မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုးရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ ထိုအထဲတွင် တိုင်းလိုင်-တိုင်းနိုင်း-တိုင်းလျဲန် (ခေါ်) ရှမ်းနီလူမျိုးများလည်း အပါအဝင်ဖြစ်သည်။
အဆိုပါ ရှမ်းနီလူမျိုးများသည် ရှေးယခင်က သီးခြား လွတ်လပ်သော လူမျိုးအဖြစ် နေထိုင်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးခဲ့သည့်တိုင် ရှမ်းနီလူမျိုး ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ်သည် အင်္ဂလိပ်တို့အား လက်နက်စွဲကိုင် တော်လှန် တိုက်ခိုက်ခဲ့သည်။
ထို့နောက် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို အပိုင်းများဖြင့် ခွဲခြား အုပ်ချုပ်ခဲ့ရာမှ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်နှင့် တပြိုင်တည်း ရှမ်းနီဒေသများသည် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်များသို့ သွပ်သွင်းခံခဲ့ရပြီး ယနေ့တိုင် ခွဲခြားထားသည်။
ထို့ကြောင့် ရှမ်းနီလူမျိုးများသည် မိမိတို့သည် သမိုင်းအစဉ်အလာအရ သီးခြား လွတ်လပ်သော လူမျိုးများ ဖြစ်သည့်တိုင် ရှမ်းနီပြည်နယ်ကို ပိုင်ဆိုင်သင့်ကြောင်းနှင့် မိမိတို့ ရှမ်းနီဒေသများကို တိုင်းဒေသကြီးနှင့် ပြည်နယ် များ အတွင်းသို့ ခွဲ၍ ထည့်သွင်း အုပ်ချုပ်ခံနေရသည့်အပေါ် ပြန်လည် ပြုပြင်ရန် ကြိုးစားရန် ဆုံးဖြတ်လာခဲ့ကြသည်။
ယင်းသို့ ကြိုးပမ်းလာသည့်အထဲတွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) အပါအဝင်ဖြစ်သည်။ SNA သည် ယင်းရည်ရွယ်ချက်ကိုလည်း ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုထားသည့် အဖွဲ့လည်း ဖြစ်သည်။
ရှမ်းနီတိုင်းရင်းသားများအတွက် ရည်ရွယ်၍ ဖွဲ့စည်း ထူထောင်ထားသည့် SNA သည် ရှမ်းနီပြည်နယ် ရရှိရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး တန်းတူ ညီမျှမှု ရရှိရေး ကြိုးပမ်းနေလျှက် ရှိသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ SNA မှ ဗဟိုကော်မတီဝင်လည်းဖြစ် တပ်မဟာ ၈၉၁ ၏ တပ်မဟာမှူးလည်း ဖြစ်သူ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်း ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက သီးသန့် တွေ့ဆုံ မေးမြန်းထားသည်။
