“စနစ်အသစ် တခုကို ပြောင်းချင်တယ် ဆိုရင်တော့ လူသစ် လိုမယ်”

သဇင်လှိုင်
စည်ပင် သာယာရေး ကော်မတီဝင် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုအောင်ခန့် / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လက်ရှိ ရန်ကုန် စည်ပင် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး တသီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြသည့် အနက် ကိုအောင်ခန့်သည် အသက် အရွယ် ငယ်ရွယ်ရုံမျှ သာမက မြို့ပြ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေး မူဝါဒ ရေးဆွဲရေး တို့တွင် စိတ်အားထက်သန်ပြီး ပညာ အရည် အချင်း မြင့်မားမှုကြောင့် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေသူ တဦး ဖြစ်သည်။

ကိုအောင်ခန့်သည် ပြင်သစ် နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့ရှိ တက္ကသိုလ်များမှ မြို့ပြ ဖ့ွံဖြိုးရေးနှင့် စီမံ အုပ်ချုပ်ရေး မဟာသိပ္ပံဘွဲ့ နှင့် နိုင်ငံရေး သိပ္ပံ ဘွဲ့များ ရရှိထားသူ ဖြစ်သည်။

မြို့လယ်ကောင် နောက်ဖေး လမ်းကြား စီမံကိန်း ဖြစ်သည့် ဒို့အိမ် စီမံချက်တွင် ပါဝင်ခဲ့သူ တဦး ဖြစ်ပြီး မြို့ပြ စီမံကိန်း တချို့တွင် အကြံပေး အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

သို့ဖြစ်ရာ ကိုအောင်ခန့် အနေဖြင့် စည်ပင် သာယာရေး ကော်မတီဝင် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရခြင်း အကြောင်းရင်း နှင့် ရန်ကုန်မြို့ပြနှင့် စည်ပင် အပေါ် သဘောထား အမြင်တို့ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။  ။ ကိုအောင်ခန့် အကြောင်း အကျဉ်း ပြောပြပေးပါဦး။

ဖြေ။  ။ ကျနော်ကတော့ စမ်းချောင်းမှာပဲ မွေး စမ်းချောင်းမှာပဲ ကြီးတာပါ။ မဲဆန္ဒ နယ်မြေ ၃ မှာ ရွေးကောက်ခံမယ့် ကိုယ် စားလှယ်လောင်း တယောက် ဖြစ်ပါတယ်။ ကျနော်ကတော့ အသက် ၂၅ နှစ် ပြည့်ပြီးသွား ပါပြီ။ ကျနော် ပြင်သစ် မှာ ကျောင်း တက်ခွင့်ရတာကတော့ စကောလားရှစ်ပေါ့။ စာသင် စရိတ်ရတဲ့ အတွက်၂၀၁၁ မှာ စာသင်ခွင့် ရခဲ့တယ်။ မာစတာ ဘွဲ့ထိ စာသင်စရိတ် တောက်လျှောက်ရတဲ့ အတွက် ကံကောင်းစွာပဲ တက်ခွင့် ရခဲ့တယ်။

ကျနော် ဘာကြောင့် Urban planning ကို မာစတာဘွဲ့အနေနဲ့ ယူရလဲ ဆိုရင်တော့ စမ်းချောင်းမှာ ကျနော် ငယ်ငယ် ကတည်းက ရေကြီးတဲ့ ပြဿနာလေးတွေ ရှိတတ်တယ်။

ရန်ကုန်မှာ မိုးက အရမ်းရွာတဲ့ အခါကျတော့ ရန်ကုန်မိုးကို ခံနိုင်တဲ့ အခြေခံ အဆောက်အအုံ အပိုင်းမှာ အင်အားနည်း တဲ့ အတွက် ဒါကို ပြုပြင်ချင်တဲ့ ဆန္ဒ ရှိတယ်။ ဒီမိုးရွာတာက မဆန်းဘူးပေါ့နော်။ ပထဝီ အပိုင်းမှာ ကြည့်မယ် ဆိုရင် လည်း မိုးရွာတာက အမြဲတမ်း ရွာမှာပဲလေ။ ဒါပေမယ့် အခု နောက်မှာ ရာသီဥတု ပြောင်းတာတွေနဲ့ ဆိုရင် မိုးပိုရွာရင် လည်း ရွာမယ်၊ အဲဒါကို ဘယ်လို ပြန်ထိန်းနိုင်မလဲ ဆိုတာကို စိတ်ဝင်စားလို့ ကျနော် စသင်မိတာပါ။

