တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား ချင်းပြည်နယ် ပလက်ဝ မြို့နယ်၊ ရခိုင် ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေး တင်းမာမှုများ ရှိနေသည်မှာ ၃ လခန့် ရှိပြီ ဖြစ်သည်။
ဖေဖော်ဝါရီ ၂၂ ရက်က ပလက်ဝ မြို့နယ်၊ သံထောင် ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးချာဟော်နှင့် သံထောင် နယ်မြေ ရဲစခန်း မှ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဗာ တို့ကို AA က ဖမ်းဆီးခဲ့သည်။
၅ ရက်ကြာ ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးခံရစဉ် စစ်ဆေး မေးမြန်းမှုများ၊ ညှင်းပန်း နှိပ်စက်မှုများ ရှိခဲ့သည်။
ဖမ်းဆီးခံရစဉ် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်၍ ဦးချာဟော်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ အခု ဒဏ်ရာတွေက အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ဒဏ်ရာတွေက တုတ်နဲ့ ရိုက်ထားတာ ဖြစ်လို့ တဖြည်းဖြည်း အောင့်လာတယ်။ အခု မခံစားနိုင်လောက်အောင် ဖြစ် နေတယ်။ အတွင်းကြေအောင် ရိုက်ထားတော့ တော်တော်လေးကို ခံစားနေရပါတယ်။ ဒါပေမယ့် ဒီမှာ တပ်မတော် လည်း ရှိနေတော့ တပ်မတော်က ဆေးမှူးက ဆေးလာကုပေးပါတယ်။ ကျန်းမာရေး ဌာနက ဆရာမတွေကလည်း ကြည့်ပေးနေ ပါတယ်။ ကျနော် လောလောဆယ်တော့ ဘယ်မှ မသွားပါဘူး။ သံထောင် ရွာမှာပါပဲ။
ဒဏ်ရာတွေကတော့ ရိုက်ထားတဲ့ ဒဏ်ရာတွေက ကျောကုန်းမှာ သွေးပုပ်တွေ စုနေတယ်။ ဒေါက်တာနဲ့လည်း ဓာတ်မှန် မရိုက်ရတော့ အတွင်းပိုင်း အခြေအနေက ကျနော် မပြောပြတတ်ဘူး ခင်ဗျ။ နေပူတဲ့ အချိန်က နေလို့ ရတယ်။ နေအေး လာရင် ကျနော့် ဒဏ်ရာတွေက နာလာပြီး မနေနိုင်ပါဘူး။ ခံစားရပါတယ်။
မေး။ ။ စဖမ်းတဲ့ နေ့က ဘယ်လို ခေါ်သွားတာလဲ။ ပြောပြပါဦး။
ဖြေ။ ။ ဖေဖော်ဝါရီလ ၂၂ရက် မိုးလင်းပိုင်း မနက် ၃ နာရီလောက်မှာ ကျနော့်ကို လာခေါ်ပါတယ်။ လာခေါ်တော့ လမ်း တဝက်လောက် ရောက်တော့ လက် ၂ ခုကို ကြိုးနဲ့ ချည်ပြီး ခေါ်သွားပါတယ်။ အိပ်နေရင်းကနေ အိမ်အောက်ကနေ ဆင်း လာဦး ဆိုပြီး ကျနော် ဆင်းသွားတော့ ချောင်းကမ်းနား ထိ ခေါ်သွားတာပါ။ ကမ်းနား ရောက်တော့ ကျနော့်ကို ကြိုးနဲ့ ချည် တာပါ။ လာတဲ့သူ အားလုံး လက်နက် ကိုယ်စီပါ ပါတယ်။
မေး။ ။ ကမ်းနားရောက်တော့ ဘယ်ကို ဆက်ခေါ်သွားလဲ။
ဖြေ။ ။ ကျနော့်ကို ဖမ်းပြီး ကြိုးနဲ့ ချည်ပြီးတော့မှ သံထောင် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ထု၊ သေနတ်တွေ နည်းနည်း ပစ်ပါတယ်။ လူတွေတော့ မထိဘူး။ သူတို့ သေနတ်တွေက မိုးပေါ်ထောင်ပြီး ပစ်ကြတာပါ။ တကယ်လည်း လူတယောက်မှ မသေပါဘူး။ ပြီးတော့ ကျနော်တို့ကို ဆက်ခေါ်သွားတယ်။ တောတွေ တောင်တွေပဲ အဲဒီမှာပဲ သူတို့ နေတာ။
သူတို့ ရှိတဲ့ နေရာကိုပဲ ခေါ်သွားတာ။ ပထမတော့ ကျနော့်ကို လက်ပြန်တုပ်ထားတယ်။ ကျနော် လမ်းမလျှောက်နိုင် တော့ ဘူး။ အဲဒီတော့ လက်ကို ရှေ့မှာ ကြိုး ပြန်ချည်ထားတယ်။ တောထဲမှာ ကျနော် ၅ ညနဲ့ ၆ ရက် ကျနော် ခံခဲ့ရ တယ်။ ၂၇ ရက်မှာတော့ ကျနော့်ကို ပြန်လွှတ်ပေးပါတယ်။ ကျနော့်ကို လွှတ်တဲ့ အထိပဲ ညလည်း ကြိုးနဲ့ပဲ ချည်ပြီး အိပ်ခိုင်းပါတယ်။ ထမင်းတော့ နပ်မှန် ကျွေးပါတယ်။ အိပ်ယာတွေကိုလည်း လုပ်ပေးပါတယ်။ ပုဆိုးတွေလည်း ပေးပါ တယ်။
မေး။ ။ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဗာနဲ့ ကျတော့ ဘယ်အချိန်မှာ တွေ့ကြလဲ။
ဖြေ။ ။ စခန်းမှူးလည်း အဲဒီ စခန်းကို သေနတ်ပစ်ပြီးတာနဲ့ ဖမ်းခေါ်လာတာပဲ။ ကျနော်နဲ့ အတူတူပဲ။
မေး။ ။ AA ဘက်က ဖမ်းရတဲ့ အကြောင်းအရင်းကို ဘယ်လို ပြောလဲ။
ဖြေ။ ။ တပ်ကို သတင်းပို့တယ်တဲ့ ကျနော့်ကို စွပ်စွဲတယ်။ ကျနော်က မပို့ဘူး ပြောလည်း မရဘူး။ နောက်တခုက ကျနော် တို့ နားမှာ ဝါးတို့ သစ်တို့ ရှိတော့ အဲဒီ ဝါးတို့ သစ်တို့ အခွန်ကို သစ်တောနဲ့ ရဲနဲ့ ပေါင်းပြီးတော့ ပိုက်ဆံ တောင်းစားတယ် ဆိုပြီး စွပ်စွဲပြီး ရိုက်ပါတယ် ခင်ဗျ။ ကျနော် အဲဒီအလုပ်တွေကို ကျနော် လုပ်လည်း မလုပ်ဘူး။ သိလည်း မသိပါဘူး ခင်ဗျ။
မေး။ ။ ချုပ်နှောင်ပြီး စစ်ဆေးတဲ့ နေရာကို ရောက်ဖို့ ဘယ်လောက် ကြာကြာ လမ်းလျှောက်ခဲ့ရလဲ။
ဖြေ။ ။ သူတို့မှာ စခန်းရယ်လို့ မရှိပါဘူး။ ရောက်တဲ့ နေရာမှာ အိပ်၊ ပြီး ပြန်ထွက်သွား။ မနက်ဆို စောစောသွား၊ ညနေ နေ ဝင်ရင် နား။ နောက် မနက်ဆိုလည်း ဒီတိုင်းပဲ သွား။ စခန်း ဆိုတာလည်း မရှိဘူး။ ရောက်တဲ့ နေရာတော့ သူတို့ စခန်းပဲ။
မေး။ ။ ရွာကို လာဖမ်းတုန်းက လူဘယ်နှယောက်လောက်က လာဖမ်းတာလဲ။
ဖြေ။ ။ ၁၀၀ လောက် ရှိပါမယ်။ ၈၀ နဲ့ ၁၀၀ ကြားမှာ ရှိတယ် ကျနော့်ကို လာဖမ်းတုန်းက။
မေး။ ။ သူတို့ ဖမ်းသွားတဲ့ အချိန် ဘာတွေ ပြောသေးလဲ။ ဒဏ်ရာတွေက ဘယ်လို ရလာသလဲ။
ဖြေ။ ။ ခေါ်သွားတာနဲ့ သတ်ပစ်လိုက်မယ် ပြောပြီး ခေါ်သွားတာ။ စိတ်ဆင်းရဲတာပေါ့ ကျနော်။ နောက် ကျနော့်ကို သတင်း ပို့တယ်။ ဘယ်သူ့ကို သတင်းပို့လဲ ဆိုပြီး သတင်းပို့တဲ့ နေရာကို ခု ချက်ချင်းပြောပါ ဆိုတော့ ကျနော်က သတင်းပို့တာလည်း မရှိဘူး။ ပြောစရာ နေရာလည်း မရှိတော့ မပြောနိုင်ဘူးလေ။
မပြောတော့ ကျနော့်ကို ရိုက်တယ်။ ပြောပြီး ထပ်ရိုက်တယ်။ နောက်ထပ် မေးတာ မပြောရင် အသေထိုးပစ် လိုက်မယ် ဆိုပြီး ပြောတယ်။ ဒါပေမယ့် ကျနော်က သတင်းပို့တာလည်း မရှိဘူး။ သတ်ရင်လည်း သတ်ပစ်လိုက်ပါစေတော့ ဆိုပြီး ဒီတိုင်းပဲ ခံနေတယ်။
နောက် ၂၆ ရက်မှာတော့ သူတို့ မစစ်တော့ဘူး။ ကျနော့်ကို ကောင်းကောင်းလေးပဲ ထားတယ်။ ဦးလေး ပြန်ပို့ပေးမယ် တဲ့။ ခင်ဗျားကို ကျနော်တို့ စစ်စရာ ရှိလို့ ခေါ်လာတာပါလို့ ပြောပါတယ်။

မေး။ ။ AA တပ်ဖွဲ့ဝင်တွေနဲ့ အတူ ရှိနေတုန်းက ၅ ရက်အတွင်းမှာ နေ့တိုင်း ရိုက်လား။ ဘယ်နေရာတွေ ရိုက်ခံရလဲ။
ဖြေ။ ။ နေ့တိုင်းတော့ မရိုက်ပါဘူး။ ၃ ကြိမ် စစ်ဆေးပါတယ်။ စစ်ဆေးတဲ့ အခါမှာ ရိုက်တာပါ။ သူတို့က ဝါး အစိမ်း အပြင် က အရိုးပိုင်းနဲ့ ရိုက်တယ်။ နောက် သေနတ်ဒင်နဲ့ ထုတယ်။ နောက် ခြေထောက်တွေကို သူတို့ စစ်ဖိနပ်နဲ့ ကန်တယ်။ ဘယ် လို ပြောမလဲ ခြေထောက်နဲ့ ထောက်ပြီး ကန်တယ်။ အဲဒီလို လုပ်ပြီး စစ်ပါတယ်။
မေး။ ။ အဖမ်းခံထားရတဲ့ အချိန်မှာ ထမင်းကျွေးလား။ ရေရော တိုက်လား။
ဖြေ။ ။ ထမင်းလည်း ကျွေးးပါတယ်။ ရေလည်း တိုက်ပါတယ်။ အငတ်တော့ မထားပါဘူး။ ဆေးလည်း ကုပေးတယ်။
မေး။ ။ ပြန်လွှတ်ပေး ခါနီးမှာ ဘာတွေ ပြောသေးလဲ။
ဖြေ။ ။ ငါတို့ ရက္ခိုင့် တပ်မတော် သွားလာနေတဲ့ ဟာကို မြန်မာ့ တပ်မတော်ကို အကြောင်းမကြားရဘူး ဆိုတဲ့ ကတိကို သူတို့ တောင်းပါတယ်။ ကျနော်လည်း မပေးပါဘူး။ ခင်ဗျားတို့ လုပ်နေတဲ့ လုပ်ငန်းတွေ အဆင်ပြေပါစေ။ ကျနော့်ကိုလည်း အသက်ချမ်းသာပေးပါလို့ပဲ ပြန်ပြောလိုက်ပါတယ်။
သူတို့က ဘယ်လို ပြောလဲ ဆိုတော့ ဌာနချုပ်က လွှတ်လိုက်ပါလို့ ပြောလို့ ကျနော်တို့ လွှတ်တာလို့ ပြောပါတယ်။ သူတို့ ဌာနချုပ်က လွှတ်ပေးလိုက်လို့ ပြောတယ်တဲ့။ နောက် သူတို့ ကိုယ်တိုင်ပဲ ဘူးစင်ရွာကို လိုက်ပို့တာပါ။
မေး။ ။ အခု ရွာကို ပြန်ရောက်လာတဲ့ နောက်ပိုင်း အုပ်ချုပ်ရေးမှူး တာဝန်ကို ဆက်လက် ထမ်းဆောင် လိုသေးလား။ ရွာမှာ နေရတာရော လုံခြုံတယ်လို့ ခံစားရလား။
ဖြေ။ ။ ကျနော် အခု ထက်ထိ ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့ မရှိပါဘူး။ အုပ်ချုပ်ရေးမှူး တာဝန်ကိုလည်း လောလော ဆယ် ကျနော် ဘာမှမလုပ်ပါဘူး။ ရောဂါ ဝေဒနာကိုပဲ ကျနော် ကုနေတုန်းပါ။ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့လည်း အဆက် အသွယ် မလုပ်ရသေးပါဘူး။ ကျနော့်ကိုယ် ကျနော်ပဲ ဆေးကုနေပါတယ်။ နောက် အုပ်ချုပ်ရေး ကိစ္စတွေလည်း လုပ်ဖို့ စိတ်မရှိပါဘူး။ ဆက်လုပ်ရင် ကျနော် အသက် သေသွားမယ်လို့ပဲ ယူဆပါတယ်။
ရပ်ရွာကိစ္စ လုပ်ချင်တဲ့ ဆန္ဒတော့ ရှိတယ်။ ဒါပေမယ့် သူတို့ဆီမှာ ထပ်ခါ တလဲလဲ စစ်ဆေးခံရမှာ၊ အဖမ်းခံရမှာ ကျနော် ကြောက်တယ်။ ကျနော် ရွာမှာလည်း မနေရဲတော့ပါဘူး။ ပြည်မ ဘက်မှာပဲ ပြောင်းပြီး လုပ်ကိုင်နိုင်တဲ့ အလုပ် တခုခု လုပ် မယ်။ အဲဒီလိုပဲ ရည်ရွယ် ထားပါတယ်။
မေး။ ။ ပြန်လွှတ်ခါနီးမှာ အရိုက်ခံရတာတွေကို ပြန်မပြောဖို့ AA ဘက်က ခြိမ်းခြောက်မှုတွေ ရှိပါသလား။
ဖြေ။ ။ အဲဒါတွေတော့ မပြောဘူး။ တပ်မတော်ကို ငါတို့ ရက္ခိုင့် တပ်မတော် သွားလာတာတွေ သတင်း မပို့ပါနဲ့၊ သတင်း မပို့ရဘူး ဆိုတဲ့ ကတိလောက်ပဲ တောင်းပါတယ်။ ဒီ ရိုက်နှက်တဲ့ ကိစ္စတွေတော့ ပြောတာ မရှိဘူး။ ငါတို့ တပ်လာနေတာကို မပြောနဲ့လို့ပဲ ပြောတာပါ။ ကျန်တာတော့ မပြောပါဘူး။
မေး။ ။ လက်ရှိ သံထောင်ရွာ၊ ရွာမှာ ရှိနေတဲ့ အရပ်သားတွေရော လုံခြုံတဲ့ အနေအထား ရှိပါသလား။ နှစ်ဖက် တပ်တွေ ရဲ့ ပဋိပက္ခကြားမှာ ဘယ်လို နေထိုင် နေရပါသလဲ။
ဖြေ။ ။ ကြာလာရင်တော့ ဒီမှာ လူမျိုးရေး ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ ရွာသားတွေက တလျှောက်လုံး ကြောက်နေရ ပါတယ်။ တပ်မတော် ရှိနေလို့ အခု တပ်မတော်က ရွာမှာ ထိုင်နေလို့ ကျနော်တို့ နည်းနည်း စိတ်ဖြေသာပါတယ်။ တပ် မတော်တွေ မရှိဘဲ ပြန်သွားရင် လူမျိုးရေး အနိုင်ကျင့်မှုတွေ ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။
မေး။ ။ နှစ်ဖက် ပဋိပက္ခတွေ ကြားမှာ သတင်းပေးတယ် ဆိုပြီး အဖမ်းခံ အရိုက်ခံရတယ်။ အခု ပြန်လွတ်လာတဲ့ အချိန် မှာ အစိုးရဘက်ကိုပဲ ဖြစ်ဖြစ် AA ခေါင်းဆောင်တွေကိုပဲ ဖြစ်ဖြစ် ဧရာဝတီက တဆင့် ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော် ပြောချင်တာက အခုလို တယောက်နဲ့ တယောက် တိုက်နေတာတွေကို ကျနော် မလိုချင်ပါဘူး။ ကျနော့် လူထုတွေ နစ်နာပါတယ်။
ဟိုလူထုတွေ ပြေးလိုက် ဒီလူထုတွေ ပြေးလိုက်နဲ့ တပ်မတော်ကလည်း ကြာလာရင် ငါတို့ လာတာကို AA ကို သတင်း ပို့တယ်။ AA ကလည်း တပ်မတော်ကို သတင်းပို့တယ်နဲ့ ဒီလိုနဲ့ ကြားမှာ ကျနော်တို့ ပြည်သူက လုပ်စားဖို့လည်း အချိန် မရှိတော့ပါဘူး။ သူတို့ စစ်ပွဲတွေ အမြန်ငြိမ်းမှ ကျနော်တို့ ပြည်သူတွေက လွတ်လွတ်လပ်လပ် လုပ်စားနိုင်မှာပါ။ စစ်ပွဲကို အမြန်ငြိမ်းဖို့ ကျနော် ဆုတောင်းနေပါတယ်။ ။
ဆက်စပ် ဖတ်ရှုရန် –