက ထုတ်ပြန်ထားတာ ဖြစ်မယ်။ ကျနော်လည်း မသိဘူး၊ အဲဒါက ကျနော် ဖြေပေးလို့ မရဘူး၊ ဗဟိုကနေ ထုတ်ပြန်တယ်ဆိုတော့ အကျိုးအကြောင်းက မသိဘူး။
မေး။ ။ မြန်မာ့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူး၊ အိန္ဒိယ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာတော့ ရှိတယ်။ အဲဒီတော့ အိန္ဒိယနဲ့ ဆရာတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အလားအလာက ဘယ်လို အခြေအနေရှိလဲ။
ဖြေ။ ။ အိန္ဒိယနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကတော့ သူတို့ ကမ်းလှမ်းလာတာတွေတော့ ရှိနေတယ်။ ဒါပေမယ့်လို့ ဒီဟာ တွေကလည်း သူတို့ဘက်ကနေ တကယ်ရော နာဂ လူထု အပေါ်မှာ နာဂ လူမျိုးအပေါ်မှာ ငြိမ်းချမ်းချင်လို့လား၊ လှည့် ကွက် တခုပဲလား။ ဟိုတုန်းက လုပ်သလိုပေ့ါလေ။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး လုပ်ပြီးတော့မှ အနောက်ကနေ ဖမ်းပြီး တော့မှ အားလုံး ရှင်းပစ်လိုက်သလိုများ လုပ်မလား။ အဲဒါ သူတို့ အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် အကဲခတ်မှပဲ ရမှာ။
အခု ကျနော်တို့ မြန်မာ နိုင်ငံ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဖြစ်လာတယ် ဆိုတာက ၈၈ ခုနှစ် နောက်ပိုင်း ကတည်း က တယောက်နဲ့ တယောက် ယုံကြည်မှုကို တည်ဆောက်ပြီးတော့ လာခဲ့ကြတော့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ကျ တော့ ကျနော်တို့ သေနတ်တွေ ဘာတွေ မပေါက်တော့ဘူးလေ။ အဲဒီလို တယောက်နဲ့ တယောက် ယုံကြည်မှု စိတ်ချ ပြီးမှပဲ ကျနော်တို့ NSCN အနေနဲ့ တိုင်းအဆင့်(တိုင်းဒေသကြီး အဆင့် အပစ်အခတ်ရပ်စဲရေး ထိုးထား) လက်မှတ် ထိုးပြီး ဒီကနေ့ထိ သွားတာပေါ့နော်။
ဒီလိုပုံစံပဲ။ အိန္ဒိယမှာ ရှိတဲ့ နာဂတွေနဲ့ အိန္ဒိယ အစိုးရပေါ့၊ သူတို့ ကောင်းကောင်း မွန်မွန် တကယ့် ယုံကြည်မှု တည် ဆောက်နိုင်မှပဲ ရမယ်။ ကျနေ်ာတို့ အိန္ဒိယနဲ့ အပစ်အခတ် ရပ်စဲရေးတို့၊ ဘာတို့လုပ်ဖို့ကလည်း ခက်တော့ ခက်နေ မလား မသိဘူး။ အဲဒီလို တွေး ကြည့်တာပေါ့လေ။ ကျနော် တယောက်တည်း အတွေးပါ။
မေး။ ။ ဒါဆို အိန္ဒိယနဲ့ NSCN-K ကြားပေါ့လေ။ အပစ်အခတ် ရပ်စဲရေးပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲ ဖြစ်ဖြစ် ဆွေးနွေး မယ် ဆိုရင် အိန္ဒိယက ဘယ်လို ပုံစံမျိုးပေးမှ ဆွေးနွေးမှုတွေ လုပ်မယ်၊ လက်ခံမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ရှိလဲ။
ဖြေ။ ။ အဲဒါတော့ ဘာမှ ဆုံးဖြတ်ချက် မရှိဘူး၊ ဘာကြောင့်ဆိုတော့ အခု တိုက်ပွဲဖြစ်နေတဲ့ အခါကျတော့ အိန္ဒိယ တွေ ကလည်း NSCN-K ကို ဘယ်လိုနည်းနဲ့ သတ်ရမလဲ၊ ဘယ်လိုနည်းနဲ့ ပြုတ်အောင် လုပ်ရမလဲဆိုတဲ့ ပေါ်လစီနဲ့ သူတို့ က သွားနေတာ။ ငြိမ်းချမ်းရေး ဆွေးနွေးရအောင် ဆိုတာက ဒါက သဘောတရားပဲ။ ပါးစပ်နဲ့ လေမှုတ်တာလောက်ပဲ ရှိတယ်။ အဲဒီလို ဆိုတော့ ကျနော်တို့ NSCN-K အနေနဲ့ ဒီ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့က အခုထိ အတွင်း ထဲမှာတော့ ဘာမှ ပြင်ဆင်မှုတွေ မရှိဘူး။
မေး။ ။ အိန္ဒိယဘက်က အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ကမ်းလှမ်းထားတာ ရှိတယ်လို့ သိရတယ်၊ ဘယ် အချိန်လောက်က ကမ်းလှမ်းတာလဲ၊ ဘယ်နှကြိမ်လောက် ကမ်းလှမ်းထား ပြီးပြီလဲ။
ဖြေ။ ။ ကျနော်တို့ ဖြုတ်လိုက်တဲ့ ဥက္ကဋ္ဌ ဦးခမ်းငေါ် ရှိတုန်းက နာဂလန်း ပြည်နယ် ဝန်ကြီးချုပ်ကတဆင့် အိန္ဒိယ အစိုးရ က ကမ်းလှမ်းလာတယ်လို့ ပြောတယ်။ ကိုယ်စားလှယ် လွှတ်တာပေါ့။ ဒါပေမယ့်လို့ ဒီကိစ္စကို ကျနော်တို့ အသေးစိတ် မသိ ဘူး။ ဥက္ကဋ္ဌ ဦးခမ်းငေါ်က သူ့ရဲ့ level မှာပဲ ဒီလုပ်ငန်းတွေကို ဖျောက်လိုက်တာ။ ကျနော်တို့ အဖွဲ့ဝင်တွေလည်း မသိ လိုက်ရဘူး။
ကမ်းလှမ်းလာတယ် လို့တော့ ကြားတယ်။ ဖုန်းကနေ သော်လည်းကောင်း၊ နာဂ NGO တွေ ကနေ သော်လည်း ကောင်း သူတို့က ဒီလို(အိန္ဒိယ အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်)ပြောပါတယ် ဆိုတဲ့ ဟာမျိုးတွေတော့ ရှိတယ်။ တရားဝင် စာနဲ့ ဆွေးနွေးလာတယ် ဆိုတာတော့ နာဂလန်း ပြည်နယ် ဝန်ကြီးချုပ်ကနေ ပြီးတော့မှ ဦးခမ်းငေါ်ရှိတုန်းက သူ့ဆီကို ရေး ပို့ခဲ့တဲ့စာ အဲဒီ တခေါက်ပဲ သိရတယ်။
မေး။ ။ အိန္ဒိယဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ချင်တယ်၊ ဒါပေမယ့် အန်ကယ်တို့ကလည်း အိန္ဒိယကို မယုံဘူး ဆိုတော့လေ တကယ်လို့ ဘယ်လိုမျိုး အခြေအနေကို ပုံဖော် ဖန်တီးပေးမှ သို့မဟုတ် NSCN-K လိုချင်တဲ့ ပန်းတိုင် တခု ကို ဖန်တီးပေးမှ လုပ်မယ် ဆိုတာမျိုး NSCN-K မှာ ဘယ်လိုမျိုး အခြေအနေ ရှိကြလဲ။
ဖြေ။ ။ အဲဒါကျတော့ ကျနော်တို့ မြန်မာနိုင်ငံထက်စာရင်တော့ အခု အိန္ဒိယမှာ ရှိနေတဲ့ နာဂတွေက အများကြီး ဖွံ့ဖြိုးမှု ပိုင်းဆိုင်ရာမှာ အများကြီး တိုးတက်ထားပြီးသား ဆိုတော့ တကယ်လို့ အိန္ဒိယ အနေနဲ့ နာဂ NSCN နဲ့ ငြိမ်းချမ်းရေး လုပ် မယ်၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လုပ်မယ် ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးခဲ့မယ် ဆိုရင် နာဂနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အားလုံး သူတို့ဘက်ကနေပြီးတော့မှ လက်ခံနိုင်တဲ့ အတိုင်းအတာ ဖြစ်မှပဲ ငြိမ်းချမ်းရေး ဆိုတဲ့ လမ်းစဉ်ကို သွားနိုင်မှာ ဖြစ်တယ်။
အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ အပစ်အခတ် ရပ်စဲရေး ပုံစံမျိုးတော့ တထောင့်တနေရာပေါ့နော်။ ဥပမာ- တပ်တခုနဲ့ တခု ကြား အဲဒီလိုမျိုးတွေတော့ ရှိရင် ရှိလိမ့်မယ်။ ဒါပေမယ့်လို့ သီးသန့် နိုင်ငံရေး ဆွေးနွေးခန်းတို့ ဘာတို့ဆိုတဲ့ အဆင့် ရောက်ဖို့ ကတော့ နည်းနည်းတော့ လိုမယ်လို့ သုံးသပ်တယ်။
မေး။ ။ နာဂတွေရဲ့လိုအပ်ချက်ဆိုတော့ တိတိကျကျ ဆိုရင် ဘယ်လိုဟာမျိုး ဖြစ်မလဲ။ ဥပမာ-မီဇိုရမ်၊ အာသံ၊ မဏိပူရ် ပြည်နယ်တွေကို စုပေါင်းပြီး နာဂလန်း အဖြစ် တောင်းဆိုတဲ့ဟာမျိုးတွေ ကိုလား၊ ဘယ်လိုမျိုးကို ပြောချင်တာလဲ။
ဖြေ။ ။ အဲဒါကျတော့ မဟုတ်ဘူး။ မဏိပူရ်တို့၊ အာသံတို့၊ မီဇိုရမ်တို့ စသဖြင့် အဲဒါတွေကတော့ နာဂ နိုင်ငံရေးနဲ့တော့ မအပ်စပ်ဘူး တခြားဆီပဲ။ ကိုယ့်ဒေသနဲ့ ကိုယ့်ဟာပဲ ရှိတယ်။
နာဂ ဆိုတာက အိန္ဒိယမှာ ရှိတဲ့ နာဂတွေနဲ့ မြန်မာပြည်မှာ ရှိတဲ့ နာဂတွေ အတွက်ပဲပေါ့။ အဲဒါကတော့ ကျနော်တို့ ပြောနေသလိုပဲ အားလုံး ကျနော်တို့ အဘိုးအဘွား ခေတ်ကတည်းကပဲ၊ ဒါ သမိုင်း အစဉ်အလာကတည်းက ဒီအတိုင်း ရှိနေခဲ့တာ။ အဲဒီ အတွက်ကြောင့် တယောက်နဲ့ တယောက် မခွဲနိုင်ကြဘူး။ အဲဒီတော့ တစုတစည်းတည်းပဲပေါ့။
ဒီလိုမျိုး နေထိုင်ကြဖို့ အဲဒီလိုမျိုးပဲ ရပ်တည်လာတဲ့ ကိစ္စဖြစ်တဲ့ အခါမှာ အိန္ဒိယမှာရှိတဲ့ နာဂပဲ ဖြစ်ဖြစ်၊ မြန်မာဘက်မှာ ရှိတဲ့ နာဂပဲ ဖြစ်ဖြစ် အားလုံးကတော့ ဒါ တခုတည်းပဲ။ အာသံ လူမျိုးတို့၊ မဏိပူရ်(ကသည်း)လူမျိုးတို့ အဲဒါကျတော့ နာဂ ဖြစ်လာ ဖို့ကတော့ ကျနော်တို့ နိုင်ငံရေး လုပ်ထုံး လုပ်နည်းမှာ ပေါ်လစီမှာလည်း မပါဘူး အဲဒါတွေ။ အမျိုးလည်း မတူဘူးပေါ့လေ။
မေး။ ။ အခု NSCN-K ကို တရုတ်က ထောက်ပံ့ ပေးနေတယ်။ တရုတ်နဲ့ ဆက်သွယ်မှုတွေ ရှိနေတယ် ဆိုပြီး အိန္ဒိယ ဘက်က မှတ်ယူမှုတွေ ရှိနေတဲ့ အတွက်ရော ဘယ်လို အခြေအနေ ရှိလဲ။
ဖြေ။ ။ တရုတ်က ထောက်ပံ့တယ် ဆိုတာတော့ မရှိဘူး၊ တရုတ်ကတော့ မထောက်ပံ့ဘူး ကျနော်တို့ NSCN ကို။ နိုင်ငံ ရေး အရ ဆက်စပ်မှုတွေ ရှိတာပေါ့လေ။ သို့သော်လည်း ငွေရေးကြေးရေး အရ ထောက်ပံ့တာတော့ မရှိဘူး။
မေး။ ။ ဒါဆို ဘယ်လို ပြောမလဲ။ စစ်လက်နက်နဲ့ ပတ်သက်ပြီး မှောင်ခို ဈေးကွက် အရ နှီးနှော ဆက်နွယ်တာမျိုးပဲ ရှိပြီး တော့ ငွေကြေး ထောက်ပံ့မှုနဲ့ နည်းဗျူဟာပိုင်း ဆိုင်ရာတော့ မရှိဘူးပေါ့။ အဲဒီလိုမျိုးလား။
ဖြေ။ ။ လက်နက် ခဲယမ်းနဲ့လည်း ထောက်ပံ့မှုတော့ မရှိဘူး၊ အခုက ဘယ်လို ပြောမလဲ ဒီလက်နက် ခဲယမ်းဆိုတာက အခုခေတ် စီးပွားရေးပေါ့။ လက်နက်ခဲယမ်းက မှောင်ခို စီးပွားရေးခေတ် ဖြစ်နေတာကိုနော်။ အိန္ဒိယက ရောင်းတာ လည်း ရှိမယ်၊ တရုတ်က ရောင်းတာလည်း ရှိတယ်ပေါ့နော်။ ပိုက်ဆံရှိရင်တော့ ဝယ်သုံးလို့ ရတာပေ့ါ။ အဲဒီလိုပဲ ရှိပါ တယ်။
မေး။ ။ မြန်မာဘက် အခြေအနေကို ပြောမယ် ဆိုရင် အခု NSCN-K ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုထဲမှာ ပါဝင်ဖို့ အရင် တုန်းကလောက် အခု အစိုးရဘက်က ဖိတ်ခေါ်တာ မရှိတော့ သလိုပဲ။ NCA မထိုးနိုင်ရင် နာဂ ဒေသ ဖွံ့ဖြိုးမှု နိမ့်ကျနေ တာ ကို တင်ပြ တောင်းဆိုမှုတွေ သိပ်မလုပ်နိုင်ဘဲ ဖြစ်နေမယ်လို့ သုံးသပ်တာတွေလည်း ရှိနေပြန်တယ်။ ဒီအပေါ် ဘယ်လို သဘောထား ရှိလဲ။
ဖြေ။ ။ အဲဒါကျတော့ ကျနော်တို့ သုံးသပ်တာက ဖွံ့ဖြိုးရေး လုပ်ငန်းက NCA နဲ့ မပတ်သက်ဘူးလို့ ကျနော်တို့ ထင်တာ ပေ့ါလေ။ ဘာလို့လဲ ဆိုတော့ NCA ဆိုတာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ သွားတဲ့ အခါ မှာ အခု ကျနော်တို့ နာဂတွေမှာ ပစ်ခတ် တိုက်ခိုက်မှု မရှိဘူး။ တည်ငြိမ် အေးချမ်းပြီးသား ဖြစ်တာပေါ့လေ။
အဲဒီ NCA ဆိုတဲ့ ဟာက တယောက်နဲ့ တယောက် မယုံကြည်လို့ သိပ် စိတ်မချလို့။ အဲဒါကြောင့်မို့လို ဒီ ခေါင်းစဉ်ထဲမှာ သွားတာ။ ကျနော်တို့ NSCN အနေနဲ့တော့ အဲဒီလို ယူဆတယ်လေ။ အဲဒီတော့ အပေးအယူပေါ့၊ ကျနော်တို့ လက်မှတ် ထိုးမယ် ခင်ဗျားတို့ ဒါ လုပ်ပေးပါ ဆိုတဲ့ သဘောမျိုးပေါ့။ ဒါ အပေးအယူ တခုလို့ ကျနော်တို့ သုံးသပ်တယ်။
ဒါပေမယ့် ကျနော်တို့ NSCN အနေနဲ့ ကျတော့ ပစ်ခတ် တိုက်ခိုက်မှုလည်း မရှိဘူးပေါ့။ ကျနော်တို့ကတော့ တည်ငြိမ် အေး ချမ်းရမယ်၊ ဖွံ့ဖြိုး တိုးတက်ရမယ်၊ အဲဒါပဲ ဆိုတော့ ကိုယ့်ဟာကိုယ် တည်ငြိမ် အေးချမ်းအောင် နေမယ်၊ ပြည်သူ လူထုကို လည်း ဖွံ့ဖြိုး တိုးတက်အောင် ထားမယ်ပေါ့။ နိုင်ငံတော်နဲ့လည်း ဖွံ့ဖြိုးရေးကိစ္စမှာ လက်တွဲပြီးတော့ နိုင်ငံတော် ကနေ ဘယ် လိုပုံစံမျိုးနဲ့ ပံ့ပိုးကူညီပေးနိုင်မလဲ ဆိုတဲ့ ကူညီတဲ့ အတိုင်းအတာတွေကိုတော့ ကျနော်တို့ လက်ခံမယ်။
နောက် နိုင်ငံတော် အစိုးရကနေ ဘဏ္ဍာရေး ငွေကြေး အရ မကူညီနိုင်လို့ ဖွံ့ဖြိုးမှု မပေးနိုင်သေးတာတော့ ဘာမှလည်း ပြောစရာ မရှိဘူး၊ ကန့်ကွက်စရာ မရှိဘူး၊ အဲဒီ အတွက်ကြောင့် အခု NCA လက်မှတ်မထိုးရင် ကျန်ခဲ့မယ် ဆိုတာတော့ အဲဒီ အသုံးအနှုန်းကို ကျနော်တို့ NSCN အနေနဲ့ နည်းနည်းတော့ မှားတယ်လို့ သုံးသပ်တယ်။
တချို့လူကြီးတွေ ပြောနေကြတာ ခင်ဗျားတို့ NCA လက်မှတ် မထိုးရင်တော့ ဖွံ့ဖြိုးတိုးတက်မှုတွေ မပေးဘူး ဘာတွေ ဖြစ် မယ်လို့ ပြောတာ။ ဒါနဲ့ အဲဒီလို ဆိုရင် မြန်မာနိုင်ငံလို့ ဘာဖြစ်လို့ ပြောရသလဲ။
မြန်မာနိုင်ငံလို့ ပြောပြီ ဆိုကတည်းက ဖွံ့ဖြိုးမှု ကတော့ ပေးရပြီလေ။ နဂိုကတည်းက တည်ငြိမ်အေးချမ်း နေပြီးသားကို ကျနော်တို့ NSCN ရဲ့ ယူဆချက်ကတော့ အဲဒီလိုပါပဲ။ NCA လက်မှတ် မထိုးလို့ ဖွံ့ဖြိုးမှုကို မပေးတော့ဘူး ချန်ထားခဲ့ မယ် ဆိုလည်း ကျနော်တို့ အနေနဲ့ ဘာမှလည်း ပြောဖို့တော့ မရှိဘူးပေါ့။
မေး။ ။ ကျနော်တို့ နားလည်တာတော့ NCA စာချုပ်ထဲမှာ နိုင်ငံရေး လိုလားချက်တွေ တောင်းဆို(ညှိနှိုင်းကြဖို့)ဖို့ ပါထားတယ် ဆိုတော့ NCA မထိုးရင် ဒီဟာကို တောင်းဆိုမယ် ဆိုရင် နည်းနည်း အားနည်းနိုင်မယ်ပေါ့။ အဲဒါကို ဆိုလို တာ ဖြစ်ပါလိမ့်မယ်။
ဖြေ။ ။ အဲဒါကြောင့် အခု ကျနော်တို့ ပြောထားခဲ့သလိုပေါ့။ နာဂက နိုင်ငံရေး မဆွေးနွေးသေးဘူးလို့။ နိုင်ငံရေး ဆွေး နွေး ပြီ ဆိုရင်တော့ အများကြီး စကားပြောရမှာ။ စကားပြောရမယ့် အကြောင်းကတော့ နာဂတွေက ၂ နိုင်ငံ(မြန်မာ၊ အိန္ဒိယ)မှာ နေထားတာကို။ အဲဒီက နိုင်ငံရေး ဆိုရင်တော့ အခု ဖြေရှင်းဖို့ကတော့ မလွယ်ဘူး။
အဲဒါကြောင့်မို့လို့ နိုင်ငံရေးကို ဦးစားပေး မထားဖို့ ကျနော်တို့က ဖွံ့ဖြိုးရေး၊ ပြည်သူလူထု အားလုံး စာတတ်မြောက်ရေး ပေါ့။ အဲဒီဘက်မှာပဲ ဦးတည်ပြီးတော့ သွားနေတာပေါ့လေ။ ဒါလူမျိုးစု တစုရဲ့လုပ်ငန်း ပုံစံနဲ့ သွားနေတာပေါ့နော်။
မေး။ ။ ဒါဆို NCA ထိုးနိုင်ရေး NSCN-K အနေနဲ့ ဘယ်လို အခြေအနေ ရှိလဲ။
ဖြေ။ ။ အခုထိ NCA လက်မှတ် ထိုးဖို့ အစီအစဉ် မရှိသေးဘူး။ ။