ဇန်နဝါရီ ၂၉ ရက် က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ တရပ် ဖွဲ့စည်းရန် လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီး အဆိုတရပ် တင်သွင်းခဲ့သည်။
ထိုသို့ ဖွ့ဲစည်းပုံ ပြင်ဆင်ရန် လွှတ်တော်တွင် ဆွေးနွေးကြစဉ် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ကန့်ကွက် ခဲ့ကြသည်။
ယင်းမှ စ၍ လွှတ်တော်တွင်း လွှတ်တော် ပြင်ပတွင်ပါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဂယက် ရိုက်ခတ်ခဲ့ပြီး လူထုကြား ပြောဆို ဝေဖန်မှုများခဲ့သည့် ကိစ္စရပ် တခု ဖြစ်ခဲ့သည်။
လက်ရှိ အငြင်းပွားလျက်ရှိသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပေါ် တိုင်းရင်းသား ပါတီ၊ နိုင်ငံရေး လေ့လာသူ၊ ဥပဒေ ပညာ ရှင် များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထား အမြင်များကို ဧရာဝတီ သတင်းထောက် မိုးမိုးနှင့် ချစ်မင်းထွန်း တို့က စုစည်း တင်ပြထားသည်။
ဦးခင်အောင်မြင့်
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဟောင်း
တဦးချင်း စိတ်ကူး အရတော့ ဝန်ကြီးချုပ်တွေက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်တွေက ရွေးကောက် တင်မြှောက်တဲ့ လူတွေ ဖြစ်သင့်တာပေါ့။ ဒါဆိုရင်တော့ သွားနေတဲ့ ဖက်ဒရယ်နဲ့ ပိုပြီးတော့ နီးစပ် ပီပြင် သွားတာပေါ့။ ကျန် တာတွေ ကတော့ ခုနက တိုင်းနဲ့ ပြည်နယ်တွေရဲ့ စီးပွားရေး လုပ်ပိုင်ခွင့်၊ ဒါတွေ ပေးနိုင်သမျှ ပေးဖို့ လိုပါတယ်။
အဲ့ဒီအတွက်ကို ဘယ်အချက်တွေ ပြင်သင့်တယ် ဆိုတာ ဝိုင်း စဉ်းစားရမှာပေါ့။ နောက် ဘယ်လောက် အတိုင်းအတာ အထိ ပြင်သင့်လဲ ဆိုတာကို အားလုံး ဝိုင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
ဖွ့ဲစည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်ရန်အတွက် ကော်မတီ တရပ် ဖွဲ့ပေးပါ ဆိုတာကတော့ ပြည်ထောင်စု လွှတ်တော်ထဲမှာ ရှိသမျှ လူအားလုံးက ပြင်ချင်တဲ့ လူလား၊ မပြင်ချင်တဲ့ လူလား၊ ဟိုအရင်တုန်း ကလည်း လုပ်ဖူးပါ တယ်။ ဘာလို့လဲ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြန်သုံးသပ်ဖို့ လိုတဲ့ နှစ်ပိုင်းကို ရောက်လာပြီ။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် သုံးသပ်ရေး ကော်မတီ တရပ် ဖွဲ့စည်းပေးရန် ဆိုတဲ့ အဆိုမျိုး ဆိုရင်တော့ ဘာမှ ပြောစရာ မလိုတော့ဘူး။
ပြန်လည် သုံးသပ်တယ် ဆိုတာ ပြင်မှာပါပဲ။ ဒါပေမယ့် အသုံးအနှုန်းပေါ့နော်။ ဆောလျင်စွာ မပြင်ချင်ဘူးလား၊ ပြင်ချင် လားဆိုတာက မနေ့က မဲ ပေးတဲ့ အပေါ်မှာ စဉ်းစားစရာ ဖြစ်လာတယ်လေ။ မဲမပေးတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တပ်မတော်သား အပြင် အခြား ပုဂ္ဂိုလ်တွေလည်း ရှိနေတာ ဆိုတာ သွားတွေ့တယ်ပေါ့။
အရင် လွှတ်တော် သက်တမ်းမှာလည်း ပြင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကြိုးစားတဲ့ အခါကျတော့ လုပ်လို့ ရသလောက် တော့ လုပ်ခဲ့ပြီးပြီပေါ့။ အဲဒီတုန်းကလည်း ၂ နှစ်လောက် ကြာတယ်။ အခု ဒီသက်တမ်းမှာလည်း လုပ်သင့်ပါတယ်။ ပြန်လည် သုံးသပ်တယ် ဆိုတာတော့ လုပ်သင့်တာပဲ ။အချိန်မရွေး လုပ်ရမှာ။ ပညာရှင်တွေလည်း ပါဖို့ ကောင်းတယ်။ တိုင်းရင်းသား တွေလည်း ပါဖို့ ကောင်းတယ်။
ဒါတွေက အဘက်ဘက်က စဉ်းစားဆင်ခြင်ပြီးတော့ နိုင်ငံရဲ့ သမိုင်းကြောင်း သိဖို့လည်း လိုတယ်။ နိုင်ငံတော်ရဲ့ ပကတိ အခြေနေမှန်ကိုလည်း သိဖို့ လိုတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လာမှာပါ။
အခု ဖွဲ့စည်းပုံကို ပြင်မယ် ဆိုတာက အစိုးရအနေနဲ့ ကြိုးစားတာတော့ မဟုတ်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ် အနေ နဲ့ ကြိုးစားတာပါ။ ဒါ နောက်ကျတယ်၊ စောတယ် ဆိုတာ မရှိပါ။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အစဉ် အမြဲ သုံးသပ်နေရမယ့် အလုပ်ပါ။ နောက်ကျခြင်း၊ စောခြင်း မရှိပါ။ ၂ နှစ် အတွင်း ပြီးတယ် မပြီးဘူး ဆိုတာက ဖွဲ့စည်း ပုံ အခြေခံ ဥပဒေမှာ ပုဒ်မ ၄၅၇ လား မသိဘူး။ ပါတဲ့ အနက်မှ ၉၀ လောက်က လူထု ဆန္ဒခံယူပွဲ လုပ်ရမှာ။
ကျန်တဲ့ ဟာတွေက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရင် ရတယ်ပေါ့။ ဆိုတော့ အဲ့ဒီ အချက်တွေက လွယ်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထားတာ ရှိတယ်။ လွယ်တဲ့ အချက် က စပြင်တာပေါ့လို့။
လူထု ဆန္ဒ ခံယူတာကျတော့ အချိန်လည်း ကုန်တယ်။ ငွေလည်း ကုန်တယ်။ လုပ်သင့်တဲ့ ကိစ္စတော့ လုပ်ရမှာပေါ့။ သာမန် ကိစ္စရော လူထု ဆန္ဒခံယူပွဲ ကိစ္စရော ခဏဆိုင်းထား။ ဒီ လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းကျော်ရဖို့ ကြိုးစား ရင်တော့ ပြီးသွားမှာပါ။
တပ်မတော် ကလည်း မပြင်ရဘူးလို့ ပြောတာ မဟုတ်ဘူး။ ပြင်မယ်။ ပြင်ဖို့လည်း သူတို့ သဘောတူမယ်လို့ ပြောထားပြီးပြီ လေ။ သူတို့ သဘောတူတဲ့ အချက်တွေ ပြင်ရမှာပါ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပိုင်ပိုင်နိုင်နိုင် လေ့လာမယ် ဆိုရင် ဥပဒေ ပြုရေးရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေး ရယ် ဆိုတဲ့ မဏ္ဍိုင် ၃ ရပ်ရှိတယ်။ ဒီ ၃ ခုဟာ တတ်နိုင်သမျှ ပိုင်းခြားချက်ကို အပြန်အလှန် ထိန်းကျောင်းရမယ်။
နိုင်ငံတော်ရဲ့ အထွဋ်အထိပ် ဖြစ်တဲ့ သမ္မတကြီးကလည်း ထိန်းကျောင်းလို့ ရပါတယ်။ ထိန်းကျောင်းတယ် ဆိုတာက ဘယ် သူ့ကို ဘယ်လောက် အပြစ်ချတယ်။ ဘယ်သူ့ကို လွှတ်လိုက် ဒီလို မဟုတ်ပါဘူး။ အခြေအနေက ပြည်သူ့ရဲ့ အသံက ဘယ် လို ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ပြုပြင်ဦး။ ဒီလို ထိန်းကျောင်းပေးရင် ကျန်တာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ တော့ သိပ်ပြောစရာ မလိုပါဘူး။
ဗိုလ်မှူးချုပ် မောင်မောင်
ပြည်သူ့ လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်
အရင် သက်တမ်းတုန်းကလည်း လုပ်ခဲ့တာပါပဲ။ ကျနော်တို့က လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်စေချင်တာ။ ကော်မတီ ဖွဲ့ လိုက်ပြီးတော့ လုပ်ရမယ့် လမ်းကြောင်း တခုကနေ ကျော်ပြီး လုပ်သလို ဖြစ်နေတာပါ။ တချို့ကတော့ ပြင်ဆင်ရေး လုပ် ငန်းတွေ လုပ်ဖို့ ကော်မတီ ဖွဲ့တာပဲလို့ ပြောတယ်။ လုပ်ထုံးလုပ်နည်းမှာ ကျတော့ ပြင်ချင်တဲ့ဟာကို မူကြမ်း တင်ရမှာလေ။ မူကြမ်း မတင်ဘဲ ကော်မတီ ဖွဲ့တော့ ကျယ်ပြန့်ပါတယ်။ ဆိုလိုတာက ဥပဒေ ဘယ် လောက်ထိ ထည့် လာမှာလဲ။ ပြင် ဆင်ချက်တွေ ဘယ်လောက်ထိ ထည့်လာမှာလဲ။
နောက်တခုက သူ့ လုပ်ထုံးလုပ်နည်း အရဆိုရင် ပုဒ်မ တခုချင်း ပေါ်မှာ ဥပဒေ တခုစီ လုပ်ရမယ့် သဘောတောင် ပါနေ တယ်။ ဖွဲ့စည်းပုံမှာက အဲဒီလို ဥပဒေတွေ ဘယ်လောက်ထိ လုပ်လာမယ် ဆိုတာလည်း မသိနိုင်သေးဘူး။ နောက်ပြီး ကော်မတီက ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ပေးပြီး လုပ်မှာလည်း မသိသေးဘူး။
အဲဒီလိုမျိုးတွေ သူ့ရဲ့ လုပ်ထုံးလုပ်နည်း အရ ပြင်ရမယ့်ဟာ ရှိရဲ့သားနဲ့ ဒီလို တဖက်ကနေ ကော်မတီ ဖွဲ့ပြီး လုပ်မယ် ဆိုတာ နောက်ဆုံးတော့ဗျာ အခု လုပ်နေကြသလိုပေါ့။ လူထုတွေ ဘာတွေနဲ့ ဆန္ဒတွေ တောင်းပြီး အခုပဲ စတစ်ကာ ကမ်ပိန်းတွေ ဘာတွေ လုပ်တယ်။
ဒါတွေကလည်း အားလုံး သိနေတာပဲ ဘာကြောင့် ဖြစ်တယ် ဆိုတာ။ ကျနော်တို့ကပဲ မပြင်ချင်တဲ့ ပုံစံဖြစ်အောင် လုပ် တာ တော့ မကောင်းဘူးပေါ့လေ။ အဲ့ဒါကြောင့်မို့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်တယ်ဆိုရင် သူ့ဟာသူ ပြင်လို့ ရပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အဖွဲ့တွေနဲ့ တိတိကျကျ မတိုင်ပင်ရသေးဘူး။
ကျနော်တို့ စိတ်ပူတာရယ်တော့ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်စေချင်တာပဲ။ ကျန်တာကတော့ ကျနော် တို့ အနေနဲ့ ထောက်ပြ ပြောပြဖို့ပဲ ရှိတယ်။ တပ်မတော် မပါရင် ပြင်လို့မရဘူး ဆိုတာကတော့ သာမန် ပြောတာပေ့ါ။ ကျနော် တို့က ၇၅ ရာခိုင်နှုန်းကျော် သဘောတူရင် ပြင်လို့ရတဲ့ ပုဒ်မတွေ ရှိတယ်။ အဲဒါ လုပ်ထုံးလုပ်နည်း အဆင့်တော့ နည်းနည်း များတာပေါ့လေ။ ဒါပေမယ့်လည်း ဒီ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာ တပ်မတော်ရော အားလုံးရော ဝိုင်းဝန်းပြီး တော့ သဘောတူ ထောက်ခံတယ်ဆို ပြင်လို့ ရတာပါပဲ။
