တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည်မှာ ၃ နှစ်ကျော်ပြီ ဖြစ်သော်လည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲတွင် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ (၅) တို့မှာ ပစ်ခတ်မှုများ၊ တင်းမာမှုများ ရှိနေဆဲဖြစ်သည်။
ဖာပွန်ခရိုင်တွင်း KNLA ထိန်းချုပ်သည့် နယ်မြေများတွင် ဝင်ရောက် လမ်းဖောက်သည်ဟူသည့် အကြောင်းပြ ချက်ဖြင့် ၂၀၁၈ ခုနှစ်၊ တပ်မတော်နှင့် KNLA တပ်မဟာ (၅) တို့သည် ၂၀၁၈ ခုနှစ်၊ မတ်လ ပထမပတ်မှစ၍ တိုက်ပွဲများ ၊ တင်းမာမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖာပွန်ခရိုင်၊ ဘော်စဲခို-လယ်မူပလော- ယွန်းစလင်းလမ်း တို့ကို စက်ယန္တရားများဖြင့် ရှင်းလင်းဖောက်လုပ်နေသဖြင့် ပြန်လည်ပစ်ခတ်ကြပြီး နှစ်ဖက်တင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။
တပ်မတော်နှင့် KNLA တပ်မဟာ (၅) အကြား ညှိနှိုင်းမှုများ မပြေလည်သေးသဖြင့် KNLA ၏ နိုင်ငံရေးလက်တံ ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ တတ်ရမည့် အစည်းအဝေးများ အားလုံးတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည်ဟု ကြေငြာထားသည်။
လက်ရှိတွင် တပ်မတော်၊ စစ်ကြောင်းများက ဖာပွန်ခရိုင်တွင်း ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် စစ်သား အင်အားများ အသုံးပြုကာ သွားလာနေသဖြင့် တိုက်ပွဲများ ဖြစ်လာပြီး ပြေးရမည်ကို ဒေသခံများက စိုးရိမ် နေသည်ဟု ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) က ကြေညာချက်တစောင်ထုတ်ပြန်ထားသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သတ်၍ တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မျိုးအောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်း ထားသည်။
မေး။ ။ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ထဲမှာ ဒီရက်ပိုင်း KNLA တပ်မဟာ ၅ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိသေးလား။ ဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ။ ။ ဒီလပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ရှိလားဆိုတော့ ရှိတယ်လို့ပဲ ပြောရပါမယ်။ ဒီဘက်ခြမ်းမှာက လူသောမြို့နယ် တော့ မဟုတ်ဘူး။ လူသောမြို့နယ်ရဲ့ အောက်ဘက်၊ တောင်ဘက်ခြမ်းမှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေရှိပါတယ်။ လူသောမြို့နယ်နဲ့ ဆိုရင်တော့ ၁၀ မိုင် နီးပါးလောက် ဝေးမယ် ထင်တယ်။ ၁၀ မိုင်ကျော်ကျော်အောက်မှာ ရှိပါတယ်။ အဲ့မှာ ကျနော်တို့ တပ်စခန်းတွေ ရှိပါတယ်။
တပ်စခန်း တွေမှာ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေလည်း ရှိတယ်။ တကြောင်းထိုးလမ်းတွေပေါ့။ အဲ့လမ်းကြောင်း တွေက ဘာ့ကြောင့် ရှိလည်းဆိုတော့ အဲ့မှာ နေထိုင်တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကို ရိက္ခာတွေ ပို့ပေးရတယ်။ သူတို့စားဖို့ ရိက္ခာတွေ ပုံပေးရတာ ရှိပါတယ်။ ရိက္ခာပုံတဲ့ လုပ်ငန်းကိုလည်း ဒီရာသီပဲ လုပ်လို့ ရပါတယ်။ မိုးမှာလည်း လုပ်လို့ မရဘူး။ ဆောင်းမှာလည်း လုပ်လို့ မရဘူး။ ဒီရာသီမှာတော့ စုပုံတာ ရှိပါတယ်။
