ယခုလပိုင်း၌ ကလေးသူငယ် သာမက အသက်ကြီးသူများတွင်ပါ ဝက်သက် ရောဂါ ဖြစ်ပွားမှုများ ရှိလာသည့် အပြင် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၇ ခု အတွင်း ဝက်သက် ရောဂါ ကူးစက် ပျံ့နှံ့နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနက ကြေညာထားသည်။
ထို့ပြင် ဝက်သက် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အတွက် ကာကွယ်ဆေးထိုး လုပ်ငန်းများကို လုပ်ဆောင်နေ လျက် ရှိသည်။
မြို့နယ် ၇ ခု ဖြစ်သည့် ဒဂုံ အရှေ့၊ ဒဂုံ တောင်၊ ဒဂုံ ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်တို့တွင် ဝက်သက် ရောဂါနှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းကို ဖေဖော်ဝါရီလ ၁၇ မှ ၂၈ ရက် အထိ ပြုလုပ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ဝက်သက် ရောဂါ ဖြစ်ပွားမှု အခြေအနေကို အသေးစိတ် သိရှိနိုင်ရန် အတွက် ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာန ဗဟို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ အခု လက်ရှိ မြန်မာ နိုင်ငံမှာ ဝက်သက် ရောဂါ ဖြစ်ပွားမှု အခြေအနေက ဘယ်လို ရှိနေလဲ။
ဖြေ။ ။ ဝက်သက် ပုံမှန် ကာကွယ်ဆေးထိုး လုပ်ငန်းကို ၁၉၈၇ ခုနှစ်က စပြီးတော့ ထိုးနှံခဲ့ပါတယ်။ အဲဒီ တလျှောက် လုံးမှာ ဝက်သက် ရောဂါ ပပျောက်အောင် ဆိုပြီးတော့ အရှေ့တောင် အာရှ နိုင်ငံများနည်းတူ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ မပပျောက်သေးတဲ့ နိုင်ငံတွေ အများကြီး ရှိသလို မြန်မာနိုင်ငံလည်း ဝက် သက်ရောဂါကို ကင်းစင်အောင် ကြိုးစား ဆောင်ရွက်နေဆဲပဲ ဖြစ်သေးတယ်။၂၀၁၈ ခုနှစ်ပိုင်းမှာဆိုရင် ဝက်သက် ရောဂါ ဟာ ပြန်ပြီးတော့ ခေါင်းထောင်လာတဲ့ အခြေအနေမျိုး ရှိတယ်။
ပုံမှန် ကာကွယ် ဆေးထိုး လွှမ်းခြုံမှု အားနည်းတဲ့ ဒေသတွေ၊ လူဦးရေ မငြိမ်မသက် ဝင်လိုက် ထွက်လိုက် ရှိနေတဲ့ ဒေသ တွေ၊ ပထဝီ အနေအထား အရ ခက်ခဲတဲ့ ဒေသတွေ၊ လုံခြုံရေးအရ သွားရေး လာရေး ခက်ခဲတဲ့ ဒေသတွေ မှာတော့ ဝက် သက်ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတဲ့ အတွက် အဲဒီနေရာတွေမှာ ဝက်သက်ရောဂါ ပြန်ပြီးတော့ ဦးမော့လာ တာကို တွေ့ရပါတယ်။
၂၀၁၈ ခုနှစ်မှာ ဆိုရင် တနိုင်ငံလုံး ဝက်သက် ရောဂါ ဖြစ်ပွားမှု စုစုပေါင်း ၁၂၇၆ ယောက် ရှိခဲ့တယ်။ အဲဒီထဲကနေမှ ရန် ကုန်တိုင်းက ဆိုရင် ၆၄၆ ဦး တွေ့ခဲ့ရတယ်။
တနိုင်ငံလုံး ဖြစ်ပွားတာရဲ့ ၅၀ ရာခိုင်နှုန်း အထက်လောက်က ရန်ကုန်တိုင်းမှာ တွေ့ရှိရတယ်။ ရန်ကုန်တိုင်းမှာ ဆိုရင် ကာ ကွယ်ဆေးထိုး လုပ်ငန်းက ၈၅ ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲ လွှမ်းခြုံနိုင်မှု ရတယ်ဆိုတော့ ကာကွယ်ဆေး လွှမ်းခြုံမှု တိုးပြီး ဆောင်ရွက်ဖို့ လိုတယ်။
ဒါကြောင့်မို့လို့ ရန်ကုန်တိုင်း ၄၅ မြို့နယ် မှာမှ ဝက်သက် ရောဂါ ဖြစ်ပွားမှု အများဆုံး မြို့ နယ်တွေ ကာကွယ်ဆေး လွှမ်းခြုံ မှု ရှိဖို့ လိုအပ်တဲ့ မြို့နယ်တွေကို ရွေးထုတ်လိုက်တဲ့ အခါမှာ ၇ မြို့နယ်ကို ဆောင်ရွက် သွားပါမယ်။
မေး။ ။ ရန်ကုန်ပဲ ကာကွယ်ဆေး ထိုးတာလား၊ သွားလာရေးခက်တဲ့ နေရာတွေကိုရော ဘယ်လို စီစဉ်ထားလဲ။
ဖြေ။ ။ သွားရေးလာရေး ခက်တယ် ဆိုတဲ့ နေရာမှာ ၂ ပိုင်းပေါ့။ ပထဝီ အနေအထား အရ လမ်းကို မပေါက်လို့ သွား မရတဲ့ နေရာမျိုးတွေမှာ ဆိုရင် အမျိုးသားရေး အစီအစဉ် (National program) အနေနဲ့က မိုးတွင်း လွတ်တဲ့ ပွင့်လင်း ရာသီမှာ ၃ လ ဆက်တိုက် တက်ပြီးတော့ ထိုးပေးတယ် ကျနော်တို့ဘက်က ပေးတဲ့ ဝန်ဆောင်မှုပေါ့။
မရောက်တဲ့ နေရာ ဆိုတာ မရှိဘူး။ မိုးတွင်း လမ်းပျက်လို့ သွားမရတဲ့ နေရာတွေကို မိုးတွင်း မဟုတ်တဲ့ ရာသီတွေမှာ ထိုး တယ်။ ကျနော်တို့ဘက်က ဝင်လို့မရတဲ့ နေရာတော့ လုံးဝသွားလို့ မရဘူး။ အဲဒီလိုမျိုး နေရာကျတော့လည်း ဘယ်လိုမှကို မတတ်နိုင်ဘူး။
တချို့ နေရာတွေမှာ အစိုးရ ဝန်ထမ်းတွေ ဝင်လို့ ထွက်လို့ မရပေမယ့် ပြည်နယ်မှာ ဝင်ခွင့်ပေးထားတဲ့ INGO အဖွဲ့တွေ က ကာကွယ်ဆေးထိုး လုပ်ငန်းကို လုပ်တယ်။ လူကတော့ အဲဒီက အဖွဲ့၊ ဆေးနဲ့ နည်းပညာတွေ လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေ အကုန်လုံး ကျနော်တို့က ပေးပြီးတော့ သူတို့ကို ထိုးခိုင်းလိုက်တာ။ တိုင်းရင်းသား အဖွဲ့အစည်းတွေ Ethnic health organization အဖွဲ့လည်း သွားလို့မရဘူး။ ကျနော်တို့ Government လည်း ဝင်လို့ မရဘူး ဆိုရင်တော့ ဘယ်လို မှ မတတ်နိုင်ဘူးပေါ့။
မေး။ ။ အဲဒီလို ဒေသတွေမှာ အဖြစ်များတာ ကျတော့ရော။