မေး ။ ။ အခု ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ဘယ်အချိန်က ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်း ထူထောင်ခဲ့တာလဲဆိုတာ အရင်ဆုံးရှင်းပြပေးပါ။
ဖြေ ။ ။ ကျနော်တို့ ၁၉၈၉ ခုနှစ်ကနေပြီးတော့ ဖွဲ့စည်းခဲ့တယ်၊ ဒါကတော့ အခုနောက်ပိုင်းမှ ပြန်လည် ဖွဲ့စည်းတဲ့ သဘောမျိုး ပေါ့၊ စတင်ပြီးတော့ ဖွဲ့စည်းခဲ့တာကတော့ ၁၉၇၇ ခုနှစ်လောက်ကတည်းက ကျနော်တို့ ရှမ်းနီ မျိုးချစ် ပုဂ္ဂိုလ်တွေထဲကနေ စတင်ပြီးတော့မှ တည်ဆောက်ခဲ့တယ်။ အဲဒီ ပုဂ္ဂိုလ်တွေလည်း ပါတယ်၊ အခု ၁၉၈၉ ခုနှစ်မှာ ကျနော်တို့ အနေနဲ့ တရားဝင် ပြန်ပြီးတော့မှ ဖွဲ့စည်းခဲ့တယ်၊ ဒါပေမယ့် လှုပ်ရှားမှုကတော့ အခု နောက်ပိုင်းမှာ ပိုပြီးတော့ များလာခဲ့တယ်။
ရည်ရွယ်ချက်အနေနဲ့ ပြောရရင် ကျနော်တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ပြန်လည် ဖြေရှင်းချင် လို့ပဲ ဒီအဖွဲ့ အစည်းကို ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ကျနော်တို့ ရှမ်းနီအမျိုးသားတွေက ခေတ် အဆက်ဆက်ကတည်းက ကချင်ရဲ့လက်အောက် စသဖြင့် တခြား တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှတဲ့ အခွင့် အရေးတွေ မရခဲ့တဲ့အခါကျတော့ ဒါတွေကို ရချင်လို့။
ပြောရလို့ရှိရင် ကျနော်တို့က လူမျိုး တမျိုးပဲ ရှမ်းပြည်ထဲမှာ ကျနော်တို့က မပါပေမယ့် ရှမ်း၊ ရှမ်းနီလူမျိုးဖြစ် တယ်။ ဒါပေမယ့်လို့ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ကျနော်တို့တွေကို ကချင် ပြည်နယ်ရယ်၊ စစ်ကိုင်းတိုင်းရယ် ဆိုပြီးတော့မှ ခွဲခြားလိုက်တယ်။ ခွဲခြားလိုက်တဲ့အထဲမှာ ကျနော်တို့ ပါသွား တယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲမှာ ကျနော်တို့ ပါသွားတယ်။ ပါသွားခဲ့တော့ ကျနော်တို့က တစုတစည်းထဲ ပုံစံမျိုး မရှိတော့ဘဲနဲ့ ပြောရလို့ရှိရင်တော့ ကချင်က ပြောရင်တော့ ဗမာလက်အောက်ခံလို့ ပြောတယ်၊ မြန်မာအစိုးရတပ်တွေက ပြောလို့ရှိရင် ကချင်ရဲ့ သတင်းပေးတွေလို့ ပြောတယ်။ အဲလို အနေအထားမျိုးတွေ ဖြစ်နေတဲ့ အခါကျတော့ ဒါကို ကျနော်တို့ ကိုယ့်ရှမ်းနီအမျိုးသား သီးသန့် ရှိပါတယ် ဆိုတာကို ပြချင်လို့ ကျနော်တို့ အနေနဲ့ ကိုယ့်ရှမ်းနီအမျိုးသားထုတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိအောင် လုပ်ကိုင်ဆောင်ရွက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဖွဲ့စည်းခဲ့တာပါ။
မေး ။ ။ အခု SNA က မူ ၅ ရပ် ချထားတယ်လို့ သိရတယ်၊ အဲဒီ မူတွေက ဘာတွေလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ နံပါတ် ၁ က ရှမ်းနီပြည်နယ်ရရှိရေး၊ နံပါတ် ၂ ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပော်ထွန်းရေး၊ နံပါတ် ၃ က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နံပါတ် ၄ မြန်မာပြည် မြောက်ပိုင်းဒေသတွင်းမှာ ရှိတဲ့ ပြည်သူလူထုများ အားလုံး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး၊ နံပါတ် ၅ ကတော့ ရှမ်းမျိုးနွယ်စုများ အားလုံး စည်းလုံး ညီညွတ်ရေး၊ ဒီမူ ၅ ချက်နဲ့အညီ ကျနော်တို့တွေ ရှေ့ဆက်သွားဖို့ ချမှတ်ခဲ့ပါတယ်။
မေး ။ ။ ရှမ်းနီပြည်နယ် ရရှိရေးပေါ့နော်၊ အဲဒီ ရှမ်းနီပြည်နယ်ရရှိရေးအတွက် ရှမ်းနီတွေရဲ့ အစဉ်အလာအရ ဘယ်လိုရှိခဲ့လို့ ဒီလို ပြည်နယ်ကို တောင်းရတာလဲ။ ပြီးတော့ ရှမ်းနီပြည်နယ် တောင်းတဲ့အခါမှာ အခု စစ်ကိုင်း တိုင်းနဲ့ ကချင်ပြည်နယ် ၂ ခုထဲမှာ ပါသွားတဲ့ အခါကျတော့ ဘယ်လို ပုံစံမျိုးနဲ့ ဆောင်ရွက်မှာလဲ။ လွယ်လင့်တကူတော့ ရရှိမယ် မထင်ဘူးပေါ့နော်။
ဖြေ ။ ။ ဟုတ်ကဲ့ ပြည်နယ်တခု ရရှိဖို့ဆိုရင်တော့ တော်တော်လေးတော့ ခဲယဉ်းပါတယ်၊ ဒါပေမယ့် ကျနော်တို့ အနေနဲ့ ပြန်ကြည့် ရမှာက ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွေမှာ ပါထားပြီးသား ဖြစ်တယ်။ ၁၉၇၄ စသည်အားဖြင့် ဒီအစိုးရ အဆက်ဆက် ချမှတ်ခဲ့တဲ့ အခြေခံဥပဒေတွေကို ပြန်ကြည့်ခြင်းအားဖြင့် ကျနော် တို့ ရှမ်းနီတွေက တစုတဝေးထဲ အတူတကွ နေထိုင်ကြတာ ဖြစ်တယ်၊ နယ်မြေ တစပ် တစပ်တည်းဖြစ်တယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဆိုရင် နယ်မြေ တစပ် တစပ်တည်းဖြစ်တယ်။
ပြောရလို့ရှိရင် ပြည်နယ် တပြည်နယ် သတ်မှတ်နိုင်တဲ့ အချက် ၇ ချက်ရှိတယ်၊ အဲဒီ ၇ ချက်နဲ့ အညီ ကျနော် တို့ ရှမ်းနီတွေက ပြည့်စုံနေပြီးသား ကျနော်တို့ ရှမ်းနီတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ အဆင့်ထက်ကို ကျော်တယ်။ ဒါကြောင့် ပြည်နယ်ရရှိရေးကို ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်။