အဲ့လို စုပုံတာကို သူတို့ အနေနဲ့ ကန့်သတ်နယ်မြေဖြစ်တယ် မပုံပါနဲ့ ဆိုတဲ့ သဘောနဲ့ လမ်းပေါ်မှာ မိုင်းထောင်တာ ရှိတယ်။ ကျနော်တို့ ရိက္ခာယာဉ်တန်းတွေ သွားတာ ရှိရင် လာပြီး ချောင်းပစ်တာတွေ ရှိတယ်။ လုံခြုံရေး တာဝန်ယူနေရတဲ့ စစ်သည်တွေကို ချောင်းမြောင်းတိုက်ခိုက်တာတွေ ရှိပါတယ်။ အဲ့လို အခြေအနေတွေ ရှိပါတယ်။
မေး။ ။ မနေ့က ကရင်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်တဲ့ထဲမှာ တပ်မတော်က ဇန်နဝါရီလထဲမှာပဲ လူသောမြို့နယ် ထဲက လူနေရွာတွေနားကို လက်နက်ကြီး အလုံး ၁၃၀ လောက် ပစ်ခတ်တယ်လို့ ဆိုထားတယ်။ တပ်မတော် ဘက်က ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ပစ်တယ်ဆိုတာ သူတို့ ဘာအထောက်အထားနဲ့ ပြောတာလဲ။ ကျနော်တို့ လမ်းကြောင်းနဲ့ ကျနော်တို့ တပ်တွေကတော့ နယ်မြေမှာ သူတို့ ရွာတွေ အတွင်းပိုင်းတွေကို သွားတာတော့ မရှိဘူး။ ကျနော်တို့ စစ်သည်တွေကတော့ စခန်းတွေ ရှိတယ်။ အခု ရိက္ခာပုံဖို့ ပြင်နေတယ်။ အဲ့တာကို လာပြီးတော့ ချောင်းမြောင်းတိုက်ခိုက် ပစ်ခတ်ရင်တော့ ပြန်ပြီး တုန့်ပြန်တာ ရှိတယ်။ အဲ့နားမှာ တုန့်ပြန်တဲ့ အချိန်မှာ ပစ်ခတ်မှု ရှိတယ်။ ရွာတွေကို ပစ်တယ်ဆိုတာတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီနားမှာလည်း ရွာဆိုတာ မရှိပါဘူး။ ရွာတွေဆိုတာ မရှိဘူးဆိုတဲ့ အတိုင်းပဲ။ သူတို့က ရွာဆိုတာ ဘယ်လို ဆိုလိုတာလဲ။ တခုတော့ ရှိတာ ကျနော်တို့ရဲ့ လမ်းကြောင်း ဘေးဘယ်ညာမှာ လာပစ်တဲ့ နေရာမှာ တောင်ယာတဲတို့ တောင်ယာတွေ ရှိတယ်။ တဲလေးတွေ ၃ လုံး ၄ လုံးတော့ ရှိပါတယ်။ ဒီလိုလေးတွေတော့ ရှိပါတယ်။
ပစ်ကြခတ်ကြပြီဆိုရင်လည်း သိတဲ့ အတိုင်း ပစ်တဲ့ နေရာကို ပြန်ပစ်ကြတာပါပဲ။ သူလည်း ကိုယ့်ကို ပစ်တာ ကိုယ်လည်း သူ့ကို ပစ်တာ ဖြစ်တဲ့အတွက် ပစ်တာ ရှိပါတယ်။ အဲ့ပေါ်မှာ မူတည်ပြီးတော့ ရွာတွေကိုပစ်တယ် ဆိုတဲ့ စွဲချက်ကတော့ လုပ်ကြံပြီး ပြောတယ်လို့ပဲ ပြောလို့ ရပါတယ်။
မေး။ ။ KHRG ထုတ်ပြန်ချက်မှာ အဓိက ပြောထားတာက တပ်မတော်ဘက်က ငြိမ်းချမ်းရေး ပျက်စီးအောင် လုပ်နေတယ်။ အရပ်သားတွေကို ဒုက္ခပေးတာက အပစ်ရပ်စာချုပ်ရဲ့ လိုက်နာရမယ့် စည်းကမ်းတွေ (Code of conduct) ကို ချိုးဖောက်တယ်လို့ ဆိုထားတယ်။ ဒီအပေါ်မှာရော ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ။ ။ ပထမဆုံးတချက်ပြောရမယ်ဆိုရင် ရွာသားတွေကို ဒုက္ခပေးတယ်ဆိုတာ ကျနော်တို့က ပြည်သူကို ကာကွယ်တဲ့ တပ်ပဲ။ ဒီရွာသားကို ဒုက္ခပေးတယ်ဆိုတာတော့ ကျနော်တို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်။ NCA ကို ကျနော်တို့ ချိုးဖောက်တယ်ဆိုတာ မရှိဘူး။ ဒီလိုသာ ပြောကြကြေးဆို NCA ကို ချိုးဖောက်တာ သူတို့ အဖွဲ့တွေပဲလို့ ဒီလိုပဲ ပြန်ပြောခွင့်ရှိပါတယ်။
မေး။ ။ NCA ထိုးပြီးနောက်ပိုင်း ပြန်ပစ်ခတ်ကြတာတွေကို ညှိနှိုင်းတာ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့က ညှိနှိုင်းစာတွေ အကြောင်းပြန်ထားတယ်။ ကျနော်တို့က ညှိနှိုင်းချင်တယ်။ ဆွေးနွေးချင်တယ်။ သူတို့ကိုလည်း ကျနော်တို့က ဒီလိုပဲ ဆန္ဒ ရှိပါတယ်။
သူတို့ကလည်း သိတဲ့အတိုင်းပဲ ပုံမှန်လုပ်နေတဲ့ အစည်းအဝေးတွေ ရပ်နားပြီး NCA နဲ့ ပတ်သတ်ပြီး ညှိနှိုင်း အစည်းအဝေးတွေမှာ တတ်ဖို့ သူတို့ဘက်က တဖက်သတ် ရပ်ဆိုင်းထားတာ ရှိတယ်။ ဒီပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့လည်း ဆွေးနွေးချင်တယ်။ ညှိနှိုင်းချင်တယ်။ ဒီဥစ္စာနဲ့ ပတ်သတ်ပြီးတော့ လာပြီး ဖြေရှင်းချင် တယ်ဆိုတဲ့ အကြောင်းအရာ ဘာတခုမှ တုန့်ပြန်ထားတာ မရှိပါဘူး။ ကျနော်တို့ကတော့ မျှော်လင့်နေတာပေါ့။ ကျနော်တို့က ညှိနှိုင်းချင်တယ်။ ဆွေးနွေးချင်တယ် ဒီအပေါ်မှာ။ ငြိမ်းချမ်းရေးအတွက်ပါ။
မေး။ ။ တပ်မဟာ (၅) ခေါင်းဆောင်လည်းဖြစ် KNLA ရဲ့ ဒုစစ်ဦးစီးချုပ်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဖာပွန် ခရိုင်ထဲမှာ တပ်မတော်က လမ်းတွေဖောက်ပြီး နယ်စပ်က KNLA တပ်စခန်းနေရာတွေကို တိုက်ယူချင်နေ တယ်လို့ ပြောထားတယ်။ တပ်မတော်ဘက်က သဘောထားသိချင်ပါတယ်။ ဒီလို မပြေလည်တဲ့ အခြေအနေကို ဘယ်လို ဖြေရှင်းလို့ ရနိုင်မလဲ။
ဖြေ။ ။ မှန်တာ ပြောရရင် ကျနော်တို့ ခုလက်ရှိ ရိက္ခာ သယ်နေတယ်။ သူ့စခန်းတွေ တိုက်ဖို့လို့ သူကတော့ ပြောတာပေါ့ဗျာ။ သူ့စခန်းတွေက လက်ရှိအနေအထားအရ ဘယ်မှာ ရှိလဲဆိုတာ လက်ရှိမှာ ကျနော်တို့ကတော့ မပြောလိုပါဘူး။ သို့သော်လည်း ကျနော်တို့ စခန်းတွေ အားလုံးသည် လွန်ခဲ့တဲ့ နှစ် ၂၀ နှစ် ၃၀ တည်းက ဒီတပ်စခန်းတွေက ကျနော်တို့ ထိုင်ပြီးတဲ့ စခန်းတွေ ဖြစ်တယ်။ နိုင်ငံရေးအရပဲ ဖြစ်ဖြစ် စစ်မဟာဗျူဟာအရပဲ ဖြစ်ဖြစ် နိုင်ငံတကာနဲ့ ယှဉ်ရင် ဒါဟာ မဟာဗျူဟာကျတဲ့ လမ်းတွေ ဖြစ်ပါတယ်။ အဲ့လမ်းတွေမှာတော့ ကျနော်တို့တွေ ထိုင်တယ်။ ထိုင်တဲ့ စစ်တပ်အတွက်ကတော့ တနှစ်တခါ ရိက္ခာပုံတဲ့ လုပ်ငန်းလုပ်တယ်။ အဲ့လုပ်ငန်းသည် နွေရာသီမှာ ပုံတယ်။ ရိက္ခာပုံဖို့ဆိုရင် ကျနော်တို့ လူတွေနဲ့ ပုံတဲ့ ခေတ်တော့ မဟုတ်တော့ဘူး။ ခေတ်နဲ့အညီ ကားတွေနဲ့ ပုံတာတော့ ရှိတယ်။ ကားနဲ့ပုံတဲ့ အချိန်မှာ ကျနော်တို့ တကြောင်းထိုး လမ်းဖောက် တယ်။ ရိက္ခာတင်တဲ့ ကားတွေနဲ့ ရိက္ခာပို့တယ်။ ကျနော်တို့အချိန်တန်ရင် ပြန်ဆင်းတယ်။ ဒါပဲ ။ ဒါသည် အခုမှ လုပ်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ် ၊ နှစ် ၂၀ လောက်တည်းက လုပ်လာတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။
ဒီဥစ္စာနဲ့ ပတ်သတ်ပြီး ဘယ်လို အဖြေရှာမလဲဆိုတာ ထုံးစံအတိုင်း တာဝန်ရှိသူတွေ အချင်းချင်း ညှိနှိုင်း ဆွေးနွေး ရင်တော့ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ အချိန်မှာလည်း သူ့ဘက် ကိုယ့်ဘက်က သဘောထား မှန်မှန်ကန်ကန်နဲ့တော့ ဆွေးနွေးဖို့ လိုပါတယ်။