ဖြေ။ ။ မြေပြန့်ဒေသ လှိုင်သာယာလို နေရာမျိုးက ဘာမှ အခက်အခဲ ရှိတာမှ မဟုတ်တာ။ အဲဒီလို နေရာမျိုးမှာတောင် မှ လူတွေက မငြိမ်လိုက် ကျနော်တို့ သွားထိုးလည်း သူတို့က မလာကြနဲ့ ဆိုတော့ လွတ်တဲ့သူတွေ ရှိသေးတာပဲလေ။ အဲဒီလို ဒေသတွေမှာ ဆိုရင် ပိုဆိုးတာပေါ့။ လူဦးရေက ကျဲပါးတယ်။ ကျနော်တို့ ဆရာ၊ ဆရာမတွေက ကြိုးစားပြီး သွားပေမယ့် သွားတဲ့ အချိန်မှာ တချို့က ကာကွယ်ဆေးထိုးပြီး ဖျားတာ နာတာလေးတွေကို ကြောက်ပြီး မထိုးကြဘူး။
မေး။ ။ ကူးစက် ပြန့်ပွားမှု မြင့်လာတယ်လို့ သိရတယ် အဲ့ဒါကရော ဘယ်လို အချက်တွေကြောင့်လဲရှင့်။
ဖြေ။ ။ ကိန်းဂဏန်း အချက်အလက်တွေ အရ ၂၀၁၈ နဲ့ ယှဉ်ရင်တော့ ၂၀၁၉ ဇန်နဝါရီ နဲ့ ဖေဖော်ရီ လဆန်းမှာတင် Case က နည်းနည်းများတယ်လို့ ပြောလို့ရပေမယ့် ဒီရာသီကတော့ နည်းနည်း ပိုဖြစ်တာလည်း ပါတယ်။ ရာသီဥတု အရကိုက ရာသီ အကူးလေးပေါ့။ နောက်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာကိုက ဝက်သက်က ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေ ကြတယ် ဆိုတော့ ကျနော်တို့ ကလည်း ကူးလူး ဆက်ဆံနေတာတွေ များတယ် ဆိုတော့ ကူးစက်မှု နည်းနည်း ပိုမြန် နေတယ်လို့ သုံးသပ်ရတာပေါ့။
နောက်တခု ကတော့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ကာကွယ်ဆေး ထိုးထားနိုင်ခြင်း မရှိတဲ့သူတွေမှာ ကူးစက်ရင် ကူးစက်မှု တွေက မြန်မြန် ပျံ့သွားမယ်။ အသက်ရှုလမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါဖြစ်နေတဲ့ အတွက် ဘယ်လို ကူးစက်မှု ကို ကာကွယ်နိုင်တယ် ဆိုတာကို ကောင်းကောင်း မသိဘူး၊ ကောင်းကောင်း မလိုက်နာဘူး ဆိုရင်တော့ ကူးစက်မှုက မြန်မှာပဲ။
မေး။ ။ အစုလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းကရော ထိရောက်မှု ဖြစ်ပါ့မလား။
ဖြေ။ ။ ဖြစ်တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ၇ မြို့နယ်မှာ ကြပ်ကြပ်မတ်မတ်နဲ့ နည်းပညာ အရရော လိုအပ်တဲ့ အထောက် အပံ့တွေ ပေးပြီး လုပ်ကြမယ်ဆိုတော့ အောင်မြင်အောင် လုပ်မှာပါပဲ။ ဒါပေမယ့် တဖက်ကလည်း ကျနော် တို့ ဘယ် လောက်လုပ်လုပ် ကလေးအုပ်ထိန်းသူတွေ ကိုယ်တိုင်က ကာကွယ်ဆေးကို အကြောင်းတခုခုကြောင့် ရှောင် ဖယ်ပြီး မလာနိုင်ဘူး ဆိုရင်တော့ ကျနော်တို့ လုပ်ရမယ့် လုပ်ငန်းမှာ တော်တော် အခက်အခဲ ရှိတယ်။
ကျနော်တို့ဘက် ကတော့ ဒီဆေးက အန္တရာယ်မရှိဘူး။ ကာကွယ်လို့ ရတဲ့ ရောဂါ ဖြစ်တယ် ဆေးထိုးထားခြင်း အားဖြင့် ကာကွယ်ပြီးသား ဖြစ်သွားမယ်ပေါ့။ အခုက လာထိုးဖို့ အတွက် အတော်ကို ဆော်သြနေရတယ်။ ဆေးထိုးစုရပ်တွေကို လူတွေက တက်တက်ကြွကြွ လာပြီးတော့ ဆေးထိုးကြမယ် ဆိုရင်တော့ ဒီကိစ္စက မအောင်မြင်စရာ မရှိပါဘူး။ အဲဒီလို ဆိုရင် ရပ်ကွက် ကျေးရွာတွေမှာ ကူးစက် ပြန့်ပွားမှုနှုန်းက သေချာပေါက်ကို ကျသွားလိမ့်မယ်။
မေး။ ။ ကာကွယ်ဆေး ထိုးဖို့ကို လူတွေ ရှောင်ဖယ်ကြတယ်လို့ ခုနက ပြောသွားတယ်ပေါ့နော်။ ဒီလိုဘာကြောင့် ဖြစ်ကြ တာလဲ။
ဖြေ။ ။ ကျနော်တို့ လေ့လာမိသလောက် တချို့ကတော့ ထိုးရကောင်းမှန်းကို မသိကြတာ။ ကြောက်တာ မကြောက် တာ ထက် ထိုးရကောင်းမှန်းကို မသိတာ။ ဒါနဲ့ ပတ်သက်တဲ့ အသိပညာကို အားနည်းနေတာပေါ့။ တချို့ကျတော့ လည်း ထိုးပြီးတော့မှ ဖြစ်တဲ့ ဖျားတာ နာတာတွေကို ကြောက်ပြီးတော့ မထိုးတော့တာ။
အဲဒါက အလုပ်ပျက်တယ် ဆိုပြီးတော့ လာမထိုး ကြတဲ့ အုပ်စုက တစု နောက်အုပ်စုကကျတော့ ကာကွယ်ဆေး ထိုး လည်း ဘာမှ မထူးပါဘူး။ တို့ငယ်ငယ်တုန်းက မထိုးတဲ့ သူတွေလည်း ဒီတိုင်းပါပဲ ဘာမှမဖြစ်ပါဘူး ထိုးရမှန်း သိတယ်။ မထိုးလည်း ဘာမှမဖြစ်ပါဘူး ဆိုတဲ့ အတွေးတွေးပြီးတော့ လာမထိုးကြတဲ့ သူတွေလည်း ရှိတယ်။ နောက်ဆုံး တအုပ် စု ကတော့ ကာကွယ်ဆေး အပေါ်မှာ သံသယ ရှိတာပေါ့။ ထိုးလိုက်ရင်ပဲ ဘာဖြစ်မှာလိုလို ညာဖြစ်ဖြစ်မှာလိုလို။ မပြည့် မစုံ ကြားရတဲ့ သတင်းလေး အပေါ်မှာပဲ အခြေခံပြီးတော့ ကိုယ့်ရဲ့ ယုံကြည်ရာ တခုကို တွေးပြီးတော့ မလိုပါဘူးဆိုပြီး တွေးလိုက်တာပေါ့။
မေး။ ။ ကာကွယ်ဆေးက ဘယ်နှကြိမ်ထိုးမှ ကာကွယ်မှု အပြည့်အဝ ရတာလဲ။
ဖြေ။ ။ ဝက်သက်က တခါပေါက်ပြီးရင် တသက်လုံး ထပ် မပေါက်တော့ဘူး။ ဖြစ်ပြီးသွားရင်က ခုခံစွမ်းအားကို တည် ဆောက် လိုက်မိပြီးသား ဖြစ်သွားတဲ့ အတွက်ပေါ့။ ကာကွယ်ဆေး ထိုးတဲ့ နေရာမှာ ၂ ပိုင်းခွဲ ပြောချင်တယ်။ အသက် ၅ နှစ်အောက် ကလေးတွေမှာ ကာကွယ်ဆေးက ၂ ကြိမ် အပြည့်ရဖို့ လိုတယ်။ ၂ ကြိမ် အပြည့်ရမှ သာလျှင် ၉၇ ရာခိုင် နှုန်း လောက်အထိ ကာကွယ်နိုင်တယ်။ အဲဒါကြောင့် ၉ လ မှာ တကြိမ်၊ ၁၈ လမှာ တကြိမ် ထိုးပေးနေတာပေါ့။
အသက် ၅ နှစ်အထက် ဖြစ်သွားပြီဆိုရင်တော့ တကြိမ်ထိုးတာနဲ့ကို ကာကွယ်မှုက ၉၅ အထက် ရတယ်။ အသက် ၅ နှစ် အောက် ကလေးတွေမှာ တကြိမ်ပဲ ထိုးထားပြီးတော့ ဝက်သက် ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေက ရှိသေးတယ်။ တကြိမ် တည်းဆိုရင် ၈၅ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ ၁၅ ရာခိုင်နှုန်းက လွတ်တော့ ကူးစက်ခံရရင် ဖြစ်နိုင်ခြေ ရှိသေးတာ ပေါ့။ အသက်ကြီးသွားရင်တော့ တကြိမ်ပဲ ထိုးလိုက်လည်း ရတယ်။
မေး။ ။ ၉ လမှ ကာကွယ်ဆေး စထိုးရတာ ဆိုတော့ ၉ လအောက် ကလေးတွေကရော ကူးစက်မှု ဖြစ်နိုင်လား။
ဖြေ။ ။ ၉လ မတိုင်ခင်မှာက မိခင်နို့တိုက်လိုက်ရင် ဝက်သက် ရောဂါ ကာကွယ်တဲ့ ပဋိဇီဝဓာတ်က ပါလာပြီးသား ဖြစ် တဲ့ အတွက် ၉ လအထိ စောင့်ရပါတယ်။ ၉ လ မတိုင်ခင် ထိုးရင်တော့ အမေက ပါလာတဲ့ ပဋိဇီဝဓာတ်နဲ့ ဆိုရင် အပြည့် အဝ မရဘဲနဲ့ အနှောင့်အယှက် နည်းနည်းရှိတော့ ၉ လမှ စထိုးရပါတယ်။
ဒါပေမယ့် တခုရှိတာက မိခင်နို့ကနေ ပဋိဇီဝဓာတ် ပါလာမယ်လို့ ပြောထားတဲ့အတွက် အမေက မိခင်နို့တိုက်ဖို့တော့ လိုတာပေါ့။ မွေးတဲ့ အမေတိုင်းက မိခင်နို့တိုက်မှ ကလေးက ဝက်သက်ကာကွယ်တဲ့ ဓာတ်ကိုရမှာပေါ့။ နောက် အမေ ကိုယ်တိုင်ကိုကလည်း ဝက်သက်ကာကွယ်ဆေး ထိုးပြီးသား ဖြစ်ရမယ်။ အမေက ထိုးမထားဘူး ဆိုရင် မိခင်နို့တိုက် လည်း အဲဒီဓာတ်က ပါလာမှာ မဟုတ်ဘူး။ ကလေးမှာ ၉ လ မတိုင်ခင် ကာကွယ်မှုရဖို့ ဆိုတာ အဲဒီ ၂ ချက်နဲ့တော့ ပြည့်စုံဖို့ လိုတာပေါ့။
မေး။ ။ တကယ်လို့ ဝက်သက် ဖြစ်လာရင်ရော အရှင်း ကုသ ပျောက်ကင်းနိုင်လားရှင့်။
ဖြေ။ ။ ပျောက်ကင်းနိုင်ပါတယ်။ အချိန်မီ ကုသမှုနဲ့ လိုအပ်တဲ့ ဖြည့်စွက် ကုသမှုတွေ၊ ဖျားတယ်ဆို အဖျားကျဆေး တိုက် တယ်၊ ဝမ်းလျှောတယ်ဆိုရင်လည်း ဓာတ်ဆားရည်လေး တိုက်တယ်။ ရေများများ တိုက်တယ်။ အဲဒီရက်မှာ နားနေတယ် ကိုယ်ခံအား ပြည့်အောင် ပြန်တည်ဆောက်တယ်။ ဘီတာမင် စီ တိုက်တယ်။ အဲဒါလို လုပ်ရင် ၃ ၊ ၄ ရက်နေရင် ပြန် ကောင်း လာတာပါပဲ။ ဆိုးဆိုးရွားရွား သိပ်မဖြစ်ပါဘူး။
ဒါပေမယ့်လည်း တချို့လူတွေမှာကိုက ကိုယ်ခံအား စနစ် မကောင်းတာရယ် ဖြစ်တာကို ပေါ့ပေါ့တန်တန်နဲ့ သေချာ ဂရု မစိုက်ဘဲ ပစ်ထားလိုက်တဲ့ အခါမျိုးမှာ ကိုယ်ခံအား စနစ် ဆိုးဆိုးရွားရွား ပျက်တယ် ဆိုရင်တော့ ပြင်းပြင်းထန်ထန် ခံစား ရတတ်တာပေါ့။ ကူးစက်ခံရသူရဲ့ အခြေအနေပေါ်မှာတော့ မူတည်တာပေါ့။
မေး။ ။ ရန်ကုန်မှာက ကာကွယ်ဆေး ထိုးနှံတာကို ၇ မြို့နယ်မှာ လုပ်မယ်ဆိုတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေ မှာရော လုပ်ဖို့ ရှိလား။
ဖြေ။ ။ ၂၀၁၉ နိုင်ဝင်ဘာ၊ ဒီဇင်ဘာမှာ ၂ လဆက်တိုက် တနိုင်ငံလုံးကို လုပ်ဖို့ ရှိတယ်။ နိုင်ငံတဝန်း ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်းပေါ့။ ကျနော်တို့ ၂၀၁၈ ထဲက ၂၀၁၉ နိုင်ဝင်ဘာ၊ ဒီဇင်ဘာမှာ လုပ်မယ် ဆိုပြီး Plan လုပ်ထားတာ။ ၂၀၁၅ မှာ တခါ လုပ်ထားတယ်။ ၂၀၁၂ တုန်းကလည်း လုပ်တယ်။ ရှေ့မှာ လုပ်ထားတဲ့ အကြိမ်ရေ ရှိသေးတယ်။
မေး။ ။ ဝက်သက်ရောဂါနဲ့ သေဆုံးမှု အခြေအနေကရော ဘယ်လို ရှိပါလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံ အခြေအနေက သေဆုံးမှု အင်မတန် နည်းတယ်လို့ ပြောရမယ်။ ၂၀၁၈ မှာ ၁၂၇၆ ဖြစ် တဲ့ ထဲမှာမှ ၁ ယောက်ပဲ ဆုံးသွားတယ်။ ၂၀၁၉ မှာ အခုထိ ၄၀၀ ကျော် ဖြစ်နေတဲ့ထဲမှာ သေတာ မရှိပါဘူး။ အိမ်နီးချင်း နိုင်ငံ တွေမှာတော့ သေဆုံးမှုရှိတယ်လို့ သိရတယ်။ ဖိလစ်ပိုင်၊ ထိုင်းတို့မှာတော့ နည်းနည်း အသေအပျောက် ရှိတယ်လို့ သိထား တယ်။
မေး။ ။ ဝက်သက်ရောဂါနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများပြောချင်တာ ရှိလဲ။
ဖြေ။ ။ ကျနော်တို့ဘက်က ထိုးပေးဖို့ အားလုံး ပြင်ဆင်နေပါတယ်။ ဒေါ်လာ ၆ သိန်း ၆ သောင်းကျော် အကုန်အကျခံရ တာဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း ၉ ထောင်လောက် ရှိတာပေါ့။ အဲဒီထဲမှာမှ ကာကွယ်ဆေး စရိတ်ချည်းပဲက ၅ သိန်း ၅ သောင်းကျော်လောက် ရှိတယ်။ အဲဒီလောက်ကို အစိုးရ ဘတ်ဂျက်ကနေ ကျခံပြီးတော့ သုံးရတာ ဖြစ်တယ်။ အစိုးရ ဘတ်ဂျက် ဆိုတာက ပြည်သူတွေရဲ့ ပိုက်ဆံတွေပဲ အဲဒီ ပိုက်ဆံတွေကို ဆရာမတွေက တဆင့် အလကား ပြန် ထိုးပေးတာပေါ့။
ကျနော်တို့ ကျန်းမာရေး အဆောက်အအုံ ရှိတဲ့နေရာမှာပဲ လာပါ ဆိုပြီး ထိုးပေးနေတာ မဟုတ်ဘူး။ ရပ်ကွက်တွေ ရွာတွေ လမ်းတွေထဲ အထိ ဆေးထိုးစုရပ် ဖွင့်လို့ရမယ့် ဓမ္မာရုံတွေ၊ ကျောင်းတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်တွေမှာ သွား ဖွင့်ပြီးတော့ကို ထိုးပေးမှာ။ ဒါပေမယ့် တအိမ်တက် တအိမ်ဆင်း ထိုးပေးတဲ့ စနစ်တော့ မဟုတ်သေးဘူးပေါ့။ ကာကွယ် ဆေးက ဒီလိုလည်း ထိုးပေးလို့ မရဘူး။
ဒီလို လုပ်ပေးနေတဲ့ အခါမျိုးမှာ ကလေး မိဘတွေ အုပ်ထိန်းသူတွေ အကုန်လုံးက ကာကွယ်ဆေးထိုး စုရပ်တွေကို လာ ထိုးဖို့ကတော့ အရေးအကြီးဆုံးပဲ။ ကျနော်တို့ ဘယ်လောက် လာထိုးပေးပေး သူတို့မလာဘူး ဆိုရင်တော့ လုပ်ငန်းက အောင်မြင် သင့်သလောက် အောင်မြင်မှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကျန်းမာရေး ဌာနတွေနဲ့ ဆေးထိုး စုရပ်တွေကို မပျက်မကွက် လာထိုးဖို့ အတွက်ကို တိုက်တွန်းပါတယ်။ ။