ကချင် ပြည်နယ် ဝိုင်းမော် မြို့နယ်တွင် တစ်သျှူး ငှက်ပျော စိုက်ရန် မြေတိုင်းတာမှုများ ပြုလုပ်နေသဖြင့် ငှက်ပျောခြံများကို ဒေသတွင်း လက်မခံနိုင်ကြောင်း ဒေသခံများက အုပ်ချုပ်ရေးမှူးများထံ ကန့်ကွက်စာများ ပို့ခဲ့ကြသည်။
ကန့်ကွက်စာတွင် တစ်သျှူး ငှက်ပျောကြောင့် မြေဆီလွှာ ပျက်စီးမည့် အရေး၊ ငှက်ပျောခြံ လုပ်သားများ ရောက် လာပါက ဒေသခံများနှင့် လူမှုရေး ပြဿနာများ တက်မည်ကို စိုးရိမ်ကြသည့် အရေးများကိုလည်း ရေးသားထားသည်။
ဒေသခံများ ကန့်ကွက်နေသည့် အပေါ် မြစ်ကြီးနားမြို့ အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်မှ သတင်းထောက် မမွန်းမွန်း ပန်က သတင်း ရေးသား ဖော်ပြခဲ့ရာ ဝိုင်းမော်မြို့မှ သခင်စစ် ကုမ္ပဏီ ပိုင်ရှင်က ခေါ်တွေ့ကာ ခြံအတွင်း ရိုက်နှက် ချုပ် နှောင် ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မမွန်းမွန်းပန်က ၎င်းကို ဆဲဆို ပါးရိုက်သည့် သခင်စစ် ကုမ္ပဏီ ပိုင်ရှင် ဦးဒိန်ဆောင်ကို ပြစ်မှု ကျူးလွန်ရန် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ နာကျင်စေမှု ပုဒ်မ ၃၂၃၊ အမျိုးသမီးကို ကာယိန္ဒြေ ပျက်ပြားစေမှု ပုဒ်မ ၃၅၄၊ မတရား ချုပ်နှောင်မှု ပုဒ်မ ၃၄၁၊ ဆဲဆိုမှု ပုဒ်မ ၂၉၄ တို့ဖြင့် ဝိုင်းမော် မြို့နယ် ရဲစခန်းတွင် အမှု ဖွင့်ထားသည်။
ပြဿနာ ဖြစ်သည့် အကြောင်းအရင်း၊ ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်၍ မမွန်းမွန်ပန်ကို ဧရာဝတီ အကြီးတန်း သတင်း ထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ သခင်စစ် ကုမ္ပဏီနဲ့ ပြဿနာ ဖြစ်တာ ဘယ်လို ဖြစ်ကြတာလဲ။
ဖြေ။ ။ ဖေဖော်ဝါရီလ ၂၆ ရက်၊ မနက် ၉ နာရီမှာ သခင်စစ် ကုမ္ပဏီကနေ ရုံးမှာ လာခေါ်တယ်။ ခဏလောက် ဝိုင်းမော်က သူတို့ ကုမ္ပဏီကို လိုက်ခဲ့ပေးလို့ ရမလား ဆိုပြီး ခေါ်တာ။ ကျမ မအားသေးဘူး။ ခဏနေ အားရင် ညနေပိုင်း လာတွေ့မယ် ပြောတာကို သူတို့က ညနေပိုင်းတော့ မလုပ်ပါနဲ့ မနက်ပိုင်းပဲ သွားရအောင်လို့ ပြောတော့ ကျမက ညနေ မိုးချုပ်တဲ့ အချိန် မဟုတ်ဘူး။ ၁၂ နာရီ နောက်ပိုင်းလောက် လာမယ် ပြောပြီး ကျမ ရုံးကနေ အပြင်ကို ထွက်သွားတယ်။
သူတို့က ဖုန်းလိုက် ဆက်တယ်။ ကုမ္ပဏီသူဌေးက မအားလို့ မနက်ပိုင်းပဲ တွေ့ချင်တယ်။ အခု လာခဲ့ပါ ပြောလို့ ၁၁ နာရီ ပြန်ချိန်းတယ်။ အခုပဲ ထပ်ပြောလို့ ကျမ ရုံးပြန်လာတယ်။ ရုံးက CEO နဲ့ သူတို့က စကားပြောနေတာ။ သူတို့ ကုမ္ပဏီက ၆ ယောက်။ သတင်းက ဘယ်လို ဖြစ်တာလဲ ဆိုပြီး မေးတော့ ဒါက မမှားဘူး။ ရှင်းလည်း ရှင်းပြပြီးပြီ။ သတင်းမှာ ငှက်ပျော စိုက်တယ် ဆိုတာလည်း မရေးထားဘူး။
ငှက်ပျော စိုက်ဖို့ လမ်းဖောက်နေတယ်လို့ ရေးထားတာ။ သူတို့က ဟုတ်ပါပြီ။ ဒီကိစ္စကိုပဲ ရှင်းပြပေးပါ။ ကုမ္ပဏီ သူဌေး ကလည်း ဖွံ့ဖြိုးရေးတွေ လုပ်ထားတာ ပြောပြချင်လို့ လိုက်လာပါ ဆိုပြီး ခေါ်တယ်။ ကျမတို့ ဆရာက ရုံးမှာပဲ ရှင်းပါ။ လိုက် စရာ အကြောင်း မရှိသလို သတင်းကလည်း မမှားဘူး ပြောတာကို သူတို့က ဘာမှမဖြစ်စေရဘူး။ အုပ်ချုပ်ရေးမှူးကိုလည်း ခေါ်ထားတယ်ဆိုပြီး ပြောတယ်။ လူကြီးပိုင်းတွေက လိုက်ခဲ့ပါလို့ ပြောတော့ ကျမနဲ့ အားဂျယ်နဲ့ကို လွှတ်လိုက်တာပါ။
မေး။ ။ သူတို့ ကုမ္ပဏီက ကားနဲ့ လိုက် သွားတာလား။
ဖြေ။ ။ သူတို့က ကားနဲ့ အကြို အပို့ လုပ်ပေးမယ် ပြောတယ်။ ကျမတို့က မလိုက်နိုင်ဘူး ဆိုပြီး ဆိုင်ကယ်နဲ့ပဲ လိုက်ခဲ့ တာပါ။ အားဂျယ်က အဖော် အဖြစ် ခေါ်သွားတာပါ။ သူက သတင်းရေးတဲ့သူ မဟုတ်ဘူး။ သွားတော့ ရှေ့မှာ ကုမ္ပဏီက ကားတစီး နောက်မှာက ကားတစီး၊ ကျမတို့ ဆိုင်ကယ်က အလယ်ကနေ သွားပါတယ်။ ဟိုရောက်တော့ သူတို့က ခြံဝင်း တံခါးဖွင့်ပေးတော့ ထိုင်နေ ဆိုလို့ ထိုင်ပါတယ်။ ကျမက ရုံးကို အကြောင်းကြားတယ်။ အယ်ဒီတာချုပ် မဆိုင်းမိုင်ကို ဖုန်း ပြောတယ်။
အဲဒီကတည်းက ကျမတို့ အယ်ဒီတာက ဘာလို့ ကုမ္ပဏီ လိုက်သွားရတာလည်း သွားစရာ မလိုဘူး ပြောနေချိန်မှာ ကုမ္ပဏီ က လူကြီး ဦးဒိန်ဆောင်က ရောက်လာပြီး အားဂျယ်ကို မင်း ဘာလို့ ထိုင်နေတာလဲ၊ မင်းကို ဘယ်သူ ထိုင်ခိုင်းလဲ။ အခု ပြန် ပြင်ထိုင်လို့ ပြောတယ်။ ထိုင်ခုံက ကော်နဲ့ လုပ်ထားတဲ့ ပက်လက် ကုလားထိုင်ပါ။ ယောက်ျားလေး ဆိုတော့ အဲဒီထိုင်ခုံမှာ ထိုင်တာ ခြေထောက် ဟ သလို ဖြစ်နေတယ်။
အဲဒါကို မင်းကို ဘယ်သူ ထိုင်ခိုင်းလဲ ဆိုပြီး မောက်မောက်မာမာ ပြောတယ်။ ကျမကလည်း ပြန်ပြင် ထိုင်စရာ မလိုဘူး။ ဒီအတိုင်း အဆင်ပြေတယ် ပြောတော့ ဒီသတင်းရေးတာ မင်းလား ဆိုပြီး အားဂျယ်ကို ပြောတယ်။ သူက မဟုတ်ဘူး ဆို တော့ မင်းနဲ့ မဆိုင်ဘူး။ ထွက်သွား ဆိုပြီး ပြောတယ်။ ကျမကိုတော့ မင်းဒီမှာ နေခဲ့ ဆိုပြီး ပြောတယ်။
အားဂျယ်က တံခါးပေါက်နားပဲ ရပ်နေတာကို။ မင်း ဟိုးအပြင် ထွက်ဆိုပြီး ဦးဒိန်ဆောင်က လည်ပင်း အင်္ကျီစကို ဆွဲပြီး အပြင်ကို ဆွဲထုတ်သွားတယ်။ လမ်းပေါ်ကို ဆွဲထုတ်တာ။ အဲဒီ ကုမ္ပဏီ ခြံဝင်းရှေ့ မျက်နှာချင်းဆိုင် အိမ်မှာ သူ့ကို ချုပ် ထား၊ လက်ကိုလည်း နောက်ပစ် အနေအထားနဲ့ ထား ဆိုပြီး သူ့ဝန်ထမ်းတွေကို ပြောတယ်။ တံခါးကို ပိတ်လိုက်တော့ ကျမနဲ့ အားဂျယ်နဲ့ မတွေ့ရတော့ဘူး။
သူက ကျမနဲ့ အတူလာတာ။ ကျမလည်း မနေဘူးလို့ ပြောပြီး ထွက်တာကို ကုမ္ပဏီ ဝန်ထမ်းတွေက ဝိုင်းဆွဲကြတာ။ အား ဂျယ်က ဟိုဘက်ကနေ လက်မြန်ပြီး ဓာတ်ပုံ ရိုက်လိုက်တာ။
မေး။ ။ ဝိုင်းတွန်းကြ ဆွဲကြတာ ယောက်ျားလေးတွေပဲလား။
ဖြေ။ ။ ယောက်ျားလေးတွေ ချည်းပဲ။ အပြင်ကနေ ၂ ယောက်က တွန်းတာ။ အထဲကနေ ကုမ္ပဏီ ပိုင်ရှင်ရော မန်နေဂျာ ရော ဝိုင်းဆွဲတာ။ အမျိုးသမီးတွေ ၂ ယောက်လည်း အထဲမှာ ရှိတယ်။သူတို့ ဝိုင်းဆွဲလား ဆိုတာ ကျမ မသိတော့ဘူး။
ကြောက်လည်း ကြောက်နေပြီ။ တံခါးကလည်း ပိတ်ထားပြီး ကျမတို့ ဝိုင်းဆွဲကြတော့ လန့်နေပြီ။ ဝမ်းနည်းပြီး ကြောက်ပြီး ငိုလည်း ငိုနေပြီ။ ယောက်ျားလေးတွေ ဝိုင်းပြီး ဆွဲကြလို့ ကျမ အနွေးထည် အင်္ကျီတွေလည်း အကုန် ပြုတ်သွားတယ်။ အဲဒါ တော့ ကျမ ကောင်းကောင်း မှတ်မိတယ်။ အပေါ်ထပ် အနွေးထည် ကြယ်သီးတွေ အကုန်ပြုတ် ထွက်သွားတယ်။
အထဲမှာက ခေါင်းစွပ်အင်္ကျီ ဝတ်ထားလို့ တော်သေးတယ်။ အထဲမှာပါတဲ့ အင်္ကျီသာ ကြယ်သီးနဲ့ဆို အကုန်ပြုတ်ထွက်မှာ သူတို့ က ဝိုင်းတွန်းပြီး ဆွဲကြတာ။ အထဲကို ဆွဲခေါ်ကြတယ်။ ကျမကလည်း မရဘူး။ ရုန်းပေမယ့် သူတို့က ၅ ယောက် လောက် ဝိုင်းဖမ်းထားတော့ ရုန်း မရတော့ဘူး။ ထိုင်ခိုင်းပြီး နင့်ကို ဘာမှမလုပ်ဘူး ဆိုပြီး စိတ်ဆိုးပြီး ကျမကို အသားကုန် ပြော တယ်။ ကျမက ကျမ အယ်ဒီတာတွေနဲ့ ဖုန်းပြောနေတုန်း ဆိုတော့ အဲဒီလို ဖြစ်တဲ့ အချိန်မှာ ဖုန်းက ပြောလက်စပဲ။ ဖုန်းမချသေးဘူး။
ကျမကလည်း ဒီလို ဝိုင်းလုပ်နေပါတယ်။ အားဂျယ်ကိုလည်း ချုပ်ထားမယ် ဆိုပြီး တဖက်ကို ခေါ်သွားတယ်လို့ ပြောတော့ ဦးဒိန်ဆောင်က ဖုန်းယူထားလိုက် ဖုန်းဆက်ခွင့် မရှိဘူး ဆိုပြီး ကုမ္ပဏီ ဝန်ထမ်း ကောင်လေး တယောက်က ကျမပြောနေ တဲ့ ဖုန်းကို လု ယူသွားတယ်။ ကျမကို ဝိုင်းပြောကြတယ်။ မင်းရေးထားတဲ့ သတင်း ဒီမှာ ဆိုပြီး ဂျာနယ်ကို ကိုင်ပြီး ပါးကို ရိုက်တယ်။ ပါးနဲ့ နားကို ရိုက်တာ ညာဘက်ကို ရိုက်တာပါ။ နားတွေလည်း အူသွားတယ်။
ကျမက ငိုပဲ ငိုနေတော့ ငိုမနေနဲ့တဲ့။ ငါတို့ ငှက်ပျောတပင်မှ မစိုက်တာကို စိုက်တယ်လို့ ပြောတယ် ဆိုပြီး သူ့မိန်းမရော သူ့သမီးရော ကုမ္ပဏီ ပိုင်ရှင် ဦးဒိန်ဆောင်ရော မန်နေဂျာရော သူတို့ အလုပ်သမားတွေရော အားလုံး ကျမကို ဝိုင်းထား ကြတယ်။ သူတို့ မိသားစုရော ကုမ္ပဏီပိုင်ရှင် ဦးဒိန်ဆောင်ရော ဝိုင်းပြောဆို ကြတယ်။
မန်ဒေါင် အုပ်ချုပ်ရေးမှူးကို အခု ဖုန်းဆက်ခေါ်ဆိုပြီး ပြောတော့ ကျမဖုန်းကို ဆက်ဖို့ ခဏ ပြန်ပေးတယ်။ အဲဒီအချိန်မှာ ကျမ အယ်ဒီတာချုပ် မဆိုင်းမိုင် ဖုန်းပြန်ဝင်လာတော့ အမြန် လာကယ်ပါလို့ ကျမ ပြောလိုက်တယ်။ မစိုးရိမ်နဲ့ မြစ်ကြီးနား ရုံးက အယ်ဒီတာတွေ ရဲတွေနဲ့ လာနေပြီလို့ ကျမ သိရတယ်။
မေး။ ။ နောက် ဘာဆက်ဖြစ်လဲ။
ဖြေ။ ။ အဲဒီမှာ ဦးဒိန်ဆောင်က လက်ရှိ စည်ပင်ဝန်ကြီး ဦးနော်လီနဲ့ မန်ဒေါင် အုပ်ချုပ်ရေးမှူးကိုလည်း ပြောဆိုနေတယ်။ အော်ဟစ်ပြီး မင်း ငါပြောတာ ကြားလား ပြောတယ်။ ကျမလည်း ဒီလောက် အော်နေတာ ကြားတယ်။ ကျမ အတင်း ပြော တာ နားထောင်ဖို့ လာတာ မဟုတ်ဘူး ပြောတာကို သူက မန်ဒေါင် အုပ်ချုပ်ရေးမှူးတို့က ပြောတဲ့ အတင်းကိုကျ ရေး တယ်။ ငါပြောတာကျ နားမထောင်ဘူးလား ဆိုပြီး စိတ်ဆိုးတယ်။
နောက် ကျမတို့ မြစ်ကြီးနား ဂျာနယ် လူမှု ကွန်ရက် စာမျက်နှာမှာ သတင်းထောက် ၂ ယောက်ကို ဖမ်းထားတယ် ဆိုတာ တတ်လာတော့ ဒီကောင်လေးပဲ တင်တာ နေမယ် ဆိုပြီး အားဂျယ်ကို ခြံထဲ ခေါ်တယ်။
အခု ချက်ချင်း ဖျက်ဆိုပြီး ပြောတယ်။ အားဂျယ်က ကျနော် ဖျက်လို့ မရဘူး။ အယ်ဒီတာတွေပဲ ဖျက်လို့ ရတာလို့ ပြော တော့ အမြန် ဖျက်ခိုင်း၊ မင်း ထိုင်ထ အခါ တသိန်း လုပ်ရမယ်။ တနေကုန် မရပ်ရဘူး။ လုပ်လို့ ပြောတယ်။ ကျမက မလုပ်နဲ့ လို့ ပြောတယ်။ ဒါပေမယ့် အားဂျယ်က လုပ်လိုက်မယ် ဆိုပြီး ထိုင်ထ လုပ်နေတာ ကျမ ရှေ့မှာပဲ။ နောက်ပြီး ဦးဒိန်ဆောင် က တင်ထားတဲ့ သတင်းတွေ မဖျက်ချရင် ကျမတို့ ၂ ယောက်လုံး ဒီအိမ် ကနေ တလှမ်းမှ ခွာဖို့ မစဉ်းစားနဲ့လို့ ပြောတယ်။ နောက် မျိုးစုံ ဆဲဆိုနေတယ်။
ခဏနေတော့ အားဂျယ်ရဲ့ အမေနဲ့ အဘွားကိုလည်း ကုမ္ပဏီဝန်ထမ်းတွေက သွားခေါ်ထားတယ်။ အားဂျယ် အမေနဲ့ အဘွား က အသနားခံတယ်။ ဦးဒိန်ဆောင်က နင့်သား အမှား လုပ်ထားတယ် ဆိုပြီး ပြောတော့ အားဂျယ် အမေက တောင်း ပန်တယ်။ ဦးဒိန်ဆောင်က တောင်းပန်တာနဲ့ မရဘူး။ ငါ့ရဲ့ကုမ္ပဏီ တနေ့ လုပ်အားခ သိန်း ၅၀ လျော်ရမယ်တဲ့။ မလျော်ရင် နင့်သားကို ခေါ်သွားဖို့ မစဉ်းစားနဲ့ ဆိုပြီး ပြောတယ်။
မေး။ ။ ရဲတွေ ရောက်လာမှ သူတို့ ပြန်လွှတ်ပေးတာလား။
ဖြေ။ ။ ခဏကြာတော့ ရဲတွေ ရောက်လာတယ်။ ကျမတို့ အယ်ဒီတာတွေနဲ့။ ရဲတွေက စခန်း ရောက်မှ ရှင်းရအောင် ခေါ် တာကိုလည်း မလိုက်ဘူး မသွားဘူး ဒီမှာပဲ ရှင်းမှာ ဆိုပြီး ပြောတယ်။ ဘာမှ စခန်းမှာ ရှင်းစရာ မလိုဘူးပဲ ပြောပြီး ကျမတို့ ကိုလည်း မထွက်ခိုင်းဘူး။
နောက်ရဲတယောက်က အထက်လူကြီး ဖြစ်မယ်။ လာပြီးတော့ ရဲစခန်း ရောက်မှရှင်းမယ် အကုန်ထွက် သတင်းထောက် တွေလည်း ထွက်ဆိုမှ ကျမတို့ ထွက်လာနိုင်တယ်။ ရဲတွေ ရောက်လာလို့သာ။ ရဲတွေ မဟုတ်ရင် ကျမတို့ ထွက်လာလို့ ရ မှာ မဟုတ်ဘူး။
ရဲစခန်းကို ဦးဒိန်ဆောင်က လိုက်မလာဘူး။ ကျမကို ရုံးမှာ လာခေါ်တဲ့ ကုမ္ပဏီ ဝန်ထမ်း ၆ယောက်ပဲ လိုက်ခဲ့တယ်။ ကျန်ခဲ့ တဲ့ ဦးဒိန်ဆောင်ရော သူ့မိန်းမရော သူ့သမီးတွေရော လိုက်မလာဘူး။
မေး။ ။ ပုဒ်မ ၅ ခုနဲ့ စွဲတာက ဘယ်သူ တရားလို လုပ်ထားတာလဲ။
ဖြေ။ ။ ကျမပဲ တရားလို လုပ်ထားပါတယ်။ အားဂျယ်တော့ မပါပါဘူး။ ရှေ့နေလည်း ငှားထားပါတယ်။ ဦးတင်ထွန်းသိန်း ပါ။ မြစ်ကြီးနားကပါ။
မေး။ ။ သတင်း ရေးသားမှု အပေါ် မကျေနပ်တာကို အခုလို ချုပ်ပြီး အပြစ်ပေးတာ ရိုက်တာ လုပ်တဲ့ အပေါ် သတင်း ထောက် တယောက် အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ဒါက သူတို့ မတရား လုပ်တာပါ။ သတင်းသမားတွေ ဆိုတာလည်း သူတို့ သိပြီးသားပဲ။ သတင်းထောက် တ ယောက် က သတင်းမှားတယ် ဆိုရင် မီဒီယာ ကောင်စီကို သူတို့ တိုင်ရမယ်။ အဲဒီမှာ မတိုင်ချင်ရင်တောင် သူတို့ ရဲစခန်းမှာ သွားပြီး အမှု ဖွင့်ရမယ်။ အဲဒီလို လုပ်လို့ ရပါတယ်။ သူတို့ဆီမှာ အခွင့်အရေး အများကြီး ရှိပါတယ်။
သတင်းထောက်တွေကို ဘယ်လို တရားစွဲလို့ ရတယ်ဆိုတာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တရား နည်းလမ်း ကျကျ မလုပ်ဘဲ သူတို့ ရုံးကိုခေါ်ပြီး အခုလို လုပ်တာ ကြိုတင် ကြံစည်ထားတဲ့ ဂိုဏ်းစတား ပုံစံပဲ။
မေး။ ။ မြစ်ကြီးနားဂျာနယ်မှာ ဖော်ပြခဲ့တဲ့ တစ်သျှူးငှက်ပျော သတင်းနဲ့ပတ်သက်ပြီးရော ဘယ်လို ရပ်တည်ချက် ရှိပါ သလဲ။
ဖြေ။ ။ ကျမ မှားတယ်လို့ မထင်ပါဘူး။ ထင်တာ မဟုတ်ဘူး။ မှားကို မမှားတာပါ။ လုံးဝ အမှန်ပဲ။ ကျမ ဘယ်နေရာပဲ ရောက်ရောက် အမှန်ပဲ ဆိုတာ ထုတ်ပြဖို့ ကျမမှာ သက်သေ အထောက်အထားတွေ အကုန် ရှိတယ်။
မေး။ ။ အမှုဖွင့် ထားပြီးတဲ့ နောက်ရော ရုံးကို သွားလာရတာ အဆင်ပြေလား။
ဖြေ။ ။ စိတ်ထဲမှာတော့ တမျိုးကြီး ဖြစ်သွားတယ်။ သူတို့ သတင်းတွေ အများကြီး ကြားရတယ်။ သူ့ (ဦးဒိန်ဆောင်) အကြောင်း သိတဲ့ သူတွေ ကျမကို ဖုန်းဆက် အကြောင်းကြားထားပါတယ်။ သူက ဘယ်လို လူမျိုး ဆိုတာတွေ ဖုန်းဆက် အကြောင်းကြား ထားပါတယ်။ ကျမလည်း နည်းနည်းတော့ သတိထားပြီး နေနေပါတယ်။
လောလောဆယ်တော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်တယ် ဆိုပြီး ကျမကို တရားပြန်စွဲနိုင်တာကြောင့် ဘာတွေ ဆိုတာတော့ ကျမ ထုတ်မပြောတော့ပါဘူး။
ကျမကတော့ အခု အမှုမှာ ကျူးလွန်ထားတဲ့ သူကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်။ ။