ဒီကို ၂၀၁၆ တုန်းက ပြန်ရောက်တယ်။  ဒီမှာ အလုပ်စ လုပ်တာကတော့ မြေနီကုန်း ခုံးကျော် တံတား စီမံကိန်းမှာ Project manager အနေနဲ့ လုပ်ခဲ့ပါတယ်။ အဲဒါပြီးတော့ ဒို့အိမ် ဆိုတဲ့ အဖွဲ့အစည်းကို စပြီးတော့ တတ်နိုင်သလောက် လုပ်ခဲ့ပါ တယ်။ နောက် Grab Taxi စပေါ်လာတဲ့ နှစ်ပေါ့၊ အဲဒီမှာလည်း လုပ်ခဲ့ပါတယ်။ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆိုင် တဲ့ ကိစ္စမှာ စိတ်ဝင်စားတဲ့ အတွက် ကျနော် လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ URBANIZE Company မြို့ပြ အဖွဲ့အစည်း လေး တခု ထောင်ထားပါတယ်။

မေး။  ။ စည်ပင်ကို ဝင်ပြိုင် ဖြစ်တဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ။

ဖြေ။  ။ ဘာလို့ ဝင်ပြိုင် ဖြစ်ခဲ့လဲ ဆိုရင် လူငယ်တွေ လိုတယ်လို့လည်း ထင်တယ်။ အဓိက လူငယ်တွေထဲမှာ ပညာ တတ် ပြီးတော့ လုပ်နိုင်မယ့် လူတွေပေါ့။ ကျနော် ကူနိုင်မယ် ထင်လို့ ပြီးတော့ ကျနော် ကူလည်း ကူချင်တဲ့ ဆန္ဒရှိလို့ ဝင်ပြိုင်တာ ဖြစ်ပါတယ်။

မေး။  ။ အသက်အရွယ် အရ အတွေ့အကြုံ အပေါ်မှာ ယုံကြည်မှု နည်းတဲ့ လူတချို့လည်း တွေ့နေရတယ်။ တကယ် ရော လုပ်နိုင်ပါ့မလား ဆိုတာမျိုးပေါ့။ အဲဒီပေါ်မှာ ဘာများ ပြောချင်လဲ။

ဖြေ။  ။ အလုပ်နဲ့ပဲ သက်သေပြရမှာပေါ့။ လုပ်နိုင်ပါ့ မလား ဆိုရင်တော့ လုပ်ကြည့်မှပဲ သိမှာပေါ့။ စနစ် အသစ် တခုကို ပြောင်းချင်တယ် ဆိုရင်တော့ လူသစ် လိုမယ် လို့ပဲ ကျနော် ထင်တယ်။ ကျနော်တို့ အရှေ့ကို တိုးတက်ချင်တယ် ဆိုရင် လည်း လူငယ်တွေ အနေနဲ့ ပူးပေါင်း ပါဝင်ဖို့၊ အားရှိရှိနဲ့ ဝင်လုပ်ပေးနိုင်တယ် ဆိုရင် ကောင်းမယ်လို့ ကျနော် ထင်တယ်။

မေး။  ။ လက်ရှိ စည်ပင်သာယာ လုပ်ဆောင်ချက်တွေ အပေါ် ဘယ်လို မြင်လဲ။ လိုအပ်ချက်တွေကရော ဘာတွေ ရှိတယ် ထင်လဲ။

ဖြေ။  ။ ရန်ကုန် စည်ပင်ကို အရမ်း လေးစားတယ်ဗျ။ ဒီလောက် ခက်ခဲတဲ့ အလုပ်၊ ကြပ်တည်းတဲ့ အလုပ်ပေါ့။ ဘတ်ဂျက် အရပဲ ဖြစ်ဖြစ် နောက် သူတို့ကို လုပ်ပိုင်ခွင့် ပေးထားတဲ့ အရာတွေပဲ ဖြစ်ဖြစ်ပေါ့။ ကျနော်ကတော့ အရမ်း နားလည်ပေး တယ်။ ပြည်သူလူထုနဲ့ ထိတွေ့မှု အရှိဆုံးက စည်ပင် ဖြစ်တယ်။ စည်ပင် ပြဿနာကတော့ သောင်းခြောက်ထောင်ပါ။

အဲဒါကြောင့်လည်း ကျနော် စည်ပင်ကို စိတ်ဝင်စားပြီး တကယ် ကူချင်တာကတော့ ရေမြောင်း ကိစ္စပေါ့။ စည်ပင်မှာ အဓိက ပြင်ချင်တာတော့ ရေမြောင်း ကိစ္စကို ရေစီးရေလာ ကောင်းကောင်းသာ ဖန်တီး နိုင်မယ် ဆိုရင် နံပါတ် ၁ လမ်းတွေ မပျက်စီးတော့ဘူး လို့ ထင်တယ်။ သွားရလာရ လွယ်ကူမယ်လို့ ထင်တယ်။

လမ်းမှာ ရေတင်တဲ့ အတွက် ကားတွေပဲ နာတာလား ဆိုတော့ မဟုတ်ဘူး လူပါ နာတယ်ဗျ။ မနှစ်က ဆိုရင် ၁၃ နှစ်ပဲ ရှိတဲ့ ကောင်လေး တယောက် လမ်းပေါ်မှာ ဓာတ်လိုက်ပြီးး သေဆုံးသွားတာ ရှိတယ်။ ရေကြီးတယ် ဆိုတာက အမှန်တော့ မဖြစ်သင့်ဘူး။ ရန်ကုန် ဆိုတာ ကျနော်တို့ မြန်မာပြည်မှာ အကြီးဆုံး ထိပ်ဆုံးမြို့ ဆိုတော့။ ဒါမျိုးတွေကို ဖြေရှင်းနိုင်မယ် ဆိုရင် စည်ပင်ကို အများကြီး အထောက်အကူ ပြုမယ်လို့ ထင်တယ်။

မေး။  ။ တကယ်လို့ အရွေးခံရမယ် ဆိုရင် ရေမြောင်း ကိစ္စကို စတင် ကိုင်တွယ်မယ့် သဘောမျိုးလား။

ဖြေ။  ။ ဒါကတော့ ကျနော့် ဆန္ဒ တခုနဲ့ စည်ပင်ရဲ့ဆန္ဒနဲ့လည်း တခု ရှိမယ်။ စည်ပင်မှာ ပိုနားလည်တဲ့ သူတွေလည်း ရှိ တယ်။ စည်ပင်က လူတွေရဲ့ အသံကိုလည်း နားထောင်ချင်တယ်ဗျ။ စည်ပင်ရဲ့ဘာလုပ်နိုင်တယ် မလုပ်နိုင်ဘူး ဆိုတာ သူတို့ထဲက လူတွေက အသိဆုံးပဲ။ ကျနော်တို့က ပညာအရည်အချင်းနဲ့ ဝင်ပြီးတော့ ဖြေရှင်းပေးနိုင်တာတွေ နောက် တခုက ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်တာ တခုပဲ ရှိမယ်။

ကျနော်တို့ အနေနဲ့ ဘာလုပ်မယ်၊ ဘာလုပ်မယ် ဆိုပြီး ဖြစ်နိုင်လား မဖြစ်နိုင်လား အထဲဝင်ပြီးမှ ပြောရမှာ ကျနော် ဘာလုပ်မယ် ဆိုပြီး အခု ပြောလိုက်ပြီးတော့မှ မဲတွေ ဆွယ်ပြီးသွားတော့မှ အထဲဝင်ပြီး သွားတော့မှ မလုပ်နိုင်ဘူး ဆိုရင် မဖြစ်နိုင်တာကြီး ဖြစ်လိမ့်မယ်။ အရွေးခံရရင် ပထမဆုံး ဘာလုပ်မလဲ ဆိုရင်တော့ အားလုံးရဲ့ အသံကို နားထောင်ချင်တယ်။ အားလုံး ပြဿနာတွေကို နားထောင်ချင်တယ်။ နောက် အဲဒါတွေကို ကျနော် ဝိုင်းကူ ပေးချင် တယ်။

မေး။  ။ နိုင်မယ်လို့ရော ယုံကြည်ချက် ရှိလား။

ဖြေ။  ။ နိုင်မယ် မနိုင်ဘူး ဆိုတာက ပြည်သူတွေရဲ့ ဆန္ဒကိုပဲ ကြည့်ရမှာပေါ့။ လူငယ်တွေ အနေနဲ့က မြန်မာပြည် တဝန်းမှာ နိုင်ငံရေး ထဲမှာပဲ ဖြစ်ဖြစ်၊ Public services မှာပဲ ဖြစ်ဖြစ် ဝင်လုပ်ပေးရတဲ့သူ နည်းတာပေါ့။ မတွေ့ဖူး ခဲ့ကြဘူးပေါ့။ ခုနက ပြောသလို လုပ်နိုင်ပါ့မလား တကယ်ရော အရည်အချင်း ရှိရဲ့လား ဆိုတာ ကျနော် စမ်းကြည့်မှပဲ သိမှာ။

မေး။  ။ စည်ပင် ဆိုရင်  ဝန်ဆောင်ခပဲ ပေးရတယ်၊ ဝန်ဆောင်မှုကျတော့ ကောင်းကောင်း မရဘူးလို့  ပြည်သူတွေရဲ့ အမြင် ရှိနေတော့ အဲဒီလို အမြင်ကို ပြောင်းလဲနိုင်ဖို့ဆို ဘာတွေ လုပ်ဆောင်သင့်လဲ။

ဖြေ။  ။ ပြည်သူတွေဘက်က ပိုက်ဆံပဲ ပေးရတယ်၊ တန်လောက်အောင် မရဘူးလို့ ခံစားရတာလို့ ကျနော် ထင်တယ်။ တန် လောက်အောင် ပြန်ရအောင် ဆိုရင် ပညာအရည်အချင်းနဲ့ပဲ ဖြစ်ဖြစ် Technical ပိုင်း ဆိုင်ရာနဲ့ပဲ ဖြစ်ဖြစ် ပြန် လုပ် ပေးနိုင် မယ်ဆိုရင် ငွေကြေး သက်သာတဲ့ နည်းလမ်းတွေနဲ့ Maximum impact ဖြစ်အောင် ထိထိရောက်ရောက် လုပ်ပေး နိုင်တဲ့ နည်းလမ်းတွေ တွေ့မယ်လို့ ထင်တယ်။

စည်ပင်မှာလည်း ငွေကြေး ကြပ်တည်းမှုတွေ ရှိတာပေါ့။ စည်ပင်ကိုလည်း နိုင်ငံတော် အနေနဲ့ ပံ့ပိုးသင့်တာတွေလည်း ရှိရင် ရှိမယ်။ ရန်ကုန်မြို့ကလည်း အကြီးကြီး ဆိုတော့ ပြဿနာတွေကလည်း အများကြီး ဖြစ်တယ်။ လိုအပ်ချက်တွေ က လည်း များတာပေါ့။

မေး။  ။ လူမှုကွန်ရက်က ဓာတ်ပုံတွေ၊ အရေးအသားတွေကြောင့် လက်ရှိ အာဏာရ ပါတီနဲ့ ဆက်စပ်မှု ရှိလား ဆိုပြီး လူတွေ ကလည်း သိချင်နေကြတယ်ပေါ့။ အဲဒါကို ပြောပြပေးပါဦး ရှင့်။

ဖြေ။  ။ ကျနော့် မိသားစုကတော့ နိုင်ငံရေးနဲ့ အမြဲ အထိအတွေ့ ရှိနေတာပေါ့။ ကျနော့် အမေဘက်က အဘိုးအဘွား ၂ ယောက် စလုံး၊ အဖေဘက်က အဘိုးဆိုလည်း တော်လှန်ရေးခေတ် ကတည်းက ပါခဲ့တာပေါ့နော်။ ထောင်တွေလည်း ကျ ကြတယ်။ အဖေဆိုရင် အငယ်ဆုံး အကျဉ်းသား အနေနဲ့ ထောင်ကျဖူးတယ်။ High School တောင် မပြီးသေးဘူး ထောင် ကျခံရတာပဲ။ မိဘ ၂ ပါးကလည်း ငယ်ငယ်ကတည်းက နိုင်ငံတော် အကျိုးကို မမေ့ဖို့ သင်တယ်။

ကျနော် လောလောဆယ် တသီးပုဂ္ဂလနဲ့ပဲ တက်တယ် ဆိုတာလည်း အကြောင်း ရှိပါတယ်။ နိုင်ငံရေးနဲ့ စည်ပင် နယ်ပယ် မှာ မပါသင့်ဘူးလို့လည်း ထင်တယ်ဗျ။ စည်ပင် နယ်ပယ်က အဓိကက လုပ်နိုင်ရင် ပြီးတာပဲ။ နိုင်ငံရေး ဘာလို့လိုလဲ။ ရန်ကုန်မြို့ကို ပြောင်းလဲပေးနိုင်မယ်ဆိုရင် ကောင်းအောင်လုပ်ပေးနိုင်မယ် ဆိုရင် Politic မလိုဘူးလို့ ထင်တယ်။ ပါတီဝင် လည်း မဟုတ်ဘူး။

မေး။  ။ ပါတီကြီးနဲ့ ယှဉ်ရတဲ့အခါမှာ  တသီးပုဂ္ဂလ အနေနဲ့ ဘယ်လို အခက်အခဲရှိနိုင်လဲ။

ဖြေ။  ။ ပါတီကြီးတွေ ပြိုင်ပြိုင် မပြိုင်ပြိုင် ပြည်သူ လူထုကို ယုံကြည်တာကတော့ အရည်အချင်းနဲ့ လုပ်နိုင်မလားကိုပဲ ကြည့် မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မြို့ကို ပြောင်းလဲဖို့ အရေးကြီးတာက ပါတီထက် လုပ်နိုင်လား မလုပ်နိုင် လားကိုပဲ ကြည့်မယ်လို့ ထင်တယ်။ ပါတီ အစွဲပြုပြီးတော့ မဲပေးမယ် လို့တော့ ကျနော်မယုံကြည်ဘူး။

မေး။  ။ အခု ဥပဒေက မြို့တော် ကော်မတီဝင် ၆ ဦးထဲက တဦးက ဒုမြို့တော်ဝန် ဖြစ်ခွင့် ရှိမယ့် အနေအထားပေါ့။ အခု လည်း မြို့တော် ကော်မတီဝင် နေရာက ဝင်ပြိုင်တာလည်း ဖြစ်တော့ ဒုမြို့တော်ဝန် အထိ မျှော်မှန်းထားလား။

ဖြေ။  ။ ကျနော်က အဓိက စည်ပင်သာယာရေးကို ကူညီချင်တာ၊ ကျနော့်ကို ဘယ်နေရာပဲ ပေးပေး ဘယ်နေရာပဲ အရွေး ချယ် ခံရခံရပေါ့။ မဲဆန္ဒနယ် ၃ မှာကတော့ ကောင်းတာက ရပ်ကွက် အကြီးကြီးတွေ ပါတယ်။ မြို့နယ်တွေ ၁၂ ခုတောင်ပါ တော့ အကြီးဆုံးလည်း ဖြစ်တယ်။ အရေးကြီးလည်း ဖြစ်တော့ ကူချင်တာပေါ့။ ဒုမြို့တော်ဝန် ဖြစ်လား မဖြစ်လား ဆိုတာ က တခြားဟာတွေနဲ့ လည်း သက်ဆိုင်တာပေါ့။

ဒု မြို့တော်ဝန် Roll ကလည်း မရှိသေးဘူး။ အသစ်ထွင်ရမှာဆိုတော့ အခက်အခဲ ရှိမှာပဲ။ ကျနော့် အနေနဲ့တော့ စည်ပင် သာယာရေး ကို ဘယ် Capacity နဲ့ပဲ ကူရကူရပေါ့။ အမြင့်ဆုံး Capacity က ကူရရင်တော့ ပိုပြီး ထိရောက် မယ်လို့ ထင် တယ်။ ဒါကလည်း ပြည်သူ လူထုရဲ့ ဆန္ဒပေါ်မှာပဲ ရှိတယ်။ ပြည်သူလူထု ဆန္ဒကလည်း ခုနက ပြော သလိုပဲ ပညာရေးမှာပဲ ပြန်ကြည့်လိမ့်မယ်လို့ ထင်တယ်။

မေး။  ။ အခု ရွေးကောက်ပွဲ အတွက် သုံးမယ့် ၂ ဘီလီယံက တာဝန်ယူရမယ့် သက်တမ်းနဲ့ တွက်ရင် ရန်ကုန်မြို့ အတွက် တွက်ခြေ ကိုက်ပါ့မလား အတွေးတွေလည်း ရှိကြတယ်ပေါ့။ တကယ် အလုပ်လုပ်မယ့် ကော်မတီဝင်တွေကိုပဲ မြို့သူမြို့ သားတွေ မျှော်လင့်ကြတယ် ဒီအချက်တွေ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။  ။ ပြည်သူ လူထုဘက်ကိုပဲ ပြန်သွားသင့်တယ်လို့ ထင်တယ်။ ကုန်ကျစရိတ်တွေ အားလုံးကိုလည်း ပြန်တွက်မယ် ဆိုရင် များမှာပဲဗျ။ တခုက အဲဒီလောက် ကုန်တာ တန်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာပေါ့။ အဲဒါကို သုံးဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ သူတွေကလည်း တန်တယ် ထင်ရင်က တမျိုးပေါ့။

အဲဒီလောက်ကုန်ပြီးမှ မတန်ဘူး ဆိုရင်လည်း ပြည်သူ လူထု နစ်နာရာ ရောက်မှာပေါ့။ အဲဒီလို မနစ်နာအောင်ဘဲ ကျနော်တို့ ကြိုးစားရမှာပေါ့။ အဲဒီလောက် သုံးသင့် သလား မသုံးသင့် သလား မေးရင်တော့ အဲဒီထဲမှာ မပါတော့ ကျနော်လည်း မသိ ဘူးပေါ့။ ဒါပေမယ့် စီစဉ်ရမှာတော့ ဘယ်စီမံကိန်း မဆို သက်သာအောင် ပညာ အရည်အချင်းနဲ့ ပြန်ဖြည့်ပြီး Technical ပိုင်း ဆိုင်ရာ Strategic နည်းနည်း ဆန်ရင်တော့ ကုန်ကျစရိတ်တွေ ကျနိုင်တဲ့ နည်းလမ်းတွေ တော့ အများကြီး ရှိမှာပါ။ ဘာလို့ မယူလည်းလို့ ကျနေ်ာလည်း မသိဘူးပေါ့။

မေး။  ။ အခု အခြေအနေတွေက လူငယ်တွေကို နေရာပေးတဲ့ အနေအထားမျိုးလို့ ထင်လား။

ဖြေ။  ။ လူငယ်တွေ အတွက် နေရာပေးတယ် လို့တော့ ကျနော် မမြင်သေးဘူး။ လူငယ်တွေ ဘက်ကနေ နေရာကို လိုက် ယူရမယ်၊ နေရာ လိုက်ပြိုင်ရမယ် ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ်လုပ်ချင်တဲ့ ဆန္ဒနဲ့ တကယ်ကို မှန်ကန်တဲ့ အသိ စိတ်ဓာတ်နဲ့ နိုင်ငံရေးကို ကူချင်တယ်။ လူငယ်တွေရဲ့ အင်အား ကောင်းကောင်းနဲ့ ကူချင်တယ်၊ နည်းပညာ အသစ် နိုင်ငံတော်ကို International Standard  တွေ အပြည့်နဲ့ ဝိုင်းပြီး ကူညီချင်တဲ့စိတ် လူငယ်တွေဘက်က ရှိမယ် ဆိုရင် ကောင်းတာပေါ့။ လူငယ်ကိုလည်း အားလုံး Welcome လုပ်သင့်ပါတယ်။

အဓိက ပြောရမယ် ဆိုရင် နိုင်ငံရေး ဆိုတာ အသက်ကြီးကြီး ဦးလေးကြီးတွေပဲ လုပ်တဲ့ အလုပ် မဖြစ်သင့်ဘူး။ အမျိုးသမီး တွေ ဝင်ပါဆိုလည်းပါ လူငယ်တွေ ပါဆိုလည်း ပါ ပညာတတ်တွေ ပါဆိုလည်း ပါ အားလုံးထဲမှာမှ လုပ်နိုင်တာကိုပဲ ကြည့် ပါဗျ။ လူငယ်တွေထဲမှာလည်း လူငယ် ဆိုပြီး မဲထည့်ရုံနဲ့ မရဘူး။ လူငယ်ဖြစ်ပြီး တတ်ပြီး တကယ်လုပ်နိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့။

ကောင်းတာကတော့ လူငယ်ရဲ့ သဘာဝအရ မရတာကို ရအောင်လုပ်မယ် ဆိုတဲ့ စိတ်ရှိတယ်။ မဖြစ်နိုင် တာကိုလည်း ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ မှားခဲ့ရင်လည်း ပြန်ပြင်သင့်တယ်။ လူငယ်ရဲ့သဘာဝက အမှားကိုလည်း လက် ခံနိုင်တယ်။ ကောင်းကျိုး ဖြစ်အောင်လည်း ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြင်နိုင်တယ်။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading