ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC)၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ရန်ကုန် မြို့တွင်း လေထု ညစ်ညမ်းမှု ရှိ/မရှိ သိနိုင်ရန် ၂၀၁၅ ဧပြီလမှ စတင်ကာ ရန်ကုန် စည်ပင်သာယာ နယ်နမိတ် ၃၃ မြို့နယ် အတွင်း ၆၇ နေရာ အနက် ဆူးလေ မဟာဗန္ဓုလ ပန်းခြံ၊ လှည်းတန်း ခုံးကျော် တံတား၊ မင်္ဂလာဒုံ မြို့နယ်တို့တွင် လေထု အရည်အသွေး တိုင်းတာသည့် စက် ၃ လုံးကို အထိုင် တပ်ဆင်ထားပြီး ကျန် ၁ လုံးကို ရွေ့လျား ပုံစံဖြင့် လိုက်လံ တိုင်းတာ လျက် ရှိကြောင်း သိရသည်။
၂၀၁၅ မှ ၂၀၁၈ အတွင်း လေထု အရည်အသွေး တိုင်းတာမှု ပြုလုပ်ခဲ့သည့် အခြေအနေများ၊ အဆိုပါ ရလဒ်များ အရ ရန် ကုန်မြို့ လေထု ညစ်ညမ်းမှု ရှိ/မရှိ၊ YCDC မှ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်မော်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထား ပါသည်။
မေး ။ ။ ရန်ကုန်မြို့ရဲ့ လေထု အရည်အသွေး တိုင်းတာနေမှု နောက်ဆုံး အခြေအနေ သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ တိုင်းတဲ့ စနစ်ကိုက ၅ နှစ်စာ စာရင်း ပြုစု (Inventory) ယူမယ် ဆိုပြီးတော့မှ တိုင်းတာ။ အရင်နှစ်တွေက ထုတ်ပြန်တယ်။ ဒါပေမယ့် လူထု သိအောင် ပြောတာပါ။ ၂၀၁၆ မှာ အချက်အလက် တခု၊ ၂၀၁၇ မှာ တခု၊ ၂၀၁၈ မှာ တခု ရှိတယ်။ အခု ၂၀၁၉ ဧပြီမှာ တခု ထွက်မယ်။ ၂၀၁၉ တိုင်းတာက ၂၀၂၀ မှာ ထွက်မယ်။ ပြီးတော့မှ ၅ နှစ်စာကို ပျမ်း မျှ ယူပြီး လေထု အရည် အသွေး စောင့်ကြည့်မှု(Air Quality Monitoring) နဲ့ ပတ်သက်ပြီး စာရင်း ပြုစုမယ်။ ၆၇ နေရာကို ပြန်ပြီး နှိုင်းယှဉ် သုံးသပ်မှုတွေ လုပ်မယ်။
မေး ။ ။ နှိုင်းယှဉ် သုံးသပ်မှုတွေ လုပ်ပြီးရင် ဘာတွေ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ ဒါပြီးရင် ဆောင်ရွက်ချက် စီမံကိန်း (Action Plan) ရေးရမယ်။ နောက်တခါ ကုသရေး စီမံကိန်း (Medication Plan) ရေးရမယ်။ များနေတယ်ဆို များတာကို ဘယ်လို လျှော့ချမလဲ။ စံချိန်စံညွှန်းအောက်မှာ ရှိနေတယ်ဆိုလည်း စံချိန် စံညွှန်း အပေါ်ကို မကျော်အောင် ဘယ်လို ကာကွယ် ထိန်းသိမ်းမလဲ။ ဒါတွေလုပ်မယ်။
Medication Plan လုပ်ရင်လည်း ဥပမာ များတယ် ဆိုတဲ့ နေရာမှာ စက်နဲ့တိုင်းတာ ဆိုတော့ ဧရိယာ တခု သတ်မှတ်ပြီးရင် အဲဒီဧရိယာမှာ ရှိတဲ့ ညစ်ညမ်းမှု ဖြစ်စေတဲ့ ရင်းမြစ် (Source) တွေကို အရင်ဆုံး စစ်တမ်းကောက်ယူမှု လုပ်ရမယ်။ လုပ်ပြီး မှ သက်ဆိုင်ရာ မြို့နယ် တာဝန်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အင်ဂျင်နီယာတွေ၊ နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေ ပါမယ်။ ဒါတွေနဲ့ Data ကောက်ပြီးမှ How to Medicate ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ တိုင်းတာပြီးလို့ ရရှိလာတဲ့ အချက်အလက်တွေ အရ ရန်ကုန် လေထု အရည်အသွေး ဘယ်လို အခြေအနေ ရှိပါ သလဲ။
ဖြေ ။ ။ ရန်ကုန်မြို့မှာ အကြမ်းဖျင်း ဆိုလို့ရှိရင် ကာဗွန်ဒိုင်အောက်ဆိုက် (CO2)ကတော့ များတယ်။ ဘာကြောင့်များလဲဆို နေရာတကာက CO2 ထွက်နေတာ။ လူကရော၊ လမ်းတွေရော၊ အဆောက်အအုံ တွေရော၊ ကားတွေကရော ထွက်တယ်။ မီ သိန်း (Methane) လည်း စံချိန်စံညွှန်းထက် များတယ်။ ဘာကြောင့်ဆို သစ်ရွက်ကြွေရင် များတယ်။
နောက် ရေမြောင်းတွေထဲမှာ အမှိုက်တွေ အများကြီး ရှိတယ်။ အမှိုက်တွေနဲ့ရေနဲ့ ဓာတ်ပြုပြီး မီသိန်း ဓာတ်ငွေ့ ထွက်တယ်။ နောက်ပြီး အမှိုက်ပုံတွေကို ဒီတိုင်းပဲ Open Landing နဲ့ ပုံထားတယ်။ နေရာ တကာမှာလည်း အမှိုက်ပုံတွေ ရှိနေတယ်။ အဲဒီ အမှိုက်ပုံ တွေကနေပြီးတော့မှ မီသိန်းဓာတ်ငွေ့ ထွက်တယ်။ အဲဒီ အတွက်ကြောင့် မီသိန်းဓာတ်ငွေ့ များတယ်။
ဆာလဖာဒိုင် အောက်ဆိုဒ် (SO2) ကျတော့ စက်မှုဇုန် သူ့ရဲ့ ဧရိယာတွေမှာ များတယ်။ ဒါပေမယ့် လူနေ ရပ်ကွက်မှာတော့ နည်းတယ်။ စက်မှုလုပ်ငန်းတွေ တိုးတက်တဲ့ အတွက်ကြောင့် SO2 များလာ ပေမယ့် စံချိန်စံညွှန်းထက် နည်းနည်းလေးပဲ ပို များတယ်။
နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် NO2 ကျတော့ ခုနက အတိုင်းပဲ စက်မှုဇုန်ရှိတဲ့ နေရာတွေမှာ စံချိန် စံညွှန်းထက် နည်းနည်း လေးပိုတယ်။ လူတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ NO2 မများဘူး။ ကာဗွန်မိုနောက်ဆိုဒ် (CO) ကတော့ လမ်းဆုံ လမ်းခွတွေ၊ ယာဉ်ကြောကျပ်တဲ့ နေရာတွေမှာ များတာ တွေ့ရတယ်။
Particulate Matter (PM) ဆိုတာ အမှုန်လေးတွေ။ အဲဒီ အမှုန်လေးတွေကို တိုင်းတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာမှာတော့ PM10 micron, PM5 micron, PM2.5 micron ဆိုပြီး တိုင်းတယ်။ ကျနော်တို့ စက်မှာတော့ PM10 နဲ့ PM2.5 တိုင်းတယ်။ PM10 နဲ့ PM2.5 ကို ကားတွေမောင်းရင် အိတ်ဇောက ထွက်တဲ့ အငွေ့တွေ၊ ဆောက်လုပ်ရေး သုံးပစ္စည်းတွေ သုံးတဲ့အခါ မျိုး၊ မီးစက်တွေ မောင်းတဲ့ အခါမျိုး၊ စက်မှုဇုန်က အခိုးအငွေ့တွေမှာလည်း ဒီလိုမျိုးတွေ ရှိနိုင်တယ်။
လေထဲမှာ ထွက်တယ် ဆိုရင် PM10 က အဝေးကြီး မသွားနိုင်ဘူး။ ခဏနေ ပြန်ကျသွားတယ်။ PM2.5 ကတော့ လေကြောင်း အလိုက် သွားနိုင် တယ်။ တခြားနေရာကနေ ရွေ့လာတာ လေထဲကနေ ပါလာတာ ဖြစ်တယ်။
ကျနော်တို့ တိုင်းတာမှု အရ PM 10 က မိုးရာသီမှာ စံချိန်စံညွှန်းနား ရှိတယ်။ နွေရာသီမှာတော့ စံချိန်စံညွှန်း အထက် 10 Microns လောက် များနေတယ်။ ဒါပေမယ့် အန္တရာယ် မရှိဘူး။ PM 2.5 ကျတော့ စံချိန်စံညွှန်းထက် 5 Microns လောက် များတယ်။ ဒါလည်း အန္တရာယ် မရှိဘူး။ ပြဿနာ မရှိဘူး။ ဒါပေမယ့် ထူးခြားတာ မိုးတွင်းမှာတော့ စံချိန်စံညွှန်းလောက် ရှိပြီး နွေမှာတော့ တခါတလေ ၁၀ ၊ တခါတလေ ၅ ၊ တခါတလေ ၁၅ လောက် များတယ်။ ဒါပေမယ့် PM2.5 ရော PM10 ရော ရန်ကုန်မြို့အနေနဲ့ စိုးရိမ်စရာ မရှိဘူး။
မေး ။ ။ အခု ပြောတဲ့ စံချိန်စံညွှန်း ဆိုတာက ဘယ်အဖွဲ့အစည်းတွေရဲ့ စံချိန်စံညွှန်းကို အသုံးပြုတာ ပါလဲ။
ဖြေ ။ ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန (ECD) က ထုတ်ထားတဲ့ ၂၀၁၄ မှာ ထင်တယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနက Guide Line ထုတ်ထားတယ်။ အဲဒီ စံချိန်စံညွှန်း အတိုင်းပါ။ တခြားဟာ မသုံးဘူး။ WHO guide line တော့ သုံး တယ်။ ဒါပေမယ့် ECD က စံချိန်စံညွှန်းလောက်ပါပဲ။ မကွာပါဘူး။
မေး ။ ။ သတ်မှတ် စံချိန်စံညွှန်းထက် ပိုနေတယ်ဆိုတဲ့ ဒီအချက်အလက်တွေက ရန်ကုန်မြို့နေ လူထုကို ဘယ်လို ဆိုးကျိုး တွေ သက်ရောက်နိုင်မလဲ။
ဖြေ ။ ။ တမြို့လုံး ခြုံကြည့်ရင် ကျနော်တို့ ရန်ကုန်မြို့က လေထုညစ်ညမ်းမှု မဖြစ်သေးပါဘူး။ မိုးရာသီမှာတော့ လုံးဝ Clear ဖြစ်တယ်။ နွေရာသီမှာတော့ ဖုန်၊ အမှုန် နည်းနည်း ရှိမယ်။ ဒါပဲ ရှိမယ်။ ကျန်တာ ဆိုးဆိုးရွားရွား မရှိပါဘူး။
မေး ။ ။ တိုင်းတာမှုတွေ အရ လေထု အရည်အသွေး တနှစ်ထက် တနှစ် လေထု ပို ညစ်ညမ်းလာ တာမျိုး ရှိလား။
ဖြေ ။ ။ တိုင်းတာချက် အရတော့ ပိုပြီး ဖြစ်လာတာ မရှိဘူး။ ငြိမ်တယ်။ နွေမှာတော့ ဖုန်၊ အမှုန် နည်းနည်း များလာတာ ရှိ တယ်။ ဘာမှ စိုးရိမ်စရာ လုံးဝ မရှိဘူး။ လေထုညစ်ညမ်းမှု ဆိုးရွားတဲ့ အထဲ မပါသေးဘူး။
တိုင်းတဲ့ အခါမှာတော့ ၁ နာရီ တိုင်းတာ၊ နာရီဝက် တိုင်းတာ ရှိမယ်။ ၈ နာရီ တိုင်းတာ၊ ၁၂ နာရီ တိုင်းတာ၊၂၄ နာရီ တိုင်း တာရှိမယ်။ သူက လေထုတိုင်းတာ အပြင် မှန်မှန်ကန်ကန် တွက်ချင်တယ် ဆိုရင် အခုလို ၅ နှစ်။ အဲဒီလိုမျိုး နှစ်ပေါက် တိုင်းမှ အဖြေမှန်ထွက်မှာ။ ၁ နာရီလောက် တိုင်းရင်တော့ သူက များရင် များနေမှာ။ ၁ နာရီတိုင်းတဲ့ အဖြေမျိုးက မမှန်နိုင် ပါဘူး။
မေး ။ ။ တခါတလေ နေ့လယ်ဘက်တွေမှာ မိုးအုံ့တာကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်မှာ မှုန်မှိုင်းနေ တာမျိုး တွေ့ရတတ် တယ်။ ဒါက လေထုညစ်ညမ်းမှုကြောင့် ဖြစ်တာလား။
ဖြေ ။ ။ မဆိုင်ပါဘူး။ အပေါ်မှာ အပူချိန် မငြိမ်တဲ့အခါ တိမ်တွေကနေ ပါလာတဲ့ ရေခိုးရေငွေ့တွေ ပြန်ဆင်းတာပါ။ လေထု မငြိမ်သက်တဲ့ အခါမှာ မြူထ တက်တယ်။ တခြား ကျနော်တို့ နီးစပ်ရာ လေကြောင်းသင့်တဲ့ နိုင်ငံတွေမှာ မီးလောင်မှု ဖြစ် ရင်လည်း ပြာတွေ ဒီဘက်ထဲ လွင့်လာတတ်ပါတယ်။ အဲဒီလိုမျိုးတွေ ဖြစ်တာပါ။
မေး ။ ။ ရန်ကုန် လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)ရဲ့ စံနှုန်း သတ်မှတ်ချက် ထက် ပိုများနေတယ် ဆိုတဲ့ စစ်တမ်း အပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ မှန်တယ်။ ကျနော် ခုနက ပြောသလိုမျိုးပဲ။ ဒီတိုင်းတယ်ဆိုတာ ကျနော် သွားတိုင်းလိုက်မယ် ၁ နာရီလောက် တိုင်း ပြီးတော့မှ များနေတယ် ဆိုရင် ဥပမာ ကျနော်တို့ ရန်ကုန်ကိုပဲ ကြည့်ဗျာ။ မနက် ၄ နာရီကနေ စပြီး ည ၁၀ နာရီ လောက် အတွင်းမှာ ကားတွေသွားနေ လူတွေသွားနေတော့ အဲဒီ အချိန်မှာ များနေမှာပဲ။ မြင့်နေမှာပဲ။ ညဘက်မှာ ကား အသွား အလာလည်း ငြိမ်သွားပြီ။ ဘာမှ မရှိတော့ဘူးဆို အဲဒီအချိန်မှာ ညစ်ညမ်းစရာ မရှိတော့ဘူးလေ။
အဲဒီတော့ ကျနော် တို့က ၁ နာရီ တိုင်း တယ်ဆိုရင်လည်း ၁ ရက်စာနဲ့ ပျမ်းမျှ ယူပြီးတော့မှ အဆင်ပြေ မှာကိုး။ ပျမ်းမျှ မယူ ဘဲ ဒီတိုင်းချည်း တိုင်းတဲ့ data ကို ပြနေမယ် ဆိုရင်တော့ ကိုယ်တိုင်းတဲ့ အချိန် မှာတော့ များနေမှာပဲလေ။ ဒါ တိုင်းတာမှု သဘောတရားတွေပေါ့။ ကျနော် ပြောသလို ၁ နှစ်တိုင်း မလား ဒါမှမဟုတ် ၃ လကို တောက်လျှောက် တိုင်းမလား။
တလကို တောက်လျှောက် တိုင်းမလား။ အဲဒီလို တိုင်းတာမှ နီးနီးစပ်စပ် မှန်တာပေါ့။ ဒါတောင်မှပဲ အားလုံး မှန်တယ်လို့ ပြောလို့ မရဘူး။ နီးနီးစပ်စပ် မှန်တယ်လို့ပဲ ပြောလို့ရတယ်။
မေး ။ ။ ရန်ကုန်မှာ လေထု အရည်အသွေး ညစ်ညမ်းမှု ဆိုးရွားတဲ့ အဆင့် မရောက်စေဖို့ ဘာများ အကြံပြု ပြောဆိုချင်ပါ သလဲ။
ဖြေ ။ ။ ကျနော်တို့မှာ မြို့ပြဖွံ့ဖြိုးမှုက တိုးတက်လာချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ (Construction)ရှိနေတယ်။ အဲဒီကနေ အမှုန်တွေ ထွက်လာနိုင်တယ်။ အမှုန်တွေကို ပတ်ချာလည်မှာ ကာတဲ့စနစ်တွေ သုံးဖို့ လိုတယ်။ နောက်တခါ ကားတွေက တော်တော် များလာတယ်။ သုံးတဲ့ဆီတွေ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေက အမှန် ဖြစ်ဖို့ လိုတယ်။
စက်မှုဇုန်တွေ အနေနဲ့ကျတော့လည်း မီးခိုးထွက်နေတဲ့ စက်ရုံတွေ ရှိနေတော့ မီးခိုးထဲမှာ အမှုန်အမွှား တွေ မပါအောင် ခုန က SO2, NO2 တို့ မပါအောင် လေထဲမှာ အမှုန်လျှော့ချတဲ့ စနစ်တို့၊ လေထဲက နေပြီးတော့မှ ဓာတ်ငွေ့တွေ လျှော့ချတဲ့စနစ် တို့ စသဖြင့် ဒါမျိုး နည်းပညာတွေ သုံးဖို့ လိုအပ်ပါတယ်။
ရန်ကုန်မြို့ အနေနဲ့ မိုးရာသီမှာတော့ လေထု ညစ်ညမ်းမှု လုံးဝ မရှိပါဘူး။ နွေမှာတော့ အမှုန် နည်းနည်းလေး များတာရယ်။ CO2 နဲ့ မီသိန်းဓာတ်ငွေ့ များတာ ဒါပဲ ရှိပါတယ်။ ဒါတွေ များတယ် ဆိုတာ စံချိန်စံညွှန်း အပေါ်မှာ နည်းနည်းလေးပဲ ကျော် တဲ့ အတွက်ကြောင့် စိုးရိမ်စရာ လုံးဝ မရှိသေးပါဘူး။ အဲဒါပဲ ပြောချင်ပါတယ်။