မေး ။ ။ ရှမ်းနီဒေသတွေကို လွှမ်းခြုံကြည့်လိုက်လို့ရှိရင် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်ဆိုပြီး ကွဲသွားတယ်။ အဲတော့ ဒီဟာတွေကို စုစည်းဖို့ဆိုရင် ဘယ်လို ပုံစံမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ရှိလဲ။ ဘယ်သူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်မလဲ။
ဖြေ ။ ။ အခုချိန်မှာတော့ ကျနော်တို့ ကိုယ့်တိုင်းရင်းသားတွေ အားလုံးကို ကျနော်တို့ ရှမ်းနီမျိုးနွယ်စုတွေ အကုန်လုံးကို ကျနော်တို့ အနေနဲ့ စည်းရုံးသွားမယ်၊ စည်းရုံးတဲ့ နေရာမှာ ဘာသာစကား ကွဲလွဲမှုကလည်း အဓိက မဟုတ်ဘူး၊ စာပေ မတူညီမှု ကလည်း အဓိကမဟုတ်ဘူး၊ ဝတ်စား ဆင်ယင်မှုကလည်း အဓိကမဟုတ်ဘူး၊ နောက်တခု ဗုံတို- ဗုံရှည်ဆိုတာလည်း အဓိကမဟုတ်ဘူး။
ကျနော်တို့ ပြောချင်တာက အမျိုးသားရေး၊ အမျိုးသားရေးကိုပဲ အဓိကထားပြီး ပြောမယ်၊ ကချင်ပြည်နယ်မှာပဲ ရှိနေပါစေ၊ စစ်ကိုင်းတိုင်းမှာပဲ ရှိပါစေ၊ ရှမ်းနီဆိုတဲ့ အမျိုးသားရေးကို ကိုင်ဆွဲပြီးမှပဲ ကျနေ်ာတို့ ညီညွတ်ရေးကို တည်ဆောက်မှာ။ အဲဒါအပြင် တခြား ဒေသက ရှမ်းတွေကိုလည်းပဲ ကျနော်တို့နဲ့ ညီညွတ်ရေးရအောင် တည်ဆောက်သွားမယ်။
မေး ။ ။ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လမ်းကြောင်းထဲကို ပါချင်တယ်လို့ သိရတယ်။ အခု NCA လမ်းကြောင်းထဲကို ပါဝင်နိုင်ရေး အတွက် ဘယ်လို ကြိုးပမ်း ဆောင်ရွက်မှုတွေ ရှိနေလဲ၊ အစိုးရဘက်ကရော ဘာတွေ တုံ့ပြန်မှုတွေ ရှိလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်ပြောနိုင်သလောက်ကတော့ NCA ဘောင်ထဲကို ဝင်သွားဖို့အတွက် ကျနော်တို့ အနေနဲ့ ကြိုးစားနေပါတယ်။ ဘာကြောင့်လဲဆိုရင် NCA ဘောင်ထဲ ဝင်သွားမှ ရှမ်းနီအမျိုးသားရေးကို ပိုမို ဆောင်ရွက်နိုင်မယ်။ ကျနော်တို့ ရှမ်းနီအမျိုးသားများ တပ်မတော် ဖြစ်လာတာကိုက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းချင်လို့ ဖြစ်လာတာ။
ဒီနိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းအရပဲ ကျနော်တို့ ဖြေရှင်းချင်တယ်။ ပြောရလို့ရှိရင် လက်နက်ကိုင်ပြီး တော့မှ ဖြေရှင်းရတာ မကြိုက်တော့ မကြိုက်ဘူး၊ ဒါပေမယ့် မတက်နိုင်တဲ့အဆုံး ကျနော်တို့ လုပ်ရတာ၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းအရ ဖြေရှင်းတဲ့ နေရာမှာ နည်းလမ်းပေါင်းစုံနဲ့ သွားနေကြတယ်ဆိုပေမယ့် ကျနော်တို့ နည်းလမ်းအရသွားတယ်။ NCA ကို လက်မှတ်ရေးထိုးဖို့ကိုလည်း ကျနော်တို့အနေနဲ့ မျှော်လင့် တယ်။ အစိုးရနဲ့လည်း ကျနော်တို့ ညှိနှိုင်းဆွေးနွေးမှုကို လုပ်နေတယ်။
ဒါပေမယ့်လို့ ဘယ်လောက်အထိ အတိုင်းအတာ ရောက်သွားပြီးလည်းဆိုတာကို ကျနော်တို့ အနေနဲ့ အခု ချိန်မှာ ပြောဖို့ နည်းနည်း စောပါသေးတယ်။ ကျနော်တို့ အနေနဲ့ပြောပြနိုင်တဲ့ အဆင့်ကတော့ အဆင်ပြေတယ် ဆိုတဲ့ အဆင့်လောက်တော့ ကျနော်တို့ ပြောလို့ရပါတယ်။
မေး ။ ။ NCA ဆိုတာက တနိုင်ငံလုံး လွှမ်းခြုံတဲ့ဟာဆိုတော့ လက်နက်ကိုင်အားလုံး ပါသင့် ပါထိုက် တယ်ပေါ့။ အဲတော့ SNA ကရော ကိုယ့်ကိုယ်ကိုယ် ပါသင့် ပါထိုက်တယ်လို့ ယုံကြည်လား။
ဖြေ ။ ။ ယုံကြည်တာပေါ့။ ယုံကြည်ပါတယ်၊ ကျနော်တို့ SNA အနေနဲ့ ပါကို ပါရမယ်။ မပါလို့ မရဘူး ဘာကြောင့်လဲ ဆိုလို့ရှိရင် ကျနော်တို့ ရှမ်းနီပြည်နယ် အဆင့်မရောက်သေးရင် လက်ရှိ ရှမ်းနီတွေ နေထားတဲ့ ဒေသက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း။ ဒီဒေသကြီး တခုလုံး မငြိမ်ချမ်းဘဲနဲ့ မြန်မာပြည် ငြိမ်းချမ်းမလား၊ ဒီတော့ ကျနော်တို့က ပါသင့်တယ်။
မေး ။ ။ အခု တချို့က ပြောနေကြတယ် SNA ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ထောက်ပံ့တယ်လို့ စွပ်စွဲကြတယ်၊ ပြီးတော့ တပ်မတော်ကလည်း ထောက်ပံ့တယ်လို့ ပြောကြပြန်တယ်၊ စစ် လက်နက်တွေကလည်း သူတို့ဘက်ကနေ ရတယ်လို့လည်း ပြောကြတယ်ပေါ့။ အဲတော့ SNA က ဘယ်လို ပုံစံ မျိုးနဲ့ ထူထောင်ခဲ့တာလဲ။ ဘယ်သူ့ရဲ့ ထောက်ပံ့မှုတွေနဲ့ ရပ်တည်နေတာလဲ။
ဖြေ ။ ။ ကျနော်တို့ သီးခြား လွတ်လပ်စွာ ဖွဲ့စည်း တည်ဆောက်ခဲ့တာပါ၊ ဘယ်သူ့ အထောက်အပံ့မှ မရှိဘူး၊ တပ်မတော်ရဲ့ အထောက်အပံ့ဆိုတာလည်း မရှိပါဘူး၊ RCSS ရဲ့ အထောက်အပံ့ဆိုတာလည်း မရှိပါဘူး။ ကျနော်တို့က သီးခြား ရပ်တည်ပြီး ကိုယ့်ဟာနဲ့ကိုယ် ရပ်တည်ပြီးတော့မှ တည်ဆောက်ခဲ့တာပါ၊ ဘယ်လို ပုံစံမျိုးနဲ့ ရခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ပြောလို့မရပါဘူး။ ဟုတ်တယ် မလား။
မေး ။ ။ SNA ရဲ့ ပန်းတိုင်က ဘာဖြစ်မလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ ပန်းတိုင်အနေနဲ့ ပြောရလို့ရှိရင် ကျနော်တို့ လက်ရှိ သွားနေတဲ့ လမ်းကြောင်းက ရှမ်းနီမျိုးနွယ်စုတွေ အားလုံးနဲ့ ရှမ်းနီဒေသအတွင်းမှာ ရှိနေတဲ့ ရှမ်းမျိုးနွယ်စု အားလုံး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခုနက ပြောတဲ့ မူ ၅ ချက်ထဲမှာ အကုန်ပါတယ်။ ဒီဟာကို နံပါတ် ၁ ကျနော်တို့ လုပ်ပြီးတဲ့အခါကျမှ နောက် ဆုံး အဆင့်မှာ ဒီ မူ ၅ ချက်ထဲကပဲ ပြည်နယ် ရရှိရေးဆိုတာ ကျနော်တို့ တရားဝင် တောင်းဆိုမယ်။ ဒါကလည်း နိုင်ငံရဲ့အရ ဖြစ်တည်လာတဲ့ ပြဿနာပါ ကျနော်တို့က ရှမ်းနီပြည်နယ် အနေနဲ့ ရသင့် ရထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်၊ လူမျိုးတွေဖြစ်နေတယ်။
ယခင်က ကျနော်တို့ မတောင်းခဲ့ဘူး။ မတောင်းခဲ့ဘူးဆိုတာ ပြောရလို့ရှိရင် အရှည်ကြီးရယ် ဖဆပလ ခေတ်ကတည်းက ကျနော်တို့တွေက ထိထိရောက်ရောက် မတောင်းခဲ့ဘူး။ လုပ်တော့ လှုပ်ရှားနေတယ်၊ ပြောခဲ့ကြတယ်။ အစိုးရ အဆက်ဆက် ပြောခဲ့ကြပေမယ့် ယနေ့အချိန်ထိကို ကျနော်တို့ကို ဗမာစာရင်းသွင်းထားတယ်၊ ဗမာ လက်အောက်ခံ ဆိုပြီးတော့မှ သွင်းထားတော့ ကျနော်တို့က ဒါကို သိစေချင်လို့ ဒီဟာကို ကျနော်တို့ရ အောင် တည်ဆောက်မယ်၊ တည်ဆောက်ပြီးတော့မှ ကိုယ့်ပန်းတိုင်ကို ရောက်အောင်သွားမယ်။
ရှမ်းနီပြည်နယ်ရရှိရေး ရှမ်းနီတွေအကုန်လုံးက တခြားသော တိုင်းရင်းသားတွေနဲ့ ပြောရလို့ရှိရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ မူ၊ စနစ် တခု ပေါ်ထွန်းလာအောင် ကျနော်တို့ တည်ဆောက်မယ်။ ဒါတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စု စနစ် ဒီစနစ်ကို ရရှိသည်အထိ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားမယ်။
မေး ။ ။ ရှမ်းနီပြည်နယ် ရရှိရေးဆိုတဲ့ နေရာမှာ ခုနပြောသလို ရှမ်းနီဒေသတွေက စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ်ထဲ ပါသွားတယ် ဆိုတော့ ဒီဟာကို စုစည်းနိုင်ဖို့ဆိုရင် အဲဒေသက လူတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့လိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ကြိုးပမ်းသွားဖို့ရှိသလဲ။
ဖြေ ။ ။ ဒီလိုရှိတယ် ကျနော်တို့က ကချင်ထဲမှာ ကချင်ပြည်နယ်လို့ ပြောရမှာပေါ့နော်။ မသက်သာတဲ့အဆုံး ပြောရတာပါ။ ကချင်ပြည်နယ်ထဲမှာ တပိုင်းပါနေတယ်၊ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ တပိုင်းပါနေတယ်။ ဒီတော့ အဲဒီ တိုင်းဒေသကြီးနဲ့ ပြည်နယ် ထဲမှာရှိနေတဲ့ တခြားသော လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အဆင်ပြေနိုင်မှု ရှိမလား မရှိဘူးလားဆိုတာကို မေးတယ်လို့တော့ ကျနော်က မြင်ပါတယ်။
ဒီတော့ သူတို့နဲ့ကလည်းပဲ ကျနော်တို့ အတက်နိုင်ဆုံး ညှိနှိုင်းသွားမယ်၊ အတက်နိုင်ဆုံး ညှိနှိုင်းသွားမယ်ဆိုတာ က သူတို့ ပြောရလို့ရှိရင် ကချင်ပြည်နယ်လို့ သတ်မှတ်လိုက်တာနဲ့ ကချင်တွေပဲ ပိုင်တာမဟုတ်ပါဘူး၊ ကျနော်တို့ ရှမ်းတွေက ပြည်နယ်ရဲ့ တဝက်နီးပါး ယူထားပြီးသား၊ တဝက်ကျော်ကျော်က ကျနေ်ာတို့ ရှမ်းနီတွေက ရှိထားပြီးသား။ အဲဒီမှာ ကချင်က လာပြီး အုပ်ချုပ်နေတယ် ဆိုရင် ဒီ ၂ ခု မျှတမှု ရှိအောင်၊ တဖက်နဲ့တဖက် ပဋိပက္ခနည်းသွားအောင် ကျနော်တို့ အနေနဲ့ ကြိုးစားသွားမယ် ဒါက နိုင်ငံရေး နည်းအရ ဖြေရှင်းတာ။ အကယ် ၍ သူတို့ဖက်က လက်မခံဘူးဆိုရင်တော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်၊ တုတ်တုတ်ချင်း ဓါးဓါးချင်း၊ လှံလှံ ချင်း ကျနော်တို့ ပြန်လုပ်ရမှာပဲ။
ဒါကတော့ ကျနော်တို့ ပြည်နယ် တည်ဆောက်တဲ့အခါမှာ လိုအပ်လာရင် ကျနေ်ာတို့ လုပ်ရမယ့် ကိစ္စတွေပါ။
မေး ။ ။ ဟိုတလောက လွတ်လပ်သော ကချင်နိုင်ငံ ထူထောင်မယ်ဆိုပြီးတော့ ပြည်ပရောက် ကချင်လူမျိုး စုတွေက ကြေညာချက် ထုတ်ခဲ့တယ်ပေါ့နော်။ အဲဒီတဆက်တည်းမှာပဲ SNA က လိုအပ်ရင် ကချင်ပြည်နယ်ထဲ က ခွဲထွက်မယ် ဆိုတဲ့ဟာမျိုးတွေ ထုတ်ပြန်လာတယ်၊ အဲဒါ ဘယ်လို အခြေအနေကြောင့် ဒီလိုမျိုး ထုတ်ပြန်မှု တွေ ရှိလာရတာလဲ။
ဖြေ ။ ။ ပြောရလို့ရှိရင်တော့ ကချင်က ကချင်ပြည်နယ်လို့ ပြောလို့ရှိရင် ကချင်တွေပဲ ကြီးစိုးနေတယ်ဆိုတာကို ဖြစ်နေတယ်၊ ပြီးတော့ ရှမ်းနီတွေက ကချင်ပြည်နယ်ထဲမှာ ရောက်နေတယ်ဆိုတာ တခြား တခြားသော တိုင်းရင်းသား လူမျိုးစုတွေနဲ့ တခြားဒေသတွေက မြန်မာနိုင်ငံမှာ မှီတည် နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေနဲ့ တခြားသော ဒေသတွေမှာ မှီတည် နေထိုင်နေကြတဲ့ လူတွေက မသိကြဘူး။ မသိတော့ ကချင်ပြည်နယ်လို့ ပြောလိုက်တာနဲ့ ကချင်တွေကြီးပဲလို့ ထင်နေကြတယ်။
အဲမှာ ကျနော်တို့က ရှမ်းနီရှိပါတယ်၊ ရှမ်းနီတွေက တဝက်လောက် နေထားပါတယ်ဆိုတာ ပြချင်တယ်၊ နောက် တခုက သူတို့ အနေနဲ့ ပြောရလို့ရှိရင် ခွဲထွက်မယ်ဆိုရင် ကျနော်တို့က ပါသွားတော့မယ်၊ ဘယ်လိုလုပ် ကျနော်တို့ က လိုက်သွားမလဲ၊ လူမျိုးချင်းလည်း မတူဘူး၊ ပြောရရင် ပြောလို့တော့ မကောင်းဘူး၊ ဘာသာရေးပါသွားမယ်၊ ဘာသာ အယူအဆချင်းလည်း မတူဘူး။
