ဇန်နဝါရီ ၂၉ ရက် က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ တရပ်ကို ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီး အဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့သည်။
NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် တဦးလည်း ဖြစ်သည့် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေ့လာ သုံးသပ်ရာတွင် ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသော ပြဋ္ဌာန်းချက်များ၊ ရှေ့နောက် ညီညွတ် ခြင်း မရှိသော ကွဲလွဲ ဆန့်ကျင်နေသည့် ပြဋ္ဌာန်းချက်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် မရှိမဖြစ် လိုအပ်သည့် စစ်မှန် သော ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး အတွက် အဟန့်အတား ဖြစ်နေသည့် ပြဋ္ဌာန်းချက်မျာကို စိစစ် လေ့လာ တွေ့ရှိရကြောင်း လွှတ်တော်တွင် ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းက ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ အပြန်အလှန် ထိန်းကျောင်းရမည့် ဒီမိုကရေစီ မဏ္ဍိုုင်ကြီး ၃ ရပ်အား တဖက်စောင်းနင်း ဖြစ်စေသော ပြဋ္ဌာန်းချက်များ၊ နိုင်ငံသားများ၏ တန်းတူ ညီမျှမူကို အကာအကွယ် ပေးနိုင်ခြင်း မရှိသည့် ပြဋ္ဌာန်းချက်များနှင့် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတ ရေးကို ထိခိုက်နေသည့် ပြဋ္ဌာန်းချက်များကို စိစစ် လေ့လာတွေ့ရှိရကြောင်းလည်း ပြောဆိုခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် အားလုံးက မတ်တတ်ရပ် ကန့်ကွက် ဆန္ဒပြခဲ့ကြသော်လည်း ဆန္ဒမဲပေးသည့် လွှတ်တော် ကိုယ်စားလှယ် သုံးပုံ တပုံထက် ကျော်လွန်ကာ ထောက်ခံမှု ရသဖြင့် အဆိုကို ဆက်လက် ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။
NLD အာဏာ ရပြီး သုံးနှစ် အကြာ ပထမဆုံး အကြိမ် အဖြစ် လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုး ပမ်း မှုနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထား ပါသည်။
မေး။ ။ တနေ့က အဆိုတင်တဲ့အခါမှာ ဖွဲ့စည်းပုံပြင်ရေး ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့လို့ ပြောသွားတာရှိတယ်။ ဘယ် လောက် စောစော ပြင်ဖြစ်သွားနိုင်မလဲ။
ဖြေ။ ။ဆောလျင်စွာ ဆိုတာ ရက် အကန့်အသတ် အချိန် အကန့်အသတ် ဘယ်နေ့ အတွင်း ပြီးမယ် ဆိုတာတော့ ပြော လို့ တော့ မရဘူးပေါ့ဗျာ။ အခု အချိန်မှာ ပြုပြင်ပြောင်းလဲရေး ကလည်း သက်တမ်း အားဖြင့် အတိုင်းအတာ တခုအထိ ရောက် လာ ပြီ ဆိုတဲ့ အခါကျတော့ လက်ရှိ မျက်မှောက် အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ အံဝင်ဂွင်ကျ ဖြစ်တဲ့၊ အခု သွား နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့လည်း အံဝင်ဂွင်ကျ ဖြစ်တာကို ပြုပြင်ပြောင်းလဲဖို့တော့ လိုပြီလေ။ အဲဒီလို လိုတဲ့ အတွက် ကြောင့် တင်တာပါ။
မေး။ ။ တချို့က အာဏာရပြီး သုံးနှစ်နေမှ စလုပ်တယ်။ အခုချိန်မှာ ဘာလို့ စတာလဲ ဆိုပြီးပြောတာတွေ ရှိတယ်။ အဲဒီ အပေါ်မှာ ဘာပြောချင်လဲ။
ဖြေ။ ။ ဝေဖန် ရတာတော့ လွယ်တာပေါ့။ တကယ်တမ်း ကျတော့ ပြီးခဲ့တဲ့ အနေအထားမျိုး အရ ဆိုရင် နိုင်ငံတော်ရဲ့ ပင် လုံ ညီလာခံနဲ့ ထာဝရ ငြိမ်းချမ်းရေး ကိစ္စ၊ NCA နဲ့ အပစ်ခတ် ရပ်စဲရေး ကိစ္စ၊ ပြည်တွင်း စစ်တွေ ရပ်စဲရေး ကိစ္စ အပါအဝင် စီမံခန့်ခွဲမှု အလုပ်တွေ အုပ်ချုပ်ရေးက သူ့ဟာသူ လုပ်နေကြတာပေါ့။
ဥပဒေ ပြုရေး အနေအထား အရ ဆိုရင် အခု လက်ရှိ ဒီလို အနေအထားမျိုးကို ရောက်လာတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သူ့ခေတ်စနစ်နဲ့ သူ့သမိုင်း ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အနာဂတ် မျှော်မှန်းတဲ့ ပုံစံ အတိုင်း ဆိုရင် ပြုပြင်သင့် ပြုပြင်ထိုက်တဲ့ အခြေအနေမျိုးမှာ မြန်မြန်ဆန်ဆန် ပြုပြင် လိုက်နိုင်တယ် ဆိုရင် တချို့ ကိစ္စ တွေက အဆင်ပြေ ချောမွေ့ သွားနိုင်တာပေါ့။
အခုဆိုရင် တချို့မြို့နယ်တွေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကမ်ပိန်းတွေ ဘာတွေ ကြားနေရတယ်။ ဒီလို အချိန် မျိုးမှာ စနစ်တကျ ပြောင်းလဲနိုင်ဖို့ အတွက် ဘယ်ပါတီ ဘယ်အဖွဲ့အစည်း တခုတည်း ကနေပြီးတော့ ဆောင်ရွက်တယ် ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ အဖြစ်နိုင်ဆုံးနဲ့ ပူးပေါင်း Inclusive ဖြစ်ဖို့ နိုင်ငံတော်ရဲ့အနာဂတ် အတွက် အကျိုးရှိအောင် ဆောင် ရွက်နိုင်ဖို့ ဆိုရင် ကော်မတီ တရပ်နဲ့ စနစ်တကျ စတင်ပြုစုဖို့ ကောင်းပြီ ဆိုပြီး တင်တာပါ ခင်ဗျ။ ဒါပါပဲ။
ပြင်သင့်ပြင်ထိုက်တာ အတွက် ပြင်ဖို့ အချိန်ကောင်းရပြီပေါ့။ ဒါပေမယ့် မေးစရာ ရှိတာက အရင်တုန်းကရော ပြင်ဖို့ မကောင်း လို့ မပြင်တာလား ဆိုရင် အဲဒီလိုလည်း ပြောလို့ မရဘူး။ ပြီးခဲ့တဲ့ ပထမ လွှတ်တော် သက်တမ်းတုန်း ကလည်း ပြင်ဖို့ ကြိုးစားခဲ့ကြတာပဲလေ။ ကြိုးစားခဲ့တော့ ရနိုင်သလောက်လေးပဲ ရပြီးတော့ သိပ်ထိထိရောက်ရောက် မဖြစ်ခဲ့ဘူးပေါ့။
ဒါပေမယ့် ဒီအချိန်မှာ ကျတော့ နောက်ထပ် ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေရဲ့အနေအထားမျိုးက ဒီထက်ပိုပြီး တလှမ်း ရှေ့တက်ဖို့ လိုပြီပေါ့။ အဲဒီလိုမြင်တဲ့ အတွက်ကြောင့် ဒီအဆိုကို တင်တာပါပဲ။
မေး။ ။ ပြုပြင်ပြောင်းလဲမှု သုံးနှစ်ကြာတဲ့ အချိန်မှာ ရှေ့တလှမ်းတိုးဖို့ အတွက် အလားအလာ ရှိတယ်လို့ ယူဆတာလား။
ဖြေ။ ။ ယူဆတယ် ဆိုတာထက် ရှေ့ကို တလှမ်းတိုး နိုင်တဲ့ အခြေအနေ ဖြစ်အောင် ကြိုးစားနေတယ်လို့ပဲ ပြောရမှာပေါ့။
မေး။ ။ အဆိုတင်တုန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေ့လာ သုံးသပ်တဲ့ အခါမှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီတာတွေ ရှေ့နောက် ညီညွတ်ခြင်း မရှိတဲ့ ပြဋ္ဌာန်းချက်တွေ ရှိနေတယ် ဆိုပြီး ၇ ချက် ပြောသွားတာ ရှိတယ်။ အဲဒီလို မညီတာတွေ အဟန့်အတား ဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ၇ ချက်နဲ့ ဆိုရင်တော့ အများကြီး ရှိတာပေါ့။ ဒါပေမယ့် တယောက်နဲ့ တယောက်ကတော့ အမြင်ချင်း မတူကြတာ တွေ ရှိမယ်လေ။ အဲဒီတော့ အမြင်ချင်း မတူတဲ့ အခါကျတော့ ဒီကော်မတီမှာ ပါဝင်လာပြီးတော့ Inclusive ဖြစ်တဲ့သူတွေ က စဉ်းစား။ ကျနော်ကတော့ ဒီဥပဒေနဲ့ ဒီဥပဒေ ရှေ့နောက်ကွာနေတယ်လို့ မြင်တယ်။ မကွာဘူးလို့မြင်တဲ့ သူလည်းရှိရင် ရှိမှာပေါ့။ အဲ့ဒီလို ကိစ္စရပ်တွေက တို့က တွေ့ထားတယ်။ ဒီလိုဟာမျိုးတွေ စိစစ်တွေ့ရှိရတယ်။
ဒါကိုပြန်ပြီးတော့ သုံးသပ်ကြရအောင် ဆိုတဲ့ အနေအထားနဲ့ တင်ပြတာပဲလေ။ အန်ကယ်ပြောပြတဲ့ ကိစ္စတွေက မှန်တယ် တခြားသူတွေရဲ့အမြင်ကမမှန်ဘူးလို့ တယူသန်သွားပြီးတော့ ကိုင်စွဲလို့တော့ ရမှာမဟုတ်ဘူး။ ညှိနှိုင်းကြမယ်။ ညှိနှိုင်းကြ တဲ့အခါမှာ အားလုံးက လွှတ်တော်ထဲက နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူရော အမျိုးသားရော၊ တပ်မတော်သား ကိုယ်စားလှယ်တွေရော အားလုံးပါဝင်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ အတွက် ပထမဆုံး ခြေလှမ်းကို စတင် နိုင်ဖို့လိုပြီ ဆိုပြီးတော့ တပ်လှန့် နှိုးဆော်တဲ့ သဘောပါပဲ။
မေး။ ။ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်လိုတဲ့ အချက် ၁၆၈ ချက် ဆိုပြီး ထုတ်ထားခဲ့တာရှိတယ်။ (၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်) ဒီ ၇ ချက်နဲ့မညီတဲ့ ပြင်သင်တဲ့ ပြဌာန်းချက်တွေ ကလည်း ၁၀၀ ကျော် ရှိမလား။
ဖြေ။ ။ အန်ကယ်တို့ အရင်တုန်းက လေ့လာထားတဲ့ဟာတွေ ရှိတယ်။ ဒါပေမယ့်လို့ အဲ့ဒါ NLD ရဲ့ အမြင်ပဲလေ။ ကျန်တဲ့ သူတွေနဲ့လည်း ညှိနှိုင်းဖို့တွေ လိုတာပေါ့။ ရာကျော်လည်း ရှိသွားနိုင်တာပေါ့။ ဒါပေမယ့် အဲ့ဒီထက်လည်း လျော့ချင်လည်း လျော့သွားနိုင်တာပေါ့။
အန်ကယ် ပြောချင်တာကတော့ ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ် ဆိုတာ မျိုးထက် တကယ်တမ်း အနာဂတ် နိုင်ငံတော် ကို ဘယ်လိုပုံဖော်ကြမလဲ။ ဘယ်လို တည်ဆောက်ကြမလဲ။ မျိုးဆက်သစ်တွေကို ဘယ်လို နိုင်ငံမျိုးကို ထားပေးခဲ့ချင်လဲ ဆိုတဲ့ စိတ်ဓာတ်ကလေးနဲ့ ဆွေးနွေးစေချင်တဲ့ အတွက် အခု အဆိုကို စတာပါကွယ်။
မေး။ ။ ဒီမိုကရေစီ အင်အားစုတွေက အဓိက ပြင်ချင်တဲ့ လွှတ်တော်ထဲမှာ ရွေးကောက်မခံဘဲ ၂၅ ရာခိုင်နှုန်းကို တပ်မ တော် က ယူထားတာ၊ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ (စ) တို့ရော ဒီပြင်သင့်တယ် ဆိုတဲ့ ဒီမိုကရေစီနဲ့ မညီညွတ်တာတွေ ဒီမို ကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ အတွက် အဟန့်အတား ဖြစ်နေတဲ့ ပြဌာန်းချက်တွေမှာ ပါမလား။
ဖြေ။ ။ ဒါပေါ့။ ပါသွားနိုင်တာပေါ့။ အဲ့ဒါကျတော့ အမြင်ချင်းမတူကြတဲ့ အခါမှာ တပ်မတော်ရဲ့အမြင်က ဘယ်လိုရှိတယ်။ နိုင်ငံရေး တခြား ပါတီတွေရဲ့အမြင်က ဘယ်လို ရှိသလဲ။ ပြည်သူ လူထုတွေရဲ့ အမြင်တွေကရော ဘယ်လို ရှိသလဲ။ ပညာ ရှင်တွေရဲ့ အမြင်ကရော ဘယ်လိုရှိသလဲ၊ ကိစ္စတွေကနေ အဖြစ်နိုင်ဆုံး ရှိနိုင်တဲ့ အနေအထားမျိုးတွေကို အလုပ်လုပ် နိုင်ဖို့ အတွက် ဒါ တာ ထွက်တာပါ။
မေး ။ ။ တိုင်းရင်းသား ပြည်သူတွေ အားလုံးရဲ့ဆန္ဒက အမြန်ဆုံး ပြည့်သွားနိုင်မလား။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ။
ဖြေ။ ။ တကယ်တမ်းက အလုပ်တွေ လုပ်နေရတာ ဆန္ဒနဲ့ လုပ်နေရတာ မဟုတ်တော့ဘဲ တကယ်အဖြေကတော့ ဘဝ နဲ့ပဲ အဖြေ ထွက်လာမှာပေါ့။ လုပ်တာကတော့ ဆန္ဒနဲ့ပဲ လုပ်ရတာပေါ့။ တကယ် တွေ့ကြုံလာတဲ့ အခြေအနေနဲ့ ဖြစ်စဉ်တွေ အပေါ် မှာ မူတည်ပြီးတော့ပဲ အဖြေထွက်လာမှာ ဆိုတော့ အနာဂတ် အကြောင်းကို ကြိုပြီးတော့ သိပ်မမှန်းတတ်ဘူးလေ။
မေး။ ။ တပ်က ဖွဲ့စည်းပုံပြင်တာကို လက်မခံတာ မဟုတ်ဘူး ပြင်လို့ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အဆို တင်တာမှာ မတ်တတ်ရပ် ကန့်ကွက်တာတွေ မဲမပေးဖို့ ဆန့်ကျင်တာမျိုးတွေကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ မနေ့ (ဇန်နဝါရီ ၂၉) က ကန့်ကွက်မှုတွေကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒီလိုတော့ မပြင်ရဘူး။ ဥပဒေကြမ်းနဲ့ ပြင်ရမယ်။ လူ ၂၀ နဲ့ တင်ရမယ် ဆိုပြီးပြောတာက အန်ကယ် တင်တဲ့ အဆိုက ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေး အတွက် အဆို ¬¬-လို့ သူတို့ ထင်ပြီး ကန့်ကွက်ပုံ ပေါ်ပါတယ်။ နားလည်မှု လွဲတယ်လို့ အန်ကယ်တော့ ထင်တာပဲလေ။ အဲ့ဒီ အဆင့်ကို မရောက်သေးဘူး။ အဲ့ဒီ အဆင့်ကိုရောက်ဖို့ရန် အတွက် ကော်မတီ တရပ်ဖွဲ့ဖို့ ပြည်ထောင်စု လွှတ်တော်ကို တိုက်တွန်းတာ။
မေး။ ။ NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မျှော်လင့်နေကြတဲ့ပြည်သူတွေ အတွက် ဘာထပ်ဖြည့်ပြောချင်ပါသလဲ။
ဖြေ။ ။ NLD က ရွေးကောက်ပွဲဝင် ကတည်းကိုက ပေးထားခဲ့တဲ့ လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည် ဖော်မှု တွေ ကို ဘယ်သောအခါမှ နိုင်စွမ်းရက်နဲ့ မျက်ကွယ်ပြုထားတာ မရှိဘူး။ အချိန်အခါ အခြေအနေ ပေါ်မူတည်ပြီးတော့ NLD ဟာ ပေးထားတဲ့ ကတိကို အကောင်အထည် ဖော်ဖို့ စဉ်ဆက်မပြတ် ကြိုးစား အားထုတ်နေတယ် ဆိုတာ ပြည်သူတွေ သိရင် ကျေနပ်ပါတယ်။ ။