ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တွင်း တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် ဖေဖော်ဝါရီလ ၃ ရက်တွင် ကင်းတလင်း ကျေးရွာနှင့် ခမောင်းဝ ကျေးရွာတို့မှ ဒေသခံ ၂၀၀ ကျော် ထွက်ပြေးခဲ့ ရသည်။
ထွက်ပြေး သွားသည့် ဒုက္ခသည်၂၀၀ ကျော် အနက် ၁၀၀ ကျော်မှာ ၎င်းတို့ တပ်ဖွဲ့များထံ ရောက်လာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင် ငံ နယ်စပ် ဘက်သု့ိ လမ်းပြကာ ပို့ဆောင်ပေးလိုက်သည် ဟုလည်း AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ပြောဆိုထား သည်။
ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဘဂ်လားဒေ့ရှ် နိုင်ငံ ဘန်ဒါဘင် ခရိုင် အတွင်း ခိုလှုံလာသည့် ချင်းနှင့် ရခိုင် ဒုက္ခသည် ၂၈၀ ကျော် ရှိလာခဲ့သည်။
မြန်မာ ဒုက္ခသည်များ ခိုလှုံလာချိန်တွင် ဘဂ်လားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ ဒုက္ခသည်များ ခိုလှုံလာခြင်း မရှိစေ ရန် နယ်စပ်ကို ပိတ်လိုက်ပြီ ဖြစ်ကြောင်းနှင့်
ဘဂ်လားဒေ့ရှ် နယ်ခြားစောင့် တပ်များကိုလည်း လုံခြုံရေး ထပ်မံ တိုးချဲ့ထား ကြောင်း သတင်းထောက်များကို ပြောဆိုထားသည်။
မြန်မာ ဒုက္ခသည်များ၏ နောက်ဆုံး အခြေအနေ မည်သို့ ရှိသည် ဟူသည့် အခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဘင်္ဂလားဒေ့ရှ် အခြေစိုက် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းသိန်းကို ဆက်သွယ် မေးမြန်းထားပါသည်။
ဦးဝင်သိန်းသည် စစ်ဘေးရှောင် ကယ်ဆယ်ရေး ကော်မတီ (ဘင်္ဂလားဒေ့ရှ်) ၏ ဥက္ကဋ္ဌ လည်း ဖြစ်သည်။
မေး ။ ။ ပလက်ဝကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံတော့ အခု အခြေအနေ ဘယ်လို ရှိနေပါသလဲ။
ဖြေ ။ ။ လက်မခံတော့ သူတို့က ပထမတော့ ထွက်ပြေးလာချိန်မှာ နယ်စပ် ၇၁၊ ၇၂ မှတ်တိုင်ကို ကျော်ပြီး ပြေးလာကြတယ်။ ဘန်ဒါဘင် ခရိုင်၊ ရူမား မြို့နယ်၊ ရမတ်ကြီး၊ ပြင်စာ အမှတ် (၇) နယ်မြေက ရွာနားမှာ တောထဲမှာ နေကြတယ်။ ရွာအနီးစပ်တွေက နည်းနည်း ကူညီတယ်။ ဘင်္ဂလားမှာ နေတဲ့ ရခိုင်တွေ၊ မရမာတွေ ဒီမှာ ရှိတဲ့ လူတွေ အဝတ်အထည် တွေ ကောက်ပြီး နည်းနည်း ကူညီကြတယ်။
အဲဒီလို နေတဲ့ အချိန်မှာ ကလေး တယောက် မွေးတယ်။ နောက် ထပ်ပြီး ၂ ယောက် မွေးတယ်။ မွေးလု့ိပြီးတာနဲ့ ကျနော်တို့ ဒုက္ခသည် အဖွဲ့က သူတို့ကို တရားဝင် ဖြစ်ဖို့ အတွက် အစိုးရနဲ့ စစ်တပ် အကြီးအကဲတွေကို အရပ်ဘက် အုပ်စိုးရေးတွေ ဆီ ကနေ ကျနော်တို့ တရားဝင် ကူညီဖို့ ခွင့်တောင်းပါတယ်။
မြန်မာနိုင်ငံဘက်က တခါဖြစ်လာတဲ့ မွတ်စလင်တွေကို ကျတော့ ဒီနိုင်ငံက ကယ်ခဲ့တယ်လေ။ သူတို့ကို ကုလ သမဂ္ဂ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နဲ့ အသိအမှတ် ပြုပြီး လက်ခံတယ်။ ဒါပေမယ့် ကျနော်တို့ ဗုဒ္ဓ ဘာသာတွေ ရခိုင်၊ ခမီ၊ မြိုတွေ ကိုကျတော့ သူတို့က လက်မခံဘူး။
ဘန်ဒါဘင် ခရိုင် အတွင်းမှာ ရှိတဲ့ အစိုးရ ဌာနတွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲက ၁၂ ရက် ကပါ။ ထုတ်ပြန်တာက ဒဟီးတတ် (d’etat) မူဝါဒ အရပေါ့။ ဒဟီးတတ် ဆိုတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စစ်တပ်က အုပ်စိုးတာကို ခေါ်တာပါ။ သိပ် ဖိနှိပ်တာတော့ မဟုတ်ဘူး။ အစိုးရကတော့ လုပ်ငန်း အရပ်ရပ်ကို ကိုင်တွယ် ထားတယ်။
၁၂ ရက် ထုတ်ပြန်ချက်မှာ ငါတို့ ဘယ်ဒုက္ခသည်မှ ပေးမဝင်ဘူး။ မွတ်စလင် ဖြစ်ဖြစ် ဗုဒ္ဒဘာသာ ဖြစ်ဖြစ်။ အဲဒီလို သတင်း ထုတ်ပြန်ချက် အပြီးမှာ အဲဒီမှာ ရှိတဲ့ နယ်ခြားစောင့်တပ်က BGB တွေက ဒုက္ခသည်တွေကို ဒီမှာ နေလို့ မရတော့ဘူး။ ၃ ရက် အချိန်ပေးမယ်။ ၃ ရက် အတွင်း မြန်မာပြည်ကို ပြန်သွား။ မဟုတ်ရင်လည်း ကြိုက်တဲ့ နေရာသွားတော့ ဆိုပြီး ပြော တယ်။
ဒုက္ခသည်တွေက သွားစရာ နေရာလည်း မရှိ။ ရှေ့လည်း တိုးမရ၊ နောက်လည်း ဆုတ်မရနဲ့ နေရာ ကျဉ်းကျဉ်းလေးမှာ မိသားစု ၈ စုက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ကို ပြေးသွားပါတယ်။ အိန္ဒိယ အစိုးရကို တောင်းပန်ပြီး နေလို့ ရမလား လုပ်ကြည့်မယ် ဆိုပြီး သွားတယ်။ မိသားစု ၈ စုမှာ တစုကို ခန့်မှန်းခြေ ၄ ဦးလို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ကျန်ခဲ့တဲ့ မိသားစု ၄၀ က သွားစရာ နေရာ မရှိလို့ ဗမာပြည် နယ်စပ်ကို ပြန်သွားပါတယ်။ ဒါပေမယ့် ဗမာပြည်ထဲကို မဝင်ဘူး။
Zero Point နားလောက်မှာ ပီမြို့ဆိုတဲ့ မြို့တမြို့ရှိပါတယ်။ အဲဒါ ဘဂ်လား ပိုင်နက်။ အဲဒီမှာ တောင်တခုက တော်တော် ကြီးတယ်။ အခုသူတို့ အဲဒီနားမှာပဲ စခန်း ချနေပါတယ်။ အဲဒီနားမှာ မြိုရွာတို့ ချင်းရွာတို့ အလှူခံပြီး ရတာနဲ့ စားပါတယ်။ ကျနော်တို့က ကူညီဖို့ တရားဝင် ခွင့်ပြုချက် မရလို့ ခိုးပြီးတော့ ပို့ပါတယ်။
မြန်မာ ပိုင်နက်ထဲ မရောက်သေးပါဘူး။ Zero Line ပေါ်မှာပဲ။ ဘင်္ဂလား ပိုင်နက်ထဲ နည်းနည်း ရောက်တယ်လို့ ပြောလို့ ရပါတယ်။
မေး ။ ။ သူတို့ စားဖို့သောက်ဖို့နဲ့ နေရာထိုင်ခင်း အခြေအနေရော ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့က သူတို့ကို ပလတ်စတစ် အမိုး၊ အခင်း၊ ထိုင်လို့ ရ အောင် ပစ္စည်းတွေ အခု ၄၀ ၊ နောက် လက်နဲ့ လှည့်ပြီး အားသွင်းတာ၊ ဆိုလာလည်း မလိုဘူး။ လျှပ်စစ်လည်း မလိုဘူး။ အဲဒီလို ဓာတ်မီး ၄၀။
နောက် ငပိ တမောင်း၊ တမောင်းဆိုတာ ကီလို ၄၀ ပါ။ မိသားစု ၄၀ ကို ကျနော်တို့ တွက်ပြီး စောင် ၄၀ ၊ ခြင်ထောင် ၄၀ ။ ဒေသခံတွေက ပေါင်းပြီး ထဘီ၊ အကျီၤ ၊ ဘောင်းဘီ အဲဒီလို အထုပ်တွေက ၈ ထုပ် ပို့ပါတယ်။ ဒါကတော့ ရေလို့ မသိပါဘူး။ တအိမ် တက် ဆင်း အလှူခံလို့ ရတာပါ။
ဆန်အိတ် ကတော့ လောလောဆယ် ၅ အိတ် ပို့ထားပါတယ်။ အဲဒီ နေရာက တော်တော်လေးကို ခေါင်လို့ ကျနော်တို့ မသွားနိုင်ပါဘူး။ နောက်ဆုံး သွားလို့ ရတဲ့ နေရာကနေပဲ ဒုက္ခသည်တွေ ရှိတဲ့ နေရာကို သွားရင် ၂ ညနဲ့ ၃ ရက် သွားရပါ တယ်။ လမ်းမှာ တနေ့လုံး သွားရင်တောင် လူတယောက်မှ မရှိပါဘူး။ အဲဒီလို နေရာမျိုးပါ။
ကျနော်တို့ ပစ္စည်းတွေ ပို့တာက ပြေးပြီးလို့ ၆ ရက်က တခေါက် ပို့တယ်။ ဘာပစ္စည်းမှ မဟုတ်ဘူး။ ဆေးတွေပဲ ပို့တာ နမိုး နီးယား ဖြစ်လာမှာ စိုးလို့ ဆရာဝန် တယောက်နဲ့ ကျနော်တို့ ကော်မတီထဲက သတင်းထောက် တယောက် လွှတ်ပြီးတော့ သွားတာပါ။ အဲဒီ သတင်းထောက်ကို နယ်ခြားစောင့်တပ်က လုံးဝ ဓာတ်ပုံ မရိုက်ခိုင်းလို့ တပုံမှ မရိုက်ရပါဘူး။ မင်း ဆေး ပေးချင်ရင် ပေးဆိုပြီးပဲ ပြောပါတယ်။
တခြား ရခိုင်အဖွဲ့တွေကတော့ သူတို့နည်း သူတို့ ဟန်နဲ့ သွားပို့တာ ရှိပါတယ်။ ကျနော်တို့ နောက်ဆုံး ပို့တာကတော့ ၂ ရက်ပဲ ရှိပါသေးတယ်။ ငပိ၊ ငါးခြောက်၊ ခေါင်းဖီးတွေက အစပေါ့။
မေး ။ ။ သူတို့ကို ပို့ထားတဲ့ ရိက္ခာတွေက ဘယ်နှရက်လောက် ခံမလဲ။ နောက် လှူလိုက်တဲ့ အမိုးအကာ တွေကရော ရာသီဥတုဒဏ် ခံနိုင်ပါသလား။
ဖြေ ။ ။ ကျနော်တို့ ပို့ထားတဲ့ ပစ္စည်းတွေက UN က ပစ္စည်းတွေပါ။ အခင်းတွေက ဘင်္ဂလားဒေ့ရှ်မှာ မွတ်ဆလင် ဒုက္ခသည် တွေကို ပစ္စည်းတွေက တောင်လို ပုံပြီး ရောက်ပါတယ်။ သူတို့က လုံးဝ ပိုလျှံနေတာ တွေကို ဘင်္ဂလားဒေ့ရှ်ထဲမှာ ပြန် ရောင်းပါတယ်။ ရောင်းထားတဲ့ နေရာကနေ ကျနော်တို့ ဈေးပေါပေါနဲ့ ဝယ်တာပါ။ အခင်းတွေ အမိုးတွေမှာ အကုန်လုံး UNHCR တံဆိပ်တွေ အကုန်ပါ ပါတယ်။
မေး ။ ။ နောက်ဆုံး ရထားတဲ့ သတင်း အချက်အလက်တွေ အရဆို ဒုက္ခသည်တွေထဲမှာ သက်ကြီး ရွယ်အိုနဲ့ ကလေးတွေ အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ သက်ကြီး ရွယ်အိုက ဒီလောက် မဟုတ်ဘူး။ ကလေးတွေက သိပ်သနားဖို့ ကောင်းတယ်။ မူလတန်း အရွယ် ကလေး ၅၀ ကျော်က အအေးပတ်ပြီး ချောင်းဆိုးတယ်။ အဲဒီနေရာက အရမ်းအေးတယ် ခဗျ။
မေး ။ ။ အခု နယ်စပ်မှာ သောင်တင်နေတဲ့ ဒုက္ခသည်တွေ ဘယ်လို ဆက်ဖြစ်နိုင်ပါသလဲ။ သူတို့ အဲဒီမှာပဲ ဆက် သောင် တင်နေမှာလား။
ဖြေ ။ ။ အမှန်က ကျနော်တို့ ပြောချင်တာ မြန်မာ အစိုးရ ဖြစ်ဖြစ် ဘင်္ဂလားဒေ့ရှ် အစိုးရ ဖြစ်ဖြစ်ပါ။ သူတို့ကို ပွင့်လင်းမြင် သာစွာ နေထိုင်ဖို့ ကူညီပေး စေချင်ပါတယ်။ လူလည်း သိပ်မများပါဘူး။ UNHCR က ကူညီဖို့ သွားတယ်ဗျ။ ဘင်္ဂလား အစိုးရက ခွင့်မပြုပါဘူး။ Red Cross ကလည်း ကား ၃ စီး သွားပါတယ်။ ပစ္စည်းတွေရော ကူဖို့ကို ဘင်္ဂလား စစ်တပ်က ခွင့် မပြုပါဘူး။
ဒီလို ပုံစံမျိုး ဆက်ဖြစ်နေရင် ကျနော်တို့ အဖွဲ့တွေလည်း နောက်ထပ် တခေါက်လောက် ပို့နိုင်ရင် ပို့နိုင်မယ်။ အမြဲတော့ မပို့နိုင်ပါဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း အဲဒီ နေရာကို ပြဿနာက မြေပြင်ကို ကျနော်တို့ သွားလို့ မရဘူး။ လုံးဝကို သွားလို့ မရပါဘူး။
မွတ်စလင်တွေ ပြေးလာတုန်းကတော့ ကားလမ်းဘေးမှာ ဖြစ်လို့ ဘယ်သူ မဆို လွတ်လပ်စွာ သွားလို့ ရတယ်။ အခု ဖြစ် နေတာ တောင်ပေါ် ဒေသပါ။ ဘင်္ဂလား အစိုးရရဲ့ ကန့်သတ် နယ်မြေတွေ ရှိပါတယ်။ အဲဒီထဲမှာ ရောက်နေတော့ ဘယ်လိုမှ ကူညီလို့ မရ ဖြစ်နေပါတယ်။ သူတို့ ကံကြမ္မာ သူတို့ ဒီလိုပဲလို့ ပြောရပါမယ်။
မေး ။ ။ဒါဆို ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ ရက်က ပစ္စည်းတွေ ပို့တော့ရော တရားဝင် ပို့တာလား။ ဘယ်လို သယ်သွားတာ လဲ။
ဖြေ ။ ။ တရားဝင် သွားလို့ မရဘူး။ ကျနော်တို့ ခရီးသည်တင် ကားလေးမှာ တင်တာပါ။ ကျနော်တို့ ဆိုင်က ပစ္စည်းတွေပါ ခင်ဗျ။ ဆိုင်က ရောင်းတဲ့ ပစ္စည်းတွေမို့လို့ အထုပ်နဲ့ ထုပ်ပြီး သွားတာပါ ဆိုတဲ့ ပုံမျိုးနဲ့လေ။ ဒီက ဒေသခံတွေလည်း အဲဒီ လိုမျိုးပဲ သွားပါတယ်။ အဲဒီလို သယ်ပြီး ပို့တာပါ။
မေး ။ ။ ဒုက္ခသည်တွေ စာရင်းကရော အတိအကျဆို ဘယ်လောက်လဲ ။ စာရင်း ပြုစုထားလား။
ဖြေ ။ ။ ကျနော်တို့ဆီမှာ ရှိတာ၂၈၂ ယောက် စာရင်း ရပါတယ်။ ကျနော်တို့ကလည်း လူကို ရေလို့ မရပါဘူး။ ကျနော်တို့ ပထမ လွှတ်လိုက်တဲ့ သတင်းထောက်ရယ် ဆရာဝန်ရယ် ရေတွက်လာတာ။ သူတို့ အဲဒီလူ ၂၀၀ ကျော်ပဲ ရေလို့ ရလာ တယ်။ နယ်ခြား စောင့်တပ်တွေက လူလည်း ရေခွင့် မပေးဘူး။ ဓာတ်ပုံ ရိုက်ခွင့်လည်း မပေးဘူး။
သူတို့ နယ်ခြားစောင့်တပ်နဲ့ အကြီးအကျယ် စကားများ လာပါတယ်။ သူတို့က ပြောတယ်။ ဒုက္ခ ရောက်နေတာ နိုင်ငံရေး လည်း မလုပ်ဘူး။ သူတို့ ဒုက္ခရောက်လို့ လာတာ ငါတို့ ဓာတ်ပုံ တပုံရိုက်တာ ဘာ ခက်ခဲလို့လဲ ပြောတော့ မင်းတို့ စကား မများနဲ့ လို့ ပြန်ပြောတယ်။ နယ်စပ်မှာ ဆိုတော့ ကျနော်တို့ လူတွေလည်း စကား သိပ်မများရဲဘူး။ သူတို့မှာ အာဏာ ရှိတယ်လေ။ လူ ၂၀၀ ကျော်ပဲ ခန့်မှန်း ရပါတယ်။ မိသားစုကတော့ ကျနော်တို့ ၄၀ လို့ သတ်မှတ်ပါတယ်။
မေး ။ ။ အခု နောက်ဆုံး Zero Line မှာ ရှိနေတယ် ဆိုတဲ့ ဒုက္ခသည်တွေက သူတို့ချည်း သက်သက်ပဲလား။ သူတို့နားမှာ အကူအညီပေး နေသူတွေများ အတူ နေပြီး စောင့်ကြည့်ပေးတာ ရှိပါသလား။
ဖြေ ။ ။ အဲဒီ အနီးအနားက ရွာက လူတွေပဲ ရှိတယ်။ ရခိုင် အဖွဲ့တွေ ဘာတွေ ဘယ်သူမှ မရှိပါဘူး။
မေး ။ ။ မြန်မာ အစိုးရကိုရော ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ပြောချင်တာက AA က သူတို့ကို မြေပြင်မှာ ယူလာတယ် ဆိုတာ မဟုတ်ဘူး။ ကျနော်တို့ သတင်းထောက်နဲ့ အင် တာဗျူးတော့ မအေးသောင်း ဆိုတဲ့ အသက် ၄၂ နှစ် အမျိုးသမီးနဲ့ ရတယ်။ သူ့ကိုတောင် တဝက်ပဲ မေးလို့ ရတယ်။ နယ် ခြားစောင့်တပ်က တားလို့ မလုပ်လိုက်ရဘူး။
ကျနော်တို့ ဖုန်းကိုလည်း လုယုသွားလို့ အသံဖိုင်တွေပါ မရလိုက်ပါဘူး။ အဲဒီ အမျိုးသမီး ပြောတာက ကျမတို့ ရွာတွေကို မီးရှို့ ခံရတယ်။ ကျမတို့ တခါမှ မကြားဖူးတဲ့ အသံတွေနဲ့ ပစ်ခတ်နေလို့ တောထဲကို ပြေးပြီး တည အိပ်တယ်။ မိုးလင်းတော့ ရွာကို ပြန်ကြတယ်။ သူတို့က ခမောင်းဝနဲ့ ကင်းတလင်းကပါ။ ရွာထဲကို ပြန်ဝင်ကြတော့ ရွာထဲမှာ မီးခိုးလုံးတွေ တက် လာတယ်။ တောင်ပေါ်ကနေ ကြည့်တော့ မြန်မာ စစ်တပ်တွေက မီးရှို့နေတယ်လို့ ပြောပါတယ်။ ကြက်၊ ဝက်တွေလည်း ယူတယ်လို့ ပြောတယ်။ တောင်ပေါ်ဆိုတော့ အိမ်ကြီး ရခိုင်တွေ မဟုတ်ပါဘူး။ သက်ကယ်မိုး ဓနိတွေနဲ့ပါ။ ဝါးထရံကာ အိမ်တွေပါ။ အဲဒီအမျိုးသမီး ပြောပြတာ တော်တော်ကို ရင်ထုမနာပါ။
ကျမတို့ နေစရာ မရှိတော့လို့ ဒီဘက်ကို ပြေးလာတယ်လို့ ပြောပါတယ်။ သူတို့ ကျောက်တော်နဲ့ ပလက်ဝကို သွားဖို့ ကြံ ပေမယ့် သေနတ်သံတွေ ကြားလို့ ဘင်္ဂလားဘက်ကို ပြေးလာတာလို့ ပြောပါတယ်။ လမ်းတဝက်မှာ AA ရဲဘော်တွေနဲ့ တွေ့ တာပါ။ လမ်းမှာ ပြောပြီး တနာရီလောက် သူတို့ လိုက်ကူညီပေးတယ်တဲ့။
ခင်ဗျားတို့ သွားမယ် ဆိုရင် ဒါက ဘင်္ဂလားကို သွားတဲ့ လမ်းဆိုပြီး လမ်းပြပေးတယ်တဲ့။ နယ်စပ်ရောက်မှ AA က လိုက်မရ တော့ဘူး။ ဘင်္ဂလား ပိုင်နက်နဲ့ ငါတို့လည်း တိုက်ပွဲတွေ ရှိနေတယ် ဆိုပြီး သူတို့ကို ဘယ်လိုလုပ်မလဲ ဆုံးဖြတ်ဆိုပြီး နယ် စပ်မှာ ထားတာ။ သူတို့ ပါလာတဲ့ ငါးခြောက်နဲ့ ဆန်တွေ နည်းနည်းပေးပြီး ပြန်သွားတယ်လို့ ပြောပါတယ်။
ချင်းဝန်ကြီးဟောင်း တဦး အင်တာဗျူးမှာ ကျနော်တို့ တွေ့တယ်။ AA က သေနတ်နဲ့ ပစ်ပြီး ကျောင်းသားတွေကို ယူလာ တယ် ဆိုတာ မဟုတ်ဘူး။ ကြေးမုံ သတင်းစာမှာ ပါတဲ့ အချက်အလက်တွေလည်း လုံးဝ မဟုတ်ဘူး ခင်ဗျ။ စဉ်းစားကြည့်ပါ ။ ဘယ်ရွာသား ဘယ်မြို့သားက ကိုယ့်ဒေသကို စွန့်ပြီး တခြား တနိုင်ငံကို ဘယ်လို သွားမလဲ။ ကိုယ့်အိမ်ကို ဘယ်သူမဆို ခင်တာပဲ။ AA က ယူလာပြီး ဘင်္ဂလားမှာ ထားတယ် ဆိုတာ မဟုတ်ဘူး ခင်ဗျ။
မေး ။ ။ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ရော မြန်မာ အစိုးရကို ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော်က လူ့အခွင့်အရေး ကော်မရှင်ကပါ။ ကျနော်တို့မှာ မြန်မာရယ် ကုလားရယ် မရှိဘူး။ လူဟာ လူ့အတွက်ပဲ ။ ဒုက္ခရောက်နေတဲ့ လူတွေကို ခင်ဗျားတို့ AA နဲ့ ဖိချတာ မပြောလိုဘူး။ ခင်ဗျားတို့ တိုင်းရင်းသားတွေ ဖြစ်နေတာ။ ဒီကြား ထဲမှာ စစ်တိုက်တာလည်း တိုက်ပေါ့။ ခင်ဗျားတို့ ဥပဒေနဲ့ မကိုက်တာ ဆက်လုပ်ပါ။
ဒီစစ်ဘေးရှောင် ဒုက္ခသည်တွေက ဘင်္ဂလား နိုင်ငံက ဖြစ်ဖြစ် UNHCR က ဖြစ်ဖြစ် ဘယ်က ဖြစ်ဖြစ် ကျနော်တို့ လူ့အခွင့် အရေးကပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေ ဖြစ်ဖြစ် ဒီအထဲကို ပေးဝင်ပါ။
နယ်စပ်လောက်ကို ရောက်နိုင်အောင် စားနပ် ရိက္ခာတွေ ကူညီနိုင်အောင်ပေါ့ ။ ရခိုင်မှာဆို ပရဟိတ အဖွဲ့တွေ ရှိပါတယ်။ သူတို့ လာကူညီလို့ ရအောင် လုပ်ပေးဖို့ လိုတယ်။
နောက် မီးမရှို့ဘူးလို့ စစ်တပ်က အကြီးအကဲတွေ ပြောတာ ရှိတယ်။ မြန်မာနိုင်ငံက သတင်းထောက်တွေကိုခေါ်ပြီး တကယ် ဖြစ်နေတဲ့ ရွာတွေကို ပြလိုက်ပါ။ ဒီ အပြစ်မရှိတဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ ကယ်ဆယ်ရေးတွေကို ကျနော်တို့က အလှူခံပြီး ပေးမှာပါ။ အာဏာရှိတဲ့ လူရော တော်လှန်နေတဲ့ လူရော ကျနော်တို့ကို ကူညီဖို့ အခွင့်အရေးလေးတော့ ပေး ပါလို့ ပြောချင်ပါတယ်။