နောက်တခုက ဓလေ့စရိုက်ချင်းလည်း မတူဘူး၊ စိတ်နေ စိတ်ထားချင်း လည်း မတူဘူး၊ ဒီတော့ သူတို့ အနေနဲ့ သူတို့ဘာသာ သူတို့ လွတ်လပ်တဲ့ သီးခြား ပြည်နယ်ထူထောင်ချင်တယ် ဆိုလို့ရှိရင် ကျနော်တို့ ရှမ်းနီဒေသတွေကို ကျန်ထားခဲ့ပါ။ တောင်ပေါ်ဒေသတွေ အကုန်လုံး သူတို့ဘာသာ သူတို့ ကြိုက်သလို ထူထောင်လို့ရတယ်၊ ရှမ်းနီဒေသတွေ ပါနေသရွေ့ကာလပတ်လုံး ကျနော်တို့ လုံးဝ လက်မခံပါဘူး၊ အဲဒါကိုတော့ တိုက်ဖျက်သွားမှာပါ။
မေး ။ ။ ရှမ်းနီလူမျိုးတွေက လွတ်လပ်တဲ့ လူမျိုး တမျိုးအနေနဲ့ သီးခြား နေထိုင်ခဲ့တယ်ဆိုတဲ့ သမိုင်းတွေ ကြားခဲ့ရတယ်၊ ဘယ်လို လွတ်လပ်စွာ သီးခြားနေခဲ့တာလဲ ရှမ်းနီတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာက ဘာ တွေလဲ။
ဖြေ ။ ။ အဲဒါတွေကိုကျတော့ ကျနော်တို့ ပြောရလို့ရှိရင် သမိုင်းကြောင်းနဲ့ချီပြီး ပြောရလိမ့်မယ်။ ရှမ်းနီတွေ ရဲ့ ရိုးရာ ယဉ်ကျေးမှုဆိုတဲ့ဟာတွေက သမိုင်းနဲ့ချီပြီးပြောရမယ်ဆိုတော့ နည်းနည်းတော့ ရှည်သွားလိမ့်မယ်၊ ကျနော် အတိုချုပ်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ ရှမ်းနီအနေနဲ့ပေါ့နော်။ ရှေးယခင် နှစ်ပေါင်း ၃၀၀၀ လောက် ကတည်းက ကျနော်တို့က ဒီနယ်မြေကို စတင်ပြီးတော့ ဝင်ရောက် အခြေချ နေထိုင်ခဲ့တယ်။
အဲဒါကလည်း တရုတ်ပြည်၊ နန်းချောင်ဘက်ကနေ ဆင်းလာပြီးတော့မှ ဒီမှာ နေထိုင်ခဲ့တယ်ဆိုတာလည်း မှတ်တမ်း မှတ်ရာတွေ အများကြီးရှိပါတယ်။ ဒီသဘော တရားအရ ကျနော်တို့ဟာ ဌာနေတိုင်းရင်းသားတွေ ဖြစ်တယ်၊ တခြားသော တိုင်းရင်းသားတွေလည်း ဒီလို ဝင်ရောက်ခဲ့တာမျိုး ရှိကောင်း ရှိနိုင်တယ်၊ ဒါပေမယ်လို့ အဲဒါကို ကျနော်တို့ လက်တွဲပြီးတော့မှ နေထိုင်တယ်။ တယောက်နဲ့ တယောက် အနိုင်ကျင့်တာမျိုး ဘယ်လို ပြောရမလဲ အနိုင် ကျင့်ပြီးတော့မှ ပြောရလို့ရှိရင်တော့ လူ့အခွင့်အရေး ပိုင်ဆိုင်ရာနဲ့ ပတ်သက်တာပေါ့။
လူ့အခွင့် အရေး ပိုင်ဆိုင်ရာ ချိုးဖောက်ခံနေရလို့ရှိရင်တော့ ဘယ်လူမျိုးစုမှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်၊ ဒီတော့ ကျနော်တို့ လည်းပဲ ဒီလူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့အညီ ရသင့်တယ်၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတဲ့ အခါကျတော့ ကျနော်တို့ မခံနိုင်ဘူး။ သမိုင်းကြောင်းကို ပြောရရင် ရှည်သွားလိမ့်မယ်။