ကမန်တွေအပေါ် ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်ရဲ့ သဘောထား

လဲ့လဲ့
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် / Zaw Aye Mg/ facebook
Want create site? Find Free WordPress Themes and plugins.

ကမန်လူမျိုးများသည် အစိုးရက သတ်မှတ်ပြဌာန်းထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်သည့် လူမျိုးဖြစ်ပြီး မွတ်ဆလင်ဘာသာ ကိုးကွယ်သည့်မျိုးနွယ်စုတခု ဖြစ်သည်။ ရခိုင်ပြည်နယ်တွင်း ၂၀၁၂ ခုနှစ်က အကြမ်းဖက်မှုများ ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ကမန်လူမျိုးများကို ရမ်းဗြဲမြို့နယ် တွင်လည်းကောင်း၊ ထိုမှတဆင့် ရန်ကုန်မြို့နယ်ဘက်သို့ လည်းကောင်း ပြောင်းရွှေ့စေခဲ့သည်။ ကမန်လူမျိုးများကို ရန်ကုန်ဘက် အခြေချစေခြင်း၊ ၎င်းတို့ အခက်အခဲ စသည်တို့အပေါ် သဘောထားမှတ်ချက်များကို ရခိုင်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကို ဧရာဝတီ သတင်းထောက်လဲ့လဲ့က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ကမန်တွေကို အစိုးရက ၅ သိန်းပေးပြီး ပြောင်းရွှေ့ခိုင်းတယ်လို့ ပြောတယ်။ ဘယ်လိုကြောင့် ပြောင်းရွှေ့ ခိုင်းတယ် ဆိုတာ ဝန်ကြီးအနေနဲ့ ရှင်းပြပေးပါရှင့်။

ဖြေ ။ ။ ရန်ကုန်တိုင်းကို ပြောင်းပေးတာတော့ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ သွားချင်တာ။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု ၇ မျိုး၊ ၈ မျိုးဆိုပါတော့ ကျနော်တို့ ရခိုင်ပြည်မှာ အချင်းချင်း ပြဿနာမရှိဘူး။

အဲဒီတော့ ကျောက်နီမော်၊ ရမ်းဗြဲမှာ သီတာထွေး မုဒိမ်းကျင့်ပြီး အသတ်ခံရတာနဲ့ ပတ်သက်လို့ အကြီးအကျယ် ပြဿနာ ဖြစ်တယ်။ ကမန်ရွာ ကျောက်နီမော် မီးရှို့ခံရတယ်။ မီးရှို့ခံရတဲ့ ဒုက္ခသည်တွေကို ဒုက္ခသည် စခန်းမှာ ထားပေးတယ်။ ထားပေးရင်းနဲ့ သူတို့က ဒုက္ခသည်စခန်းမှာ မနေချင်ဘူး။ သူတို့အရင် နေခဲ့တဲ့ ပင်လယ်ကမ်းစပ် နေရာတွေမှာ နေချင်တယ်။

ဒါပေယ့်ပင်လယ်ကမ်းစပ်ဆိုတော့ နိုင်ငံတော်က ပိုင်တယ်။ အဲဒီတော့ သူရဲ့ ဆိပ်ကမ်းဥပဒေအရ ပင်လယ်ကနေ ပြီးတော့ မြစ်ချောင်းမီတာ ၁၅၀ အထိ အစိုးရ ပိုင်တယ်။ အဲဒါကို ဆန့်ကျင်ပြီးတော့ ငပလီတို့ ဘာတို့မှာလည်း ဟိုတယ်တွေဆောက် အရင်တုန်းက ဥပဒေမဲ့ လုပ်ခဲ့တဲ့ ဟာတွေ အမှန်က ပင်လယ်ကမ်းစပ်ဆိုတာ ဖွင့်ထားရတယ်။

ကမန်ရွာက လူတွေက ကမန်ထဲမှာလည်း ဘင်္ဂါလီတွေ ရောနေတယ်။ ဘယ်လိုရောနေလဲဆိုတော့ သူတို့က ပင်လယ်ကမ်းစပ်မှာ နေတယ်။ လှေနဲ့ ပင်လယ်ငါးဖမ်းထွက်တယ်။ ဘင်္ဂလားဒေ့ရှ်ကို သွားတယ်။ ဘင်္ဂလားဒေ့ရှ်က လူလည်း လာတယ်။

အဲဒီလူတွေကို နိုင်ငံတော်အစိုးရက လုံခြုံရေးအရ ပင်လယ်ကမ်းစပ် အရင် နေရာတွေမှာ ပေးတော့ မြို့အထဲမှာ မြေနေရာသတ်မှတ်ပြီးတော့ အိမ်ယာဆောက်ပေးမယ်။ နေပါဆိုတာ သူတို့က မနေဘူး။ ပင်လယ် ကမ်းစပ်မှာ နေရရင် နေရ ရန်ကုန်တက်မယ်ဆိုပြီးတော့ ရန်ကုန်ကို သူတို့ဘာသာတက်လာတာ။ မှော်ဘီ၊ ဘွက်ကြီးရွာမှာ သူတို့ရှိတယ်။ သူတို့သည် လာတာက အစိုးရက လွှတ်လို့လာတာလည်း မဟုတ်ဘူး။ ရန်ကုန်တိုင်းက ခေါ်လို့ လည်း လာတာမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ ကိုယ်လာကြတာ။

မေး ။ ။ ရခိုင် ရမ်းဗြဲကနေ ပြောင်းရွှေ့ခံရတဲ့ ဘွက်ကြီးရွာက ကမန်တွေရဲ့အခြေအနေ ပြောပြပေးပါ။

ဖြေ ။ ။ ဘွက်ကြီးရွာက လူတွေက ကမန်အစစ်တွေပါ။ အဲဒီတော့ တော်တော်များများ ရန်ကုန်မှာရှိတဲ့ ဘင်္ဂါလီ တွေလည်းပဲ မှတ်ပုံတင်ပျောက်တယ် လုပ်တယ်။ အဲဒီတော့ အသစ် ပြန်လျှောက်တယ်။ ကျနော်ဆို နေ့တိုင်း အဲဒါရှင်းနေရတယ်။ လျှောက်တဲ့အခါ ဟိုဟာ ဒီဟာ ပေးကမ်းပြီးတော့ ပထမတော့ လူမျိုးနာမည်က ဘင်္ဂလီ+အစ္စလာမ်ပဲ။ နောက်တော့ ကမန်+အစ္စလာမ်လို့ပြောင်းကြတယ်။ အဲဒီလိုပြောင်းလိုက်တော့ ကမန်ဆိုရင် တိုင်းရင်းသားဖြစ်သွားတယ်။ ငယ်စာရင်းမှာတော့ ပြောင်းလို့ရချင်မှ ရမယ်။ အဲဒီတော့ ကမန်+အစ္စလာမ်ရသွားရင် ပတ်စပို့လုပ်ရတာလည်း လွယ်တယ်။

တိုင်းရင်းသားဖြစ်သွားတော့ တနိုင်ငံလုံးသွားရတာလည်း လွယ်တယ်။ အဲဒီလို ရှိပါတယ်။ မဲပေးလို့ လည်း အဆင်ပြေတယ်။ အခု ရန်ကုန်တိုင်းမှာ စည်ပင်ရွေးကောက်ပွဲလုပ်တော့မယ်။ အရှိအတိုင်း ကောက်တယ် ။ အရှိအတိုင်းကောက်တော့ ကျူးကျော်တွေရော၊ ဘာတွေရော ယူတယ်။ အဲဒီမှာ အိမ်ထောင်စု ဇယားတော့ မရှိဘူး။ ဒါပေမယ့် မှတ်ပုံတင်က မိတ္တူဖြစ်နေတယ်။ မှတ်ပုံတင်မှာ ကမန်+မွတ်ဆလင်ဖြစ်နေတယ်။

မေး ။ ။ ၁၃၅ မျိုးထဲမှာပါတဲ့ ကမန်တွေက အစိုးရနဲ့ ဘင်္ဂါလီကြားထဲမှာ ကြားညှပ်နေတယ်လို့ ပြောတယ်။ ဒါကြောင့် ကမန်လူမျိုးတွေအပေါ် ဝန်ကြီးအနေနဲ့ သူတို့ကို ဘယ်လိုသဘောထားသလဲ။ ဆက်လက် ဆောင်ရွက်ပေးဖို့ ဘယ်လိုအစီအစဉ်ရှိလဲ။

ဖြေ။ ။ ဘွက်ကြီးရွာက ကမန်တွေက ကမန်အစစ်တွေပါ။ ဥပဒေအရ ကမန်က တကယ်တိုင်းရင်းသား အနွယ်တွေ။ ကျနော်လည်း သူတို့ကို အရမ်းကူညီပေးတယ်။ ဦးထွန်းဝေတို့လေ။ အခုဆိုရင် အဲဒီမှာ မီးရသွားပြီ။

အရင်တုန်း အဲဒီနေရာက ကြက်ခြံ လူနေခွင့်မပေးဘူး။ ကြက်က ရောဂါကူး တတ်တော့ အဲဒါနဲ့ ပေ ၃၀၀ ပတ်လည်မှာ လူမနေရဘူး။ ရပ်ကွက်ချမနေရဘူး။ ကြက်တုတ်ကွေးဖြစ်ရင် လူတွေ ဘယ်လိုလုပ်မလဲ။ အဲဒါကို သူတို့တွေ ကြက်ရောဂါမဖြစ်ရအောင် ကြက်ခြံနဲ့ နဲနဲဝေးဝေးမှာ အိမ်ဆောက်ပြီး နေပါ။ နောက်ပြီး သူတို့က ဗလီသွားတက်တော့ အဲဒီက ဒေသခံဗလီဂေါပကတွေနဲ့ ပြဿနာတက်တယ်။ အဲဒါကို လည်း ကျနော်အများကြီးညှိနှိုင်းပေးခဲ့တယ်။

သူတို့ဆီမှာက မီးက ခရမ်းချဉ်သီးလောက်ပဲလင်းတယ်။ အဲဒီရပ် ကွက်ထိပ်မှာ တရွာလုံး မီးလင်းအောင် မီးအားမြှင့်စက်တလုံးတပ်ပေးထားတယ်။ ကမန်ရွာတခုထဲကို လုပ်ပေး တယ်လို့လည်း မဖြစ်ရအောင် တရွာလုံးမီးလင်းဖို့ လုပ်ပေးထားတာတွေရှိပါတယ်။

မေး ။ ။ ရန်ကုန်မြို့မှာ သွေးချင်းတို့ပွဲတော် လုပ်တယ်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဆိုပြီး ဖော်ပြတဲ့နေရာမှာ ကမန်တိုင်းရင်းသား နာမည် မပါလာဘူး။ အဲဒါဘာကြောင့်ကျန်ခဲ့သလဲ။

ဖြေ ။ ။ သွေးချင်းတို့ရဲ့ပွဲသည် အစိုးရလုပ်တဲ့ပွဲမဟုတ်ဘူး။ ရခိုင်တိုင်းရင်းသားလုပ်ငန်းရှင်များက လုပ်တာ ဖြစ်တယ်။ သူတို့ရဲ့သဘောက ဆရာ သူတို့ကို မထည့်နဲ့တဲ့။ ထည့်လိုက်ရင် ဒီပွဲကို မီးရှို့မယ့် ကောင်ရှိတယ်တဲ့။ အဲဒါကြောင့် ဒီအတိုင်းပဲ ထားရင် အေးချမ်းပါ တယ်ဆိုပြီးတော့ပေါ့။

ကျနော်တို့ ရခိုင်သြင်္ကန်ကိုလည်း အရင်တုန်းက ရခိုင်ပြည်နယ်နေ့ကို ရခိုင်ကမန် လူမျိုးစုကို ကျနော်ဖိတ်ဖူးတယ်။ ကျနော်နဲ့ အကြီးအကျယ်ပြဿနာတက်တယ်။

အဲဒီလို ဖိတ်လိုက်ခြင်းအားဖြင့် သူတို့အတွက်လည်း မကောင်းဘူး။ ကျနော့်အတွက်လည်း မကောင်းဘူး။ ရခိုင်တွေ အတွက်လည်း မကောင်းဘူး။ တော်တော်ထိန်းလိုက်ရတယ်။ အဲဒါကြောင့် လာရင်လည်း လာပါ။ ဘယ်သူမဆို လာနိုင်တယ်။ ဒါပေမယ့် သီးသန့်တိုင်းရင်းသားလူမျိုးစုအနေနဲ့ တော့ မဖိတ်တော့ဘူး။ ဖိတ်လိုက်လို့ ရန်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ရန်ဖြစ်ရင် ရခိုင်တွေလည်း သိက္ခာကျမယ်။ နောက် ရခိုင်တွေက အစွန်းရောက်တွေ ဖြစ်သွားမယ်။ အဲဒါကြောင့် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ လုပ်လိုက်တာဖြစ်တယ်။ ဒါကို နားလည်ပေးပါ။

မေး ။ ။ ရန်ကုန်ကို ရွှေ့ပြောင်းခံရတဲ့ ကမန်တိုင်းရင်းသူ/သားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ဘာလုပ်ပေးဖို့ ရှိပါသေးလဲ။

ဖြေ ။ ။ သူတို့အခွင့်အရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းအတိုင်းအခွင့်အရေးရကို ရရမယ်။ ဒီလိုအခွင့်အရေး မရပါဘူးဆိုပြီး အိမ်မှာ ထိုင်ငိုနေလို့ မရဘူး။ ကျနော်လည်း ကျနော်လုပ်နိုင်တဲ့ ဘက်က ကျနော်လုပ်ပေးတယ်။ မလုပ်ပေးနိုင်တာတော့ လုပ်ပေးလို့မရဘူး။

မေး ။ ။ ဘွက်ကြီးကျေးရွာက ကမန်တွေက သူတို့နေရပ်ပြန်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ပြန်လို့ရနိုင်ပါသလား။

ဖြေ ။ ။ အဲဒီလိုတော့ နေရပ်ပြန်လို့ မရဘူး။ ဘာဖြစ်လို့ မရလဲဆိုတော့ ပင်လယ်ကမ်းစပ်လေ။ ခေတ်အဆက်ဆက် အစိုးရတွေက စီမံခန့်ခွဲမှု မှားယွင်းစွာနဲ့ လာဘ်စားပြီးတော့ ပေးပစ်ခဲ့တာ။ ကျနော်တို့ဥပဒေအရ ပင်လယ်၊ မြစ်၊ ချောင်းနဲ့ ကိုက် ၁၅၀ သည် ဘယ်ရပ်ကွက်မှ ချပေးလို့မရဘူး။ ဥပဒေမှာ ရှိပြီးသား။

မေး ။ ။ ဝန်ကြီးအနေနဲ့ ဒီဘွက်ကြီးရွာက ကမန်တွေအတွက် အများကြီးလုပ်ပေးထားတယ်ဆိုတော့ ဒီလိုလုပ်ပေးခြင်းဖြင့် ဝန်ကြီးမှာ ဘယ်လိုဖိအားတွေ ဖြစ်ခဲ့လဲ။

ဖြေ ။ ။ ကျနော်က သူတို့ကို သွားပြီးလုပ်ပေးရင် ကျနော့်ကို ရခိုင်တွေက ဆဲတယ်။ ဖေ့ဘွတ်မှာ ရစရာမရှိအောင် ဆဲတယ်။ ဒါပေမယ့် ကျနော်က ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်အောင် အစိုးရကိုလည်း နားလည်အောင်ရှင်းပြတယ်။ ရခိုင်တွေကိုလည်း နားလည်အောင် ရှင်းပြတယ်။ အဲဒီလိုရှင်းပြလို့လည်း ရခိုင်ပြည်နယ်နေ့က ပြဿနာ မတက်လိုက်တာ။

မေး ။ ။ ဝန်ကြီးအနေနဲ့ အခုလိုနှစ်ဘက်ကြားဖြစ်နေတဲ့အနေအထားကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင် မလဲ။

ဖြေ။ ။ ကျနော်ကတော့ ကျနော့်သက်တမ်းရှိသရွေ့လုပ်ပေးနေတာပဲ။ နောက်သက်တမ်းမှာ ကျနော်ပြိုင်မလား။ မပြိုင် ဘူးလား မဆုံးဖြတ်ရသေးဘူး။ ပြိုင်လို့ ကျနော် ဝန်ကြီးဖြစ်ရင်လည်း အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပဲ။

မေး ။ ။ နိုင်ငံအပြောင်းအလဲဖြစ်တိုင်း ပြဿနာဖြစ်တယ်ဆိုရင် ဒီလိုလူနည်းစုတိုင်းရင်းသားတွေ အကာအကွယ် ပေးဖို့က အစိုးရမှာ တာဝန်ရှိတယ်ဆိုတော့ ဝန်ကြီးတို့အနေနဲ့ ဒီထက်ကောင်းတဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက် သွားဖို့ နည်းလမ်း ရှိပါသလား။

ဖြေ။ ။ အဲဒါပြည်ထောင်စုကို ပြောရမှာလေ။ ကျနော်အစည်းအဝေးသွားရင် ကြိုမယ့်သူတောင် မရှိဘူး။ ကျနော့် ရုံးမှာ ဝန်ထမ်းတယောက်ပဲရှိတယ်။ ညွန်ချုပ်တယောက်လိုတောင် မရှိဘူး။ ကျနော်ပြောလို့ နားမထောင်ဘူး။ နားထောင်မယ့်သူ သွားပြော။ ကျနော့်သာ လုပ်ပိုင်ခွင့်ပေးရင် ဒီပြဿနာ ဘာမှ မရှိစေရဘူး။ ကျနော် ထိန်းနိုင်တယ်။ ထိန်းတတ်တယ်။ ထိန်းတဲ့နည်းလည်း ရှိတယ်။ လုပ်ပိုင်ခွင့်မရှိလို့ ရခိုင်ပြည်နယ်မှာ ရခိုင်သားများကို လုပ်ပိုင်ခွင့်ပေးရင် ပြဿနာ မရှိဘူး။ ရခိုင်ပြည်နယ်မှာ ရခိုင်မဟုတ်တဲ့သူ ရခိုင်အများစုက မဲပေးထားသော သူများ အာဏာမရတဲ့အတွက် ဒီပြဿနာတွေ တက်တယ်။

မေး ။ ။ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးထားတဲ့ တိုင်းရင်းသားထဲမှာ ဘင်္ဂါလီတွေ ရောပါနေတာနဲ့ ပတ်သက်ပြီး ဝန်ကြီးရဲ့အမြင်လေး သိပါရစေ။

ဖြေ ။ ။ အခုရခိုင်မှာ ပြဿနာတက်နေတယ်။ ရမ်းဗြဲကျွန်းမှာ မှတ်ပုံတင် သုံးထောင်ကျော်ထုတ်ပေးလိုက်တယ်။ ထုတ်ပေးလိုက်တာမှာ ကမန်ပါတီကလည်း ကန့်ကွက်တယ်။ တော်တော်ကို ဖြေရှင်းရခက်တဲ့ပြဿနာကြီးပါ။

မေး ။ ။ ဖြေရှင်းဖို့လိုနေတဲ့ပြဿနာဆိုတော့ ဝန်ကြီးအနေနဲ့ ဘယ်လိုဆက်လုပ်သွားဖို့ရှိလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဘာများလုပ်သွားဖို့လိုနေတာလဲ။ ဝန်ကြီးရဲ့မှတ်ချက်လိုချင်ပါတယ်ရှင့်။

ဖြေ ။ ။ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန။ အဲဒီဝန်ကြီးဌာနကို ကိုင်ထားတဲ့ အပေါ်က ပြည်ထောင်စုအစိုးရတို့ ဘာတို့က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့အောက်မှာ လုပ်ထုံးလုပ်နည်းတွေ လိုတယ်။ ဘယ်လို လိုအပ်သလဲဆိုတော့ ကမန်အစစ်တွေရှိတယ်။ ကမန်အစစ်လူကြီးများကို ဖိတ်ခေါ်ရမယ်။ ဖိတ်ခေါ်ပြီးတော့ ရခိုင်ဘက်ကလည်း ကမန်တွေနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့သူတွေရှိတယ်။ ကမန်ဘက်ကလည်း အစစ်တွေရှိတယ်။ အဲဒီလူတွေနဲ့ တိုင်ပင်ပြီးတော့ ရခိုင်ဒေသမှာ ကမန် အများကြီးရှိတဲ့ ကျောက်နီမော်၊ စစ်တွေမှာဆိုရင် သင်ပုန်းတန်း၊ အဲဒီလူတွေကို တခါထဲ စာရင်းသွင်းပေးရမယ်။ ရန်ကုန်မှာလည်း တခါထဲ စာရင်းသွင်းပေးရမယ်။ သူတို့က ပေါက်ဖွားလာသူများကိုသာ မှတ်ပုံတင်ပေးမယ်။ ဟိုကရောက်လာတဲ့သူ၊ ဒီကရောက်လာတဲ့သူတွေကို မှတ်ပုံတင်မပေးဖို့ကို အမိန့်ညွန်ကြားချက်တခုလုပ်မှ ဒီပြဿနာအေးသွားမှာ။

ပြီးတော့ ဒီကမန်အစစ်တွေနဲ့ ရခိုင်ပတ်ဝန်းကျင်၊ ရခိုင်ကွန်မြူနတီတွေနဲ့ သဟဇာတဖြစ်အောင် ကမန်တွေ ဘက်က သမာသမတ်ကျတဲ့သူ ရခိုင်ဘက်ကလည်း သမာသမတ်ကျတဲ့သူတွေကို မကြာ မကြာ အစိုးရက ပေးတွေ့ရမယ်။ ဆွေးနွေးပွဲတွေ လုပ်ပေးရမယ်။ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ တယောက်နဲ့တယောက် အပြန် အလှန် လေးစားဖို့ အဲဒီကစပြီးတော့မှ နည်းနည်းကြမ်းတမ်းတဲ့သူ၊ အစွန်းရောက်တွေ အဲဒီလိုလုပ်ရင်းနဲ့ တယောက်နဲ့ တယောက် ယုံကြည်မှုရလာရင် ဒီပတ်ဝန်းကျင်ကြီးက ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ ငြိမ်းအေးတဲ့ ပတ်ဝန်းကျင် ဖြစ်သွားမယ်လို့ ယုံကြည်တယ်။

မေး ။ ။ ရန်ကုန်မှာ ရခိုင်မျိုးနွယ်စု ဘယ်လောက်လောက်ရှိပါသလဲ။

ဖြေ ။ ။ ရန်ကုန်မှာ ရခိုင်မျိုးနွယ်စုအားလုံး သုံးသိန်းကျော်လောက်ရှိတယ်။ အဲဒီအထဲမှာ ၆၆/၆ သန်းခေါင်စာရင်း နဲ့ နေတဲ့သူက ၆ သောင်းကျော်လောက်ရှိတယ်။ ကျန်တာက အခု ဧည့်စာရင်းမရှိတော့ ဒီအတိုင်းနေတယ်ပေါ့။ အိမ်ထောင်စုစာရင်းရဖို့က အိမ်ပိုင်ဖြစ်ရမယ်။ မြေပိုင်ဖြစ်ရမယ်။ ငှားနေရင်လည်း အိမ်ရှင်က သဘောတူတဲ့ စာချုပ်ပြနိုင်ရမယ်။ အပျောက်နဲ့ ငှားနေတဲ့သူဖြစ်ရမယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading