ပြည်သူကို ဝန်ဆောင်မှု ပေးလိုသူ စည်ပင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ

သဇင်လှိုင်
ရန်ကုန် စည်ပင် သာယာ ရွေးကောက်ပွဲတွင် ဝင်ရောက် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လာမည့် မတ်လ ၃၁ ရက်တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင် သာယာ ရွေးကောက်ပွဲ နီးလာပြီ ဖြစ်သည်။ ယခု စည်ပင် ရွေးကောက်ပွဲမှာ ထူးခြားသည်က လူငယ်များလည်း ဝင်ရောက် ရွေးချယ်ခံရန် ပါဝင်လာကြသလို ထင်ရှားသည့် သူများလည်း ပါဝင်လာကြသည်။

လက်ရှိတွင် လျှောက်လွှာ တင်ထားသူ ကိုယ်စားလှယ်ပေါင်း ၂၇၇ ဦး ရှိပြီး နယ်ပယ် အစုံမှ လျှောက်ထားကြသည်ကို တွေ့ရသည်။

ကိုယ်စားလှယ်လောင်းများ အဖြစ် လျှောက်ထားကြသူများတွင် နိုင်ငံရေး ပါတီကြီးများ သာမက တသီးပုဂ္ဂလ ကိုယ်စား လှယ်များ၊ စည်ပင် ကော်မတီဝင် အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရဖူးသူများ၊ စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းများမှ ဦး ဆောင်သူများ၊ အနုပညာ နယ်ပယ်မှ စသဖြင့် နယ်ပယ်စုံမှ ဝင်ရောက် လျှောက်ထား ကြခြင်း ဖြစ်သည်။

ယင်းသို့ ဝင်ရောက် ယှဉ်ပြိုင်သူများ အနက်မှ တသီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်မည့် သူများကို ၎င်းတို့ စည်ပင် သာယာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် သဇင် လှိုင်က တွေ့ဆုံ မေးမြန်းခဲ့သည်။

ဦးနေလင်းဇင်
ဗဟို ကော်မတီဝင် နေရာအတွက် မဲဆန္ဒ နယ်မြေ (၃) တွင် ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားသူ

ကျနော်က ရွှေလင်ဗန်း စက်မှုဇုန် နဲ့ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူးပါ။ ကျ နော်တို့ ရန်ကုန်မှာ စက်မှုဇုန် ၂၉ ဇုန် ရှိတယ်။ အဲဒီ ဇုန်တွေကို အိုးအိမ်က ဖော်ထုတ်ခဲ့ပြီး စည်ပင်ကလည်း အိုးအိမ်က ဖော် ထုတ်ခဲ့တာဆိုပြီး တာဝန် မယူဘူး။ စက်မှုဇုန်တွေ တည်လာခဲ့တာ နှစ်၂၀ လောက် ရှိပြီ။ လမ်းတွေလည်း ပြုပြင် ထိန်းသိမ်း ဖို့ လိုနေတယ်။

ရေနုတ်မြောင်းတွေလည်း ပြုပြင် ထိန်းသိမ်းဖို့ လိုနေတယ်။ ရေသန့် ရရှိဖို့လည်း မရောက်သေးဘူး။ အမှိုက်သိမ်း စနစ်က အစ စက်မှုဇုန်တွေက အခုအချိန် အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသေးတယ်။ ဒီစက်မှုဇုန်ရဲ့ အခြေခံ အဆောက် အအုံတွေက စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်။ စည်ပင်သာယာရဲ့ ဝန်ဆောင်မှုကို ပေါင်းစပ်ပေးဖို့ အများကြီး လိုအပ် နေပါတယ်။

နောက်တခုက မြို့လယ်မှာ နေရတဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာ စည်ပင်သာယာနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိနေတာ။ ကျနော်တို့က အပြစ်ပြောရုံနဲ့ မပြီးဘူးလေ။ မင်းတို့ မလုပ်ဘူးလား။ ငါလည်း မလုပ်ဘူး ဆိုရင် ကိုယ်လည်း မလုပ်၊ သူလည်း မလုပ်နဲ့ ။ ကျနော်တို့ဟာ ပိုကောင်းတဲ့ ပတ်ဝန်းကျင် တခုကို ရောက်မလာဘူး။ အခုဆို ဒီစည်ပင်ရွေးကောက်ပွဲမှာ အတော် များများ ဝင်ပါလာပြီ။

ကျနော်တို့တွေ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင် အခြေအနေနဲ့ ဘာလို့ ပါလာလဲ။ ကျနော်တို့ရဲ့ အချိန်တွေ ကျနော်တို့ရဲ့ လုပ် အားတွေလာပြီး ဘာလို့ ရင်းနှီးမြှုပ်နှံမှာလဲ ဆိုတော့ အရွေ့တခုကို ကျနော်တို့ မြင်ချင်တယ်။ အရွေ့ဆိုတာက ကျနော်တို့ အတွက် မဟုတ်ဘူး။ နောက်လာမယ့် မျိုးဆက် အတွက် ပိုကောင်းလာဖို့ အတွက်။

ကျနော်တို့ နေတဲ့ ပတ်ဝန်းကျင်က မလုံခြုံဘူး။ ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့် အသိုင်းအဝိုင်း၊ ကိုယ့်မိသား၊ ပြည်သူတွေရဲ့ လူနေမှု ဘဝကို ပို Safety ဖြစ်စေချင်တယ်။ အခုကြုံတွေ့နေရတာရဲ့ အဓိက ပြဿနာက ဇာတ်မြစ်နဲ့ အဖြေကို မရှာ တတ်တာ။ problem solving skill လိုအပ်နေတာ။ လမ်းဘေးဈေးသည်ကို လမ်းပေါ် ဈေးမရောင်းအောင် ညဈေးတန်း ဆိုပြီး ကမ်းနားလမ်းမှာ သွားပုံလိုက်တာမျိုး။ အဲဒါက ဖြေရှင်းနည်း မဟုတ်ဘူး။ အခုချိန်ထိ လူသွားတဲ့ ပလက်ဖောင်းပေါ် မှာ safety ရှိစွာ လမ်းလျှောက်လို့ မရသေးဘူး။

၂၀၁၈ စည်ပင် ဥပဒေ ပြဋ္ဌာန်း ပြီးပေမယ့် အခု၂၀၁၉ ဒီအချိန် ကာလ အတွင်းမှာ၂၀၁၈ ဥပဒေနဲ့ အရေးယူတဲ့ ကိစ္စရပ်တွေ မရှိသေးဘူး။ ဥပဒေ ပြဋ္ဌာန်းပြီးလည်း ရန်ကုန်မြို့က အရွေ့တခုကို ရောက်မလာသေးဘူး။ ဒါတွေ အကုန်လုံးကို တတ်သိ ပညာရှင်တွေက တည့်မတ်ဖို့ ကြိုးစားနေချင်တာမျိုး။ နောက်တခုက ပြည်သူတွေရဲ့ပါဝင်မှု (public participation) က အရေးကြီးတယ်။

သက်ဆိုင်ရာ ကော်မတီနဲ့ ဌာနက တာဝန်ရှိသူတွေကို ပြည်သူတွေ တိုက်ရိုက် ပုံမှန် တွေ့ဆုံပွဲတွေ လုပ်ပေးပြီး ပြည်သူ တွေရဲ့ နေ့စဉ် အခက်အခဲတွေကို အချိန်နဲ့ တပြေးညီ ထိရောက် ဖြေရှင်းပေးနိုင်တဲ့ အခင်းအကျင်းမျိုး ဖန်တီးပေးချင်တယ်။ ကျနော် ကော်မတီဝင် မဖြစ်လည်း ဖြစ်လာသူတွေက ပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဒီ အခင်းအကျင်း တခုကို ဖန်တီး ဆောင်ရွက်ပေးစေချင်တယ်။

ထက်ထက်ထွန်း
ဗဟို ကော်မတီဝင် နေရာအတွက် မဲဆန္ဒနယ်မြေ (၃) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားသူ

ညီမရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က အများအကျိုးဆောင်ချင်တယ်။ သတ္တဝါတွေကို အကျိုးပြုနိုင်တဲ့ သူတစ်ယောက် ဖြစ်ရပါစေလို့ အမြဲဆုတောင်းတယ်။ အဲဒီစိတ်ရှိတော့ ညီမ အဖေက စည်ပင်မှာ ရွေးကောက်ပွဲရှိနေတယ် အသက် ၂၅ ကျော်ရင်လည်း ယှဉ်ပြိုင်လို့ရပြီပေါ့။ သမီးလုပ်နိုင်တယ်ဆိုတာ ယုံတယ်ပေါ့။ လုပ်သင့်တယ်ဆိုပြီး လမ်းကြောင်းပြတဲ့ အချိန်မှာ miss တယောက်အနေနဲ့လည်း တာဝန်ကျေခဲ့ပြီးပြီဆိုတော့ နောက်ထက် နိုင်ငံ့အကျိုးပြု တခု ကိုယ်လုပ်နိုင် မလားဆိုတာ တွေးလိုက်တဲ့ အချိန်မှာ အိုကေ လုပ်ကြည့်မယ် အများပြည်သူရဲ့ ထောက်ခံမှု ရမှတော့ ဆက်လုပ်ခွင့် ရမှပေါ့။ အခုချိန်မှာတော့ ကိုယ့်ဘက်က ယုံကြည်မှု အပြည့်နဲ့ ပြိုင်ကြည့်လိုက်တာပါ။

ကောင်းတဲ့သူတွေ များများယှဉ်ပြိုင်ကြတယ် ဆိုတာကတော့ ရန်ကုန်အတွက် ကောင်းတာပေါ့နော်။ ညီမ အနေနဲ့ကတော့ စိုးရိမ်တာတို့ ကြောက်လန့်တာတို့တော့ ပြိုင်ဘက်တွေအနေနဲ့ မတွေးဘူး ကိုယ့်ကိုယ်ကို ကောင်းအောင် လုပ်တယ်။ ညီမ လိုချင်တဲ့ နေရာသည် မြို့တော် စည်ပင် ကော်မတီဝင် နေရာပြိုင်မယ် အဲဒီကနေ ဒုမြို့တော်ဝန် နေရာအထိ ပြိုင်လို့ရတယ်။ အဲဒီလို နေရာအတွက် ကိုယ့်ကိုယ်ကိုပဲ ထိုက်တန်အောင်ကြိုးစားတယ်။ ပြည့်ဝအောင်သင်ယူတယ်။ ထိုက်တန်ရင် ဒီနေရာကို ရမယ်လို့ ထင်တယ်။ ပြိုင်ဘက်တွေကို ညီမမကြည့်ပါဘူး။

ဘယ်လမ်းကြောင်းပေါ်မှာဆို ဖြစ်နိုင်ပါ့မလားဆိုတဲ့ အတွေးတခုတွေးပြီး ဖြစ်နိုင်ပါ့မလားဆိုတဲ့ နေရာမှာရပ်နေရင် ဘယ်အရာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး တွေးနေမယ့် အစား ကိုယ့်ကိုယ့်ကို ယုံကြည်ချက် ရှိရင် ထ လုပ်လိုက်တယ်။ ဒါကို လုပ်လိုက်ခြင်းအားဖြင့် တခြားအရာတွေကိုလည်း စွန့်လွှတ်လိုက်ရတာတွေ ရှိတယ်။ အဲဒီအတွက် ရောထိုက်တန်မလားပေါ့။ ညီမ လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ အတွက် ယှဉ်ပြိုင်လိုက်တာ ဖြစ်ပါတယ်။ ညီမအပေါ်မှာ ယုံကြည်မှု ရှိပြီးသား ပြည်သူတွေရဲ့စိုးရိမ်မှု ၊ ညီမအကြောင်း မသိသေးတဲ့ သူတွေရဲ့ စိုးရိမ်ပူပန်မှု တွေကတော့ ရှိမှာ သဘာဝပေါ့။ အဓိကကတော့ ညီမ အလုပ်နဲ့ပဲ သူတို့ရဲ့ ယုံကြည်ချက်တွေ ရလာအောင် လုပ်ရမှာပါ။

မောင်မောင်ဇင်/လူရွှင်တော် ဂေါ်ဇီလာ
အင်းစိန် မြို့နယ် ကော်မတီ ဥက္ကဋ္ဌ နေရာ အတွက် ဝင်ရောက် လျှောက်ထားသူ

ကျနော်တို့ အားလုံးက တိုင်းပြည် ပြောင်းလဲခြင်းကို လိုလားကြတယ်။ ပြောင်းလဲခြင်း အပေါ်မှာ အားမလို အားမရ တွေ ဖြစ်လာကြတယ်။ ပြောင်းလဲခြင်းတွေက ဘာလို့ နှေးကွေးနေတာလဲ။ အဲဒီထဲမှာမှ အားမလို အားမရ ဖြစ်တာက ပွင့်လင်း မြင်သာမှု အပိုင်းမှာ ဘာကြောင့် အခက်အခဲ ဖြစ်နေတာလဲ။

ဒီအခက်အခဲတွေကို ကျနော်တို့ ပြည်သူတွေက ဘာကြောင့် သိခွင့် မရှိတာလဲ။ သူတို့ဆီမှာလည်း ပြဿနာတွေ ရှိတယ်။ ဒီပြဿနာကို ပြည်သူကို မချပြနိုင်တာလဲ မချပြရဲတာလဲ ဆိုတဲ့ အကြောင်းအရာတွေကို ထဲထဲဝင်ဝင် သိချင်လို့ ရွေး ကောက်ပွဲကို ဝင်တာ ဖြစ်ပါတယ်။

အချိန် အတိုင်းအတာ ၁ နှစ်ပဲ ရရ ၂ နှစ်ပဲ ရရ ရတဲ့အချိန်အတွင်းမှာ ထိရောက်သော လုပ်ဆောင်မှုကို လုပ်ပြစေချင်တယ်။ ၂ ဘီလီယံတောင် သုံးမယ် အခု အစိုးရ သက်တမ်း အတွင်းပဲ လုပ်ရမှာဆိုတော့ အရင်းအနှီးများပေမယ့်လည်း ဒီအရင်း အနှီးငွေများတဲ့ အပေါ်မှာ ဒီအရင်းအနှီးနဲ့ တန်အောင် ပြည်သူတွေကို ဘယ်လို ပေးဆပ်ရမလဲ စဉ်းစားတယ်။ ဒုမြို့တော် ဝန်ကိုလည်း တကယ် လုပ်တဲ့သူကို ဖြစ်စေချင်တယ်။

အခု ပြည်သူလူထုက ရွေးချယ်ပြီး တက်လာမယ့် လူတွေက အပေါ် ရောက်ရင်တော့ စိတ်မပြောင်းဖို့ အရေးကြီးတယ်။ ကျနော်တို့က ကုလားထိုင် နေရာ လုနေတာ မဟုတ်ဘူး။ ပြည်သူ့ အကျိုးပြုရမယ် ဆိုတဲ့ စိတ်ကလေးတော့ မွေးစေချင် တယ်။ ဒုမြို့တော်ဝန် ဖြစ်မယ့်သူသည် မြို့တော်ဝန်ထက် သာအောင် လုပ်ပြရမယ်။ ပါတီ အရိပ်နဲ့ သွားကြတယ် ဆိုရင် တော့ မကောင်းဘူး။ လူထုကို ပါတီကို အကြောင်းပြပြီး မဲဆွယ်တာပေါ့။ ကျနော်တို့ ပြည်သူတွေ အားလုံးက ၁၉၈၈ ကနေ စပြီးတော့ တပါတီ စနစ်ကို မကြိုက်လို့ တော်လှန်ခဲ့တာ လက်ရှိ ပါတီတွေက အကုန်လုံးကို လွှမ်းခြုံဖို့ ကြိုးစားတာက ပြည်သူ့ ဆန္ဒကို ဆန့်ကျင်တာပဲ။

မဲပေးကြမယ့် ပြည်သူတွေ ဘယ်ရွေးကောက်ပွဲ ဖြစ်ဖြစ် မဲပေးကြပါ။ မဲမပေးခြင်းဟာ အဓမ္မ သမားတွေ အတွက် နေရာ ကောင်း တခု ပေးလိုက် သလို ဖြစ်သွားမယ်။ မဲပေးတဲ့ နေရာမှာလည်း အရင်တုန်းကတော့ တဦးတယောက်ကို မကြိုက် တဲ့ အတွက် မျက်စိမှိတ်ပြီး မဲပေးနေမယ့် အစား မျက်လုံးဖွင့်ပြီးတော့ ဦးနှောက်နဲ့ တွေးပြီးတော့ တကယ် လုပ်နိုင်တဲ့ လူလား အပြောနဲ့ လူလားဆိုတာကို တွေးပြီးတော့ မဲပေးကြပါ။

ဦးပြည့်ဖြိုးအောင်
အလုံမြို့နယ် ကော်မတီ အဖွဲ့ဝင် (၁) နေရာ အတွက် လျှောက်လွှာတင်ထားသူ

အရင် ဥပဒေမှာဆိုရင် ၃၅ နှစ်အထက်မှာ ဝင်ရမယ်ဆို ဥပဒေထဲမှာ ပါတယ်။ ဒီနှစ်မှာတော့ ၂၅ နှစ်အထက်ဆို ဝင်ပြိုင်လို့ ရတယ် ဆိုတဲ့ အတွက် ကျနော်လူငယ် တယောက် အနေနဲ့ ကိုယ့်မြို့နယ်ကို ပြန်ပြီးတော့ အကျိုးပြုချင်တာကြောင့် ဝင်ရ ခြင်း ဖြစ်ပါတယ်။

ကျနော်ဆိုရင် လက်ရှိအသက် ၃၂ နှစ် မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်တယ်။ ကျနော့်မှာ ဘာ background မှမရှိဘူး။ တသီး ပုဂ္ဂလနဲ့ ပြိုင်မယ်။ လူငယ် ပါဝင်လာနိုင်တဲ့ အခြေအနေပေးတဲ့ အနေအထားမျိုးပေါ့။

ကျနော်တို့ မြို့နယ်မှာ ဆိုရင် လက်တန်း မြင်နေတဲ့ ကိစ္စက အမှိုက်ပေါ့။ ပစ်ပုံပစ်နည်း စနစ်တွေ လိုအပ်နေတယ်။ ၂၀၁၈ ဥပဒေ အသစ်ကိုလည်း ပြည်သူတွေ လိုက်နာ ကျင့်သုံးဖို့ အသိပညာတွေ ပေးရမယ်။ ပြစ်ဒဏ်တွေလည်း ပါလာတယ်။ ဒါတွေကို လူတွေက သိရမယ်။

ဒုမြို့တော်ဝန် နေရာ ဆိုတာ ပြည်သူကနေပြီးတော့ ရွေးကောက်လိုက်တဲ့ ၆ ဦးထဲက ၁ ဦး ဖြစ်မှာ ဖြစ်တဲ့အတွက် ပြည်သူ ကို ကိုယ်စားပြုမယ့် ပြည်သူ့ မျက်နှာကို ကြည့်ပြီးတော့ ဝန်ဆောင်မှု ပေးနိုင်တဲ့ ပြည်သူ့ အသံကို ကိုယ်စားပြုနိုင်တဲ့ လူမျိုးပဲ ဖြစ်ချင်ပါတယ်။ စည်ပင်ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တယ် ဆိုတဲ့ message လေး ပြောချင်တယ်။

လူက မွေးကတည်းက သေတဲ့အထိ စည်ပင်နဲ့ ပတ်သက်နေရတယ်။ တချို့လူတွေရဲ့ အမြင်က စည်ပင် ဆိုတာနဲ့ အမှိုက် လှဲတယ် ဆိုတဲ့ အတွေးအမြင်လေး တခုလောက်ပဲ ရှိကြတာပေါ။ အဲဒါမျိုး မဟုတ်ဘူး စည်ပင်သည် ကိုယ့်ရဲ့ ပတ်ဝန်း ကျင်မှာ တနည်းမဟုတ် တနည်းနဲ့ ပတ်သက်နေတယ်။ ဒီရွေးကောက်ပွဲကို လူတိုင်း စိတ်ဝင်စားသင့်ပါတယ်။

၁ အချက်သည် ကျနော်တို့က ကိုယ်ဒူးကိုယ်ချွန် ပြည်သူ ယုံကြည်လာအောင် ကျနော်တို့ ကိုယ်တိုင် ကြိုးစားရမယ်။ နောက်တချက်က ပါတီ ဆိုတာကတော့ ထောက်ခံတဲ့သူ ရှိတယ်။ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ အခက်အခဲကတော့ အများကြီးပဲ။

ဒီလူတွေကတော့ အရွေ့တခုကို ဝုန်းဆိုပြီး တက်သွားမှာပဲ။ နောက်တခုက ရွေးကောက်ပွဲမှာ အသုံးပြုမယ့် စရိတ် အိတ် စိုက်ပြီး လုပ်ရမှာ background မရှိတဲ့ အတွက်။ ဒါပေမယ့် ကျနော်တို့မှာ ကိုယ့်မြို့နယ်ကို လုပ်ပေးချင်တဲ့ စိတ်တခုကို အခြေခံပြီးတော့ ဝင်ပြိုင်တာ ဖြစ်ပါတယ်။

ဦးကျော်ဇင်ဆိုင်
စမ်းချောင်းမြို့နယ် အဖွဲ့ဝင် (၁) နေရာ အတွက် လျှောက်လွှာတင်ထာသူ

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ ၂၀၁၃ ဥပဒေ အရ ၂၀၁၄ မှာ စည်ပင် ရွေးကောက်ပွဲ တခု လုပ် ပါ တယ်။ လုပ်တဲ့ နေရာမှာ ဥက္ကဋ္ဌ ၊တတ်သိ ၊ လူမှု အဖွဲ့အစည်း ဆိုပြီးတော့ ၃ ခု ဖြစ်တယ်။ ကျနော်က စမ်းချောင်း မြို့နယ် ကိုယ်စားပြု တတ်သိ ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။ အဲဒီ သက်တမ်းကတော့ ၂ နှစ်ကျော် နီးနီး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

စည်ပင်သာယာ အလုပ်ဆိုတာက လူအားလုံးနဲ့ ပတ်သက်ပြီး အကျိုးဆောင်ပေးရတဲ့ လုပ်ငန်းမျိုး ဖြစ်တယ်။ ကိုယ်ကိုယ် တိုင်လည်း ရှေ့နေဖြစ်တဲ့ အတွက် ဥပဒေပိုင်း အရလည်း နားလည်နေတဲ့ အတွက်ကြောင့် ပြည်သူ လူထုကို အခု တခေါက် လည်း အလုပ်အကျွေး ပြုစုချင်တဲ့ သဘောပါ။ တသီးပုဂ္ဂလကတော့ တကိုယ်ရည် တကာရ ရပ်တည်တာပေါ့လေ။

ဘဏ္ဍာရေးက အစ ရွေးကောက်ပွဲ ကုန်ကျစရိတ် နောက်ကိုယ့်မှာလည်း ကျောထောက်နောက်ခံနဲ့ ပတ်သက်ပြီးတော့ နည်းနည်း အခက်အခဲ ရှိတာပေါ့။ ဝန်းရံမယ့် ပုံစံကျတော့ ပါတီကြီးတွေ အနေနဲ့ နည်းနည်း အခက်အခဲ ရှိနိုင်တယ်။ တရားမျှတလိမ့်မယ် လို့တော့ ယူဆပါတယ်။

အရင် သက်တမ်းတုန်းကလည်း အလုပ်တွေလုပ်ခဲ့ပါတယ်။ အခု သက်တမ်းမှာလည်း အကောင်အထည်ဖော်ဖို့ ဆိုတာက ပြောစရာ မလိုလောက်ဘူး ထင်ပါတယ်။ အရင်တုန်းကလည်း တောက်လျှောက် လူမှု အကျိုးပြုပဲ အမြဲ လုပ်နေပါတယ်။ သက်တမ်းက နားသွားတော့လည်း မြို့နယ်အတွင်းမှာ ရှိတဲ့ ကိစ္စမျိုးတွေ အကုန်လုံးကို လုပ်နေပါတယ်။ အကောင်အထည် ဖော်ဖို့ ကိစ္စက ကျနော့် အတွက် မခက်ခဲဘူးလို့ ထင်ပါတယ်။

ပြည်သူက ရွေးချယ်လိုက်တဲ့ ၆ ယောက်ထဲက တဦးက ဒုမြို့တော်ဝန် ဖြစ်သွားမှာပဲ။ ဒီလိုလူမျိုး ဖြစ်ဖို့ဆိုတာ ပြည်သူ က အစဉ်တစိုက် လက်ခံ ယုံကြည်တဲ့သူ ပြည်သူ့ အကျိုးကို ကြည့်မယ့်သူမျိုး ကိုယ်ကျိုး မကြည့်ဘဲနဲ့ လုပ်မယ့် သူမျိုးကို မျှော် လင့်ပါတယ်။

ဦးခင်လှိုင် (ဇောတိက)
ဗဟို ကော်မတီဝင် နေရာ အတွက် မဲဆန္ဒ နယ်မြေ (၃) တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားသူ

ပြည်သူ အတွက် လိုအပ်တော့ ရောက်နေတဲ့ နေရာကနေ ကပျာကယာ ပြန်ပြေးလာရတာပေါ့။ ကိုယ်ကတော့ မပြိုင်တော့ ဘူး ဆိုတာ ကျနော့် ဆန္ဒအရ ပထမတုန်းက ဝင်ပြိုင်ခဲ့တာ ကျနော် လုပ်နိုင်တာတွေ အကုန် လုပ်ပေးခဲ့ပြီးပြီ။ ဒါပေမယ့် ကျနော် နုတ်ထွက်ခဲ့ရတာ ကျနော့် ဆန္ဒကြောင့် မဟုတ်ဘူး။ ပြဋ္ဌာန်းထားတဲ့ ဥပဒေ တရပ်ပေါ်မှာ ပယ်ဖျက်ပြီးတော့ ဖြုတ် တယ်ကွာလို့ ပြောပြီး လွှတ်လိုက်လို့ ကျနော် စိတ်ထဲမှာ မခံချင် ဖြစ်ခဲ့ရတယ်။

ကျနော် စိတ်ပြောင်းသွားတဲ့ အကြောင်းက စမ်းချောင်း အမတ်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနဲ့ ပြောဆိုကြတဲ့ အပေါ်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ နောက်တခုက မန္တလေး စည်ပင်နဲ့ ရန်ကုန်စည်ပင် ပြိုင်နေ တာကို တွေ့ရတယ်။ ပြောကြတဲ့ အခါကျတော့ တခုခုတော့ လုပ်သင့်ပြီ ထင်လို့ လျှောက်လွှာ တင်လိုက်တယ်။

ကျနော် ဝင်ပြိုင်မယ့် နေရာကတော့ ထူးထူးခြားခြားပဲ ရန်ကုန်မြို့ ၃၃ မြို့နယ်ထဲမှာ ၁၂ မြို့နယ်ကို ဝင်ပြိုင်ရမှာပေါ့။ လူဦး ရေ အရလည်း အများဆုံး လူဦးရေ ၈ သိန်းကျော်ကို လုပ်ပေးရမှာ နယ်မြေကြီးက ကျယ်တော့ ပိုပြီး စိတ်ဝင်စားသွား တယ်။ အရမ်း သဘောကျသွားတယ်။ အရင်တုန်းက ကျနော်တို့ကို ပေးထားတဲ့ ၁၀ မြို့နယ်ပဲ လုပ်ခွင့်ရတာ အခု ၁၂ မြို့ နယ် ဖြစ်သွားတော့ ပိုကြိုက်တာပေါ့။ ဒီထက် မြို့နယ် အကုန်လုံး လုပ်ခွင့်ရရင်တော့ အကြိုက်ဆုံးပေါ့။ အဲဒီ အချက်တွေ ကြောင့်ပါပဲ။

လူတွေက ယုံကြည်ချက် ရှိလို့ပဲ ဝင်ပြိုင်ကြတာလေ။ ဒါပေမယ့် ကိုယ်ရထိုက်သလား မရထိုက်သလား ဆိုတဲ့ အပေါ်မှာ ပြည်သူရဲ့အသိအမှတ်ပြုဖို့က အရေးကြီးပါတယ်။ ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားရမယ်။ မကြာခင်မှာ ပြည်သူ့ ဝန်ဆောင်မှုလေး လုပ်ပေးပါဦးမယ် ရသည်ဖြစ်စေ မရသည် ဖြစ်စေ။

အဖွဲ့အစည်း အကြီးကြီးနဲ့ သူ့အရည်အချင်းနဲ့ သူကိုယ့်စွမ်းကိုယ်စနဲ့ ထွက်ပြိုင်တဲ့သူ ဘယ်လို ယှဉ်နိုင်ပါ့မလဲ။ နိုင်ငံ တကာ မှာ နိုင်ငံရေး ပါတီတွေလည်း ဝင်ပြိုင်လို့ ရတယ် ဆိုတဲ့ စကားကို ပြောတယ်။ နိုင်ငံတကာမှာ ရွေးတဲ့ မြို့တော်ဝန်တွေဆို တာ တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတွေ ထည့်တဲ့ ငွေတွေနဲ့ အဲဒီ ရွေးကောက်ပွဲတွေကို လုပ်ပေးတာ။ အဲဒီရွေး ကောက်ပွဲတွေ လုပ်တော့ နိုင်ငံရေး ပါတီတွေ ယှဉ်ပြိုင်လို့ ရပြီးတော့ မြို့တော်ဝန်ကို ပြည်သူက ရွေးတာ။ အခု ကျနော်တို့ နိုင်ငံမှာ အဲဒီလို မဟုတ်ဘူး။

ရန်ကုန်မြို့သီးသန့် တခုရဲ့ ပိုက်ဆံကိုပဲ ယူပြီးတော့ ရွေးမယ့် မြို့တော်ဝန်ကိုကျတော့ နိုင်ငံတော် သမ္မတက ရွေးလိုက်တာ။ မြို့တော်ဝန်ကို ပြည်သူက ဘာလို့ မရွေးတာလဲ မေးစရာ မရှိဘူးလား။ ပိုက်ဆံကျတော့ ရန်ကုန်သားတွေရဲ့ ပိုက်ဆံ သုံး တာ။ နိုင်ငံတကာလို ပုံစံလိုချင်ရင် နိုင်ငံတကာလို အခြေခံ ဖြစ်အောင် ကြိုးစားရမယ်။ အဲဒီမှ မဖြစ်ဘဲနဲ့ အကြီးအကဲကို ကျတော့ နိုင်ငံတော် သမ္မတ ခန့်တာကို လက်ခံပြီးတော့ တကယ့် ရန်ကုန်သားတွေပဲ ယှဉ်ပြိုင်ရမယ့် ပွဲကျတော့ ပါတီတွေ ထက်ပြိုင်ဦးမယ် ဆိုတော့ အဲဒီလို သွားယှဉ်လို့ မရတော့ဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading