ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ မတ်လ ၈ ရက်နေ့တွင်ကျင်းပမည့် သိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွင် မြန်မာဖိုက်တာတွေလည်း ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အန်တိုနီယာ ကလည်း မလေးရှားနိုင်ငံသူ Audreylaura “ Ice Comet” Boniface နဲ့ ယှဉ်ပြိုင် ထိုးသတ်ရမှာ ဖြစ်ပါတယ်။
အန်တိုနီယာဟာ နောက်ဆုံးကစားခဲ့တဲ့ MMA ပွဲစဉ်မှာ ထိုင်းအမျိုးသမီးဖိုက်တာ Rika Ishige ကို ရှုံးနိမ့် ထားပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ အန်တိုနီယာ အတွက် အရေးပါတဲ့ ပွဲစဉ်တပွဲဖြစ်လာမှာ ဖြစ်သလို မြန်မာ ပရိသတ် ရှေ့မှောက်မှာ နိုင်ပွဲပြန်ယူပြနိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ဒီတခေါက် မြန်မာ့ မြေပေါ်မှာ ထိုးသတ်မယ့် ပွဲမှာ အရှုံးကနေ နိုးထလာနိုင်မလား၊ ဒီပွဲအတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသမီး ဖိုက်တာ အန်တိုနီယာကို ဧရာဝတီ သတင်းထောက် ထွန်းထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ပြိုင်ဘက်အကြောင်း ဘာတွေလေ့လာထားပြီးပြီလဲ။
ဖြေ ။ ။ အဓိကကတော့ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားပါတယ်၊ သူကတော်တော်တော့ ကောင်းတယ်လို့ ပြောရပါမယ်၊ ဘက်စုံကစားတတ်တဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။
မေး ။ ။ သူဟာ ပြိုင်ဘက်ကောင်းတယောက်လို့ ထင်လား။
ဖြေ ။ ။ သူလည်းပဲ လေ့ကျင့်ချိန် တော်တော်လေးရထားတဲ့အတွက်လည်း လေ့ကျင့်ရည်ပြည့်နေပြီးသား ဖြစ်နေမှာပါ၊ အဲ့ဒါကြောင့်လည်း ဒီပွဲမှာ သူဟာ ကျမအတွက် ပြိုင်ဘက်ကောင်း တယောက်ဖြစ်နေမယ်လို့ ထင်ပါတယ်။
မေး ။ ။ ပွဲအတွက် ကိုယ်တိုင်ကရော ဘယ်လောက်အထိ လေ့ကျင့်ပြင်ဆင်ထားလဲ။ အနိုင်ရမယ်လို့ မျှော်လင့်ထားလား။
ဖြေ ။ ။ ဒီပွဲအတွက်က လေ့ကျင့်ဖို့ ကျမအနေနဲ့ အချိန် ၃ လကျော်ကျော်လောက်ယူပြီး လေ့ကျင့်ပြင်ဆင်နေပါတယ်၊ ဘယ်အရာမှ အတိအကျ မှန်းဆလို့မရနိုင်တဲ့အတွက် နိုင်မယ်၊ ရှုံးမယ်ဆိုတာကြီးကိုတော့ ကျမအတိအကျမပြောနိုင်ပါဘူး၊ ကံကလည်းရှိသေးတယ်လေ၊ ဒါပေမယ့် ဒီပွဲက အရင်ပွဲနဲ့မတူပဲ အကောင်းဆုံးဖြစ်လိမ့်မယ်လို့တော့ ယုံကြည်ထားပါတယ်။
မေး ။ ။ ဒီပွဲအတိုင်ခင်ပွဲမှာ ရှုံးနိမ့်ထားတော့ ဘယ်လိုသင်ခန်းစာရခဲ့လဲ။ အခုပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်ထင်လား။
ဖြေ ။ ။ အားကစားသမားဘဝမှာ နိုင်တာနဲ့ရှုံးတာ ၂ မျိုးပဲရှိပါတယ်၊ ရှုံးခဲ့တဲ့ပွဲအတွက်တော့ နောင်တရတာမျိုးတွေ မရှိပါဘူး၊ ဒါကကိုယ့်အတွက် ရှေ့ဆက်ဖို့ အင်အားတခု ရလိုက်သလိုပါပဲ။ ဒါကြောင့် လာမယ့်ပွဲမှာ အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ အခုရော ဘယ်မှာလေ့ကျင့်နေလဲ။ လေ့ကျင့်မှုအပိုင်းကို အားရမှုရော ရှိလား။
ဖြေ ။ ။ လက်ရှိ Bali MMA Camp မှာ လေ့ကျင့်မှုတွေ လုပ်နေပါတယ်၊ လေ့ကျင့်မှုတွေကတော့ အရင်ကထက် အများကြီး တိုးတက် လာတဲ့အတွက် ပျော်ပါတယ်။ ကိုယ့်ကိုကိုယ့် အားရကျေနပ်မှုကတော့ မရှိသေးပါဘူး၊ ဘာလို့လည်းဆိုတော့ ပညာတွေက သင်လို့ မကုန်နိုင်ဘူးလေ။ ကိုယ်က လူသစ်လည်းဖြစ်နေတော့ ပိုပြီးပိုပြီးကြိုးစားရဦးမှာပါ။
မေး ။ ။ MMA ပြိုင်ပွဲတွေအပေါ် ဘယ်လိုအမြင်လဲ။
ဖြေ ။ ။ အစပိုင်းမှာတော့ ကြိုးဝိုင်းရဲ့ပြင်ဆင်ထားတဲ့ စင်ကိုရှိန်တာမျိုးရှိတာပေါ့နော်။ ပရိတ်သတ်တွေကလည်း အုံ့အုံ့သဲသဲဆိုတော့ ဒါကကိုယ့်ရဲ့ အတွေ့အကြုံနည်းပြီး ရဲရဲဝံ့ဝံ့ မရင်ဆိုင်ရဲသေးတာပေါ့၊ ရှက်တာရယ်၊ ကြောက်တာရယ်၊ စိုးရိမ်စိတ်တွေရယ်ကြောင့်ပါ။ အခုကျတော့ ပွဲအတွေ့အကြုံတွေ ရှိလာတဲ့အခါ ဒီလိုစိတ်မျိုးတွေက မရှိတော့ပါဘူး။ ငါအကောင်းဆုံးလုပ်မယ်၊ အကောင်းဆုံး ဖြစ်ရမယ်ဆိုတာပဲ ကိုယ့်စိတ်ထဲကိုယ့်ခေါင်းထဲ ရောက်လာတယ်။
မေး ။ ။ ပရိတ်သတ်တွေအတွက် ဘာများပြောချင်လဲ။
ဖြေ ။ ။ အားပေးနေတဲ့ ပရိတ်သတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်၊ လာမယ့် မတ်လ ၈ ရက်နေ့ပွဲကိုလည်း စောင့်မျှော် အားပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်၊ ရန်ကုန်ကိုတော့ မတ်လ ၂ ရက်နေ့လောက်မှ ပြန်ရောက်ပါမယ်။