“NLD ရဲ့ ပုံရိပ်ကတော့ တဖြည်းဖြည်း ကျနေပြီ”

ဇူးဇူး
ဗိုလ်ချုပ် ရုပ်တု ကန့်ကွက် ဆန္ဒဖော်ထုတ်မှုကြောင့် တရားစွဲခံထားရသူ ကိုကျော်ထင်အောင် / Kantarawaddy Times
Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကန္ဒာဟေဝန် ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်တု ထားရှိမည့် ကိစ္စ နှင့် ပတ်သက်၍ ကြေးရုပ်တု ရောက်ရှိလာသည့် ဇန်နဝါရီ ၂၉ ရက်မှ စတင်ကာ ဒေသခံ ကရင်နီ လူငယ်များ၏ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး တရားစွဲခံရသူများလည်း ရှိသည်။

ယခုအကြိမ်သည် ဗိုလ်ချုပ် ရုပ်တု မထားရှိရေး အတွက် ဒုတိယ အကြိမ်မြောက် ကန့်ကွက် ဆန္ဒပြမှုဟု သိရသည်။

ဗိုလ်ချုပ်ရုပ်တု မထားရှိရေးနှင့် ပတ်သက်၍ ကရင်နီလူငယ်များ၏ ဆန္ဒဖော်ထုတ်မှု၊ တရားစွဲဆိုခံရမှုများ၊ ကန့်ကွက်သည့် ကြားမှ ရုပ်တု ထားရှိရေး ထောက်ခံပွဲနှင့် ဖွင့်ပွဲ ပြုလုပ်မှုများ ဖြစ်ပွားခဲ့ပါသည်။

ထို အခြေအနေများကြောင့် ဆန္ဒပြ လူငယ်များ၏ ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပြည်နယ် အစိုးရ၏ ဆောင် ရွက်ချက်များကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုး သက်ရောက်မှုများကို ဗိုလ်ချုပ်ရုပ်တု မထားရှိရေး ကန့်ကွက်မှုတွင် တောက်လျှောက် ပါဝင် လှုပ်ရှားခဲ့ပြီး လက်ရှိ အချိန်တွင်လည်း ဆန္ဒပြမှုကြောင့် တရားစွဲခံထားရသည့် ကိုကျော်ထင်အောင် ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ကယား (ကရင်နီ) ပြည်နယ်မှာ ဗိုလ်ချုပ် ကြေးရုပ်တု စိုက်ထူဖို့ ဖြစ်ပေါ်လာပုံနဲ့ ဒီအပေါ် ကရင်နီလူငယ်တွေ ကန့် ကွက်မှုတွေ စတင် ပြုလုပ်ခဲ့တဲ့ အချိန်ကစလို့ လက်ရှိ ဘယ်လို အခြေအနေတွေ ဖြစ်ပေါ်နေပါသလဲ။

ဖြေ။ ။ ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်မှာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်က သူ့လက်ထက်မှာ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်ကို အများပြည်သူပိုင်တဲ့ ကန္ဒာဟေဝန် ပန်းခြံမှာ တည်ထားလိုတယ် ဆိုတာ သတင်း ထွက်ပေါ်လာတယ်။ ကြေးသွန်း ပညာရှင်ကိုလည်း ခေါ်ပြီး ပြည်နယ် အစိုးရကနေ သိန်း ၅၀၀ မတည် လုပ်ဆောင်မယ်လို့ သတင်း ရရှိတဲ့ အ တွက် ဒါဟာ မဖြစ်သင့်ဘူး ဆိုတာကို ကရင်နီ လူငယ်တွေက အဲဒီ အချိန်တုန်းက ပြောဆိုခဲ့တော့ ဖေဖော်ဝါရီ ၃ ရက်မှာ သူတို့ (ပြည်နယ် အစိုးရ အဖွဲ့) အစည်းအဝေး ထိုင်ကြပြီး ချောင်းဆုံ တံတားလို ကိစ္စမျိုး တိုင်းရင်းသား ပြည်သူတွေရဲ့ စိတ်ဝမ်း ကွဲပြား မှုကို ဖြစ်စေနိုင်လို့ ဆိုင်းငံ့ထားပြီး မလုပ်ဖို့ သဘောတူ ဆုံးဖြတ်ကြတယ်။

ဝန်ကြီးချုပ်နဲ့ စီမံ ဘဏ္ဍာ ဝန်ကြီး ဦးမော်မော်တို့က တည်လိုတယ်လို့ ပြောပေမယ့် ကျန်တဲ့ အများသဘောထားအရ ယာယီ ဆိုင်းငံ့မယ် ဆိုတာမျိုး ဖြစ်သွားတော့ ကျနော်တို့လည်း စိတ်အေးလက်အေး နေခဲ့တယ်။

ဒါပေမယ့် ဝန်ကြီးချုပ်က ပြည်နယ်က လွှတ်တော်တွေ၊ ပါတီတွေကို အသိမပေးတော့ဘဲ ဇွန်လထဲမှာ ကန္ဒာ ဟေဝန်ပန်းခြံ ကို နေရာရှင်းပြီး အုတ်ခုံ တည်ဖို့ လုပ်တဲ့အတွက် လူငယ်တွေက ဇွန်လ ၂၇ ရက်မှာ စပြီးတော့ ဗိုလ်ချုပ်ရုပ်တု တည် ဆောက်မယ့် ကိစ္စ ရပ်ဆိုင်းပေးဖို့ ကန့်ကွက်ကြောင်းနဲ့ ကရင်နီ သမိုင်းမှန် စာရွက်တွေ ဖြန့်ဝေခဲ့တယ်။

အဲဒီတုန်းက ထွေအုပ်နဲ့ ရဲတွေက တားဆီးတာတွေ၊ အဲဒီ စာရွက်တွေကို သိမ်းဆည်းတာတွေ ရှိခဲ့တယ်။ ထပ်ပြီး ဇူလိုင် ၃ ရက် မှာ ကန့်ကွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တယ်။ အဲဒီမှာလည်း ရဲတွေနဲ့ တားဆီးပြီး အဓိကရုဏ်း နှိမ်နင်းရေး ပုံစံမျိုး ဖြစ် ပွားခဲ့ တယ်။

အဲဒီ ညနေခင်းမှာ စာရွက် ဖြန့်ဝေခဲ့သူတွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ)တို့နဲ့ ၁၀ ယောက်ကို စတင် တရားစွဲခဲ့တယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေကိုလည်း ငြိမ်းစုစီ ၁၉၊ ၂၀ နဲ့ ၁၃ ဦး ထပ်စွဲတယ်။ အားလုံးပေါင်း ၂၃ ဦး တရား စွဲ ခံရတယ်။ အခု ၇ လ ကျော်လာတဲ့ အထိ အဲဒီ အမှုတွေ မပြီးဆုံးသေးပါဘူး။

အဲဒီလို အင်အားသုံး ဖြိုခွင်းမှုတွေ နှိမ်နင်းမှုတွေ ဖြစ်တဲ့အတွက် လူငယ်တွေက ကန့်ကွက်ရုံတင် မကတော့ဘဲ ပြည်နယ်အ တွင်းမှာ ရှိနေတဲ့ တိုင်းရင်းသား လူမျိုးအလိုက် ကော်မတီတွေ၊ တိုင်းရင်းသား စာပေ ယဉ်ကျေးမှု ကော်မတီတွေ၊ အရပ် ဘက် အဖွဲ့အစည်းတွေ၊ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်သူတွေကပါ ဆိုင်းငံ့ သင့်ကြောင်း၊ မတည် ဆောက် သင့်ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်နေဆဲကာလမှာ မပြုလုပ်ဘဲ ဗိုလ်ချုပ်ရဲ့ တန်းတူရေး ကတိ ကဝတ်တွေ ဖော်ဆောင် ပြီးမှ အများပြည်သူ သဘောထား ဆန္ဒခံယူပြီး တည်ဆောက်သင့်ကြောင်းတွေကို ကြေညာချက် ထုတ်ပြန် ခဲ့ကြ တယ်။

အဲဒါကြောင့် ဇူလိုင် ၇ ရက်မှာ ဝန်ကြီးချုပ်က တိုင်းရင်းသား စာပေ ယဉ်ကျေးမှု ကော်မတီတွေ၊ အရပ်ဘက် အဖွဲ့အစည်း တွေကို ခေါ်ယူ တွေ့ဆုံမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဝန်ကြီးချုပ်က တဖက်သတ် ဆုံးဖြတ်မှုပဲ လုပ်သွားတယ်။ ညှိနှိုင်း ဆွေးနွေးပွဲလို မဟုတ်ဘဲ ဝန်ကြီးချုပ်က အများဆန္ဒ သဘောထား ယူမယ်။ ဒါပေမယ့် ရအောင် တည်ဆောက်မယ် ဆိုတဲ့ ပုံစံမျိုး အပိတ် စကားပြောချိန်မှာ ပြောသွားတာမျိုး ရှိတယ်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ခေါ်ပြီး ထောက်ခံခိုင်းတဲ့ ပုံစံမျိုး လုပ်ခိုင်းတာတွေလည်း ရှိလာတယ်။ ဒါပေမယ့် သူတို့ လက် မှတ်ကောက်တဲ့ အချိန်မှာ ကန့်ကွက်တဲ့ သူက များပြီး ထောက်ခံသူ ၁ သောင်း ကျော်ကျော်လေး ရတဲ့ အတွက် သူတို့က အဲဒါကို ဆက်မကောက်ခံတော့ဘူး။

အဲဒီလို အနေအထား ဖြစ်နေတဲ့ အချိန်မှာ ပြည်ထောင်စု သမ္မတရုံးကရော အတိုင်ပင်ခံရုံးကရော ပြည်ထောင်စု အစိုးရအဖွဲ့ ကရော မဖြစ်မနေ တည်ဆောက်ဖို့ ညွှန်ကြားထားခြင်း မရှိဘူးလို့ ဦးဇော်ဌေးက အင်တာဗျူးမှာ ပြောဆိုခဲ့တယ်။ ကန့်ကွက် ဆန္ဒပြသူတွေနဲ့ ညှိနှိုင်း အဆင်ပြေမှ တည်ဖို့အတွက် ပြည်နယ်အစိုးရကို ညွှန်ကြားတယ်။ ကန့်ကွက်တယ်ဆို မတည်ဖို့ပေါ့။ ဒါပေမယ့် ဝန်ကြီးချုပ်က ညှိနှိုင်းပြီး မလုပ်တော့ဘဲ တရားစွဲဆိုမှုကိုပဲ အဓိကထား သွားခဲ့တယ်။
ကျနော်တို့ ဘက်ကလည်း ဒီလို တရားစွဲဆို ပြီးပြီဆိုတော့ (ရုပ်တု) မတင်လောက်တော့ဘူး ဆိုပြီး အေးဆေးရှိနေတဲ့ အချိန် မျိုးမှာ ၂၀၁၉ ဇန်နဝါရီ ၁၉ ရက် မှာပဲ ဒီရုပ်တုကို သယ်လာပြီး ၃၁ ရက်မှာ အုတ်ခုံပေါ်ကို အတင်းအဓမ္မ တင်တယ် ဆိုတဲ့ သတင်းရတဲ့ အတွက် နီးစပ်ရာ လူငယ်တွေ စုဝေးပြီး သွားရောက် ကန့်ကွက်တဲ့အခါ အခု ကျနော် အပါအဝင် ငြိမ်းစုစီ ၁၉ နဲ့ နောက်ထပ် အယောက် ၂၀ စွဲတဲ့ အနေအထားမျိုး ဖြစ်လာတယ်။

ဒီလို ကန့်ကွက် ဆန္ဒပြမှုတွေ၊ တရားစွဲခံရမှုတွေ ဖြစ်နေချိန်မှာပဲ ဖေဖော်ဝါရီ ၂ ရက်မှာ ထောက်ခံပွဲနဲ့ အတူ ရုပ်တု ဖွင့်ပွဲကို ပါ လုပ်ဆောင်သွားတယ်။

အဲဒီအတွက်ကြောင့် ပြည်နယ်ကို ရောက်ရှိနေတဲ့ NLD ဗဟို အလုပ်မှုဆောင်တွေကို တွေ့ဆုံလိုကြောင်း လူငယ်တွေက NLD ရုံးရှေ့မှာ စောင့်ဆိုင်းပေမယ့် ဖေဖော်ဝါရီ ၃ ရက် ညအထိ တွေ့ဆုံမှု မရှိဘူး။ ဒီနေ့တော့ ပြန်သွားကြပြီလို့ သိရတယ်။

မေး။ ။ အခု ရုပ်တုလည်း တည်ပြီးပြီဆိုတော့ ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားဖို့ ရှိမလဲ။

ဖြေ။ ။ ပြည်သူနဲ့ အတူ၊ ပြည်သူ့ အစိုးရ၊ ဒီမိုကရေစီ အစိုးရ ဆိုပြီး ဆန္ဒ ထုတ်ဖော်မှုတွေကိုလည်း ကန့်သတ်နေတယ်။ ပြည်နယ် အတွင်းမှာလည်း ဒေသန္တရ အမိန့်များစွာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း ပိတ်ပင်နေတယ်။

ဒါတွေ အားလုံးရဲ့ တရားခံကတော့ ပြည်နယ် အစိုးရအဖွဲ့ အကြီးအကဲ ဖြစ်တဲ့ ဝန်ကြီးချုပ် ဖြစ်တယ်။ အဲဒီအတွက်ကြောင့် လက်ရှိ တည်ထားပြီး ဖြစ်ပေမယ့် ဒါကို NLD သော်လည်းကောင်း၊ ပရဟိတ သော်လည်းကောင်း သက်ဆိုင်တဲ့ နေရာမှာ ရွှေ့ပြောင်းထားပေးဖို့က တချက် ဖြစ်ပါတယ်။

ဒီနေရာမှာပဲ တည်လိုတယ် ဆိုရင်တော့ အများပြည်သူ သဘောထား ဆန္ဒကို ပြည်နယ်လုံး ဆိုင်ရာ ပွင့်လင်း မြင်သာစွာနဲ့ လျှို့ဝှက် မဲပေးစနစ်ကို ဆန္ဒသဘောထား ရယူပြီးမှ မဲနိုင်မှသာလျှင် ရုပ်တု တည်ဖို့။ မဲမနိုင်ဘူး ဆိုရင် ဒါကို ပြည်နယ်မှာ မထားဘဲနဲ့ တိုင်းဒေသကြီးတွေကို လှူလိုက်လို့ ရတယ်။ ဒီအပေါ်မှာ လူငယ်တွေက ဆက်လက် ရပ်တည်ပြီးတော့ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိ NLD ပါတီက အနိုင်ရ ပါတီဖြစ်တဲ့ အတွက်ကြောင့်ရော သူတို့ ပါတီဝင် ဝန်ကြီးချုပ် တယောက်ဖြစ်တဲ့ အနေ အထား အရရော တာဝန်ယူမှု တာဝန်ခံမှု ရှိစွာဖြင့် NLD ပါတီက ဆက်လက်ပြီး ဖြေရှင်းပေးဖို့ကို တောင်းဆိုဖို့အတွက် အဲဒီ (ကယားပြည်နယ် NLD ရုံးရှေ့) နေရာမှာ ဆက်လက် သပိတ်စခန်း ဖွင့်ပြီး နေကြဖို့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်နေပါတယ်။

မေး။ ။ ကရင်နီလူငယ်တွေ အနေနဲ့ အဓိက ဘာကြောင့် ကန့်ကွက် ဆန္ဒပြနေတာလဲ။ ဗိုလ်ချုပ် ရုပ်တုကို ဘာကြောင့် မထား စေချင်တာလဲ။

ဖြေ။ ။ တိုင်းရင်းသားတွေ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ပါပြီးသား ဖြစ်ပါတယ်။ အဓိ က အနှစ်ချုပ်ကတော့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ တိုင်းရင်းသား တန်းတူရေး ဆိုတဲ့ ကတိကဝတ်ကို အရင် ဖော်စေလိုတဲ့ အချက် ဖြစ်ပါတယ်။

ဒုတိယ အချက်က သမိုင်းကြောင်း အရ ဗိုလ်ချုပ် အောင်ဆန်းသည် ကရင်နီပြည် လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့သူလည်း မဟုတ်ဘူး။ နောက်ပြီး တိုင်းရင်းသား တန်းတူရေး ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ ရိုးသားတဲ့ ကတိကဝတ်၊ အဲဒီ လေးစားစရာ ကတိက ဝတ် ကို ဖော်ဆောင်ပြီးမှ သာလျှင် ဒီဒေသ ခေါင်းဆောင်တွေ အနေနဲ့ ဗိုလ်ချုပ်ရုပ်တု တည်ထားမယ် ဆိုလည်း အများ သဘော ဆန္ဒ ယူပြီးမှ တည်သင့်တယ် ဆိုတာပါ။

ဒါ့အပြင် လက်ရှိ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်နေဆဲ ကာလမှာ ကျနော်တို့ ပြည်နယ်မှာ ရှိနေတဲ့ တိုင်း ရင်းသား လက်နက်ကိုင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကလည်း NCA လက်မှတ် ရေးထိုးနိုင်ရေး ကြိုး ပမ်းနေတဲ့ အနေအထား ဖြစ်လို့ မြန်မာ ပြည်မရဲ့ခေါင်းဆောင်သာလျှင် ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုကို ကရင်နီ ပြည် လွိုင်ကော်မြို့ပေါ်မှာ တည်ခြင်းက မဖြစ်သင့်ဘူး။

ငြိမ်းချမ်းရေး အတွက် ထိခိုက်နိုင်တယ် ဆိုတဲ့ အချက်ကလည်း တတိယ အချက် အနေနဲ့ ပါဝင် ပါတယ်။ အဲဒီ သုံးချက် အရ အားလုံး ကနေ အဓိက ကန့်ကွက်နေကြခြင်း ဖြစ်ပါတယ်။

လက်ရှိ ကာလမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ် ဆိုပြီး ပြောနေကြပြီ။ ဒီမိုကရေစီ ဖက်ဒရယ် ဖြစ်ဖြစ် ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ဖြစ် ဖက်ဒရယ်ပြည်နယ် စစ်စစ်ဖြစ်အောင် ကြိုးစားနေဆဲ ကာလမှာ အောင်ဆန်း အက်တလီ စာချုပ်မှာ အက်တလီက ပြောခဲ့တယ်။ အောင်ဆန်းဟာ ပြည်မကိုပဲ ကိုယ်စားပြုတာ ဖြစ်လို့ တောင်တန်းတွေကို စည်းရုံးပါ။ တောင်တန်းနဲ့ ပြည်မ အတူတူ လွတ်လပ်ရေးရယူဖို့ အတွက် ၁ နှစ်အတွင်း ဖော်ဆောင်ပါ ဆိုတာမျိုး အဲဒီကာလ အုပ်ချုပ် သူဖြစ်တဲ့ အင်္ဂလိပ်ရဲ့ နန်းရင်းဝန် အက်တလီက ပြောဆိုခဲ့တယ်။ မှတ်တမ်းတွေလည်း ရှိခဲ့တယ်။

ဒီအတွက် အောင်ဆန်းက လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ဖို့ စည်းရုံးရေးတွေ ဆင်းရတယ်။ အဲဒီမှာ ကရင်နီရဲ့ သဘောထား က လွတ်လပ်ရေးကို အင်္ဂလိပ်ဆီကနေ ယူစရာ မလိုဘူး။ အင်္ဂလိပ်အောက်က ပြည်နယ် ၃ ခုနဲ့ ပြည်မက ရပြီဆိုရင် ပြည် ထောင်စု အတွက် ဆိုတဲ့ သဘောထားနဲ့ ပေါင်းလာခဲ့ကြတယ်။ အတိတ်သမိုင်းနဲ့ ဖက်ဒရယ် အနာဂတ် အတွက်ကို လူငယ် တွေက ကြိုးစား တည်ဆောက်ခဲ့ရတယ်။

အဲဒါကြောင့် စစ်အာဏာရှင်နဲ့ စစ်တပ် ကျောထောက်နောက်ခံ ပါတီကာလမှာ အဓိက အတိုက်အခံဖြစ်တဲ့ ဒီမိုကရေစီ ပါတီ NLD ကို ဝန်းရံခဲ့ကြသလို ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ကြိုးပမ်း အားထုတ်မှုကိုလည်း အသိအမှတ် ပြုတဲ့ အနေနဲ့ အမှတ်တရတွေ လုပ်ပေးခဲ့ကြတယ်။

ကျနော်တို့တွေက ဗိုလ်ချုပ် ပေးခဲ့တဲ့ ကတိကဝတ်နဲ့ ဗိုလ်ချုပ်ရဲ့ တည်ဆောက်လိုသော ပြည်ထောင်စု စစ်စစ်အတွက် ဝန်းရံခဲ့ကြတာ ဖြစ်ကြတယ်။ ဒါပေမယ့် ရုပ်တု တည်ဖို့ဆိုတဲ့ ဟာမျိုး ကျနော်တို့ လုပ်ဆောင်ခဲ့တာ မရှိဘူး။ လက်ရှိမှာလည်း မတည်သင့်ဘူး ဆိုတဲ့ သဘောထားမှာ ရှိကြတယ်။

ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုမှာလည်း ကျနော်ဆိုရင် အပြင်စည်း လုံခြုံရေး တာဝန်ခံ အနေနဲ့ လုပ်ခဲ့သလို တရားစွဲ ခံရတဲ့ ကိုဒီးဒီ ဆိုရင်လည်း လုံခြုံရေး ခေါင်းဆောင် လုပ်ခဲ့ပြီး အခု တရားစွဲခံရတဲ့ လူငယ်တွေ အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကယား ခရီးစဉ်မှာ အပြင်စည်း လုံခြုံရေးနဲ့ ဝန်းရံ လူငယ်အနေနဲ့ စည်းရုံးရေးတွေမှာ တက်တက်ကြွကြွ ထဲထဲဝင်ဝင် ပါတီဝင် မဟုတ်သော်လည်း အပြောင်းအလဲ အတွက် ဖက်ဒရယ် ပြည်ထောင်စု အတွက် တနည်းတဖုံ အထောက်အပံ့ ဖြစ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အတွက် ဝန်းရံခဲ့ကြတယ်။

ရပ်တည်မှု အရ ပါတီဝင်လည်း မဟုတ်ဘူး။ ပြည်နယ်အတွက်ပဲ ဖြစ်တဲ့အတွက်ကြောင့် အခုလို အချိန်မတန်သေးဘဲနဲ့ ငြိမ်းချမ်းရေး အတွက်လည်း ထိခိုက်နိုင်သလို တိုင်းရင်းသားတွေရဲ့ သဘောထားကိုလည်း စိတ်ဝမ်းကွဲစေတဲ့ ဟာမျိုးကို တာဝန်ရှိတဲ့ NLD ရဲ့ ဗဟို ကော်မတီဝင် ပြည်နယ် အစိုးရ အကြီးအကဲ ဝန်ကြီးချုပ်က ဦးဆောင်ပြီးတော့ လုပ်နေတာ မဖြစ်သင့်တဲ့ အတွက် ကန့်ကွက် နေကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဒီလို ကန့်ကွက်မှုတွေကြားကပဲ ဖေဖော်ဝါရီ ၂ ရက်က ထောက်ခံပွဲနဲ့ အတူ ဖွင့်ပွဲပါ လုပ်သွားတယ်လို့ သိရတယ်။ ဒီလို လုပ်တဲ့ အပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ ဒါဟာ ပြည်နယ် အတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားတွေကို အလေးမထားဘဲ လုပ်ပိုင်ခွင့် ရှိတဲ့ ပြည်နယ်အစိုးရက အတင်း အဓမ္မ လုပ်ဆောင်သွားမှု အပေါ်မှာ ပြည်နယ် အစိုးရကို များစွာ စိတ်ပျက်သလို တာဝန်ရှိတဲ့သူတွေ အပေါ်မှာ လည်း စိတ်ကုန်လာတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ယုံကြည်မှုအတွက်ကို များစွာ ထိခိုက်ပြီးတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာကို စကားပြောဖို့တောင် တော်တော်ခက်ခဲလာနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားနိုင်ပါတယ်။

အခုလို အတင်းအဓမ္မ တည်ခြင်းသည် ပြည်နယ်မှာ ရှိနေတဲ့ ပြည်နယ်သူ ပြည်နယ်သား အများရဲ့သဘောထား ဆန္ဒကို ရယူ ညှိနှိုင်းခြင်း မရှိတာကြောင့် ဒေသတွင်းမှာလည်း တည်လိုသူ အနည်းစုနဲ့ မတည်လိုသူ/အချိန်မတန်သေးသူ ဆိုတဲ့ အနေအထားတွေက စိတ်ဝမ်းကွဲပြားမှုကို ဖြစ်ပေါ်စေတယ်။ နောက်ပြီး လက်ရှိ နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်း ရေး ဖြစ်စဉ်ကိုလည်း အနည်းနဲ့အများ သက်ရောက်သွားတဲ့ ပုံစံ တခုကို တွေ့ရတယ်။

မေး။ ။ အပေါ်မှာပြောသလို ထောက်ခံသူနဲ့ မထောက်ခံသူ ကွဲပြားမှုတွေ ရှိတယ်ဆိုတော့ အခု ကန့်ကွက် ဆန္ဒပြမှုတွေက ဘယ်လောက် အတိုင်းအတာထိ ကိုယ်စားပြုတယ်လို့ ပြောနိုင်မလဲ။

ဖြေ။ ။ ဒီလူငယ်တွေက ဘယ်လောက် ကိုယ်စားပြုသလဲဆိုတာ မေးမယ်ဆိုရင်တော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း စိန်ခေါ် တဲ့ အတိုင်းပဲ ပြည်နယ် အဆင့်သာ မဲပုံး ထောင်လိုက်ပါလို့ ပြောချင်တယ်။ ကျနော်တို့ လူငယ်တွေ အားလုံးက သတ္တိရှိရင် တပြည်နယ်လုံး မဲပုံးထောင်လိုက်ပါ ဆိုတဲ့ အချက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကတည်းက ပြောတဲ့အတွက်ကြောင့် ဝန်ကြီး ချုပ် ကလည်း လုပ်ခဲ့တယ်။

ကျနော်တို့ ဘက်မှာ ၂ ရက် အတွင်းကိုပဲ မတည်ဆောက်သင့်ကြောင်း လက်မှတ် ၄ သောင်းလောက် ရပြီးတော့ အစိုးရ လုပ်ဆောင်တဲ့ အပေါ် ထောက်ခံသူ လက်မှတ် ၁ သောင်းကျော်ပဲ ရတယ်။ အဲဒီမှာကတည်းက သိသာနေတော့ ပြည်နယ် အစိုးရက လူလည် လုပ်ပြီး သူတို့ဖွဲ့ထားတဲ့ ကော်မတီကို ဖျက်သိမ်း ပြည်သူချင်းကို ရန်တိုက်ပေးတဲ့ ပုံစံမျိုးကို ဖန်တီးလာ ပေမယ့် နောက်ကွယ်ကနေ ကြိုးကိုင် လုပ်ဆောင်နေတာကို တွေ့ရတယ်။

လက်ရှိ ဒီဖြစ်စဉ်တွေ အားလုံးကို ခြုံငုံပြီးမှ ပြောရမယ် ဆိုရင်တော့ လူငယ်ထုကို အရေအတွက် အရ အားနည်းတယ်လို့ ဆို နိုင်ပေမယ့် အခုလို အတင်းအဓမ္မ လုပ်ဆောင်မှုကြောင့် ဒီလမကုန်ခင်မှာ တကယ့် အင်အားတခုနဲ့ အထွေထွေသပိတ် ဆို တာ ပေါ်လာနိုင်တယ်။ တပတ်အတွင်း ဖြစ်ရင်လည်း ဖြစ်မယ်။ ဆယ်ရက်အတွင်း ဖြစ်ရင်လည်း ဖြစ်လိမ့်မယ်။

အထွေထွေ သပိတ်တွေ ရက်ရှည်လိုမျိုး လုပ်မယ်ဆိုရင် ပြည်နယ်မှာတော့ အနည်းနဲ့အများ ထိခိုက်မှုတွေ ရင်ဆိုင်ကြုံတွေ့ လာရနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ဒါကို ပြည်နယ် အစိုးရရော၊ အနိုင်ရ ပါတီ NLD ရောက ရင်ဆိုင် ကြုံတွေ့ရမယ်။ ကျနော်တို့က ဒါမျိုးတွေ မဖြစ်ပေါ်ဖို့ ကြိုတင်ညှိနှိုင်း တင်ပြဖို့ အစီအစဉ် ရှိပေမယ့်လည်း လက်ရှိ ပြည်နယ်ကို ရောက်ရှိလာ တဲ့ ဗဟို ကော်မတီဝင် အားလုံးက ကျနော်တို့နဲ့ တွေ့ဆုံခြင်း မရှိဘဲ ပြန်သွားကြပြီ။

မေး။ ။ ဒီလို ပြည်နယ် အစိုးအနေနဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောဆန္ဒ မပါဘဲ အတင်းအကြပ် ဆောင် ရွက် ခြင်း က NLD ပါတီ အပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ပြည်သူနှင့် အတူလို့ ပါးစပ်ကနေ ပြောနေရုံနဲ့မရဘဲ ပြည်သူ အများရဲ့ဆန္ဒကို ရယူသင့်တယ်။ ဒါ့အပြင် ငြိမ်းချမ်း ရေး ကို ထိခိုက်နိုင်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့ ပြည်နယ် ဝန်ကြီးချုပ် အယ်ဖောင်းရှိုကို ထိန်းကျောင်းရမယ့် ဝတ္တရား ပျက်ကွက်မှုတွေကြောင့် NLD ဟာ လက်ရှိမှာ ပြည်သူ မဲဆန္ဒရှင်တွေရဲ့ ငြိုငြင်မှုနဲ့ ဒီအပေါ်မှာ စိတ်ပျက်မှုတွေကို ရင်ဆိုင် ကြုံတွေ့ရပြီ ဖြစ်တဲ့ အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေ သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။ အဲဒီ အချိန်မှာ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရမယ့် အနေအထား ဖြစ်လိမ့်မယ်။

ဒါ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုအရ ဆက်ပြီး ကိုင်တွယ် ဖြေရှင်းမှု မရှိဘူး ဆိုရင် ဝန်ကြီးချုပ်ကို ထုတ်ပယ် ပေးလောက် တဲ့ အထိ သက်ရောက်နိုင်တဲ့ အထွေထွေ သပိတ်လိုဟာမျိုး ရင်ဆိုင်ကြုံတွေ့ရမယ်။ ဒီဖြစ်စဉ်ဟာ အများကြီး သက်ရောက် သွားနိုင်မှာ ဖြစ်လို့ NLD အပေါ်မှာ ပါတီပုံရိပ်ရော ဦးဆောင်သူတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုပိုင်း ဆိုင်ရာ အရရော သက် ရောက်မှုတွေ ရှိသွားမယ်။ သမ္မတကို တာဝန်ခံရတဲ့ ဝန်ကြီးချုပ်ကြောင့် သမ္မတမှာလည်း တာဝန်ရှိတဲ့ အထိ သက်ရောက် နေတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

တိုင်းရင်းသားတွေ လိုလားတာက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဆိုပေမယ့် NLD ပါတီက ပြောနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တကယ် ချီတက်လိုတယ် ဆိုရင် ပါးစပ်ပြောနဲ့တင် မဟုတ်ဘဲ အခုလို ကာလမှာကတည်းက မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်အောင် ကန့်ကွက်မှုတွေ ရှိတယ် ဆိုရင်လည်း သေသေချာချာ ညှိနှိုင်း ဆုံးဖြတ်ပြီး မှ ဒီအပေါ်မှာ အများရဲ့ ဆန္ဒ သဘောထားတွေကို နားထောင်ဖို့၊ ဒီလို ထိခိုက်နိုင်တဲ့ ကိစ္စမျိုးတွေကို အစကတည်းက မဖန် တီးဖို့၊ ဖန်တီးခဲ့သူက မိမိပါတီဝင် ဖြစ်ခဲ့ပြီ ဆိုရင်လည်း အဲဒီ ပါတီဝင်ကို ထိန်းကျောင်းပြီးမှ ရုပ်သိမ်းခိုင်းဖို့တွေကို ပျက် ကွက် မှုကြောင့် ကျနော်တို့ပြည်နယ်မှာ NLD ရဲ့ ပုံရိပ်ကတော့ တဖြည်းဖြည်းကျနေပြီ ဆိုတဲ့ သတင်းစကား ပါးချင်ပါတယ်။

မေး။ ။ ကန့်ကွက် ဆန္ဒပြမှုမှာ ပါဝင်သူ တဦးအနေနဲ့ ပြည်နယ် အစိုးရ အပါအဝင် NLD ဗဟိုက တာဝန်ရှိသူတွေကို ဘာ တွေ တောင်းဆိုချင်ပါသလဲ။

ဖြေ။ ။ ၁ အချက် ဒီရုပ်တုကို အများ ပြည်သူပိုင်တဲ့ ပန်းခြံကနေ ရွှေ့ထားပေးဖို့။ ၂ အချက် မဖြစ်မနေ တည်လိုတယ်ဆို ရင် ပြည်နယ်အဆင့် ပွင့်လင်းစွာနဲ့ လျှို့ဝှက် ဆန္ဒမဲပေး စနစ်ဖြင့် တည်ဆောက်ထားသင့် မထားသင့်ကို မဲခွဲဆုံးဖြတ်ပေးဖို့။ ဆုံးဖြတ်ချက်အရ နိုင်ရင်တည်။ မနိုင်ရင် ဒီရုပ်တုကို လက်ရှိ အဆင်သင့် မဖြစ်သေးတဲ့ ပြည်နယ် အတွင်းမှာကို မထား တော့ဖို့ အထိ လူငယ်တွေက တောင်းဆိုထားတယ်။ နောက်တချက်က ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို ဆန့်ကျင်တဲ့၊ တည်ဆဲဥပဒေ တွေကို ကျော်လွန်တဲ့ ဒေသန္တရ အမိန့်တွေကို ရုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်။

ဖြည့်စွက် ပြောချင်တာကတော့ လက်ရှိ NLD ရဲ့ ဗဟို ကော်မတီဝင် တဦးဖြစ်တဲ့ ပြည်နယ် အစိုးရ အဖွဲ့ရဲ့ အကြီးအကဲ ပြည်နယ် ဝန်ကြီးချုပ်ကို ထိန်းကျောင်းရမယ့် တာဝန်ကို အနိုင်ရ ပါတီကနေ ပျက်ကွက်တဲ့ ပုံစံ ဖြစ်သွားပြီး အများပြည်သူ သဘောထား ဆန္ဒမပါဘဲနဲ့ ကန့်ကွက်သူများနဲ့ ညှိနှိုင်းပါလို့ ညွှန်ကြားထားမှုကို မလိုက်နာတဲ့ ဝန်ကြီးချုပ်ကို အရေးယူ ပေးဖို့ က NLD တာဝန် ဖြစ်တယ်။

လက်ရှိမှာ လူငယ်တွေ တောင်းဆိုနေတာက အများ သဘောထား ဆန္ဒ ခံယူပြီးမှသာလျှင် အများ ပြည်သူပိုင် ပန်းခြံမှာ တည် သင့် တာ ဖြစ်လို့ အမြန်ဆုံး ဒီရုပ်တုကို ရွှေ့ပြောင်းပေးနိုင်ဖို့ လိုတယ်။ ဒါမှသာ ပြည်နယ်တွင်းမှာ အထွေထွေ သပိတ်ကို ထိန်းနိုင်လိမ့်မယ်။

သို့မဟုတ် လူငယ်တွေကို NLD ရဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေက ဒီ ၁၀ ရက် အတွင်းမှာမှ ဘာမှ မထူးဘူး ဆိုရင် ဝန်ကြီးချုပ်ကို ဖြုတ်ပေးရေး အထိပါ သက်ရောက်နိုင်မယ့် အထွေထွေ သပိတ်မျိုးကို လူငယ်တွေက လုပ်ဆောင် လာလိမ့်မယ်လို့ ပြော ကြား လိုပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading