ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်တွင် ပြုလုပ်တော့မည် ဖြစ်ရာ နိုင်ငံရေး ပါတီ တချို့ကလည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
စည်ပင် ရွေးကောက်ပွဲတွင် ပါတီကြီး ၂ ခုမှ ကိုယ်စားလှယ်လောင်းများက မြို့နယ် အားလုံး နီးပါးတွင် ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် မြို့တော် ကော်မတီဝင် ၆ ဦး အပါအဝင် ကိုယ်စားလှယ် လောင်း စုစုပေါင်း ၉၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။
ထို့အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည်လည်း စည်ပင် ကော်မတီဝင်နေရာ အားလုံးနီးပါး ကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
အဆိုပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား ပါတီ တံဆိပ်၊ အလံများ သုံးစွဲခွင့် ပြုခြင်း အပေါ် ဝေဖန်မှုများ ရှိနေခဲ့သည်။
ယခု ပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီများကြား အားပြိုင်မှုများ ရှိနေသလို ပြည်သူလူထု ကိုယ်တိုင် ရွေးချယ် လိုက်သည့် ကိုယ်စားလှယ်များမှ ဒုမြို့တော်ဝန်လည်း ဖြစ်ပေါ်လာမည် ဖြစ်ရာ ထိုကဲ့သို့ ပြောင်းလဲမှု ရှိနေသည့် ရွေးကောက်ပွဲ ရလဒ် အပေါ်တွင် ပြည်သူလူထုက စောင့်ကြည့်လျက် ရှိသည်။
ဒု မြို့တော်ဝန် ဖြစ်လာဖွယ် ရှိသည့် ကိုယ်စားလှယ်လောင်းများကို မြို့နယ် အသီးသီးမှ ပြည်သူလူထုက မည်သို့မည်ပုံ ရွေး ချယ်မည်လည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသည့် အခြေအနေ ဖြစ်သည်။
သို့ဖြစ်ရာ ယင်းသို့ စိတ်ဝင်စားဖွယ် အခြေအနေများ ရှိနေသည့် စည်ပင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင် ဘာ လက တနိုင်ငံလုံး အတိုင်းအတာနှင့် ကျင်းပသည့် လစ်လပ် မဲဆန္ဒနယ်များ အတွက် ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော USDP ပါတီမှ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ စည်ပင် ရွေးကောက်ပွဲ ပြုလုပ်တော့မယ့် အပေါ် ဘယ်လို မြင်သလဲရှင့်။
ဖြေ။ ။ အစောကြီးကတည်းက လုပ်သင့်တဲ့ လုပ်ငန်းတခုပေါ့။ ဟိုသက်တမ်းထဲမှာ ဒါက မျိုးစေ့ ချပြီးသွားပြီ စိုက်ပြီးသား မျိုးစေ့ကို ရှင်သန် ဖွံ့ဖြိုးလာအောင်၊ အားနည်းချက်တွေကို ပြုပြင်ပြီး အားသာချက်တွေကို ပိုကောင်းသထက် ကောင်း အောင် ပြုပြင်ရမယ့် လုပ်ငန်းပါ။
၂၀၁၀- ၂၀၁၅ မှာ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေဆိုတာ ပြဋ္ဌာန်းထားပြီး သားကို မလိုဘူး ဆိုပြီး ဖျက်ပစ် လိုက်တယ်။ ဥပဒေ အရ အများပြည်သူက ရွေးချယ်ထားတဲ့ အရင် ကော်မတီဝင် အဆင့်ဆင့်ကို မြို့တော် ခန်းမထဲက မောင်းထုတ်တယ်။ လူကို မကြိုက်ရင် ဖယ်လိုက်ပါ ကောင်းတဲ့ စနစ် ပိုပိုပြီးတော့ ရှင်သန်လာအောင် လုပ်ရမယ်။ အကုန်လုံး စနစ်ကိုပါ ဖျက်ပစ်လိုက်တယ်။ ဖျက်လိုက်လို့ မလုပ်တော့ဘူးလား ဆိုတော့ ဆွဲပြီးမှ ပြန်လုပ်မယ်။
မေး။ ။ အခုစည်ပင် ရွေးကောက်ပွဲမှာ ပါတီ အမှတ်တံဆိပ် တွေ အသုံးပြုခွင့်ပေးလိုက်တဲ့ အပေါ်မှာ လွှတ်တော် ကိုယ် စားလှယ် တယောက်အနေနဲ့ ဘယ်လို မြင်ပါလဲ။
ဖြေ။ ။ ဟိုပါတီက လူမှ ဒီပါတီက လူမှ တသီးပုဂ္ဂလ လူမှ ဆိုတဲ့ အစွဲ မရှိသင့်ဘူး။ အခု လုပ်မှာက ပါတီ လုပ်ငန်းကို လုပ် မှာ မဟုတ်ပါဘူး။ စည်ပင် လုပ်ငန်းကို လုပ်မှာ။ အများအကျိုးကို လုပ်မယ့်လူတွေသည် ပါတီရဲ့ ပုံရိပ်ကို ယူစရာ မလိုဘူးလို့ ထင်တယ်။ ပါတီ ပုံရိပ်ကို ပြန်ပြီး သုံးခွင့်ပေးတယ် ဆိုတာ မသုံးဘဲနဲ့ ပြိုင်ရင် မနိုင်လောက်ဘူး ထင်လို့ လုပ်တာလို့ပဲ ယူဆ ပါတယ်။ ဒါက ကျနော့်ရဲ့ တသီး ပုဂ္ဂလ ခံစားချက်ပါ။
မေး။ ။ အခု ရွေးချယ်ပြီးတော့ ရလာမယ့် ကော်မတီဝင်တွေကိုရော ဘယ်လို လူမျိုး ဖြစ်စေချင်သလဲရှင့်။
ဖြေ။ ။ အလုပ်လုပ်တဲ့ သူကိုပဲ လိုချင်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တိုးတက်စေချင်တယ် ကောင်းစေချင်တာပဲလေ။ ဒါပေမယ့် စည်ပင် ရွေးကောက်ပွဲဟာ ပြည်သူတွေ အတွက် မဖြစ်ဘဲနဲ့ ပါတီတွေ အားပြိုင်တဲ့ပွဲ သက်သက်ပဲ ဖြစ်ပါလိမ့် မယ်။ အားလုံးသည် ၂၀၂၀ အတွက် အားစမ်းတဲ့ပွဲ သက်သက် ဖြစ်သွားလိမ့်မယ်။ အဲဒီအတွက်ကြောင့်မို့လို့ လူများသော် လည်းပဲ ပွဲမစည်နိုင်ပါဘူး။
ကျနော် ကတော့ ကိုယ့်မြို့နယ် ကိုယ့်ဒေသ အတွက် တကယ်ကောင်းတဲ့ သူကိုပဲ ရွေးချယ်ပေးကြဖို့ ဆန္ဒပြု တိုက်တွန်းရင်း ကြိုးစားသွားမှာပါ။ တမြို့နယ်ချင်း ကောင်းရင် တခရိုင်ကောင်းမယ်။ တခရိုင်ချင်း ကောင်းရင် တိုင်းတခု ကောင်းမှာပဲ။ တိုင်းနဲ့ ပြည်နယ်တွေ ကောင်းရင် နိုင်ငံတော်ကြီး ကောင်းပါလိ့မ်မယ်။
မေး။ ။ ရန်ကုန်မှာ နေထိုင်သူ တယောက်အနေနဲ့ ဆိုရင် ရန်ကုန် စည်ပင်နဲ့ မန္တလေး စည်ပင် လုပ်ဆောင်ချက် အပေါ်မှာ ရော ဘယ်လို သုံးသပ်ချင်လဲ။
ဖြေ။ ။ ကိုယ်တွေ နေထိုင်တဲ့ ရန်ကုန်က လူဦးရေ သိပ်သည်းမှုတွေ အရမ်းများတယ်။ အသစ် တည်ဆောက်ရတာနဲ့ အဟောင်း ပြုပြင်ရတာ ဆိုရင် အဟောင်းပြုပြင် ရတာက ပိုပြီးတော့ ခက်ခဲပါတယ်။ ဥပမာ နေပြည်တော်ကြီးကို ဆောက် လိုက်တယ်။ လမ်းတွေချဲ့ရပ်ကွက်တွေလည်း စနစ်တကျ ချဲ့လို့ ရတယ်။ ရန်ကုန်မြို့က ဒီလို မဟုတ်ဘူး။
တကယ် တာဝန်ယူရတဲ့ သူတွေမှာလည်း အခက်အခဲတွေ အများကြီး ရှိပါလိမ့်မယ်။ လမ်းနဲ့ ယာဉ် အရေအတွက်နဲ့ လမ်း ဘေး ဈေးသည်တွေ၊ လူဦးရေ ထူထပ်လေလေ ဒီပြဿနာတွေက ပိုပြီးတော့ ကြုံတွေ့လာ လေလေ ဖြစ်ပါတယ်။
နဂိုကတည်းက ရှိခဲ့တဲ့ အခက်အခဲတွေကို တမုဟုတ်ချင်းတော့ ပြောင်းနိုင်မှာ မဟုတ်ပါဘူး။ မန္တလေး ဆိုတာကလည်း လူလက်ခံလာအောင် အကောင်အထည် ဖော်နိုင်ပေမယ့် ရန်ကုန်မှာတော့ လူလက်ခံလာအောင် အကောင်အထည် ဖော် နိုင်မှု စည်ပင် သာယာရေး လုပ်ငန်းမှာ နည်းနည်း ခက်ခဲပါတယ်။
ရန်ကုန်လည်းပဲ တိုးတက်ပါတယ်။ သို့သော် လူအထင်ကြီးစရာ ဖြစ်လောက်အောင်တော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ပြောတဲ့ အခက်အခဲမျိုးစုံက အခြေကျနေပြီ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ချက်ချင်းကြီး ဖြစ်ဖို့ဆိုတာ ခက်ခဲပါလိမ့် မယ်။
မေး။ ။ ဒုမြို့တော်ဝန် ရွေးချယ်မှုကရော ဘယ်လို ဖြစ်လာမယ်လို့ ထင်လဲ။
ဖြေ။ ။ ပြည်သူ ရွေးလိုက်တဲ့ ကိုယ်စားလှယ် ၆ ဦးဟာ အမှန်တကယ် ပြည်သူ့ မျက်နှာပဲ ကြည့်တယ်ဆိုရင် ပြည်သူတွေ မျှော်လင့်သလို ဖြစ်မှာပေါ့။ ဒီဘက်က ရှိပြီးသား ၅ ဦးထဲကနေပြီး တက်လာတဲ့ ၆ ဦးထဲက တယောက်ကိုများ စည်းရုံး သိမ်းသွင်း လိုက်ရင်ပဲ ပြည်သူတွေ မျှော်လင့်ချက် ပျက်ပြယ်သွားမှာပေါ့။
ရွေးလိုက်တဲ့ ၆ ယောက်စလုံးက NLD ကပဲ ဖြစ်သွားမယ် ဆိုရင်လည်းပဲ သူနဂို အထိုင်ရှိပြီးသား ၅ ယောက်နဲ့ ပေါင်းလိုက် ရင် တသွေးတသံ တမိန့်ပဲ ဖြစ်သွားမှာပေါ့။ အဲဒီထဲကမှ ပါတီစုံထဲကနေ ရွေးချယ်ခံရမယ် ဆိုရင်တော့ တမျိုး ဖြစ်သွားမယ်။ ဒါကတော့ ပြည်သူတွေ ရွေးချယ်မှုပေါ်မှာ မူတည်ပြီးတော့မှပဲ ဆုံးဖြတ်လို့ ရမှာပါ။
မေး။ ။ အန်ကယ်တို့ ပါတီကရော စည်ပင် ရွေးကောက်ပွဲ အပေါ် ဘယ်လောက်ထိ စိတ်ဝင်စားမှု ရှိနေလဲ။
ဖြေ။ ။ ခုနက ဖြေခဲ့တဲ့ထဲမှာလည်း ပါပါတယ်။ ဒါက၂၀၂၀ အတွက် အားစမ်းတဲ့ ပွဲတပွဲလို့ပဲ မြင်ထားပါတယ်။ အဲဒီ အတွက်ကြောင့် မို့လို့ ပြီးစလွယ် အဖြစ်ကလေးတော့ မလုပ်ပါဘူး။ ရှိသမျှ မြို့နယ်တိုင်းကို ဝင်ချင်တဲ့သူဝင် ပါတီက ပြိုင် တယ် ဆိုရင် ပြီးရော ဆိုပြီးတော့ လွှတ်မထားပါဘူး စိတ်ဝင်တစားနဲ့ကို ပါတီကလည်း စောင့်ကြည့်နေပါတယ်။
မေး။ ။ ဒီ ဆိပ်ကမ်း မြို့နယ်က ပြည်သူတွေကရော စည်ပင် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိလား။
ဖြေ။ ။ ရှိတာပေါ့။ စည်ပင် ရွေးကောက်ပွဲတင် မဟုတ်ဘူး ရွေးကောက်ပွဲတိုင်း ရွေးကောက်ပွဲတိုင်းမှာ မဲဆန္ဒရှင် ၉၀ ရာ ခိုင်နှုန်းကျော် မဲပေးတဲ့ မြို့နယ်ဖြစ်တယ်။
မေး။ ။ တကယ်လို့သာ ပြည်သူစိတ်ဝင်စားမှု နည်းမယ်ဆိုရင် ဘယ်လိုအခြေအနေဖြစ်သွားနိုင်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ပြိုင်ပွဲဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ၁ မဲနိုင်ရင်လည်း နိုင်တာပဲ။ ပညာရှိတယောက်ပြောတဲ့ စကားရှိတယ် ကိုယ်နဲ့တန်တဲ့အစိုးရပဲ ကိုယ်ရမယ်တဲ့။ အစိုးရ မကောင်းဘူး ကောင်းတယ်ကို ထည့်မပြောနဲ့ ကိုယ်နဲ့တန်တဲ့ အစိုးရပဲ ကိုယ်ရမယ်လို့ ပြောတာ။
အဲဒီတော့ ကိုယ့်အရပ်ဒေသကို ကောင်းအောင် လုပ်မယ့်သူ လိုချင်တယ်ဆိုရင် ကိုယ်ကလည်း အဲဒီလူကို သွားရွေးပေး လေ။ ကောင်းတဲ့သူတော့ လိုချင်တယ် သွားတော့ မရွေးပေးဘူးဆိုရင် ကိုယ်နဲ့တန်တဲ့လူပဲ ရမှာပဲလေ။ ဒါကတော့ အပြန်အလှန်ပဲ။ ။