The Leprosy Mission Myanmar က မြေမြှုပ်မိုင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခြေထောက် မသန် စွမ်း ဖြစ်နေပြီး ခြေတုဝန်ဆောင်မှုရနိုင်သော နေရာများသို့ ဆက်သွယ်သွားလာရန် ခက်ခဲသည့် တိုင်းရင်းသား ဒေသများရှိ ပြည်သူများအတွက် ခြေတုအပါအဝင် ခြေတုမတပ်ဆင်မီနှင့် တပ်ဆင်ပြီး လိုအပ်သည့် လေ့ကျင့် ခန်းများ၊ လိုအပ်သည့် ဆက်စပ် ပစ္စည်းများ၊ နေရာထိုင်ခင်း၊ စားစရိတ်၊ ခရီးစရိတ်ထောက်ပံ့မှု ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ The Leprosy Mission Myanmar၏ ရွေ့လျားမသန်စွမ်းစင်တာမှ တာဝန်ခံ အဖွဲ့ခေါင်းဆောင် ဦးရန်အောင်ကိုကိုအား ဧရာဝတီ သတင်းဌာန သတင်းထောက် လဲ့လဲ့ က ဆက်သွယ် မေးမြန်း ထားသည်။
မေး ။ ။ The Leprosy Mission Myanmarရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေမှုအကြောင်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ The Leprosy Mission Myanmarက မြန်မာနိုင်ငံမှာ အနာကြီးနှင့်ပတ်သက်ပြီးဖြစ်ဖြစ်၊ မသန်စွမ်း သူတွေရဲ့ အခွင့်အရေးပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်သည်။ ရည်ရွယ်ချက်က မသန်စွမ်း သူတွေနဲ့ တခြားလူ့ပတ်ဝန်းကျင်အားလုံးအတွက် မြန်မာနိုင်ငံအတွင်းမှာ အတားအဆီးကင်းမဲ့တဲ့ နေရာ တခု ဖန်တီးပေးရန် ဖြစ်သည်။ တောင်ငူခြေတုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနနှင့် ရွေ့လျားမသန် စွမ်းစင်တာတို့က ခြေတု၊ ခြေတုမတပ် ဆင်မီနဲ့ တပ်ဆင်ပြီး လိုအပ်တဲ့လေ့ကျင့်ခန်းတွေ၊ လိုအပ်တဲ့ဆက်စပ်ပစ္စည်းတွေ (ဥပမာ ဆွဲဆန့်နိုင်တဲ့ ပတ်တီးတွေနဲ့ ခြေအိတ်)၊နေရာထိုင်ခင်း၊ စားစရိတ်၊ ခရီးစရိတ်တွေ ထောက်ပံ့ပေးပါတယ်။
မေး ။ ။ ဘယ်လိုလူမျိုးတွေ လာရောက်တပ်ဆင်နိုင်လဲ။ တပ်ဆင်မယ့်သူတွေက ဘာတွေလိုအပ်လဲ။
ဖြေ ။ ။ ခြေတုတွေကို ကိုယ်အင်္ဂါချို့ယွင်းသူ မည်သူမဆို ကျား/မ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးစု(သို့) အဆင့် အတန်း၊ စစ်ဘက်၊ အရပ်သား မခွဲခြားပဲ တပ်ဆင်နိုင်ပါတယ်။ ခြေတုတပ်ဆင်မယ့်သူက အသုံးပြုခဲ့ပြီးသည့် ခြေတုအဟောင်း၊ မှတ်ပုံတင်၊ အတွင်းဝတ်ဘောင်းဘီအတို၊ တကိုယ်ရေအသုံအဆောင်နဲ့ခြင်ထောင်၊စောင်တွေ ယူလာရမှာဖြစ်တယ်။
အဲဒါအပြင် သူတပါးအပေါ်မှီခိုသူမျာက အဖော်တဦးခေါ်ယူလာခွင့်ရှိတယ်။ ရွေ့လျားအလုပ်ရုံ အနီးအနားနေ ထိုင်သူ တွေလည်း လာရောက်တပ်ဆင်နိုင်တယ်။ ရိုးရှင်းတဲ့ခြေတုအတွက် အနည်းဆုံး အချိန်တပတ်ခန့်ကြာမှာ ဖြစ်တယ်။ ခြေတုတခါမှ မတပ်ဆင်ဘူးတဲ့သူတွေနဲ့ ဒူးအထက် ခြေပြတ်သူတွေအတွက် အချိန် ၃ ပတ်နဲ့ ၄ပတ် အထိ ကြာမှာပါ။ ခက်ခဲရှုပ်ထွေးတဲ့ကိစ္စတွေအတွက် ၂ လခန့်အထိ ကြာမြင့်ပါမယ်။
တကယ်လို့ မကြာသေးမီက ခြေထောက်ပြတ်သူဆိုရင် အနာကို သေချာစွာ ကျက်ဖို့နဲ့ ခြေဖြတ်ထားတဲ့ အပိုင်း ရောင်ရမ်းခြင်း လျော့ကျဖို့အတွက် အနည်းဆုံး လေးလမှ ခြောက်လခန့်ကြာမြင့်ပြီးမှသာ ခြေတုတပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ မနှစ်က ရှမ်းမြောက်မှာ ခြေတုတပ်ဆင်တဲ့အထဲမှာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး တွေ့ရှိရတဲ့အခြေအနေနဲ့ ဘယ်လို ပုံစံမျိုး လုပ်ပေးခဲ့ရတယ်ဆိုတာ ပြောပြပါ။
ဖြေ ။ ။ ကျနော်တို့ ရွေ့လျားမသန်စွမ်းစင်တာနဲ့ တောင်ငူအလုပ်ရုံဆိုရင် ကျနော်တို့ရဲ့ပရောဂျက်မှာ ပါတနာ အဖွဲ့အစည်းတွေက (DCA) သူတို့က အဓိကအနေနဲ့ ဆောင်ရွက်ပေးတယ်။ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက် က မြေမြုပ်မိုင်းကြောင့်မို့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့သူတွေကို ခြေတုပြန်လည်တပ်ဆင်ပေးခြင်းနဲ့ သူတို့ ဘဝ ဖွံ့ဖြိုးတိုးတက်လာဖို့ လုပ်ဆောင်ပေးခြင်းဖြစ်တယ်။
အဲဒါအပြင်ကို ကျနော်တို့ Leprosy Missionက မသန်စွမ်းသူတွေအတွက် လုပ်တာကြောင့် မြေမြုပ်မိုင်းကြောင့် မဟုတ်ပဲနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်သွားရတဲ့သူတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ သူတွေကိုလည်း ဒီဝန်ဆောင်မှုတွေ ပေးပါတယ်။
ကျနော်တို့ ပရောချက်စခဲ့တာက ၂၀၁၃ခုနစ်ကတည်းက စခဲ့တာဖြစ်တယ်။ အခု ၂၀၁၈ အကုန်အထိ ကျနော်တို့ သွားခဲ့တဲ့နေရာတွေဆိုရင် မြေမြှုပ်မိုင်းဧရိယာတွေက တော်တော် များပါတယ်။ ၂၀၁၅ ပဲခူး အရှေ့ဆိုရင်တော့ မိုင်းဧရိယာက တော်တော်များပါတယ်။
ပဲခူး(ပဲခူးတိုင်းအရှေ့ဘက်ခြမ်း)မှာဆိုလည်း ဆိုရင်တော့ မုန်း၊ ရွှေကျင်၊ ကျောက်ကြီး။၂၀၁၆ မှာဆိုရင်တော့ တောင်ကြီး၊ လွိုင်လင်၊ ဆီဆိုင်ဘက်ကို သွားခဲ့တယ်။ ၂၀၁၇ မှာ ကယား ပြည်နယ် လွိုင်ကော်၊ ဒီမောဆိုးနဲ့ ဖားဆောင်းမြို့နယ်တွေမှာ ခြေတုဝန်ဆောင်မှုတွေ ပေးခဲ့တယ်။ အဲဒီနှစ်တွေ မှာ ပဲခူး အရှေ့မှာ ကေ့စ် အများစုက မိုင်းကေ့စ်တွေဖြစ်တယ်။
မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့သူ များပါတယ်။ထို့အတူပဲ ကယားပြည်နယ်မှာ ရောက်တဲ့အခါ ကယားပြည်နယ်မှာဆိုရင်လည်း ခြေတုဝန်ဆောင်မှု လိုအပ်တဲ့သူအများစုက မြေမြှုပ်မိုင်းကြောင့်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရှမ်းမြောက်ကိုလာခဲ့တယ်။ လားရှိုးမှာ လေးလတာနဲ့ ကွတ်ခိုင်မှာ လေးလတာ အဲဒီမှာ ခြေတု ဝန်ဆောင်မှုပေါင်း ၁၁၂ ဦး ဝန်ဆောင်မှုပေးခဲ့ပါတယ်။ အဲဒီအထဲမှာ အယောက် ၄၀ကတော့ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့သူ ဖြစ်တယ်။
တခြား မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့သူလည်းရှိသလို ဆီးချိုကြောင့် ဖြစ်တာလည်း ရှိတယ်။ ပြီးတော့ မွေးရာပါလည်း ရှိပါတယ်။ နောက် သွေးကြောပိတ်ရောဂါကြောင့် ခြေတောက်ဖြတ်လိုက်ရတာမျိုး လည်း ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ မြေမြှုပ်မိုင်းကြောင့်မို့ ခြေတုဝန်ဆောင်မှု ပေးရတာ များပါတယ်။
မေး ။ ။ မြေမြှုပ်မိုင်းနင်းမိတဲ့အထဲမှာ အရပ်သားနဲ့ ဝန်ထမ်းတွေက ဘယ်လိုလူမျိုးတွေ အများဆုံးတွေ့ရလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ဦးစားပေးက အရပ်သားကို ဦးစားပေးတယ်။ မြန်မာနိုင်ငံမှာက တပ်မတော်ကနေ စစ်မှု ထမ်းရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်ဆုံးရှုံးသွားတဲ့ သူအတွက်ဆိုရင် မင်္ဂလာဒုံမှာလည်း ခြေတုဝန်ဆောင်မှု ရနိုင်သလို ပြင်ဦးလွင်၊ အောင်ပန်း သူတို့ကို ဝန်ဆောင်မှုတွေ ပေးတယ်။
သူတို့က စစ်မှုထမ်းကနေ အငြိမ်းစား ယူပြီးတော့ ရပ်ထဲရွာထဲရောက်သွားတဲ့သူတွေပေါ့။ ရပ်ထဲရွာထဲမှာ သူတို့မိသားစုနဲ့ ပြန်လည်နေရာချပြီးတော့ ခြေတုဝန်ဆောင်မှု ဒုတိယအကြိမ်လိုတဲ့သူတွေကို တပ်ဆင်ပေးမယ်။ မနှစ်က ကျနော်တို့လုပ်ခဲ့သမျှ သက်တမ်း ကာလမှာတော့ အရပ်သားကို ဦးစားပေးပြီးလုပ်တဲ့အတွက်ကြောင့်မို့ အရပ်သားမိုင်းထိတဲ့သူကတော့ ပိုတက်တယ်။
မေး ။ ။ မိုင်းနင်းမိတဲ့သူတွေမှာ တွေ့ရတဲ့အခက်အခဲတွေက ဘာတွေလဲ။
ဖြေ ။ ။ ကျနော်တို့က တိုင်းရင်းသားဒေသတွေကို အများစုသွားတဲ့အခါကျတော့ ခြေတုဝန်ဆောင်မှုက မြန်မာ နိုင်ငံမှာ ရတဲ့နေရာတွေတော့ ရှိတယ်။ မြန်မာနိုင်ငံမှာဆိုရင် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးရုံဆိုတာ ကျိုက်ဝိုင်းဘုရားလမ်းမှာရှိပါတယ်။ အဲဒီမှာဆိုရင်တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝန်ဆောင်မှုရတယ်။
ထို့အတူ မန္တလေး ကုတင် ၅၀၀ ဆံ့ အရိုးအထူးကုဆေးရုံမှာလည်း ရပါတယ်။ မန္တလေးရေနံ့သာအနာကြီးရောဂါ ဆေးရုံမှာ လည်း ခြေတုဝန်ဆောင်မှုတွေ ရနိုင်ပါတယ်။ ကြက်ခြေနီအသင်းအနေနဲ့တော့ ကရင်၊ ကယား၊ တနသာၤရီ၊ မွန်ပြည်နယ်၊ ပဲခူးအရှေ့ကို ကာဗာယူပြီးတော့ ဘားအံမှာ ခြေတုဝန်ဆောင်မှုတွေ ပေးနေပါတယ်။
ထို့အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆိုရင် ကျိုင်းတုံမှာဆိုရင် ခြေတုဝန်ဆောင်မှုရနိုင်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားဆိုရင်လည်း ခြေတုဝန်ဆောင်မှုတွေရပါတယ်။ ကျနော်တို့ကတော့ နယ်လှည့်ကိုမှ ဝေးလံ ခေါင်ဖျား ပြီး ဝန်ဆောင်မှုရနိုင်တဲ့နေရာတွေကို သွားဖို့ခက်ခဲတဲ့သူတွေကို ဦးစားပေးပြီးလုပ်တယ်။
ထို့အတွက်ကြောင့်မို့ တိုင်းရင်းသားဒေသအများစုက လူတွေက သူတို့ရဲ့ဘာသာစကားအခက်အခဲကြောင့်ရော သူတို့ရဲ့ စားဝတ်နေရေးအခြေအနေကြောင့်မို့ သွားဖို့ ခက်ခဲနေတဲ့အခါမှာ ကျန်ခဲ့တဲ့သူတွေက ကျနော်တို့ လာတဲ့အခါမှာ ဝန်ဆောင်မှု ရတဲ့အတွက်ကြောင့်မို့ သူတို့အတွက် ပထမဆုံးရတဲ့အခွင့်အရေးဖြစ်တယ်။
မေး ။ ။ မိုင်းနင်းမိတဲ့သူတွေရဲ့ ဘဝမှာ လိုအပ်ချက်တွေက ဘာတွေရှိမလဲ။ ဘယ်လိုအခက်အခဲတွေ ရှိတတ် သလဲ။
ဖြေ။ ။အများစုကတော့ ဆေးရုံကနေ ခြေထောက်ဖြတ်ပြီးတဲ့အခါမှာ ပြန်လည်သွားလာဖို့အတွက်ကတော့ ဝန်ဆောင်မှု ပေးတဲ့အဖွဲ့အစည်းတွေက အများကြီးရှိပါတယ်။ တချို့ကျလည်း တောင်ပေါ်ဒေသမှာ နေထိုင်ကြတယ်။ ဆေးရုံ ဆေးခန်းလည်း နီးတဲ့ဒေသမှာမရှိတဲ့အခါကျရင်တော့ သူတို့မှာရှိတဲ့ သစ်သားတို့ ဝါးတို့ သုံးပြီး အဆင်ပြေသလို သွားလာရတဲ့ဟာတွေလည်း ရှိတယ်။
နောက်ပြီး သူတို့ ခြေထောက်တွေ ဆုံံးရှူံးသွားတဲ့အခါ အိမ်ထောင်ဦးစီးက တောင်ယာလုပ်ရင်းနဲ့ သူတို့ ခြေထောက် တွေ ဆုံးရှုံးသွားတဲ့အခါကျ တခြားသူတွေထက်စာရင် ပိုမိုခက်ခဲသွားတယ်။ ခက်ခဲသွားတဲ့ အခါကျတော့ မိသားစုစားဝတ်နေရေးကလည်း တော်တော်ခက်ခဲသွားတယ်။ သူတို့က ဝန်ဆောင်မှု ပေးတဲ့သူတွေရှိတဲ့နေရာကို သွားဖို့အခက်အခဲဆိုရင်လည်း သူရဲ့နောက်ခံမိသားစု၊ စားဝတ်နေရေး၊ လိုက်ပို့မယ့်သူ မရှိတာရယ်၊ လမ်းခရီးစရိတ်တွေ ထောက်ပံ့ပေးနိုင်တဲ့အင်အားမရှိတာကြောင့် သူတို့မှာ ဒါမျိုးအခွင့်အရေးတွေ ရှိရက်နဲ့၊ သိရဲ့သားနဲ့ မသွားခဲ့ရတဲ့အခြေအနေတွေလည်း ရှိပါတယ်။
မေး ။ ။ ခြေတုလုပ်ဆောင်ပေးခဲ့ရမှုက တနှစ်ထက် တနှစ်ပိုများလာလား။ လျော့သွားလား။
ဖြေ ။ ။ တနှစ်ထက် တနှစ်ပိုများလာတယ်။ တော်တော်လေး ပိုများလာတယ်။ ၂၀၁၈ က အများဆုံးပဲ။ ၂၀၁၈ မှာ တောင်ငူမှာ ၂၂၁ ယောက်နဲ့ လားရှိုးမှာ ၁၂၂ ယောက် ဝန်ဆောင်မှု ပေးခဲ့တယ်။ အရင်တုန်းကတော့ မိုင်းထိ ပြည်သူက ပိုများတယ်။
မေး ။ ။ ကွမ်းလုံမှာလုပ်မယ့်အခြေအနေလေးပြောပေးပါဦး။
ဖြေ။ ။ကွမ်းလုံမှာက မတ်လ လကုန်ကနေ စတင်ပြီးတော့ ခြေတုဝန်ဆောင်မှု ပေးနိုင်ဖို့ ပြည်နယ်အစိုးရကိုလည်း စာတင်မယ်။ ထို့အတူ ကွမ်လုံက အုပ်ချုပ်ရေးပိုင်းကိုလည်း သွားရောက်ဆွေးနွေးပြီးတော့ သင်တန်းတွေ ပေးပြီးတော့ ကျနော်တို့ ခြေတုဝန်ဆောင်မှုပေးလိုရမယ့် အခြေအနေမျိုးဖန်တီးပေးမယ်။
ကွမ်လုံမှာလုပ်ဖို့က မနှစ်ကတည်းက ဆရာ၊ ဆရာမတွေကို သတင်းပေးထားတယ်။ ဒေသခံတွေအနေနဲ့က ဒီဘက်ကို တက်လာဖို့ အခက်အခဲမျိုးစုံကြားရတယ်။ အဲဒါကြောင့် ကျနော်တို့ဆီကို တက်လာဖို့ အခက်အခဲ ရှိကြတယ်။ အဲဒီတော့ ကွမ်လုံနဲ့လောက်ကိုင်ဘက်က ခြေတုဝန်ဆောင်မှု စာရင်းမှာ တက်လာခြင်းမရှိဘူး။
အဲဒီအတွက်ကြောင့်မို့ သူတို့ဒေသကို လုပ်ဆောင်ပေးဖို့လျာထားတာပါ။ မနှစ်ကတော့ လားရှိုးနဲ့ ကွတ်ခိုင်မှာ မူဆယ်ဘက်က ခြေတုဝန်ဆောင်မှုလုပ်တဲ့သူတွေ လာကြတယ်။ တချို့လည်း ကျန်ခဲ့တယ်လို့ သတင်းကြား တယ်။ အဲဒါကြောင့် အဲဒီဘက်က ဘုရားကျောင်းတွေနဲ့ ချိတ်ဆက်ပြီး ကွမ်လုံပြီးရင်တော့ မူဆယ်ဘက် ဆက်သွားဖို့ရှိပါတယ်။
မေး ။ ။ ဒီလိုခြေတုလုပ်ပေးဖို့ ဘယ်လို အကူအညီမျိုးတွေ လိုအပ်သလဲ။
ဖြေ။ ။ကျနော်တို့ ဒေသတခုရောက်ပြီဆိုရင်တော့ အဲဒီဒေသမှာ ကျနော်တို့ဝန်ဆောင်မှု ပေးနိုင်ဖို့ ခြေတုအလုပ်ရုံငှား ပြီး လုပ်နိုင်ဖို့အတွက် ဒေသခံအဖွဲ့အစည်းတွေက နေရာထိုင်ခင်း၊ ဝပ်ရှော့လုပ်ပေးဖို့ရာအတွက် အကူအညီပေးဖို့ ရောက်ရှိနေတဲ့ကာလအတွင်းမှာ ထို့အတူ ပြည်သူ့ဝန်ဆောင်မှုပေးဖို့ကလည်း အများစုက ရပ်ရွာ၊ တောင်ပေါ် ဒေသပဲဖြစ်ဖြစ် မြို့ပေါ်ကလူက ရှားပါတယ်။
ရပ်ရွာက လာကြတဲ့အခါမှာ သူတို့ခြေတုတပ်ဆင်တဲ့ ကာလအတွင်းမှာ နေထိုင်ဖို့အတွက် ကျနော်တို့သွားခဲ့တဲ့ ဒေသတွေမှာလည်း ဘုရားကျောင်းတွေ လူမူဝန်ထမ်းအဖွဲ့ အစည်းတွေ၊ ရုံးတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်း တွေက ကျနော်တို့ကို ခဏတာ ယာယီအကူအညီ ပေးကြတယ်။
ခြေတုဝန်ဆောင်မှုပေးတဲ့သူတွေကို သတင်းပေးဖို့အတွက် ကျနော်တို့ လားရှိုးမြို့နယ် အုပ်ချုပ်ရေးရုံးမှာ ကျနော်တို့ လစဉ်ရပ်ကျေးအစည်းအဝေးရှိတယ်။ အဲဒီမှာ သတင်းပေးတယ်။ လူမှုဝန်ထမ်းကနေ တဆင့် သတင်းတွေ ဖြန့်ပေးတယ်။ လားရှိုးပြည်သူ့ဆေးရုံမှာ သတင်းတွေ ဖြန့်ပေးတယ်။ ထို့အတူ မသန်စွမ်း စာရင်း ကောက်ဖို့နဲ့ မသန်စွမ်းနဲ့ပတ်သက်ပြီး အသိပညာပေးဖို့၊ ကျနော်တို့ မသန်စွမ်း မိတ်ဖက်အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီးတော့ သင်တန်းတွေ ပေးထားတယ်။ အဲဒီကနေ သင်တန်းတက်ထားတဲ့ ဆရာ၊ ဆရာမတွေ ဆီကနေ ပြီးတော့ ရပ်ရွာထဲမှာ လိုအပ်တဲ့သူတွေကို လွှဲပြောင်းပေးတယ်။
မေး ။ ။ ခြေတု တန်ဖိုးဘယ်လောက်ရှိလဲ။
ဖြေ ။ ။ သူတို့ကို ခြေတုတပ်ပေးတယ်ဆိုရင် ခြေတုတပ်ပေးတဲ့ကုန်ကျစရိတ်ကတော့ အစားစားရှိပါတယ်။ ဒူးအောက်နဲ့ ဒူးအထက်ဖြစ်တယ်။ ဒူးအောက်က ခြေတုတန်ဖိုး ပျှမ်းမျှက $ US 200 ( မြန်မာငွေ ၃သိန်းခန့်) လောက်ရှိပါတယ်။ ဒူးအထက်က $ US 450 ( မြန်မာငွေ ၆ သိန်းခန့်) ပါ။ အဲဒါအပြင် တချို့လိုအပ်တဲ့သူတွေကို အဝေးတနေရာကနေ လာတဲ့သူတွေဆိုရင် သူတို့ကို ကျနော် တို့က စားရေးသောက်ရေးနဲ့ မတတ်နိုင်တဲ့သူတွေအတွက် ပုံမှန်ကုန်ကျတဲ့ခရီးစရိတ်ကို ထောက်ပံ့ ပေးတယ်။ တချု့ိလည်း သက်သာတဲ့နှုန်းထားနဲ့ သူတို့ဘာသာ သူတို့လာနိုင်တယ်ဆိုပေမယ့်လည်း သူတို့ ဘာသာ သူတို့ စရိတ်မျှခံမယ်။ ခြေတုရဖို့အတွက် ငွေရေးကြေးရေး တစုံတရာပေးရတာ မရှိပါဘူး။
မေး ။ ။ ခြေတုပျက်စီးတဲ့သူတွေအတွက် ဘယ်လိုလုပ်ပေးဖို့ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ ခြေတုတခုလုံးတခါမှ မရဖူးတဲ့သူတွေကိုလည်း တပ်ပေးတယ်။ ထို့အတူ ခြေတုရဲ့ ခံနိုင် အားက အများဆုံး သုံးနှစ်ကနေ ငါးနှစ်အတွင်းဖြစ်တယ်။ ပထမဦးဆုံးအကြိမ် ခြေတုတပ်ထားတဲ့သူတွေ သူတို့ရဲ့ခြေတုက ခြောက်လခံပါတယ်။ ခြောက်လပြီးရင်တော့ အသစ်တဖန်အစားပြန်လုပ်ပေးဖို့လိုတယ်။
အခုလောလောဆယ်လည်း ဒေတာတွေက အများကြီးတက်နေတာဆိုတော့ ဒုတိယအကြိမ် ဝန်ဆောင်မှု လိုတာတွေက များများလာတယ်။ တောင်ငူမှာလည်း ပြန်လာတယ်။ နယ်လည့်သွားခဲ့တဲ့နေရာတွေမှာလည်း ပြန်လာတယ်။ ထို့အတူ မိုင်းဧရိယာကို ICRCက အကာအကွယ်လုပ်ပေးထားတယ်ဆိုပေမယ့်လည်း ဒုတိယ အကြိမ် ခြေတုဝန်ဆောင်မှုလိုအပ်တဲ့အခါမှာ နီးစပ်ရာဌာနကိုလာတဲ့ဒေတာက ပိုများပါတယ်။
မေး ။ ။ ခြေတုဝန်ဆောင်မှုပေးတဲ့အခါမှာ အဓိက ကြုံတွေ့ရတဲ့အခက်အခဲက ဘာတွေရှိလဲ။
ဖြေ ။ ။ ကျနော်တို့ နယ်လည့်လုပ်တဲ့အခါမှာ အဓိကကတော့ နေရာပေးနိုင်မှုမှာ အခက်အခဲကြုံရတယ်။ တချို့ အဝေး ကြီးက လာရတဲ့အခါကျတော့ လာရတဲ့ဒေသရဲ့လုံခြုံမှု တည်ငြိမ်အေးချမ်းမှုကို မှန်းဆမနိုင်တဲ့အခါမှာ ကျနော် တို့ သွားမယ်၊ မသွားမယ် ဖြစ်ရတဲ့အကြိမ်အရေအတွက်တွေ များမယ်။
နယ်မြေအေးချမ်းမှုက တည်ငြိမ်မှုက အားကောင်းတဲ့အခြေအနေမရှိတဲ့အခါမှာ သူတို့ဝန်ဆောင်မှုရဖို့အတွက် ခက်ခဲပါတယ်။ နောက် သင်တန်း ပေးလိုက်တဲ့ ဆရာတွေ၊ ဆရာမတွေက ရပ်ရွာထဲကို သတင်းဖြန့်တဲ့အခါမှာ ဒီဘက်မှာက နယ်မြေလုံခြုံမှုက တအားကြီးစိုးရိမ်ရတဲ့အခြေအနေမျိုးှရှိတဲ့အခါကျတော့ သတင်းဖြန့်ကျက်မှုမှာ ဆိုရင်လည်း အားနည်းတယ်။ စစချင်းမှာတော့ နယ်ခံတွေ၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရဖို့ကလည်း တော်တော်ခက်ပါတယ်။ သူတို့က ဖြစ်နိုင်ပါ့မလားလု့ိ သံသယရှိတယ်။
မေး ။ ။ ခြေတုသွားလုပ်ပေးတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ဖြစ်ဖြစ်၊ တပ်မတော်ဘက်ကဖြစ်ဖြစ် ကူညီပေးတာ ရှိလား။
ဖြေ ။ ။ တပ်မတော်အစိုးရဘက်က ဆိုရင်လည်း ကျနော်တို့ကို အမြဲတမ်း ကြိုဆိုတယ်။ မနှစ်က လာရှိုးလာတဲ့ အခါမှာ ဆိုရင် လားရှိုးတပ်မတော်ဆေးရုံကနေပြီးတော့ ခြေတုဝန်ဆောင်မှုလိုအပ်တဲ့သူတွေဆိုရင် အဝေးက နေပြီးတော့ သတင်းပေးတာတွေ ၊ စာရင်းတွေ ပို့ပေးတာတွေရှိ ပါတယ်။ ထိုအတူ အရင်က ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ အစည်းတွေ KNU၊ PNLOတို့အဖွဲ့အစည်းတွေနဲ့လည်း ခြေတုဝန်ဆောင်မှုလိုအပ်တဲ့သူတွေနဲ့ ကျနော်တို့ အချိတ် အဆက်လေးတွေရှိပါတယ်။ ကျနော်တို့ သွားလုပ်မယ်ဆိုရင်လည်း ခွင့်ပြုမယ်ပေါ့။
မေး ။ ။ ဒီလိုလုပ်ငန်းတွေ ပိုမို့လုပ်ဆောင်နိုင်ဖို့ ဘယ်လို အကူအညီတွေလိုအပ်သလဲ။
ဖြေ ။ ။ ကျနော်တို့က သူတို့ဒေသမှာ ဝန်ဆောင်မှု လိုအပ်တဲ့သူတွေကို မနှစ်တုန်းက တခုကြားတယ်။ နမ္မတူ ဘက်မှာ ခြေတုဝန်ဆောင်မှုလိုတဲ့ သတင်းပေးတဲ့သူကလည်း ခြေတုအရင်တပ်ပြီးသားလူက သူ့ရွာကလူကို သတင်းပေး တယ်။ ဒါပေမယ့် တဖက်က လက်နက်ကိုင်အဖွဲ့က သွားဖို့ ခွင့်မပြုတာတွေတော့ရှိတယ်။
ကျနော်တို့ ခြေတုဝန်ဆောင်မှု လုပ်ပေးဖို့ လိုအပ်တဲ့ဒေတာက အများကြီးလိုပါသေးတယ်။ ဥပမာအားဖြင့် ဝေးလံခေါင်ဖျားတဲ့ဒေသ ရခိုင်တို့၊ ချင်းပြည်နယ်တို့၊ မကွေးတိုင်းတို့၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့ဆိုရင် ခြေတုဝန်ဆောင်မှုရဖို့အတွက် သူတို့ဒေသကနေ လက်လှမ်းမမီတဲ့သူတွေ အများကြီးပါ။ ဧရာဝတီတိုင်းက ဆိုရင်လည်း လာဖို့နေရာခက်ခဲတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ရခိုင်ဘက် အတွက် အစီအစဉ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် တခြားရောဂါကြောင့်လည်း ဖြတ်ရတဲ့ခြေထောက်တွေက နည်းနည်းတော့ ခံသာပါတယ်။ မြေမြုပ်မိုင်းကြောင့်က တော်တော်လေးဆိုးတာ ရှိပါတယ်။
မေး ။ ။ မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေမှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ရကြတာများလဲ။
ဖြေ ။ ။ မြေမြုပ်မိုင်း ကြောင့်မို့ ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့သူတွေ၊ သူတို့ဘဝတွေက တော်တော်လေးကို နာကျဉ်း ချက်တွေ ပြည့်တယ်။ ကျနော်တို့ သွားခဲ့တဲ့နှစ်တွေမှာဆိုရင် ကယားတို့ ကရင်တို့မှာဆိုရင် မြေမြုပ်မိုင်းဒဏ်က တော်တော် လေးကို ခံရတယ်။ ဒါပေမယ့် သူတို့မှာ နည်းနည်းကြာရှည်လာတဲ့အခါမှာ သူတို့မှာ စိတ်ဒဏ်ရာ တော့ လျော့နေပြီ။ မနှစ်က ကျနော်တို့လာတဲ့အခါမှာဆိုရင် ပြန်လုပ်ပေးရတာအပြင် အသစ်ထပ်ဖြစ်တာတွေ လည်း များတယ်။
မနှစ်တုန်းကလည်း လမပြည့်သေးလို့ တပ်ပေးလိုက်ရတာတွေလည်း ရှိတယ်။ အဲဒါမျိုးက သူတို့မှာ ဆို ဖြစ်ဖြစ်ချင်းက အရမ်းစိတ်ခံစားမှုရှိကြတာများတယ်။ အဲဒါကြောင့် စဖြစ်ဖြစ်ချင်းမှာဆိုရင် နှစ်သိမ့်ပေးတာ တွေကို အရင်ဆုံးလုပ်ပေးရတယ်။ ကျနော်တို့က ခြေတုဝန်ဆောင်မှုပေးမယ်ဆိုရင်လည်း ကျနော်တု့ိက အဖွဲ့လိုက်ပေးနိုင်ရင်တော့ ပိုကောင်းတယ်။
သူတို့နဲ့ ဘဝတူ ၁၀ယောက်လောက်နဲ့ အဲဒါမျိုး ပေးရင်း သူတို့ရင်းနှီးကျွမ်းဝင်ပြီးတော့ ပြန်လည်ပြီး ရပ်တည် နိုင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပြန်ရှာနိုင်တယ်။ ကိုယ့်မိသားစုကို ကိုယ့်ဘာသာ ပြန်ထောက် ပံ့နိုင်တယ်။ ကိုယ့်ဘဝလမ်းကြောင်း ပြန်တည် ဆောက်နိုင်တဲ့ အနေအထားမျိုးကိုတော့ သူတို့စိတ်ဓာတ်ကျ မသွားအောင် ပြန်လုပ်ပေးရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ အဲဒါက ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ တွေ့ရတာ များပါတယ်။
မေး ။ ။ နယ်မြေတွေကို ဘယ်လိုရွေးချယ်ပြီး သွားတာလဲ။
ဖြေ ။ ။ နယ်မြေဧရိယာကတော့ ဥပမာ လားရှိုးဆိုရင် အများစုလာနိုင်အောင် လုပ်ပေးတယ်။ ထို့အတူပဲ ကွတ်ခိုင်ကို ရွှေ့သွားတဲ့သူတွေကလည် ကွတ်ခိုင်မှာကလည်း အခြားအရပ်ဒေသကနေ နီးစပ်ရာဒေသက လာတဲ့အခါ များများလာနိုင်အောင်လို့ ဖြစ်တယ်။ ကျနော်တို့လည်း ကျနော်တို့ကို နေရာပေးနိုင်မယ့် နေရာတွေကိုလည်း သွားရတာမျိုးရှိတယ်။
ခြေတုဝန်ဆောင်မှုပေးလို့ရတဲ့နေရာနဲ့နီးစပ်တဲ့နေရာတွေကို လိုက်လုပ်ရတာတွေရှိတယ်။ တချို့ဆို တောင်ယာပြန်လည်လုပ်ကိုင်နိုင်တဲ့အခြေအနေလည်း ရှိပါတယ်။ အဓိကကတော့ သူတု့ိကို ခြေတောက် ပြန်တပ်ပေးပြီး အများနဲ့တန်းတူသွားနိုင်လာနိုင်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးတယ်။ အဲဒီအနေ အထားမျိုးပဲ ပေးနိုင်သေးတယ်။
မေး ။ ။ ကွမ်လုံဘက်ကို ဘယ်လိုတွေလုပ်ဖို့ ရည်မှန်းထားလဲ။ လုပ်ချင်တဲ့သူတွေက ဘယ်လိုဆက်သွယ်ရမလဲ။
ဖြေ။ ။ကျနော်တို့ကတော့ ကွမ်းလုံမှာ မတ်လ လကုန်ပိုင်းလောက်ကနေပြီးတော့ ဇွန်လအထိ သွားရောက်လုပ်ဖို့ ရည်မှန်းထားတယ်။ အဲဒီမှာလာရောက်မယ်ဆို သူတို့ကို ဌာနဆိုင်ရာအုပ်ချုပ်ရေးမှူးတွေဆီကနေ ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေနဲ့လည်း ဆက်သွယ်နိုင်တယ်။ ထို့အတူ လူမူဝန်ထမ်းကနေ ဖွင့်လှစ်ထားတဲ့ ဌာနတွေ ရှိပါတယ်။ အဲဒီကိုလည်း ကျနော်တို့ ချိတ်ဆက်ပြီး လာလို့ရတယ်။ ကျနော်တို့ကို တိုက်ရိုက်ဖုန်းဆက်ပြီး အကြောင်းကြားပြီး လာလို့ရပါတယ်။