မြန်မာနိုင်ငံရဲ့စီးပွားရေးမှာ အရေးပါတဲ့ “ဆန်းစပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လ ၉ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာ့ဆန်စပါးကဏ္ဍအတွက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေသာမက ပြည်ပပို့ကုန် ကဏ္ဍမှာလည်း ဆန်ကို ယခုထက် ပိုမို တင်ပို့နိုင်ဖို့ သက်ဆိုင်ရာ လုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြသလို လာမဲ့ ၂၀၂၀ ခုနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၄ သန်းတင်ပို့နိုင်ရမယ်လို့ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားပါတယ်။
ဒါကြောင့် ဆန်စပါးကဏ္ဍ လက်ရှိအခြေအနေနဲ့ အလားအလာတို့ကို သိရှိနိုင်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်နှင့် ဧရာဝတီသတင်းထောက်မြတ်ပြည့်ဖြိုးက သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ဒီနှစ်မှာ ဆန်တန်ချိန် ၂သန်းပဲ တင်ပို့နိုင်မယ်လို့ မှန်းပေမယ့် လာမယ့်နှစ် တန်ချိန် လေးသန်း အထိ နှစ်ဆနီးပါး တိုးမြှင့် မျှော်မှန်းထားတယ် ဆိုတော့ ဥရောပက ဆန်လုံးရှည်ကို ပိတ်ထားတယ်၊ တရုတ်ကလည်း နယ်စပ်ကုန်သွယ်ရေးမှာ ကြပ်တဲ့ အပိုင်းလေးတွေ ရှိလာတော့ တန်ချိန် လေးသန်း ပြည့်မှီအောင် ဘယ်လိုလုပ်ဖို့ရှိလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အဲဒီမှာ အပိုင်းနှစ်ပိုင်းပေါ့နော်၊ တပိုင်းက အစိုးရပိုင်း G to G (Government to Government) ရောင်းဝယ်တဲ့ ကိစ္စတွေမှာ အားသွန်ခွန်စိုက် လုပ်ပေးဖို့နဲ့ နောက်တပိုင်းကတော့ တခြားဈေးကွက်တွေကို ထပ်ရှာဖို့ပါပဲ။
EU ကလည်း ဆန်လုံးရှည်နဲ့ ပတ်သက်ပြီး သတ်မှတ်တယ်။ တခြားဆန်တွေမပါသေးဘူး။ ဒါတွေကိုလည်း ပိုပြီးတော့ သူတို့ဈေးကွက်နဲ့ ကိုက်ညီအောင် တင်ပို့နိုင်ဖို့ ကြိုးစားရမယ်၊ နောက် တခြားနိုင်ငံတွေကိုလဲ ဈေးကွက်ဖြန့်ကျက်ပြီး ရှာရမယ်။
အလားအလာတွေကတော့ ရှိနိုင်ပါတယ်၊ ရှိအောင်လည်း ကြိုးစားနေတယ်၊ ကိုယ့်တိုင်းပြည် ထုတ်တဲ့ ဆန်စပါးအရည် အသွေးကို ထိန်းနိုင်အောင်လည်း ကြိုးစားရမယ်၊ အဲ့ဒီလို ထိန်းနိုင်ရင် ဈေးကွက်ကို ပူစရာသိပ်မရှိပါဘူး။ အမြတ်အစွန်း နည်းရင်နေပါစေ ရောင်းနိုင်အောင် ကြိုးစားရမယ်၊ ပို့ကုန်သမား တွေကလည်း ရောင်းရဖို့ လိုတယ် ဆိုတာနဲ့ ကြိုးစားနေ တယ်၊ ပြောလို့တော့ မရပေမယ့် မှန်းထား တာထက် တက်သွားနိုင်စရာ အကြောင်းလည်း ရှိပါတယ်။
မေး။ ။ တန်ချိန် ၄သန်းပြည့်ုဖို့ တရုတ်နဲ့ G to G ဖြစ်မှ ရာထားချက် ပြည့်နိုင်မယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေတယ်၊ ဒါကြောင့် တရုတ်နဲ့ G to G ဖြစ်ဖို့ကျတော့ အစိုးရဖက်က ဘာတွေ လုပ်ပေးဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ အစိုးရက တရုတ်နိုင်ငံရဲ့ သက်ဆိုင်ရာ ကုန်သွယ်မှု ကိုင်တဲ့ဌာနနဲ့ ဆွေးနွေးဖို့ လိုပါမယ်။ လတ်တလောက တရုတ်နဲ့ နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းသွားလို့ အိတ်စပို့ ပြတ်သွားပေမယ့်၊ တခြားနိုင်ငံတွေ ဖိလစ်ပိုင်ကစပြီး မြန်မာ ဆန်ဝယ်လာပြီ၊ ကျန် အင်ဒိုနီးရှား၊ သီရိလင်္ကာ တို့ကလည်း မေးမြန်းတာတွေ ရှိတယ်။
အဲဒီတော့ အစိုးရချင်း G to G စကားပြောတာ ပိုပြီးတော့ ထိရောက်တယ်၊ အဲ့ဒီအပိုင်းပေါ့မှာ အစိုးရ က အလျင်အမြန် ပါဝင် ပံ့ပိုးပေးမယ် ဆိုရင်တော့ ပိုခရီးရောက်နိုင်တာပေါ့။
မေး။ ။ တရုတ်နဲ့လည်း အစိုးရချင်း G to G သတ်မှတ်ပြီးတော့ လုပ်ဖို့ ကြိုးစားနေတယ် ကြားပါ တယ်၊ ဒါပေမယ့် ဘယ်အတွက်ကြောင့် ကြန့်ကြာနေတယ်လို့ မြင်မိပါလဲ။
ဖြေ။ ။ ဒါကလည်း တသတ်မှတ်ထဲ ပြောလို့မရဘူး၊ နိုင်ငံရေးအပိုင်းတွေလည်း ရှိပါတယ်။ နောက်တခါ အာဆီယံ နိုင်ငံတွေရဲ့ သဘောတူညီချက်ကို ဖောက်ပြီးတော့ မလုပ်သင့်ဘူး ဆိုတဲ့ အကြောင်းအရာ တွေလည်း ရှိတယ်၊ ဒါပေမယ့် လည်း ကမ္ဘောဒီးယားတောင် ဒါကိုဖောက်ပြီးတော့ တရုတ်နဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စ အောင်မြင်အောင် လုပ်ပြီးသွားပြီ။ ဒါကြောင့် အစိုးရရဲ့ပေါ်လစီက ဘယ်ကိုဦးတည် သွားမလဲဆိုတာ စဉ်းစား ရပါမယ်။
မေး။ ။ ဒီနှစ်မှာ ပြည်ပတင်ပို့မှုက ဆန်တန်ချိန် ၂ သန်းပဲ ပို့နိုင်မယ်လို့ ခန့်မှန်းတော့ အရင်နှစ်နဲ့ ယှဉ်ရင် တန်ချိန် ၁ သန်းခွဲ လောက် လျော့သွားမဲ့သဘောမှာရှိပါတယ်။ အဲဒါကြောင့် စပါး အခြေခံ အာမခံဈေးနှုန်း (Minium Support Price) အပေါ်မှာ သက်ရောက်မှု တစုံတရာရှိလာနိုင်မလား။
ဖြေ။ ။ အဲဒါကြောင့် ခုနက ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိတယ်လို့ စင်ပေါ်မှာထည့်ပြောခဲ့တာပါ။ ဒါက ပုဂ္ဂလိကသာမက အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှုလည်း လိုအပ်ပါတယ်။ တကယ်တမ်း လယ်သမားက အလုံးအရင်းနဲ့ ရောင်းလာရင် ဒါတွေကို ထိန်းသိမ်းနိုင်ဖို့ ငွေကြေးကိစ္စတွေ၊ သိုလှောင်ဖို့နေရာတွေ လိုလာမယ်၊ ဒီအတွက် အများကြီးပြင်ဆင်ရမယ်၊ ပုဂ္ဂလိက ကဏ္ဍတော့ ပြင်ဆင်လို့ ရသလောက် ပြင်ဆင်မယ်၊ ပြီးခဲ့တဲ့ မိုးစပါးပေါ်ခါစမှာ စပါးဈေးက ငါးသိန်းအောက် ကျ မလို ဖြစ်သွားသေးတယ်။
အဲဒါကြောင့် တချို့ ဒေသတွေမှာ လယ်သမားတွေ ဆန္ဒပြမယ်ဆိုတဲ့ ကိစ္စလေးတွေတောင် ဖြစ်သွား သေးတယ်၊ ဒါတွေကို ဝယ်လိုအား မြင့်လာအောင် တတ်နိုင်သလောက် ကြိုးစားလိုက်ရင် ဒါလေးထိန်း သွား နိုင်တယ်။ သေးငယ်တဲ့ ပမာဏမို့ ဆိုရင် အကြောင်းကိစ္စ သိပ်မဟုတ်ပေမဲ့ အရမ်းကြီးတဲ့ ပမာဏ ဆို နိုင်ငံတော်ပါမှဖြစ်မယ်။
မေး။ ။ ဒီနှစ်အတွက် စပါး အခြေခံ အာမခံဈေးနှုန်းက ဘယ်တော့ထွက်ဖို့ရှိပါသလဲ။
ဖြေ။ ။ ဒါကတနှစ် တခါ ကြေညာရမယ့် ဈေးနှုန်းဖြစ်တယ်၊ ဘယ်လို ကြေညာမှာလဲ၊ ဘယ်လို အကဲဖြတ်မှာလဲ၊ ဒါတွေ အတွက် လုပ်ထုံးလုပ်နည်း လုပ်ဖို့ လိုတယ်လေ၊ ဘယ်လို အဖွဲ့အစည်းက ဈေးနှုန်း ဖြတ်မလဲ၊ ကိုယ့်သဘောနဲ့ ကိုယ် ဆုံး ဖြတ်မှာလား၊ ဒါကို အစိုးရ လက်ခံမှာလား။ ဒါမှ မဟုတ် အစိုးရလည်း ပါမယ်၊ ပုဂ္ဂလိကလည်း ပါမယ်၊ တောင်သူလည်း ပါရင်ပါမယ်၊ အဲဒီလို အဖွဲ့တဖွဲ့ ကနေ ဈေးနှုန်းကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ဒီဈေးက ဝယ်ဈေးဖြစ် သင့်တယ်ဆိုတာ ဆုံးဖြတ် ပေးရမယ်။ အဲဒီလိုပဲ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။
မေး။ ။ လက်ရှိအနေအထားအရ ဆန် ဝယ်ဖို့ အလားအလာ အရှိဆုံး နိုင်ငံဆိုရင် တရုတ်အပြင် ဘယ်နိုင်ငံတွေ ပြောလို့ ရပါသေးလဲ။
ဖြေ။ ။လက်ရှိကတော့ တရုတ်ပြီးရင် အာဖရိကက အများဆုံးဝယ်ပါတယ်၊ အာဖရိက ဈေးကွက်ကို တော့ ထိန်းထားနိုင်ပါ တယ်၊ အခု ဖိလစ်ပိုင်ကလည်း စပြီးဝယ်လာပြီ။ ကိုယ့်ဘက်က ဈေးကွက် ပိုခေါ် နိုင်ဖို့ ဆွဲယူနိုင်အောင် ကြိုးစားနေတယ်၊ ဒါကြောင့်လည်း လာမယ့်နှစ်မှာ အခုနှစ်ထက် ကြီးမား တဲ့ ပို့ဆောင်မှု ရလိမ့်မယ်လို့ မျှော်မှန်းထားတယ်၊ တခြားနိုင်ငံတွေ လည်း ဒီလိုပါဘဲ၊ ဥရောပဆိုရင် ဥရောပအပြင် နိုင်ငံတွေကလည်း ဝယ်အားတွေရှိလာပြီ။ ဒါတွေကိုလည်း တိုးချဲ့ရမယ်၊
မေး။ ။ ဆန်စပါးနဲ့ ပတ်သက်ပြီး အရည်အသွေး စံချိန်စံညွှန်းထုတ်နေတယ်၊ အခုကတော့ မူကြမ်းအဆင့်ပြီး ပြီလို့ သိရပါတယ်။ ဆန်စပါး စံချိန်စံညွှန်းတွေ ထွက်လာရင် ဈေးကွက်အတွက် ဘာတွေအကျိုး ရလာနိုင်မလဲ။
ဖြေ။ ။ နိုင်ငံတကာ ဈေးကွက်ကို ရောင်းတဲ့ ဝယ်တဲ့ အခါမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့ လိုပါမယ်၊ ဒီမှာ အခု အထိ ဗြိတိသျှစနစ် သုံးတယ်၊ သူတို့က မက်ထရစ် စနစ် သုံးတယ်၊ ဒါတွေ ကွာခြားနေတယ်။
ဒါတွေမကဘူး၊ Food Safety နဲ့ ပတ်သက်လို့ ပိုးမွှား ကင်းစင်တာတွေ၊ ကျန်းမာရေး အန္တရာယ်မဖြစ် မယ့်ကိစ္စတွေ ဒါတွေကိုပါ ပြင်ဆင်ရမယ်။
နောက်တချက်က အစိုးရပိုင်းကိုလည်း တိုက်တွန်းတယ်၊ အလေးတင်းတောင်း ချိန်တွယ်မှု ကိစ္စတွေကို ပြောင်းလဲပေးဖို့။ အခု ၄၆ ပေါင် တတင်း၊ တင်းအနေနဲ့ လုပ်နေတုန်းဘဲ ရှိသေးတယ်၊ ဒါတွေကို ပြောင်းလဲရမယ်။
မပြောင်းလဲရင် တင်းတွေနဲ့ ဝယ်တဲ့ စနစ်မှာ ၄၆ပေါင် တတင်းလို့ သတ်မှတ်ထား ပေမယ့် နယ်လှည့် ပွဲစားတွေက လယ်သမားကို ၅၅ပေါင်၊ ပေါင် ၅၀ နဲ့ ဝယ်နေတာရှိတယ်၊ ဒီနစ်နာမှုတွေကိုလဲ ပျောက် အောင်လုပ်မှ ဈေးကွက်ကတည်ငြိမ်မှာ။ နောက်တစ်ခုက ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့အောင် လုပ်ရမယ်၊ အစိုးရကလဲ ကျေးရွာလမ်းတွေကို ဖော်ထုတ်နေတယ်။
လမ်းပန်း ဆက်သွယ်ရေး ကောင်းလာရင် ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ကျသွားမယ်။ မြန်မာ့ ဆန်သမိုင်းမှာဆိုရင် ထုတ်လုပ်မှု ကုန်ကျစရိတ်က အမြင့်ဆုံး ဖြစ်နေတယ်။ ဒီမှာလာတဲ့ သင်္ဘောတွေ က ငှားရမ်းခဈေးကြီးလာတော့ တဖက် နိုင်ငံကို ကုန်သွယ် စီးဆင်းရာမှာခက်တယ်၊ ဒါကြောင့် ရန်ကုန်ဆိပ်ကမ်းတစ်ခုထဲမဟုတ်ဘူး၊ ပုသိမ်၊ စစ်တွေ ဆိပ်ကမ်း တို့မှာပါ ဆန်ကို တင်ပို့နိုင်အောင် ကြိုးစားရမယ်။
မေး။ ။ မြန်မာ့ ဆန်စပါး ဥပဒေရေးဆွဲ နေတယ်လို့ သိရပါတယ်။ ဥပဒေပြဌာန်း ပြီးသွားရင် ဆန်စပါးဈေးကွက်ကို ဘာတွေ အကာအကွယ် ရရှိလာနိုင်မလဲ။
ဖြေ။ ။ဆန်စပါး ဥပဒေ ပေါ်ထွက်လာရင် ဆန်စက် အရည်အသွေးကအစ စည်းကမ်းတကျနဲ့ ဆောင် ရွက်ရမဲ့ ကိစ္စတွေ အများကြီး ဖြစ်လာမယ်၊ အစိုးရပိုင်းကလည်း ပုဂ္ဂလိကပိုင်းကို အထောက် အကူပြု ပြီးတော့ အပြန်အလှန် လေးစားမှုပေါ့၊ အဲ့ဒါတွေပါ တည်ဆောက်နိုင်တဲ့အနေအထားရှိမှ ဈေးကွက် တခုလုံးက တိုးတက်လာမှာပါ။
မေး။ ။ အရည်အသွေးပိုင်းနဲ့ Food Safety ပိုင်း ပိုအားကောင်းလာဖို့ကျတော့ ဘာတွေက အခက်အခဲ ဖြစ်နေလဲ။
ဖြေ။ ။ နည်းပညာပိုင်း ဆိုင်ရာ တိုးတက်မှလည်း ဒါတွေကဖြစ်မှာ၊ ဥပမာ- ဆန်စက်ကို နည်း ပညာပိုင်းဆိုင်ရာ စံချိန် စံညွှန်းမီအောင် တိုးတက်အောင် လုပ်တဲ့အခါမှာ ဒါမှမဟုတ် Food Safety လုပ်တဲ့အခါ Environment ပါ အကာကွယ် ပေးနိုင်အောင်လို့ စံတွေရှိတယ်၊ အဲ့ဒါတွေလုပ်ဖို့အတွက် ရင်းနှီးမြှပ်နှံဖို့ ကိစ္စတွေကလည်း ရှိလာတယ်။ အဲဒီနေရာမှာ ပုဂ္ဂလိက တဦးတည်း မရရင် အစိုးရကပါ ဝင်ကူမှဖြစ်မယ်။ ဒါတွေက အခက်အခဲဖြစ်စေတယ်လို့ ယူဆပါတယ်။
မေး။ ။ အစိုးရအနေနဲ့ကော ငွေကြေး အထောက်အပံ့တွေ လုပ်ပေးနိုင်တဲ့ အနေအထားမှာ ရှိပါသလား။
ဖြေ။ ။ တကယ် လုပ်ပေးမယ်ဆိုရင် အစိုးရရဲ့ ဘဏ္ဍာငွေထဲက မဟုတ်ဘဲ နိုင်ငံတကာရဲ့ ကူလာမယ့် ငွေနဲ့ လုပ်ပေးမယ်ဆို ရပါတယ်။
မေး။ ။ ကမ္ဘာဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နဲ့ ပူးပေါင်းပြီး ဘာတွေဆောင်ရွက် နေလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ အဓိကတော့ ဆန်စပါးစံချိန်စံညွှန်းကိစ္စတွေမှာ သူတို့ဝိုင်းကူနေတယ်။
မေး။ ။ မြန်မာ့ ဆန်စပါးဈေးကွက်က တရုတ်ကို ဘယ်လောက်ထိ မှီခိုနေရပါလဲ။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ဘယ်လောက်ရှိနိုင်ပါသလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့နှစ်က တင်ပို့မှုကို ကြည့်ရင်ပဲ တရုတ်ကို ငါးဆယ်ရာခိုင်နှုန်း မှီခိုနေရတယ်ဆိုတာ သိနိုင်ပါတယ်။
မေး။ ။ Export သွားဖို့အတွက်က ဘာတွေစိန်ခေါ်မှုတွေရှိလဲ
ဖြေ။ ။ အဓိက သယ်ယူ ပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချရမယ်၊ ဒါကလည်း သယ်ယူစရိတ် သက်သာ အောင်လို့၊ နောက်တခါ သွင်းအားစုတွေရော စရိတ်စက သက်သာရမယ်၊ အဲဒီလို ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာမှ ယှဉ်ပြိုင်နိုင် စွမ်းအား ပိုများလာမယ်။
ပိုများလာတဲ့ အတွက် အထွက်တိုးအောင် လုပ်ရမယ်၊ အထွက်တိုးလည်း ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ရမယ်၊ သွင်းအားစု လျှော့ချတာလဲ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာတာဘဲ၊ နည်းပညာပိုင်း ဆိုင်ရာ ထောက်ပံ့မှု လုပ်ပေးရမယ်၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့သွားရင် လယ်သမားကလည်း ထိုက်သင့်တဲ့ အကျိုးအမြတ်နဲ့ ရောင်းတဲ အခါမှာ ဈေးကွက်မှာ အခြေခံဈေးနှုန်းက တခြားနိုင်ငံတွေနဲ့ ယှဉ်နိုင်တဲ့ အနေအထားရှိရင် ဆန် ဈေးကွက်အတွက် ပူစရာမလိုတော့ဘူး။
မေး။ ။ နောင်နှစ်အနည်းငယ်မှာ တရုတ်မြန်မာစီးပွားရေးစြင်္ကန်ဆိုတာပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီစြင်္ကန်က ကုန်သွယ် ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ သုံးသပ်ချက် တွေလည်း ရှိတော့ ဒီအပေါ်မှာ အမှီပြုရင်း ဆန်စပါး ကုန်သွယ်မှုကို ပိုဖွံ့ဖြိုးလာအောင် ဘာတွေပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။
ဖြေ။ ။ တချို့ဟာတွေကို ကြိုတင်မြင်ပြီး ပြင်ဆင်ဖို့ လိုအပ်တယ်။ နယ်စပ်တွေမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်း စုံက ပြည့်စုံတဲ့ အစီအမံမျိုးတွေကို ကြိုပြင်ဖို့ လိုပါတယ်။ ဒါမှသာ One Belt One Road ကိုမှီပြီးတော့ နိုင်ငံလဲ တိုးတက် လာနိုင်မယ်။
မေး။ ။ အစိုးရအနေနဲ့ ဆန်စပါးဈေးကွက် တိုးတက်အောင် ဘယ်နေရာတွေမှာ ပံ့ပိုးပေးဖို့အတွက် တောင်းဆိုချင်ပါသလဲ။
ဖြေ။ ။ အဓိက လောလောဆယ် အရေးကြီးတာက မျိုးစေ့၊ နည်းပညာ၊ ငွေကြေးကဏ္ဍတို့မှာ ပံ့ပိုးပေးသင့်ပါတယ်။