ကိုယ့်နိုင်ငံ အတွက်။ တချို့က ပြောကြရင် အမျိုးသား အကျိုးစီးပွား ပေ့ါလေ။ လိုအပ်တဲ့ဟာကို ပြင်လို့ ရမှာပါ။ ဒါကို ရေ ရှည်ကြည့်ဖို့ လိုပါတယ်။ ဒီလို မဟုတ်ဘဲနဲ့ အခု လောလောဆယ်ပဲ လိုချင်တာကို လက်ပူတိုက် လုပ်လို့ ဟိုဟာ ပြင်မယ် ဒီဟာ ပြင်မယ် ဒါမျိုးတွေ ရမ်းလုပ်လို့ ရေရှည် စဉ်းစားပြီးမှ ဘာတွေတော့ ဘယ်လိုပြင်မယ် ဆိုတာ အားလုံး သဘောတူရင် ပြင်လို့ ရပါတယ်။
ကျနော်တို့က ဒါ ပြင်လို့ မရတဲ့ ဥပဒေကြီးပဲ ဘာပဲ ညာပဲ ဆိုတာ မဟုတ်ပါဘူး။ ပြင်လို့ ရပါတယ်။ ဒါပေမယ့်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာက နိုင်ငံရဲ့ တကယ့် တည်တံ့ ခိုင်မြဲဖို့ လုပ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဒါကိုတော့ လွယ်လွယ်နဲ့ ယိုင်နဲ့ မသွားအောင်တော့ ခိုင်ခိုင်မာမာ ဖြစ်အောင်တော့ လုပ်ရတာပေါ့ဗျာ။
ဒါကြောင့်မို့လည်း လုပ်ငန်းစဉ် အဆင့်ဆင့်လေးတွေ ခိုင်ခိုင်မာမာ ဖြစ်အောင် လုပ်ပြီးမှ ပြင်ရမှာပေါ့။ ပင်လုံ ညီလာခံတို့ ဘာတို့ ညှိနှိုင်း ပြင်ပါ။ ကိုယ့်ရဲ့ အပိုင်းအလိုက် ထင်ရာမြင်ရာ ပြောကြတာလေ။ ကိုယ့်ယူဆချက်ကို ပြောကြတာပါပဲ။ သူတို့ ဘာတွေကို ဘယ်ပုဒ်မတွေကို လာပြီး ဆွေးနွေးမယ် ဆိုတာ မသိနိုင်သေးဘူး။ ဆွေးနွေးကြတဲ့ အခါ အားလုံး ပါရင်တော့ ကောင်းတာပေါ့။
အခု လွှတ်တော်ကြီးမှာ ဘာပဲပြောပြော တပ်မတော်သားတွေ ပါတယ် ဆိုပေမယ့် မဲများရာ အနိုင်နဲ့ လုပ်နေကြတာ ဖြစ်တဲ့ အတွက် မဖြစ်သင့်တဲ့ ကိစ္စလေးတွေ ပါသွားတာ ရှိတယ်။ ဒါမျိုးတွေ မဖြစ်အောင် လုပ်ရမှာပေါ့။
ဦးစိုးသိန်း
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
(သမ္မတရုံး ဝန်ကြီးဟောင်း)
တည်ဆဲ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ သူရဲ့ လုပ်ထုံးလုပ်နည်းကို လိုက်နာပြီး လုပ်ရမယ်။ ယုံကြည်မှုရမှ ပြင်လို့ရမှာ ဖြစ် တယ်။ ယုံကြည်မှု မရရင် ပြင်လို့မရဘူး။ နောက်တချက်က ဒီ Process က ကြာဦးမယ်။ လိုတဲ့ အချက်လက်တွေ ပြင်ဖို့ လိုမယ်။ ဘာအချက်တွေ ပြင်မလဲတော့ မသိဘူး။
သို့သော်လည်း ဒါတွေက အချို့က နိုင်ငံရေး လုပ်တာတွေလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ပြင်လို့ မရပေမယ့်လည်း ကျနော် တို့ ပြင်ဖို့ ကြိုးစားတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က ကတိတွေ ပေးခဲ့တယ်။ ဒီလိုလည်း ဖြစ်ချင်ဖြစ်မယ်။ သူနောက်ထဲ ဘာ ရှိမလဲ ကျနော်တို့လည်း မသိဘူး။ နိုင်င်ငံရေး လှုပ်ရှားမှုတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဓိကကတော့ လွှတ်တော် က တာဝန် ရှိတယ်။ ပြင်ဖို့က လွှတ်တော်နဲ့ မပြီးဘူး။
ဒီနေ့ အခြေအနေမှာ နိုင်ငံရေး ခေါင်းဆောင် အချင်းချင်း ခေါင်းဆောင် နှစ်ယောက် ဟိုဘက်က ညှိနှိုင်းမှ ဒီဘက်မှာ ပြင်တဲ့ အနေအထား ဖြစ်မယ်။ သာမန်အားဖြင့်တော့ ခက်တာပေါ့။ ကျနော်တို့ အစိုးရ လက်ထက်တုန်းက ဇယားတွေ ပြင်ပေးခဲ့ တယ်။ ဇယား၂ တို့ ဇယား ၅ တို့တွေ ပြည်နယ်တွေကို ပြင်ပြီး ထည့်ပေးခဲ့တယ်။
ဒါပေမယ့် ပြည်နယ် အစိုးရနဲ့ ပြည်နယ် လွှတ်တော်တွေက ဆက်လုပ်ရမယ့် နည်းဥပဒေတွေ မထုတ်သေးဘူး။ အခုထိ အချို့က မထုတ်ရင် လုပ်လို့ မရသေးဘူး။ ကျနော့် သဘောကတော့ ၂၆၁၊ ၂၈၈ တို့ ပြင်တာလေး ကြိုက်တယ်။ ဒါတွေ က စပ်ကူး မတ်ကူး ကာလမှာ အဲဒီလို ပြင်သွားနိုင်ရင်၂၈၈ ကတော့ ခရိုင်တို့ မြို့နယ် တို့ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာ နက အုပ်ချုပ်မယ့် အစား ဟိုအရင်က ခေါ်တာ မြူနီစပယ် လူကြီးတွေပေါ့။ ဒီလို အသွင်နဲ့ အုပ်ချုပ်ရင် ဒီနေ့ ဖြစ်ပေါ်နေတဲ့ မြို့ပေါ် အသီးသီးရဲ့ အခက်အခဲတွေ ပြေလည်သွားနိုင်တယ်။
ဒီမိုကရေစီ သက်တမ်းက ၈ နှစ်ကျော်လေးပဲ ရှိသေးတယ်။ အရမ်းလည်း မရသေးဘူး။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြင် သင့်တာတွေ အများကြီး ရှိပါတယ်။ မပြင်ရဘူး မဟုတ်ပါဘူး။ မပြည့်စုံပါဘူး ပြည့်စုံတယ် ဆိုတာ ဘယ်ဟာမှ မရှိ ပါ ဘူး။ သို့သော်လည်း အချိန်လိုတယ်။ ပြင်ရမယ့် အချိန်၊ ပြင်သင့်တဲ့ အချိန် အခုလို ငြိမ်းချမ်းရေး အားနည်းနေတဲ့ အချိန် အများကြီး စဉ်းစားရမယ့် အချက်တွေက အများကြီး။
