အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲကတိ ကဝတ်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်အတွင်းတွင် စတင်လှုပ်ရှားနေပြီဖြစ်သည်။ ဖွဲ့စည်းပုံထဲက အချက်များကို ပြင်ဆင်နိုင်ရေး အတွက် ပူးပေါင်းကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းနိုင်ရေးလည်း ဆောင်ရွက်နေလျှက်ရှိသည်။
အတိုက်အခံ ပါတီကြီးတခုဖြစ်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များမှ ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ရွေးချယ်ခန်အပ်ခွင့်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၂၆၁ ပြင်ဆင်နိုင်ရေး လွှတ်တော် တင်ထားပြီး တပ်မတော်ကလည်း ယင်းပုဒ်မ ပြင်မယ်ဆိုလျှင် သဘောတူနိုင်ခြေရှိကြောင်း ပြောဆိုထားသည်။
ပြည်နယ်နှင့် တိုင်း ဝန်ကြီးချုပ်များကို ပုဒ်မ ၂၆၁ အရ ယခင်အစိုးရနှင့် ယခုအစိုးရလက်ထက်တွင် သမ္မတက တိုက်ရိုက် ခန့်ခြင်း ဖြစ်သည်။
တိုင်းရင်းသား နိုင်ငံရေးသမားများကတော့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်စေချင်ကြသော်လည်း ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များကို ပြည်နယ်နှင့် တိုင်းလွှတ်တော်များ ရွေးချယ်တင်မြောက်ခွင့်ရသွားမည်ဆိုလျှင် ယင်းလွှတ်တော်များရှိ တပ်မတော် ကိုယ်စားလှယ်များ၏ မဲပေးဆုံးဖြတ်ခွင့်များ အရေးပါလာမည်ဖြစ်၍ ထိုအချက်ကို သတိထားကြရန် ထောက်ပြပြောဆိုမှုများလည်းရှိနေသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ပြောခွင့်ရ ပုဂ္ဂိုလ်များ၏ သဘောထားများကို ဧရာဝတီက မေးမြန်းထားချက်များကို စုစည်း ဖော်ပြလိုက်သည်။
ပဒိုစောကွယ်ထူးဝင်း ဒုဥက္ကဋ္ဌ
ကရင်အမျိုးသား အစည်းအရုံး (KNU)
၂၆၁ ကတော့ အထူးသဖြင့် ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်တွေနဲ့ ပတ်သက်တယ်ထင်တယ်။ ဒါပေမယ့် က၊ ခ၊ ဂ ရှိနေတာကိုး ဒါကတော့ ပြည်နယ်တိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်ထဲကနေပြီးတော့ ဝန်ကြီးချုပ်ကိုရွေးနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သို့သော်လည်းပဲ ကျနော်တို့ စဉ်းစားရမှာက တိုင်းနဲ့ ပြည်နယ်မှာလည်း တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေ ရှိသေးတာကိုး ဒါကလည်း ထည့်တွက်ရမယ့် သဘောလည်း ဖြစ်တာပေါ့နော်။ ဒါကတော့ ကျနော်တို့ သတိထားရမှာပေါ့။ ဒါက သေချာသုံးသပ်ပြီးမှ ပြောရမှာ လုပ်ရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဖြစ်စေချင်တာက ၂၆၁ တခုတည်း မဟုတ်ဘူးလေ။ အဓိက ကျတဲ့ အခြေခံမူထဲမှာ ရှိတဲ့ အချက်တွေကိုလည်း စဉ်းစားရမှာပေါ့။
ဦးဘရှိန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရခိုင်အမျိုးသားပါတီ (ANP)
အခုလောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗဟိုချုပ်ကိုင်မှုတွေကို ဖြေလျှော့မယ်ဆိုရင် အခု ပြည်နယ်တွေမှာ ပေးထားတဲ့ ပါလီမန်လုပ်ပိုင်ခွင့်တခုတည်းနဲ့ မလုံလောက်ဘဲနဲ့ ပြည်နယ်ရဲ့ စီမံခန့်ခွဲမှုကို ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်ရတဲ့ အစိုရအဖွဲ့ကို သက်ဆိုင်ရာပြည်နယ်က ရွေးကောက်ခံလွှတ်တော် ကိုယ်စားတွေထဲမှာ အများဆုံးအနိုင်ရတဲ့ပါတီကို ကိုယ်စားပြုတဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုပဲ ဝန်ကြီးချုုပ်အဖြစ် တာဝန်ပေးစေချင်ကြတာ၊ အဲဒီလို တာဝန်ပေးလိုက်တဲ့အခါ ပြည်သူကို ကိုယ်စားပြုမှုဆိုတဲ့ အပိုင်းလည်း ပီပြင်လာမယ်လေ။
အခုကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီး၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ တို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ တကယ်မြေပြင်မှာဖြစ်နေတဲ့ ဖြစ်ပေါ်မှုတွေဟာ ကိုက်ညီမှုမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲအပြီး မှာဆိုရင် တို့ ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက်က ၉ မြို့နယ်မှာ တို့ ရခိုင်အမျိုးသားပါတီက အနိုင်ရခဲ့တယ်။ ဒါပေမယ့် အနည်းဆုံးကိုသာ ကိုယ်စားပြု ရွေးကောက်ခံရတဲ့ USDP ပါတီက ဝန်ကြီးချုပ် ခန့်တယ်။
၂၀၁၅ ရွေးကောက်ပွဲကာလမှာလည်း ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်မှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တွေ တင်မြှောက်နိုင်ခဲ့တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အစိုးရကို တာဝန်ယူရတဲ့ ဝန်ကြီးချုပ်ကို ကျတော့ NLD ကပဲ သူတို့ကြိုက်တဲ့သူကို ခန့်တယ်ဆိုတဲ့အခါ နိုင်ငံရေးအရ ပွတ်တိုက်မှုတွေ၊ လူမျိုးရေးအရ ပွတ်တိုက်မှုတွေ အချင်းချင်း အယုံအကြည် ကင်းမဲ့တယ်ပြောရင်လည်း မမှားပါဘူး။
နားလည်မှုလွဲမှားမှုတွေ ကြုံရတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၁ မှာ ပြည်နယ်ဝန်ကြီးချုုပ်ခန့်တဲ့၊ အစိုးရအဖွဲ့ဖွဲ့တဲ့ လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်တွေမှာ အများဆုံးရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့ ပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရသင့်တယ်ဆိုတဲ့ အယူအဆတွေရှိတယ်။ တို့မှာလည်း ဒီအယူအဆတွေ ရှိပါတယ်။ ကျန်တာတွေက တဖြည်းဖြည်း ပြောင်းရင်လည်း ပြောင်းပေါ့လေ။ လောလောဆယ်မှာတော့ဒီဟာက မဖြစ်မနေ ပြောင်းလဲသင့်တယ် ဆိုတဲ့ သဘောထား ရှိပါတယ်။
စိုင်းသီဟကျော်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)
တကယ်တမ်းကျတော့ ပုဒ်မ ၂၆၁ ပြင်ဖို့ဆိုတာပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော် သက်တမ်းကတည်း က တိုင်းရင်းသားတွေက လိုလားတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။
၂၆၁ လို့ပြောတဲ့ အချိန်မှာ (က) နဲ့(ခ) နှစ်ပိုင်းရှိပါတယ်။ (ခ) အပိုင်းမှာ အပိုဒ်လေးတွေ ရှိသေးတယ်။ အဓိက ကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးရဲ့ဝန်ကြီးချုပ်ရွေးချယ်တဲ့ကိစ္စပေါ့။ တိုင်းရင်းသားတွေက ယေဘုယျအားဖြင့် လိုလားတာက ကိုယ့်ပြည်နယ်လွှတ်တော်ကပဲ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ချင်တာပေါ့နော်။ ဒီလွှတ်တော် ကိုယ်စားလှယ်ထဲကပဲ ရွေးရမယ်။ တကယ်လူထုက မဲပေးပြီး ရွေးကောက်တင်မြှောက်တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်သင့်တယ်။ ပြီးတော့မှ သမ္မတက အတည်ပြုပေးပေါ့။ ဒီလိုမျိုး ဆန္ဒရှိပါတယ်။ အဲ့ဒါမှလည်း တကယ့်ပြည်နယ်ရေးရာကိစ္စတွေကို ပြည်နယ်ကို ပြန်ပြီးတာဝန်ခံဖို့ ဖြစ်ပါတယ်။ ပြည်နယ်က လူထုတွေကို ဝန်ကြီးချုပ်က တာဝန်ခံဖို့လိုတယ်။ သမ္မတကိုပဲ တာဝန်ခံနေမယ်ဆိုရင် ဒါပြည်သူနဲ့ နည်းနည်း ကင်းကွာနေပြီးတော့မှ ပြည်သူ့အသံတွေ အားနည်းသွားနိုင်တာပေါ့။ အစိုးရရဲ့ဆောင်ရွက်ချက်တွေမှာ။
ဒါကတော့ ကျနော်တို့ ဆွေးနွေးရမယ်ဆိုတာက အသေးစိတ်ကတော့ လောလောဆယ်မှာ ပြောရခက်ပါတယ်။ ဒါတပ်မတော်ရဲ့ သဘောထားလည်း ရှိတယ်။
အခြားပါတီတွေရဲ့သဘောထားလည်းရှိတယ်။ ကျနော်တို့ ပါတီရဲ့ ကိုယ်စားလှယ်နှစ်ယောက် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပါဝင်ထားပါတယ်။ နောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေ ရှိပါတယ်။ UNA (စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် ) ရှိတယ်။ ပါတီ ရှိပါတယ်။ ပါတီရဲ့ သဘောထားတွေ ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို အခု လောလောဆယ်စောင့်နေပါတယ်။ အခုလည်း UNA က ဖိုရမ်တခု လုပ်နေပါတယ်။
အဲဒီအပေါ်မှာ သဘောထား ဘယ်လိုထွက်လာမလဲဆိုတာ အခြေခံပြီး ကော်မတီမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲနဲ့
အများရဲ့၊ ပါတီရဲ့ မူဝါဒသဘောထားအပေါ်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နိုင်ဟံသာ ဒုဥက္ကဋ္ဌ
မွန်ပြည်သစ်ပါတီ (NMSP)
ဒါက ပြည်နယ်လွှတ်တော်တွေမှာ ဘယ်ကအမတ်တွေ အများစုရမလဲတော့ မပြောတတ်သေးဘူး။ ထားပါတော့လေ တပ်မတော်က ၂၅ ရာခိုင်နှုန်း ဒါကလည်း တဖြည်းဖြည်းချင်း ကျနော်တို့က လျှော့ရမှာဘဲ အမှန်က သူ့ပြည်နယ်ရဲ့ ဝန်ကြီးချုပ်၊ သူ့ပြည်နယ်ရဲ့ ခေါင်းဆောင် သူ့ဟာသူ ရွေးတာကတော့ ပိုပြီးတော့ သင့်မြတ်တယ်လေ။ ဒါကို တချိန်ချိန်မှာ ကျနော်တို့လည်း ရအောင်တော့လုပ်ရမှာဘဲဗျ အမှန်ကတော့ ကျနော်တို့ဖက်ဒရယ်မူကိုသွားချင်တဲ့ဟာ သမ္မတကနေပြီးတော့မှ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်နယ်ခေါင်းဆောင်တွေ လာပြီးတော့ ရွေးချယ်တယ် ဆိုတာ အလကား ဒါ သမ္မတက ချုပ်ကိုင်ထားတဲ့ ပုံစံမျိုး ဖြစ်နေတာဗျ။ ဒါက မမှန်ဘူးဗျ။ ကျနော်တို့ကတော့ အဲလို အမြင်ရှိတယ်။
ဒါပေမယ့် တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဆိုတဲ့ဟာကတော့ လောလောဆယ် ရှိနေတဲ့ဟာကတော့ ထားပါတော့လေ။ ဒါတွေကိုတော့ လျှော့ချရမယ်။
အမှန်ကတော့ သူ့ပြည်နယ် သူ့ဟာသူ ရွေးရမယ်ဗျာ။ အဲသလိုတော့ဖြစ်သင့်တယ်။ ကြည့်တဲ့အခါမှာ တဘက်တည်း မြင်လို့မရဘူး။ ဥပမာ ရခိုင်ပြည်နယ်မှာ ရခိုင်အမတ်တွေ အများစုနော် ဒါပေမယ့် သမ္မတက ဟိုဘက်ကနေ လာခန့်ထားလိုက်တော့ အမြင်တွေက ဆန့်ကျင်ဘက်တွေ ဖြစ်သွားတယ်လေ။ ညီညွတ်မှုလည်း ပျက်စီးသွားတယ်။ ဒါကတော့ တဘက်က သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ အခွင့်အာဏာတွေကို ဝင်ချုပ်ကိုင်တယ်။ ဝင်စွက်ဖက်တယ် ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။ ကျနော် အမြင်ကတော့ ၂၆၁ ကို ပြင်ရမယ်။
ဦးခက်ထိန်နန် ဥက္ကဋ္ဌ
စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့အတွက်က တနိုင်ငံလုံးကလည်းပဲ လိုလားနေတယ်။ တနိုင်ငံလုံးကလည်း ပြင်ဖို့ကြိုးစားနေတယ်။ အဲဒါ ပြင်ဖို့က လွှတ်တော်ကနေပဲ ပြင်လို့ရမှာကိုး အစကတော့ NCA လမ်းကြောင်းကနေ ပြင်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အခြေအနေ အချိန်အခါအရ ပင်လုံညီလာခံက အခုဒီကြားထဲမှာ မလုပ်ဖြစ်ဘဲ နားနေတဲ့ အနေအထားဆိုတော့ အခုက လွှတ်တော်ကနေပဲ ပြင်ဆင်ဖို့ ကြိုးစားလာတာ၊ ဒါက ပြင်ရမယ့်ဟာ ဟုတ်တယ်။
ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်းက ပြင်ဖို့ ကြိုးစားခဲ့ပေမယ့် မပြင်ဖြစ်လိုက်ဘူးပေါ့။ ဒါက လွှတ်တေ်ာဒုတိယ သက်တမ်းမှာ ပြန်ပြီး အားလုံးကြိုးစားလာကြတာ။ ဒါက ကြိုဆိုဖို့လည်း လိုအပ်ပါတယ်။ ပြင်သင့်ပြင်ထိုက်တာတွေလည်း ပြင်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။
၂၆၁ ကတော့ သူ့တိုင်းနဲ့ ပြည်နယ်ဒေသမှာ ရွေးကောက်ပွဲမှာ နိုင်တဲ့ပါတီကနေ ဝန်ကြီးချုပ် ရွေးချယ်ပိုင်ခွင့် အနေအထားလို့ နားလည်တယ်။ အဲဒါကတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့နေရာမှာ ဒါလည်းပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လိုအပ်ချက် တခုဖြစ်တယ်လို့ အဲဒီလိုပဲ မြင်ပါတယ်။
ပြည်သူတွေက ရွေးကောက်လိုက်လို့ သူ့ဒေသမှာ ပိုပြီးတော့ နိုင်တဲ့ပါတီက ဝန်ကြီးချုပ်လုပ်တယ်ဆိုရင် သူက သူ့ဒေသ သူ့ပြည်သူကို ပိုပြီး တာဝန်ခံလို့ ရတာပေါ့။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ မရှိတာထက်တော့ ကော်မတီရှိတာက ပိုကောင်းပါတယ်။ ဆိုတော့ ပြင်တဲ့ အပိုင်းမှာလည်း ပြင်သင့်ပြင်ထိုက်တာ များများပြင်နိုင်ရင် ကောင်းတယ်။
၂၆၁ ကို ပြင်တာကောင်းတယ်။ ပြီးရင် ၂၆၁ နဲ့ ဆက်စပ်တဲ့ တခြားပုဒ်မတွေ ပုဒ်မခွဲတွေဆက်စပ်တဲ့ ဟာတွေကို ပြင်သင့်တာပေါ့။ ၂၆၁ ပြင်တာနဲ့ အဲဒါနဲ့ ချိတ်ဆက်တဲ့ ဆက်စပ်တဲ့ဟာတွေကိုလည်း ပြင်ဖို့လိုမယ်လို့ ယူဆတာပေါ့။
ဒေါ်ထုမေ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)
ပုဒ်မ ၂၆၁ က တကယ်တမ်းကျတော့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးများ ခန့်အပ်တဲ့ ပုဒ်မတွေကို ပြင်ချင်တယ် ထင်ပါတယ်။ တကယ် တမ်းကျတော့ ဖွဲ့စည်းပုံက ပွင့်ပွင့် လင်းလင်း ပြောရရင် ဖွဲ့စည်းပုံရဲ့ အခြေခံ မှု ကိုယ်၌ ကိုယ်က တိုင်းရင်းသားတွေအတွက် လက်ခံဖို့ အခက်ခဲ ရှိပါတယ်။ တကယ်တမ်း စစ်မှန်တဲ့ ဖက်ထရယ်ကိုသာ သွာမယ် ဆိုရင် ဒီမှာသုံးထားတဲ့ အသုံး အနှုန်း များရဲ့ ၆ ( စ)မှာ ဆိုရင် ၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ၊ တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို ဦးတည်တာပေါ့နော်။
တကယ်တမ်း ပြင်မယ်ဆိုရင် ဒီက စပြီး ပြင်ရမယ်။ နောက်တခုက ၇ ပေါ့ ။ ဒီအခြေမှု ပုဒ်မ ၇ မှာ နိုင်ငံတော်က စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ဆိုတာ၊ ဒီမိုကရေစီကနေပြီးတော့ စည်းကမ်းပြည့်ဝပြီး ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်သော ဆိုတဲ့ ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော နာမဝိသေသန မလိုဘူး။
အခုလိုမျိုး ဝန်ကြီးချုပ် ခန့်အပ်တဲ့ ပုဒ်မေတွေ တခုထဲသာ ပြင်မယ်ဆိုရင် ဒါက အနှစ်သာရ အားဖြင့်၊ တန်ဖိုးအားဖြင့် တကယ့် တိုင်း ရင်းသား တွေ လိုလားနေတဲ့ နှစ်ပေါင်း ၇၀ ကျော် တောင်းဆိုလာကြတဲ့ ဖက်ထရယ်က ဘယ်လိုမှ ဖြစ်မှာ မဟုတ်ပါဘူး။
ဝန်ကြီးက ကိုယ့်ရဲ့ လွှတ်တော်က ရွေးကြပြီ ဆိုရင် တဆက်တည်းမှာ ရှိတဲ့ လုပ်ပိုင်ခွင့်၊ ပြည်သူများရဲ့ ရပိုင်ခွင့်ဟာ ဇယား ၂ ကို ရွေ့ရမှာ ဖြစ်ပါတယ်။ ဇယား ၂ မှာကျတော့ ပြည်နယ် လုပ်ပိုင်ခွင့်တွေ ဘာမှ ပေးထားတာ မရှိဘူး။ ပြည်ထောင်စုက ကိုင်တာ တွေကြည့်ဘဲ။ ဒါတရားမျှတမှု မရှိပါဘူး။
ဒီပုဒ်မတွေကို တဆက်ထဲ တင်သွားမှာလား ဒါက စဉ်းစားစရာပါ။ တကယ်တမ်းကျရင် ဒီပုဒ်မ တခုကို ခွဲပြီး ပြင်ခြင်းဟာ တိုင်းရင်းသား တွေရဲ့ ရပိုင်ခွင့်ကို ထူးထူးထွေထွေ ရစရာ ဘာမှတော့ အကြောင်းမရှိပါဘူး။ ဒီပုဒ်မ တခု ပြင်ဆင်လိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ဖက်ထ ရယ်ကို ဘယ်လိုမှ သွားနိုင်မှာ မဟုတ်ပါဘူး။ မိမိပါတီ ဖြစ်ကောင်း ဖြစ်မယ်။ (သို့) ဒီပုဂ္ဂိုလ်တွေက ပုဒ်မ တချက်ထဲကိုပဲ စိတ် ဝင်စား ကောင်း ဝင်စားနိုင်တယ်။
ကျမ အနေနဲ့ ဒီပုဒ်မကို ပြင်ဆင်ဖို့ ဝေဖန်ရလို့ချင်ရင် ဝန်ကြီးချုပ် နဲ့ ပတ်ဝန်းကျင်လောက်ပဲ ရာထူးပေးမှာ သော်လည်းကောင်း၊ အ ကြောင်း တစုံတရာပေါ်မှာသော်လည်းကောင်း၊ ဒါနဲ့ ပတ်သက်ပြီးတော့မှ ရယူခံစားခွင့်တွေ၊ တကယ်တမ်း အနှစ်သာရ အနေနဲ့ တိုင်းရင်း သားတွေ ကို ဘာမှ ပြုပြင်ပြောင်းလဲဘို့ ဖော်ဆောင်ပေးနိုင်တဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူး။
တပ်မတော်ကမှ သဘောထား မကြီးဘူး။ တပ်မတော်ကမှ အပေးအယူ မလုပ်ဘူးဆိုရင် ဖွဲ့စည်းပုံက ဘာမှ လုပ်လို့ ရစရာ အကြောင်း မရှိဘူး။ လွှတ်တော်က ဘယ်လောက် ကြိုးပမ်း ကြိုးပမ်း ရစရာ အကြောင်းမရှိဘူး။ ဒါကြောင့်တကယ်တမ်းသာ စစ်မှန်တဲ့ ဒီမိုကရေစီ၊ ဖက်ထရယ် စစ်စစ်လို့ ပြောရင် ဥပဒေပြု မဏ္ဍိုင်က အရေးပါဆုံး ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုရင် ပြည်သူများ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်နဲ့ လွှတ်တော်တွေကို အရင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံပေါ်မှာ စေတနာထားမယ်။ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်တော့မယ် နှစ် ၇၀ ရဲ့ သမိုင်းကို သင်ခန်းစာ ယူမယ်ဆိုရင် သေချာပါတယ် ၁၀၀ ရာခိုင်နှုန်း ပါဝင် သော လွှတ်တော်များနဲ့ အရင် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
ပြည်နယ် နဲ့ တိုင်း အပါအဝင် တနိုင်ငံလုံးမှာ ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ် စစ်စစ်တွေ ပြည်သူတွေက ရွေးချယ်တင်မြောက် ကိုယ်စားလှယ်နဲ့ ရွေးချယ်တဲ့ အခြေ အနေ တရပ် ပေါ်ပေါက်လာတော့မှ ဒါ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် လမ်းကြောင်းမှန် ဖြစ်မှာပါ။
ဦးလာမာလေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်တဲ့နေရာမှာ ကျနော့်အနေနဲ့ ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ကြံ့ခိုင်ရေးက ဒီပုဒ်မကို တင်တယ်။ တပ်မတော်သား ကိုယ်စားလှယ်အားလုံးက ထောက်ခံလိမ့်မယ်လို့ ယုံကြည်တယ်။ အန်အယ်ဒီက ကိုယ်စားလှယ်တွေ ကလည်း ထောက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့် ၂၆၁ ကို ပြင်ဆင်ရုံနဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် တကယ်ရော အကျိုးရှိပါ့မလား၊ လက်တွေ့မှာ တကယ်ပဲ အကျိုးဖြစ်ထွန်းနိုင်မလားပေါ့။ ဘာကြောင့် ဒီလိုပြောလဲဆိုရင် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အများစုရှိပါတယ်။ တိုင်းရင်းသားပါတီတွေက ပြည်နယ်တွေမှာ ရခိုင်ပါတီတွေလို နိုင်ဖို့ဆိုတာက တော်တော်လေး ခဲယဉ်းတဲ့အနေအထား ဖြစ်တဲ့အတွက် တကယ်ပဲ အကျိုးဖြစ်ထွန်းနိုင်ပါ့မလားဆိုတာ ကျနော်အနေနဲ့ စိုးရိမ်စိတ်တော့ ရှိတာပေါ့။
ဦးခမ်ခန့်ထန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)
၂၆၁ ပြင်ရုံနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်မဖြစ်နိုင်ဘူး။ ဒါပေမယ့် အုပ်ချုပ်မှုယန္တရားမှာ ဗဟိုဦးစီးစနစ်တခုတော့ နည်းနည်းပြောင်းလဲသွားမယ်။ ကျန်တာတွေတော့ မပြောင်းလဲနိုင်ဘူး။
ဒီဥပဒေကတော့ ပြင်စရာတော့ အများကြီးရှိတာပေါ့။ ဒီအထဲမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပြောင်းလဲသွားနိုင်အောင် အရင်ဆုံးပြင်ရမယ်။ ပြီးမှ ကျန်တဲ့နည်းဥပဒေတွေ ၊ တိုင်းရင်းသားတွေ လိုချင်တဲ့ စနစ်ဖြစ်ပေါ်လာမယ်လို့ ယူဆတယ်။ သို့သော် ဒီဟာက ချက်ချင်း လုပ်လို့ရတဲ့ လွယ်တဲ့ကိစ္စ မဟုတ်ဘူးလို့ ထင်တယ်။
၂၆၁ နဲ့ ပတ်သက်လို့ မပြင်ဘူးဆိုရင် ဗဟိုဦးစီးစနစ်က နည်းနည်းများတယ်။ ဥပမာ ပြည်နယ်နဲ့ တိုင်းတွေမှာ ဝန်ကြီးချုပ်တွေ ခန့်လိုက်တယ်။ နောက် အရွေးကောက်ခံမဟုတ်တဲ့ ဝန်ကြီးတွေ ဆွဲခန့်တွေ ပါလာတယ်။ ဆွဲခန့်တွေပြဿနာတွေလည်း ကျနော်တို့ ချင်းပြည်နယ်မှာ ရှိခဲ့တယ်လေ။ အဲဒီတော့ ဒီစနစ်မဟုတ်ဘဲနဲ့ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေပေါင်းပြီး ရွေးထားတယ်ဆိုရင် ပိုပြီး အသစ် ဖြစ်လာနိုင်မယ် ယုံကြည်တယ်လေ။