ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(YHT) သာ မရှိခဲ့လျှင် ယနေ့ ရန်ကုန်မြို့သည် တကမ္ဘာလုံးတွင် ကိုလိုနီခေတ် အဆောက်အဦးများ အများဆုံး ကျန်ရှိရာ မြို့ဟု ကျော်ကြားနိုင်မည် မဟုတ်ပေ။ ကိုလိုနီခေတ် ဗိသုကာ လက်ရာများ ၏နောက်ဆုံးခံတပ်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် ရန်ကုန်သည် ဘာသာလူမျိုး စုံလင်ကွဲပြားလှ ရုံသာမက ဗြိတိသျှခေတ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အဦး ရာပေါင်းများစွာလည်း ရှိနေသည်။ သို့သော် နှစ် ၅၀ ကြာ ပြင်ပနိုင်ငံများနှင့် ထိတွေ့မှုမရှိခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာနှင့် ပြန်လည်ထိတွေ့ ဆက်ဆံခဲ့ရာ သက်တမ်းရာချီနေသည့် ထိုဗိသုကာ အမွေအနှစ်များသည် မြိုပြဖွံ့ဖြိုးတိုးတက်ရေး ဟူသော အန္တရာယ်အောက် ကျရောက်လာခဲ့ရသည်။
ယင်းကာလတွင် YHT ပေါ်ပေါက်လာသည်။ ထင်ရှားကျော်ကြားသော သမိုင်းဆရာနှင့် စာရေးဆရာ ဦးသန့်မြင့်ဦးက ရန်ကုန်၏ ထူးခြားသော ဗိသုကာ အမွေအနှစ်များကို ထိန်းသိမ်းရန် ၂၀၁၂ တွင် တည်ထောင်လိုက်သော YHT သည် မြိုပြအမွေအနှစ်များ ထိန်းသိမ်းရေးနှင့်ပတ်သက်လျှင် မြန်မာနိုင်ငံတွင် သြဇာအကြီးမားဆုံး အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်း ဖြစ်လာခဲ့သည်။ ထိုအဖွဲ့သည် သမိုင်းဝင်အဆောက်အအုံများအပါအဝင် ရှေးဟောင်း အဆောက်အအုံအချို့ကို ဖြိုချခံရမည့် အရေးမှ ကယ်ဆယ်နိုင်ခဲ့သည်။
YHT သည် ရန်ကုန်မြို့လယ်ရှိ ခန်းနားလှပပြီး သမိုင်းဝင်သည့် ကိုလိုနီအဆောက်အအုံများ အကြောင်း မြန်မာဘာသာဖြင့် ရှင်းပြသည့် လမ်းလျှောက်ခရီးစဉ်များကို အပတ်စဉ်စီစဉ်ပြီး မြို့တော်၏ ရှေးဟောင်း ဗိသုကာအမွေအနှစ်များ အရေးပါမှုနှင့် ပတ်သက်ပြီး လူထုကို ပညာပေးလျက် ရှိသည်။ ရန်ကုန်၏ သမိုင်းဝင်အဆောက်အအုံများတွင် ထိုအဆောက်အဦးနှင့် ပတ်သက်သော မေ့ပျောက်ခံ သမိုင်းကြောင်းများကို အများပြည်သူနှင့် ခရီးသွား ဧည့်သည်များ သတိထားမိစေရန် YHT သည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ရေးထိုးထားသည့် အပြာရောင် ကဗ္ဗည်း ကျောက်ပြားများ မြို့တော်နေရာအနှံအပြားတွင် တပ်ဆင်ခဲ့ရာ ယနေ့အထိ ကျောက်ပြား ၂၈ ပြား တပ်ဆင်ခဲ့ပြီးဖြစ်သည်။
ရှေးဟောင်း အဆောက်အဦးများ ပြန်လည်မွမ်းမံရေး စီမံကိန်းများသို့ နည်းပညာ အကူအညီပေးခြင်းအပြင် YHT သည် ရန်ကုန်ကို အာရှတိုက်၏ နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် ကူညီပုံဖေါ်နိုင်ရန်အတွက် ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာကိုလည်း ရေးဆွဲခဲ့သည်။ ယခုနှစ်တွင် ခုနှစ်နှစ်ပြည့်ပြီဖြစ်သည့် YHT ၏ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ၊ ယနေ့ရန်ကုန် နှင့် နှင့်ပတ်သက်သော အကြောင်းအရာများကို ဧရာဝတီ သတင်းဌာနမှ သတင်းအယ်ဒီတာ ကျော်ဖြိုးသာ က YHT တည်ထောင်သူ ဦးသန့်မြင့်ဦး အား မေးမြန်းထားပါသည်။
မေး။ YHT တည်ထောင်တာ ခုနှစ်နှစ်ရှိပြီ။ ဘာတွေ အောင်မြင်ခဲ့သလဲ။
ဖြေ။ အရမ်းကို ခက်ခဲတဲ့အခြေအနေမှာ တော်တော်ကို အောင်မြင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က YHT ကို ထူထောင်တော့ မြို့ပြထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုတာမျိုး ပြောဆိုဆွေးနွေးတာ မရှိဘူး။ အစိုးရကိုယ်တိုင်လည်း မြို့တော်ရဲ့ ဗိသုကာအမွေအနှစ်တွေကို ထိန်းသိမ်းရကောင်းမှန်း အဲဒီတုန်းက မသိဘူးဆိုတာ သူတို့ကိုယ်တိုင် ဝန်ခံတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ စစ်မတိုင်မီက အဆောက်အအုံ ၁၀၀၀ ကျော် ဖျက်ဆီးခံ(အဖြိုခံ)လိုက်ရတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ နည်းနည်းပါးပါးပဲ ဖျက်ဆီးခံရတော့တယ်။ အဲဒီအပြင် လက်ကျန် ရှေးဟောင်း အဆောက်အအုံတွေကို ကာကွယ်ထိန်းသိမ်းရမယ်ဆိုတာ ပို သိလာကြတယ်။ ကျနော်တို့ရဲ့ အပြာရောင် ကဗ္ဗည်းပြားတပ်ဆင်ရေး စီမံကိန်းတွေကြောင့် အဲဒီလိုမျိုး သိလာကြတယ်လို့ ထင်တယ်။ ကျနော်တို့ရဲ့ အခမဲ့ မြန်မာဘာသာ မြို့တွင်းလေ့လာရေး အစီအစဉ်ကြောင့်လည်း ပါပါတယ်။ YHT ဟာ ရှေးဟောင်း အဆောက်အဦး ပြုပြင်မွမ်းမံရေး စီမံကိန်း ၁၀၀ ကျော်ကိုလည်း နည်းပညာ အကူအညီပေးခဲ့တယ်။
အဲဒီလိုလုပ်ပေးခဲ့ကြောင့် မွမ်မံပြင်ဆင်ရေးအတွက် အခုဆို ဒေါ်လာ သန်း ၃၀၀ လောက် ရင်းနှီး မြှုပ်နှံလာကြပါတယ်။ ဒီ့အပြင် YHT ဟာ ရန်ကုန် မြို့ပြအမွေအနှစ် မဟာဗျူဟာကိုလည်း ရေးဆွဲခဲ့ပြီး အဲဒီမှာ ကျနော့်အမြင်အရ ရန်ကုန်မြိုလယ်ရဲ့ အနာဂတ်အတွက် လုပ်သင့်တဲ့ အကောင်းဆုံး အကြံဉာဏ်တွေပါတယ်လို့ ထင်တယ်။ ဒါတွေအားလုံးကို ၇ နှစ်အတွင်း ငွေကလေး မဆိုစလောက်နဲ့ လုပ်ခဲ့တယ်။ အဲဒီလိုလုပ်နိုင်တာကလည်း YHT အဖွဲ့သားတွေရဲ့ တကယ့်ကို ကြိုးစားအားထုတ်မှုကြောင့် လုပ်နိုင်ခဲ့တာပါ။
မေး။ YHT ကိုဖွဲ့ဖို့ ဘယ်အချိန်မှာ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။
ဖြေ။ ကျနော်က ဗိသုကာလည်း မဟုတ်သလို မြို့ပြစီမံကိန်းရေးဆွဲသူလည်း မဟုတ်ဘူး။ လူတွေက တခါတခါ ကျနော့်ဆီလာပြီး အဆောက်အအုံ မွမ်းမံဖို့တို့ ထိန်းသိမ်းဖို့တို့အတွက် အကြံဥဏ်တွေ တောင်းကြတယ်။ ဒါပေမယ့် အဲဒါတွေအကြောင်း ကျနော် ဘာမှမသိဘူး။ ကျနော် စ လုပ်ဖြစ်တာကတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ၁၉၇၀ ခုနှစ်တွေတုန်းက ရန်ကုန်ဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာနဲ့ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ လှပတဲ့အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပြီး နေထိုင်ဖို့၊ အလုပ်လုပ်ကိုင်ဖို ခက်ခဲတဲ့ အကျည်းတန် အဆောက်အအုံကြီးတွေနဲ့ အစားထိုးနေတာကို ကျနော်ပြန်သတိရတယ်။ အဲဒီလို ဖြိုချဖျက်ဆီးနေတာကို ကျနော် ရပ်ပစ်ချင်တယ်။ ဒေသခံတွေရော၊ ဧည့်သည်တွေအတွက်ပါ အရမ်းကောင်းမယ့် ပြန်လည်ပြုပြင်ထိန်းသိမ်းထားတဲ့ ရန်ကုန်ကို ကျနော် စိတ်ကူးထဲမြင်ကြည့်တယ်။ ၂၀၁၂ ခုနှစ်မှာ အစိုးရသစ်က ကျနော့်စိတ်ကူးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်လို့ပြောတော့ ကျနော် YHT ကို စလုပ်တယ်။ အဲဒီအလုပ်မှာ စိတ်ရော၊ လူရော အချိန်ပါ ရှေ့လာမယ့်နှစ်ပေါင်းများစွာ နှစ်မြှုပ်ထားရတော့မယ်ဆိုတာ အဲဒီတုန်းက ကျနော် သဘောမပေါက်ခဲ့ဘူးဗျာ။
မေး။ ခုနှစ်နှစ်အတွင်း ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရလဲ။ အထူးသဖြင့် မြို့လယ်က ရှေးဟောင်း အဆောက်အဦးတွေ အဖြိုခံရမယ့်ဘေးကနေ ကယ်တင်ခဲ့တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ။ ကြုံခဲ့သမျှ အရာရာတိုင်းဟာ စိန်ခေါ်မှုပဲ။ ရှေးဟောင်းအဆောက်အဦး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပတ်ဝန်းကျင်ကောင်း ဒီမှာ မရှိဘူး။ ဒီလိုအတွေ့အကြုံမျိုးရှိတဲ့ ဗိသုကာ၊ အင်ဂျင်နီယာ၊ ကျွမ်းကျင်လုပ်သား မရှိသလောက်ပဲ။ NGO တခု တည်ထောင်တာကိုက အတော့်ကို မလွယ်တာ။ YHT ဆို ၂၀၁၆ ခုနှစ်အထိတောင် မှတ်ပုံတင် မကျဘူး။ ရန်ပုံငွေ ရှာရတာလည်း စိန်ခေါ်မှုပဲ။ ဒါပေမယ့် အဓိကပြဿနာကတော့ အစိုးရ ဋ္ဌာန အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု မရှိတာ၊ နိုင်ငံတော် အဆင့် အဖွဲ့အစည်းတွေ ရဲ့ အားနည်းချက်တွေ၊ ရှေးဟောင်း အဆောက်အဦးရဲ့ တန်ဖိုး တွေနဲ့ ပတ်သက်ပြီး အများက မသိနားမလည်တာ၊ မြန်မာ့အရင်းရှင်စနစ်ရဲ့ ထိန်းချုပ်မှုကင်းမဲ့ပြီး အကျင့်ပျက် ခြစားတွေပေါ့ဗျာ။
မေး။ အခု YHT က ဘာတွေလုပ်နေလဲ။
ဖြေ။ ပြောရရင် စာအုပ်အသစ်ရေးနေတာရယ် (အခုတော့ ပြီးသွားပါပြီ) တခြား ကိစ္စတွေကို အာရုံစိုက်နေတာကြောင့် ကျနော် YHT နဲ့ ကင်းကွာနေတာ တနှစ်ကျော်ပြီ။ ဒါကြောင့် YHT နေ့စဉ်လုပ်ငန်းတွေ ဘာဖြစ်နေတယ်ဆိုတာ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော်သိတာက YHT ဟာ အစိုးရရဲ့ အကြံဉာဏ်နဲ့ နည်းပညာအကူအညီ တောင်းခံမှုတွေကို ဖြည့်ဆီးပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတယ်။ YHT ဟာ အီတလီအစိုးရရဲ့ အထောက်အပံ့နဲ့ လေ့လာမှုတွေ အများကြီးလုပ်နေတယ်။ အဲဒီလေ့လာမှုတွေဟာ မြန်မာအစိုးရကို ရန်ကုန်မြို့လယ်ကို စနစ်တကျစီမံဖို့ မဟာခြေလှမ်းတွေ လှမ်းနိုင်စေလိမ့်မယ်။ အပြာရောင် ကဗ္ဗည်း အစီအစဉ်ကတော့ ထုံးစံအတိုင်းရှေ့ဆက်လုပ်နေတယ်။
မေး။ ရန်ကုန်ရဲ့ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရက ဘယ်အတိုင်းအတာအထိ ကူညီလဲ။
ဖြေ။ တိုင်းဒေသကြီး အစိုးရက အစကတည်းကကို အရမ်းကို ကူညီပံ့ပိုးပြီး မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကို တိုင်းအစိုးရရဲ့ ပင်မ မူဝါဒရဲ့ တစိတ်တဒေသအဖြစ် သတ်မှတ်ထားတယ်။ ဒါပေမယ့် စိန်ခေါ်မှုက အခု ကျနော်တို့ရောက်နေတဲ့ အခြေအနေကနေ စနစ်ကျတဲ့ ရေရှည်စီမံကိန်းတွေ ရည်မှန်းချက်တွေအထိ ဖြစ်လာဖို့ပဲ။ လာမယ့် ၂ နှစ်လောက်အတွင်းမှာ အစိုးရက YHT ရဲ့အကြံပြုချက်တွေ၊ ပတ်ဝန်းကျင်က အများပြည်သူဆိုင်ရာနေရာတွေကို ပိုမိုကောင်းမွန်အောင် (ယာဉ်စီးရေလျှော့ချတာ၊ ပလက်ဖေါင်းတွေ၊ ကမ်းနားနဲ့ ပန်းခြံတွေ အဆင်မြင့်တာ) မကြာမီက မွမ်းမံ ပြီးစီးသွားတဲ့ ရှေးဟောင်း အဆောက်အဦး စီမံကိန်းတွေအပေါ် အခြေခံပြီး ဆက်လုပ်နိုင်ရင် ရန်ကုန်ဟာ အရှေ့တောင်အာရှမှာ ဘယ်နိုင်ငံမှ မရတဲ့ အောင်မြင်မှု ရလာမှာမို့ ကျနော်တို့ အားလုံးအတွက် ဂုဏ်ယူစရာ ဖြစ်လာနိုင်တာပေါ့။
မေး။ ရန်ကုန်မှာ ရှေးဟောင်း အမွေအနှစ်ထိန်းသိမ်းဖို့ ဘာတွေလုပ်ဖို့ လိုနေသေးလဲ။
ဖြေ။ ပြောရရင်တော့ဗျာ အစိုးရ အနေနဲ့ ဆုံးဖြတ်ရမှာ။ ရန်ကုန်ကို ဘယ်လိုမျိုး ဖြစ်စေချင်ဆိုတာကို။ ရန်ကုန်မြို့လယ်ကို ကမ္ဘာ့ထိပ်တန်းခရီးသည် ဆွဲဆောင်ရာနေရာ ဖြစ်ချင်လား၊ အာရှမှာ အလှပဆုံး ယဉ်ကျေးမှုစုံလင်တဲ့ မြိုပြဖြစ်ချင်လားဆိုတာမျိုး ဆုံးဖြတ်ရလိမ့်မယ်။ အစိုးရက ဖြစ်ချင်ရင် လုပ်လို့ရတယ်။ လိုအပ်တဲ့အရာတွေ ရှိနေပြီးပြီ။ လိုတဲ့ စိတ်ကူးအကြံအစဉ်တွေအကုန် ရန်ကုန် မြို့ပြအမွေအနှစ် မဟာဗျူဟာမှာ ပါတယ်။ ဒါကို ဦးစားပေးဖို့တော့ လိုတယ်။
ကျနော် မရှိလည်း YHT က ဆက်ရှိနေမှာပါ။ ဘယ်အဖွဲ့အစည်းမှ လူတဦး အဖွဲ့တဖွဲ့တည်းကို မမှီခိုသင့်ဘူး။ ဒီလိုဖြစ်ဖို့ စနစ်ကျတဲ့ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာငွေရှာဖွေရေး ယန္တရားလိုတယ်။ အဲဒီအပြင် YHT ရဲ့ အခန်းကဏ္ဍဟာ အခြေခံအားဖြင့် အစိုးရကို အကြံပေးဖို့နဲ့ လူထုအတွက် အရေးဆို ပေးမယ့် အဖွဲ့မျိုးသာ ဖြစ်နေမှာပါ။
မေး။ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေက ရန်ကုန်အတွက် ဘာကြောင့် အရေးပါနေတာလဲ။
ဖြေ။ ဘာကြောင့်လည်းဆိုတော့ ဒါတွေက လှပတဲ့မြို့သစ်ကြီးတခု ပေါ်ပေါက်လာဖို့ ခေတ်မီ အခြေခံအဆောက်အအုံတွေနဲ့ ပေါင်းစပ်ရမယ့် မြို့ပြစနစ်ရဲ့ အစိတ်အပိုင်း ဖြစ်ဖို့ပဲ။ မြို့ဟောင်းဟာ အတိတ်နဲ့၊ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းနဲ့ ဆက်စပ်ဖို့ ရုပ်ပိုင်းအချိတ်အဆက်ဖြစ်လို့ အရေးကြီးတယ်။ ဒီအချိတ်အဆက်ကို ဆုံးရှုံးသွားရင် ကျနော်တို့ရဲ့ အတိတ်ကို စိတ်ကူးပုံဖေါ်နိုင်တဲ့ စွမ်းရည်၊ ကွဲပြားတဲ့ အနာဂတ်တွေကို စိတ်ကူးပုံဖေါ်နိုင်တဲ့ စွမ်းရည်တွေ လျော့ပါးသွားလိမ့်မယ်။ မြန်မာ့သမိုင်းကို ပြန်လည်စဉ်းစားသုံးသပ်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ တိုင်းပြည်တည်ဆောက်ဖို့ သော့ချက်ပဲ။ ရန်ကုန်မြို့လယ်ဟာ ဒီသော့ချက်ရဲ့ အစိတ်အပိုင်းပဲ။
မေး။ ဒီနေ့ရန်ကုန်ကို ဘယ်လိုမြင်လဲ။
ဖြေ။ အရင်ကလောက် မီးမပျက်တော့တာ၊ ဆက်သွယ်ရေးစနစ်တွေ ပိုကောင်းလာတာလိုမျိုး အဆင်ပြေလာတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ပိုမိုပြီး လေထုညစ်ညမ်းတာတွေ၊ ယာဉ်ကျော ပိုပိတ်လာတာတွေ၊ အသံညစ်ညမ်းတာတွေကြောင့် လွန်ခဲ့တဲ့ ၇ လောက်ကနဲ့ယှဉ်ရင် သိပ်နေချင်စရာ မကောင်းတော့ဘူး။ အဓိက ပြဿနာက ကားတွေပဲ။ ကားတွေက ရန်ကုန်ကို ဖျက်ဆီးနေတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ အလားအလာကို ဖျက်ဆီးနေတယ်။ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ဖျက်ဆီးနေတယ်။ ၂၀၁၁ ခုနှစ်က စပြီး ကားအစီးရေကို မကန့်သတ်ခဲ့ဘူး။ အဲဒီအစား အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းလျှောက်ရတာ သက်သောင့်သက်သာဖြစ်ရေးမှာ ရင်းနှီးမြှုပ်နှံနေတယ်။ ရန်ကုန်ဟာ မနီလာတို့၊ ဂျကာတာတို့ ဘန်ကောက်လို မြို့ကြီးတွေထက် အများကြီး သာသင့်ပါလျှက် မသာဘဲ သူတို့လို အခြေအနေဆိုးသွားမှာ ကျနော်စိုးရိမ်တယ်။
မေး။ နောက် ၇ နှစ်လောက်နေရင် ရန်ကုန်ကို ဘယ်လိုပုံမျိုး မြင်ချင်လဲ။
ဖြေ။ ကမ်းနားတွေကို အများပြည်သူတွေအတွက် ဖွင့်ပေးထားပြီး လှပတဲ့ မြိုပလယ်ခေါင် ရှိတဲ့ မြို့။ ကားကင်းမဲ့ဇုန်တွေလည်း အများကြီးရှိမယ်။ ရွှေတိဂုံဘုရားနဲ့ အနီးက ပန်းခြံတွေဆီကို စက်ဘီးလမ်း၊ လူသွားလမ်းတွေလည်း ရှိမယ်။ မြို့ ရဲ့ တနေရာမှာတော့ ခေတ်အမီဆုံး အခြေခံ အဆောက်အအုံတွေရှိမယ်။ မြေအောက် ရထား (မိုးပျံမဟုတ်ဘူး) အပါအဝင် အကောင်းဆုံး အများပြည်သူ သယ်ယူပိုဆောင်ရေး စနစ်လည်း ရှိမယ်။ သစ်ပင်တွေ အရင်ကထက် ပိုများလာမယ်၊ အများပြည်သူသုံးလို့ရတဲ့ နေရာတွေလည်း များလာမယ်။ အဲဒီနေရာတွေဟာ လူတွေနေ၊ အလုပ်လုပ်တဲ့ နေရာနဲ့ အနီးမှာရှိမယ်။ ဒီလိုနေရာတွေမှာ ပြည်သူတွေဟာ ကျန်းမာစွာ နေထိုင်မယ်၊ အနားယူမယ်၊ အပမ်းဖြေမယ်၊ အစားကောင်း အသောက်ကောင်းတွေ စားနိုင်မယ့် မြို့ကြီး အနေနဲ့ ပေါ့ဗျာ။
(Kyaw Phyo Thar ၏ For Conservation Group Yangon Heritage Trust, the Colonial Past is Prologue ကို ဘာသာပြန်ဆိုသည်။)