ဒီအားနည်းတဲ့ ဖွဲ့စည်းပုံ ဥပဒေနဲ့ပဲ ပြီးခဲ့တဲ့ ၅ နှစ်က ကျနော်တို့ အလုပ်လုပ်လာတာ။ အခုလည်း ဒီဥပဒေနဲ့ပဲ အမတ် တွေ ဖြစ်နေတာ။ လုပ်လို့တော့ မရဘူး မဟုတ်ဘူး လုပ်လို့ရတယ်။ အချိန်လည်း နည်းလာတဲ့ အတွက် နိုင်ငံရေး အရ ပြင်မယ် ပြောတာလည်း ဖြစ်ချင် ဖြစ်မယ်။
ဦးဖေသန်း
မြေပုံ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ရခိုင် အမျိုးသား ပါတီ
ဖွဲ့စည်းပုံ ပြင်ဆင်ပုံ ပြင်ဆင်နည်း၊ နည်းလမ်း တကျ ဖွဲ့စည်းပုံ အတိုင်း လုပ်ဆောင်ဖို့ ပြောတာ။ တပ်မတော်က ကန့် ကွက် တာက လုပ်ဆောင်ပုံ လုပ်ဆောင်နည်းကို ကန့်ကွက်တာ ဖြစ်တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ တပ်မတော်က ကန့် ကွက် တာ မဟုတ်ဘူးလို့ ပြောတော့ ဒါကတော့ ရှင်းတယ်။
တိုင်းရင်းသားတွေက ဘာလို့လဲ ဆိုတော့ ဒါကတော့ ဖက်ဒရယ် ဆန်တဲ့ ပြည်ထောင်စု ဖြစ်စေချင်တာပေါ့။ အာဏာ ခွဲဝေမှု ပေါ့။ အခုဟာက ပြည်ထောင်စုကပဲ အာဏာတွေကို အားလုံး ခွဲဝေထား။ ယူထားပြီးတော့ ပြည်နယ် အစိုးရ တွေကို တိုင်းဒေ သကြီး အစိုးရတွေကို ခွဲဝေဖို့ အားနည်းတယ်။ အထူးသဖြင့် တိုင်းနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေ ကို သမ္မတက ခန့်အပ်တယ် ဆိုတာ ဖက်ဒရယ် ပြည်ထောင်စုရဲ့ အနှစ်သာရ မဟုတ်ဘူး။ သက်ဆိုင်ရာ လွှတ်တော် ကပဲ သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို ရွေးချယ်သင့်တယ်။
အာဏာ ရပါတီက NLD ပဲ ဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးပဲ ဖြစ်ဖြစ် ၊ တိုင်းရင်းသား ပါတီ တခုကပဲ ဖြစ်ဖြစ် အနိုင်ရ အများဆုံး ပါတီ က ဝန်ကြီးချုပ် လုပ်သင့်တယ်။ အဲဒီလို လုပ်ဖို့ အတွက် လွှတ်တော်မှာ မဲခွဲပဲ ဖြစ်ဖြစ် ပူးပေါင်း ညှိနှိုင်းပဲ ဖြစ်ဖြစ် ပေါ့ နော် အဲ့ဒီလို လုပ်ဆောင်သင့်တယ်။ အဓိကတော့ သမ္မတက ရွေးချယ်တာ မဟုတ်ဘဲနဲ့ လွှတ်တော်က ရွေးချယ် သင့်တယ်ပေါ့ဗျာ။
အဲဒီလိုပဲ ပြည်ထောင်စုက ချုပ်ကိုင်ထားတဲ့ အာဏာတွေကို ပြည်နယ်တွေကို လွှဲပေးဖို့ လိုတယ်။ အခုက ပြည်ထောင်စု ဝန်ကြီးဌာန တွေက အကုန်လုံး ကျောင်းလေး တဆောင် ဆောက်ဖို့က အစ၊ ရေတွင်း တတွင်း တူးဖို့က အစ ကျောင်း ဆရာ တယောက် ခန့်ဖို့က အစ အကုန်လုံး သူက ချုပ်ကိုင်ထားတာ။ အဲဒီမှာလည်း အထက်နဲ့ အောက် အဆင်မပြေ ဘူး ပေါ့။ အဲဒီလိုဟာမျိုးကို သင့်တော်တဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်နယ် အစိုးရတွေကို ပေးဖို့ လိုတယ်။ အဲဒါက အာဏာ လျှော့ ချတာပေါ့။ အဲဒါမျိုး လုပ်ဖို့လိုတယ်။ ဒါမှသာလျှင် အနှစ်သာရ ရှိတဲ့ ပြည်ထောင်စု ဖြစ်မယ်။
နောက်ဆုံး တချက်က ဒီမိုကရေစီ နည်းကျဖို့ အတွက်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင် တာ ကို လျှော့ချဖို့ လိုတယ်။ အထူးသဖြင့်တော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်မှာ ရှိတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ယူထားခြင်း ကို ပထမဆုံး လုံးဝ လျှော့ချသင့်တယ်။ ပြည်ထောင်စုမှာတော့ ပြောတာပေါ့။ ငြိမ်းချမ်းရေးရမှ ဒီ လွှတ် တော် က ပြန်ပြီး တော့ ဆုတ်ခွာမယ်ပေါ့နော်။ အဲ့ဒီလို ဆိုလည်း ငြိမ်းချမ်းရေး ရဖို့ဆိုတာလည်း ဘယ်တော့ ရမယ် လည်း မသိဘူးဆိုတော့ အချိန်ကာလ တခု ကန့်သတ်ပြီးတော့ သွားသင့်တယ်ပေ့ါနော်။
ဒီမိုကရေစီလမ်း တဖြည်းဖြည်း ရင့်ကျက်လာတာနဲ့ အမျှ အချိန်ကာလ တခု သတ်မှတ် ပြီးတော့ တပ်မတော်က လွှတ်တော် ထဲက ရာခိုင်နှုန်း လျှော့ချပြီးတော့ အပြီးအပိုင် ထွက်ခွာ သွားဖို့ လိုတယ်ပေါ့။ အထူးသဖြင့် ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေ ကျတော့ ဒီအချိန်မှာ မထားသင့်တော့ဘူးလို့ မြင်တယ်။ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်ပါ တယ်။
NLD ရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်းက ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆိုတာ ပါပြီးသားလေ။ ဒါပေမယ့် ၃ နှစ်တောင် ရှိ နေပြီ ဆိုတော့ အခုချိန်ထိ မပြင်နိုင်တာ သူတို့ကို ပြည်သူတွေက ထောက်ပြနေကြတာပေ့ါ။ အခုမှလည်း ပြင်ဆင်မယ် ဆိုရင် ပထမ တချက်က တပ်နဲ့ ဘယ်လောက်ထိ နားလည်မှု ရထားသလဲ။ တပ်က ကန့်ကွက်ရင်တော့ ဘယ်ပုဒ်မမှ ပြင်လို့ ရမှာ မဟုတ်ဘူး။
တပ်နဲ့ ထိပ်တိုက် တိုးပြီးတာ့ ဖွဲ့စည်းပုံ ပြင်မယ် ဆိုတော့ ရသင့်သလောက် အကျိုး ရလဒ်တွေ ရလာမှာ မဟုတ်ဘူး။ ဒါမှ မဟုတ်ဘဲ ရွေးကောက်ပွဲ ကြေညာ စာတမ်း အရ ငါတို့ မပြင်လိုက်နိုင်ဘူး ဆိုရင် သိက္ခာ ကျမယ်။ လူတွေကလည်း တောင်း ဆိုနေပြီ။ ရွေးကောက်ပွဲလည်း နီးနေပြီ။ ဒါပေမယ့် ဖွဲ့စည်းပုံ ပြင်ဆင်မှု ရလဒ်ဟာ ရလဒ်ကောင်း မဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်။
ဒေါက်တာ မောင်သင်း
မိတ္တီလာ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ – USDP)
ဒီအဆို အရေးကြီး အဆိုပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်ကလည်း ပြင်ဖို့လုပ်လည်း လုပ်ခဲ့ကြတယ်။ နောက်အခု ၃ နှစ်မှာလည်း အဲဒီ လို ဖြစ်နေ ကြပြီလေ။
သူညွှန်းသွားတာက အခြေခံ ဥပဒေရယ်၊ အခြေခံ ဥပဒေမှာ ပါတဲ့ ၄၃၃ (က) မှာပါတဲ့ အဲ့ဒါကို ညွှန်းပြီးတော့ ကျနော်တို့ လွှတ်တော် နည်းဥပဒေ ၁၃၅ ကို ထပ်ညွှန်းတယ်။ အဲဒီတိုင်း သွားပါလို့ သူက ထပ်ပြောတယ်။ နောက်တချက်က အရေး ပေါ်ဆိုတာနဲ့ ကိုက်ညီမှု ရှိမရှိ ပြောသွားတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကျနော့် အမြင်နဲ့တော့ ခြေ/ဥ ရယ်၊ ဥပဒေ ပြုရေး၊ ပြည်ထောင်စု လွှတ်တော် နည်း ဥပဒေကို ကိုးကားပြီး ပြောသွားတာ ဖြစ်တယ်။ ဥပဒေ ရှုထောင့်က ပြောသွားတာလို့ပဲ မြင်တယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ ဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကော်မတီ ဖွဲ့တာကတော့ အလုပ်ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလည်း ဖွဲ့ခဲ့ကြတယ်။ ပါတီ အသီးသီးလည်း ပါတယ် ။ စုံအောင်လို့ တိုင်းရင်းသားတွေလည်း ပါတယ်။ အဲဒီလို ဖွဲ့စည်းတာ ဖြစ်တဲ့အတွက် ဒါ အလုပ်ဖြစ်တယ်လို့ မြင်တယ်။ ကန့်ကွက်တာလည်း ရှိနေမှာပဲ။ နောက်ဆုံးတော့ အများရဲ့ ဆန္ဒကို လေးစားလိုက်နာ ဆက်လက် ဆောင်ရွက် သွားကြရမှာပါ။
ဦးနေလ
တရား လွှတ်တော် ရှေ့နေ
ပြင်တာကတော့ အဓိကအားဖြင့်ကတော့ ကျနော့် အနေနဲ့ ထင်တာကတော့ အချက်၂ ချက်ကို ထင်တာပေါ့လေ။ ပထမ အချက်က ဘာလဲဆိုရင် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်အောင်လို့ ပြင်ဆင် ဆောင်ရွက်မယ်လို့ ယူဆတယ်။ နောက်တခါ တပ်မတော်သား ကိုယ်စားလှယ်တွေ လျှော့ချမယ်လို့ ယူဆတယ်။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကနေ ဘယ်လောက်ထိ လျှော့ချ ပေးနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက် ရှိတယ်ပေါ့နော်။
အဲဒီအပေါ် အခြေခံပြီးတော့ အခြား ပြင်ဆင်ချက်တွေက ပေါ်ပေါက်လာမှာပဲ။ ဒီအချက် ၂ အပေါ်မှာ အခြေခံပြီးတော့ ဆောင်ရွက်လိမ့်မယ်လို့ ထင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မှုက နံပါတ် ၁ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်အောင် လုပ် မယ်။ နောက်တခါ တပ်မတော်သား ကိုယ်စားလှယ် ရာခိုင်နှုန်း လျှော့ချဖို့ကို ပြင်ဆင်မယ်။ နောက်တခါ အဲဒီအပေါ်ကို အခြေခံ ပြီးတော့ ဆက်စပ်တဲ့ ဟာကတော့ လတ်တလော မျှော်မှန်းကြည့်လို့ မရသေးဘူး။
ကျနော့်အနေနဲ့ ဘယ်ဟာက ပြင်ဆင်သင့်တဲ့ အချက်တွေလဲဆိုတာ ကတော့ အခုချိန်မှာ မပြောနိုင်သေးဘူး၊ မပြောနိုင် သေးတဲ့ အချက်တွေ အများကြီး ရှိတယ်။ ခုနက ပြောတဲ့ အချက် ၂ ပြင်ဆင်နိုင်မယ် ဆိုရင် ပြောဆို လာနိုင်လိမ့်မယ်။
အခု ဒီတိုင်းပြည်မှာ ဒီအစိုးရ တက်လာပြီးတဲ့ အခါမှာ ဒီအစိုးရရဲ့ ပထမဦးဆုံး ကြိုးပမ်းမှုတွေကို ကြည့်တဲ့ အခါမှာ ဖက် ဒရယ် ပြည်ထောင်စု ဖြစ်မြောက်အောင်လို့ ကြိုးပမ်း ဆောင်ရွက်နေတာကို တွေ့ရတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ် သက်တာကို တွေ့ရတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်အောင် လိုအပ်ချက်တွေ အားလုံးကို ပြင်ဆင်ဖို့က အရေးကြီး လိုအပ်တယ်လို့ ယူဆပါတယ်။
မောင်ဉာဏ
ဥပဒေ ရေးရာ ဆောင်းပါးများ ရေးသားသူ သတင်းစာ ဆရာ
ကျနော့် အမြင်ကို ပြောရရင်တော့ တကယ်တမ်း သူတို့ ဖက်ဒရယ်ကို သွားချင်တယ် ဆိုရင် အခြေခံ ဥပဒေကလည်း ပြင်လို့ မရသေးဘူး ဆိုရင် အဓိက ပြင်ရမယ့် ပုဒ်မကတော့ ကျနော့် အမြင် ပုဒ်မ ၂၆၁ ပဲ။ ဝန်ကြီးချုပ်တွေကို သမ္မတ က ခန့်ထားလို့ ရှိရင် ကိုယ့်မြို့နယ် အသီးသီးကနေ ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ က ကိုယ့်ဒေသ ကို စီမံခန့်ခွဲမယ့် ဝန်ကြီးချုပ်ကို ရွေးတာက ဖက်ဒရယ်ရဲ့ အခြေခံ။
အထူးသဖြင့် တိုင်းရင်းသား ဒေသတွေပေါ့နော်။ တိုင်းရင်းသားတွေက ကိုယ့်ပြည်နယ် ဝန်ကြီးချုပ်ကို ကိုယ်ခန့်ခွင့် ရလို့ ရှိရင် အမျိုးသား ရင်ကြားစေ့ရေးကိုလည်း ဦးတည်စေတယ်။ အဲဒီတော့ ကျနော့် အမြင်ကို ပြောရမယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တကယ်တမ်း ပြင်ရမယ် ဆိုရင် ပထမဦးဆုံး ပြင်သင့်တဲ့ ပုဒ်မသည် ၄၃၆၊ ပြီးလို့ရှိရင် ၂၆၁ ပဲ၊ တချို့ ပုဒ်မတွေက ပြင်စရာ မလိုဘူးလား ဆိုရင် ပြင်စရာ လိုတယ်။
ရှေ့နောက် ဝိဝါဒ အချိတ်အဆက် မမိတာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒါတွေက တအားကြီးတော့ အရေးမကြီး သေးဘူး။ ပြင်လို့ ရရင်တော့ တခါတည်းပြောတာ ကောင်းတယ်။ ဒါပေမယ့် တခုတည်း ပြင်မှာ ဆိုရင်တော့ ၄၃၆ ပြီးရင် ဒုတိယ အပြင်သင့်ဆုံးက ၂၆၁ ပဲ။ အဲဒါသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို၊ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို ဦးတည်စေမယ့် ပုဒ်မပဲ။
ဘာလို့ဆို ဝန်ကြီးချုပ်သည် သမ္မတက ခန့်အပ်တဲ့ လူဆိုရင် ဝန်ကြီးချုပ်က သမ္မတကိုပဲ ခေါင်းညိတ်လုပ်မှာ ခေါင်းခါ တာပဲ၊ သမ္မတ ပြောတာပဲ နားထောင်မှာ။ တကယ်လို့ လွှတ်တော်က ခန့်အပ်ခွင့်ရမယ် ဆိုရင် အဲဒီဒေသက ဝန်ကြီးချုပ် သည် လွှတ်တော်ကိုပဲ တာဝန်ခံ ရတော့မယ်။ တကယ်လို့ လွှတ်တော်က အဲဒီ ဝန်ကြီးချုပ်ကို မကြိုက်ဘူး၊ ကြိုက်တယ် ဆိုရင် လွှတ်တော်ကပဲ တာဝန်ရှိတော့တယ်။ အဲဒါက ပိုပြီး အဆင်ပြေတယ်။
ဘယ်ဟာတွေက ပြင်လို့ရသေးလဲ ဆိုရင် ပြင်လို့ ရတာတွေက ၄၃၆ က (က)နဲ့(ခ) ၂ ခု ရှိတယ်ဗျာ။ အဲဒီတော့ အရေး ကြီးတဲ့ ပုဒ်မ တော်တော်များများက ကျနော်တို့ ၄၃၆ (က)ထဲမှာ ပါနေတယ်။ ၂၆၁ အပါအဝင် တော်တော်များများ ပြင်လို့ ရဖို့က ၄၃၆ က ကျနော်တို့ မကျော်ဖြတ်လို့ မရဘူး။ ၄၃၆ ကို ကျော်ဖြတ်ရမယ်ပေါ့ နော်။ အဲဒီတော့ ခုန ပြောတဲ့ ဘယ်ဟာတွေ တော့ ပြင်သင့်တယ် ဆိုတာတော့ ပထမဦးဆုံး ၄၃၆ မပြင်ဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။
ဒါပေမယ့် တခုတော့ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ပကနေ တပ်မတော် ခေါင်းဆောင်တွေနဲ့ တကယ် တိုင်းပြည် ဖွံ့ဖြိုးစေချင်တယ် ဆိုရင် ညှိပြီး လုပ်မယ်ဆိုရင်တော့ တော်တော်လေး ပြင်လို့ရမယ့် အပိုင်းတွေတော့ ရှိ တယ်။ ဒါပေမယ့် မလွယ်ဘူး။ မနေ့(ဇန်နဝါရီ ၂၉ ရက်)ကဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတောင် မဟုတ်ဘူး။ အဆို တင်တာတောင်မှ ဖွဲ့စည်း ပုံပြင်ဆင်ရေး အခန်း(၁၂)အတိုင်း လုပ်ရမယ် ဆိုတော့ မီဒီယာတွေ မှာ ကန့်ကွက်တယ်လို့ ဖော်ပြကြတယ်။
ကျနော်က ကန့်ကွက်တယ်လို့ မခေါ်ဘူး ဆန္ဒ ပြတယ်လို့ ခေါ်တယ်။ ကန့်ကွက်တယ် ဆိုတာက ထောက်ခံတယ်၊ မထောက်ခံဘူး။ အဲဒါသူက ဘောင်ထဲကလုပ်တာ ခေါ်တယ်။ အခု ဖွ့ဲစည်းပုံ ပြင်ဆင်ရေး တောင်မှ မဟုတ်သေးဘူး ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ကော်မတီ ဖွဲ့ဖို့တောင်မှ ဒီလောက် အဆင့်ဆိုရင် ကျနော်ထင်တယ် သိပ်မလွယ်ဘူး။
နောက်တခုက ပြင်သင့်တဲ့ကိစ္စတွေက ပုဒ်မတွေစာရင် နောက်က တိုင်းဒေသကြီးနဲ့ပြည်နယ်ရယ် ပြည်ထောင်စု ရယ် ဥပဒေပြု စာရင်းတို့၊ အခွန်ကောက်တဲ့ စာရင်း အဲဒါတွေ အဓိကထား ပြင်ရမှာ အခုက နည်းနည်းလေး ၂၀၀၈ က ဗဟို ဦးစီးမှု နည်းနည်းလေး များနေသေးတယ်။ ချုပ်ကိုင်မှု နည်းဖို့က ၂၆၁ ကို ပြင်မယ်၊ ဇယား နောက်ဆွဲတွဲက (က-ခ) တွေ ပြင်မှပဲ၊ နည်းနည်း ပြည်ထောင်စုက ဖြေလျှော့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို တိုးမယ်ဆိုရင် ဘာပဲ ပြော ပြော တိုင်းရင်းသား ဒေသတွေက ဒီကိစ္စကို အရင်ကထက်စာရင် ပိုလက်ခံလာမယ်။ ပိုသဘာဝ ကျတယ်။
ပြင်မယ် ဆိုရင်တော့ မလွယ်ဘူး။ ၄၃၆ ကို မကျော်ဘဲနဲ့ ဘာမှ ပြင်လို့ မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျနော် လည်း မကြိုက်ဘူး။ ဒါပေမယ့် ဒါကြီးက အတည်ပြုထားပြီးသား ဖြစ်တဲ့အတွက် ဒါကို မလိုက်နာဘူး ဆိုရင် ဘာမှ လုပ် လို့ မရဘူး ဖြစ်တဲ့အတွက် ပြင်ပက NCA လမ်းကြောင်းက သွားမယ် ဆိုရင်တော့ ဖြစ်နိုင်တယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြင်ဖို့ အရမ်း ခက်တယ်။ ဖျက်သိမ်းပြီးတော့ အသစ် ပြန်ရေးမှကို အဆင်ပြေမှာလို့ ကျနော် ထင်တယ်။ ပြင်လို့ ဘယ်ဟာက လွယ်တယ် ဘယ်ဟာက ခက်တယ် ဆိုတာ ပြီးခဲ့တဲ့ ပထမ လွှတ်တော် သက်တမ်း တုန်းက စစ်ရေး အမြင်၊ ကာကွယ်ရေး အမြင်လို့ ပြောင်းတာတောင်မှ ကျနော်တို့ လူထုဆန္ဒခံယူပွဲ လုပ်ဖြစ်တာ မဟုတ် ဘူး။ ကျနော်တို့ ပြင်ခဲ့တာ အရေးကြီးလားဆိုတော့ အရေးတော့ မကြီးဘူး။ ဒါပေမယ့် ပြင်တော့ ပြင်ခဲ့ကြတယ်၊ သက်ရောက်မှု မရှိဘူး။
ဦးစိုင်းလိတ်
တွဲဖက် အတွင်းရေးမှူး(၁)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
ပထမဆုံး ပြင်ဖို့ ဆိုရင်တော့ NLD အနေနဲ့ ပုဒ်မ ၄၃၆ ကို စကိုင်မယ်လို့ ကျနော်တို့ ထင်တာပေါ့နော်။ တကယ်လို့ ပုဂ္ဂိုလ်ရေး ဆန်ဆန် ပြောမယ် ဆိုရင်တော့ ပုဒ်မ ၅၉(စ)တွေ ပြောရင် ပြောမယ်ပေါ့နော်။ ဒါပေမယ့် အဲဒါတော့ ထားပါ တော့။ ကျနော်တို့ အားလုံး လိုချင်နေတာက အပြောင်းအလဲ ပေါ့နော်။ ပြည်သူ လူထုကို မျက်မှောက်ပြုတဲ့ လူထု အစိုးရ ကို တင်မြှောက်ဖို့ကို။ အဲဒီတော့ လူထုက ရွေးချယ်တဲ့ လူထုအတွက် အလုပ်လုပ်တဲ့ လူထု အစိုးရ ဖြစ်ဖို့ ဆိုရင် ၂၀၀၈ က မလွဲမသေ ပြင်ရမယ်။
နောက် လူထုဆိုတဲ့ နေရာမှာ တိုင်းရင်းသားတွေ လိုလားနေတဲ့ တန်းတူရေး ရရှိဖို့ဆိုလို့ရှိရင် အဆက်ဆက်သော အစိုး ရ ပြောနေတဲ့ ဇယား(၁)၊ ဇယား(၂)မှာ ဘယ်လို ပေးထားတယ်၊ ဘယ်လို လျှော့ထားတယ် ဆိုတာလောက်နဲ့တော့ မဖြစ် ဘူးဗျ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာကို တိတိကျကျ ပြဋ္ဌာန်းပြီး တကယ် အာမခံချက် ပေးနိုင်မှ ဒါက ကျနော်တို့ ငြိမ်းချမ်းရေး ရရှိမယ်။
ဒါကြောင့် ခြုံငုံပြီးပြောမယ်ဆိုရင် တန်းတူညီမျှရေးနှင့် ဒီမိုကရေစီ စံညွန်းနဲ့ ကိုက်ညီဖို့ အတွက် အားလုံး ပြင်ဆင်ရမှာ ပဲဗျ။
နောက်တခု ၂၀၀၈ ဖွဲ့စည်းပုံက ၁၉၄၇ နဲ့ ယှဉ်တာပဲ ဖြစ်ဖြစ်၊ အင်မတန် အသေးစိတ် ကျလွန်းတယ်၊ သိပ်ပြီး များပြား လွန်း နေတယ်။ နိုင်ငံရေးအရ တဖက်သက်ကြီး အနိုင်ယူထားတယ်။ နောက် အရွေးချယ်ခံ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေကို ပစားပေးထားတဲ့ အတိုင်းအတာက သိပ်ပြီး လွန်ကဲနေတာပေါ့။ အဲဒါကြောင့်မို့လို့ ဖြစ်နိုင်မယ် ဆိုလို့ရှိရင် အားလုံးကို တောင်မှ ပြန်လည် ပြင်ဆင်သင့်တယ်လို့ မြင်တာ ပါ။
ပြင်မယ်ဆိုရင်တော့ အခု NLD က ၁၆၈ ချက် လျာထားတာတွေ ရှိတာပေါ့နော်။ ဒါက အခုမှ မဟုတ်ဘူး ပြီးခဲ့တဲ့ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းကတည်းက ပြင်ဆင်ထားတာတွေ ရှိတယ်။ အဲဒါတွေက ယေဘုယျ အား ဖြင့် ကျနော်တို့ လက်ခံလို့ ရပါတယ်။ အဓိကတော့ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ မညီတဲ့ ဖက်ဒရယ် စံနှုန်းတွေပေါ့နော်။
ပြောရရင်တော့ ပြည်ထောင်စု ဖွဲ့စည်းပုံပေါ့ဗျာ။ အဲဒီ အခန်းကဏ္ဍကနေ စပြီး ပြင်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ပြည်နယ် နဲ့ တိုင်း ၁၄ ခု ဖြစ်နေတယ်။ အဲဒီ ကတည်းက စပြင်ရမှာဗျ။ အဲဒါက ကျနော်တို့ ၁၉၄၇ သဘောတူညီချက် ဗိုလ်ချုပ် အောင် ဆန်း ပေးထားခဲ့တဲ့ ကတိကဝတ်တွေနဲ့လည်း လွဲချော်နေတာပေါ့၊ အဲဒါကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခန်းကနေ စပြီးတော့ ပြင်ဆင်သင့်တယ်လို့ သုံးသပ်တာပေါ့နော်။
လွှတ်တော်ထဲမှာ ပြင်မယ်ဆိုရင်လည်း ပြင်လို့ ရနိုင်မယ့်အနေအထားတွေကတော့ ဟနေတဲ့ အနေအထားလေး တွေ တော့ ရှိပါတယ်။ ဒါကို ပညာရှင်တွေ သုံးသပ် တင်ပြထားတာလည်း ကျနော်တို့ တွေ့ပါတယ်။ NLD ကိုယ်တိုင်လည်း သိပါတယ် ဒါကိုတော့ ကျနော် အသေးစိတ် မပြောတော့ပါဘူး။ နောက်တခုက လွှတ်တော်ထဲမှာ အဆင်မပြေနိုင်တဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းရမယ့် အချက်တွေ ရှိပါတယ်။ ဒါကတော့ တိုင်းရင်းသား အရေးနဲ့ တိုက်ရိုက် ပတ်သက်မယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးနဲ့ တိုက်ရိုက် ပတ်သက်မယ်။
ဥပမာ စစ်တပ် တခုတည်း ရှိရမယ်ပေါ့၊ အဲဒီ ကိစ္စလိုမျိုးက လွှတ်တော်ထဲမှာ သွားပြောနေလို့လည်း ဘယ်တော့မှ အရာ ရောက်မှာ မဟုတ်ဘူး။ နောက်တခါ တိုင်းနဲ့ ပြည်နယ် ဒီတိုင်း ထားဖို့ မထားဖို့ ဆိုတာ အဲဒါကိုလည်းပဲ လွှတ်တော် ထဲမှာ သွား အငြင်းပွားနေမယ်၊ အဆိုတင်မယ်၊ ဆွေးနွေးမယ်၊ ကန့်ကွက်မယ်ဆိုတာလောက်နဲ့တော့ မရ နိုင် ဘူး။ ဒါကိုတော့ နိုင်ငံရေး ဆန်ဆန်ပေါ့နော် Stakeholders တွေ ကိုယ်တိုင် ညှိနှိုင်း တိုင်ပင်ပြီးတော့မှ ရရှိလာတဲ့ အခြေခံ သဘော တူညီ ချက်ကို မူတည်ပြီးတော့မှ ဥပဒေ တရပ်အဖြစ် ပြန်လည် ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။
ဦးသိန်းသန်းဦး
တရား လွှတ်တော် ရှေ့နေ
ပွင့်ပွင့်လင်းလင်း ပြောရရင် ပုဒ်မ ၆(စ)က စပြီး နောက်က ဟာတွေ အကုန်ပြင်ရမှာ။ ဘယ်ဟာ ပြင်သင့်လဲ ဆိုရင် တအုပ်လုံး ပြင်သင့်တယ်။ ဒါက ကျနော့် အယူအဆပါ။ ပုဒ်မ ၆ (စ) ကစပြီး ရှေ့ဆက် စဉ်းစားစရာ မရှိတော့ဘူး။ ဘာလို့ဆို ပုဒ်မ ၆ (စ)က အမျိုးသား နိုင်ငံရေး ဦးဆောင် အခန်း ကဏ္ဍမှာ တပ်မတော်က အစဉ်တစိုက် ဦးဆောင်မှု ရရှိစေရန် ဆောင်ရွက်ပေးရမယ်လို့ ပါတာကိုး။ အဲဒါက ဖက်ဒရယ်နဲ့ လုံးဝ ဆန့်ကျင်နေတယ်။ အဲဒီတော့ ပြည်ထောင်စု ဆိုတာနဲ့ မကိုက်ဘူး။
အဲဒီတော့ ဖွဲ့စည်းပုံ ဆိုတာ လူတစု တတန်းတစားကို အာဏာ ပေးတာ။ ဒါကတော့ စစ်အာဏာရှင် ဖွဲ့စည်းပုံကိုဗျ။ ဖွဲ့စည်း ပုံလို့ ပြောတာ စစ်အာဏာရှင် ဖွဲ့စည်းပုံ ဖြစ်တယ်။ ဘယ်ပုဒ်မ ရယ်လို့တော့ မဟုတ်ဘူး ပုဒ်မ ၆ (စ)ကစပြီး နောက်စဉ်းစား စရာ မရှိတော့ဘူး။ အဲဒါကြီး ပါလာတဲ့ အတွက် အဲဒီ အခြေခံကနေ ဒီဖွဲ့စည်းပုံကို တည်ဆောက် ထား တာကိုး။
ဘယ်လို ပြင်မလဲ ဆိုတော့ ပြင်လို့က မရနိုင်ဘူး။ ပြင်လို့ မရအောင် ရေးထားတာ။ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းကို အခန်း ၁၂ မှာ ရေးထားတယ်။ အခန်း ၁၂ ပုဒ်မ ၄၃၆ (က)၊ (ခ) ၂ ခုပါတယ်။ (က)နဲ့ (ခ)အရ ၄၃၆ (က)မှာ ပုဒ်မပေါင်း ၉၅ ခု ရှိ တယ်။ အရေးကြီးတဲ့ ပုဒ်မ အပါအဝင် ပုဒ်မပေါင်း ၉၅ ခုကို ပြင်ချင်ရင် လေးပုံ သုံးပုံသော လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲ ပါ ရမယ်။ အဲဒါထက် ကျော်ရမယ် ပေါ့နော်။ လေးပုံ သုံးပုံကျော် ရမယ်။ ရပြီးတော့မှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ရမယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့် ရှိသူ ထက်ဝက်ကျော်မှ ရမယ်။ (ခ) ကျတော့ ကျန်တဲ့ ပုဒ်မ ၃၆၂ ခု က လွှတ်တော် ထဲမှာ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်လို့ရတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မယ် ဆိုတာက တနည်းအားဖြင့် ရွေးချယ် တင်မြှောက်ခံရမယ့် လွှတ်တော် ကိုယ်စားလှယ်က လေးပုံ သုံးပုံ ရှိ တယ်။
အဲဒီတော့ လေးပုံ သုံးပုံလုံးက သဘောတူတယ် ဆိုရင်တောင်မှ အလကား တူပါ့မလား၊ NLD ကပြောတာကို USDP က လက်မခံဘူး။ တ.စ.ညက လက်ခံမှာ မဟုတ်ဘူး။ နောက် သူတို့ရဲ့ လက်ကိုင်တုတ် ပါတီတွေ ပါခဲ့ရင် လက်ခံမှာ မဟုတ် ဘူး။ အကုန် လက်ခံတယ် ဆိုရင်တောင်မှ တပ်မတော်သား အစုအဖွဲ့ထဲက တယောက်ယောက် အဲဒီလူက ပြင်ဖို့ မဲပေးမှ ဆက်သွားနိုင်မယ့် အနေအထား ဖြစ်တယ်။
ဒါကြောင့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ် ဆိုတာ ဘာမှ မစဉ်းစားပါနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တပ်မတော်နဲ့ ညှိနှိုင်း သဘော တူညီချက် အရ လုပ်တာ မဟုတ်ရင် ဘယ်နည်းနဲ့မှ မအောင်မြင်နိုင်ဘူး။
အခု ကျနော်က NLD ပြင်မယ် ဆိုတော့ စစ်တပ်နဲ့ ညှိပြီးပြီလို့ ထင်ခဲ့တာ။ အခုတိုင်းက မညှိနှိုင်းရသေးဘူး ဆိုတဲ့ သဘော ဒါက ညှိနှိုင်းမှပဲ ရမယ်။ ညှိနှိုင်းပြန်တော့လည်း ၂၁ ရာစု ပင်လုံ ညီလာခံမှာ ညှိခဲ့တာပဲ။ မရတဲ့ အခါကျတော့ ၂ လမ်း ပေါ့နော်။ တခုက လူထုနည်းကို အားကိုးတဲ့နည်း၊ လူထုတိုက်ပွဲ နည်းနဲ့သွားရင်တော့ ၁၉၈၈ ခုနှစ်တုန်းက ၇၄ ဖွဲ့ စည်းပုံကြီးက ဒီလိုပါပဲ။ ဒါပေမယ့် တိုင်းပြည် နာမယ်၊။ ဒုတိယ နည်းလမ်းကတော့ တပ်မတော်နဲ့ ညှိနှိုင်းတဲ့ နည်းပဲ။ ကျနော် ထင်တယ် ဒုတိယနည်းကို ရွေးသင့်တယ်လို့ အဲဒါမှ ပြင်လို့ ရမယ်။ လွှတ်တော်ထဲမှာတော့ ပြင်လို့ရမှာ မဟုတ် ပါဘူး။ ဘယ်လိုမှ မရဘူး။ ။