ရခိုင်ပြည်နယ်အတွင်းသို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့က ၂၀၁၅ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။ AA သည် ကချင်လွတ်လပ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။
ရခိုင်ပြည်နယ် အတွင်းသို့ AA ဝင်ရောက်လာပြီးနောက် တပ်မတော်နှင့် ကြိုကြားကြိုကြား ထိတွေ့မှုများရှိခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်း ၄ ခုကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော် အနေဖြင့် AA ကို စစ်ဆင်ရေး ပုံစံဖြင့် ရှင်းလင်းမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။
အရှိန်မြင့်လာသည်နှင့် တပြိုင်တည်းမှာဘဲ ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်လာပြီး အရပ်သားများ၊ အစိုးရဝန်ထမ်းများ ဖမ်းဆီးနှိပ်စက် ခံရမှုများ၊ ထိခိုက်သေဆုံးမှုများ၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး များကိုပါ ထိခိုက်မှုများ ရှိလာပြီး အခြေအနေ တနေ့ထက်တနေ့ ဆိုးရွားလာနေသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နယ်ပယ်အသီးသီးက အမြင်သဘောထားများကို ဧရာဝတီက စုစည်း ဖော်ပြလိုက်သည်။
ဒေါက်တာမျိုးညွန့်
ဗဟိုအလုပ်မှုဆောင် ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ရခိုင်မှာ တိုက်ပွဲတွေ မြင့်တက်လာတာကတော့ ပြည်သူအားလုံးအပေါ် စိတ်မကောင်းစရာပါပဲ၊ အဲတော့ တိုင်းရင်းသား အချင်းချင်း ဖြစ်တဲ့စစ်ပွဲတွေ ရပ်စေချင်ပါတယ်။ အကြမ်းဖက်ပြီးတော့ နိုင်ငံရေး ပြဿနာ ဖြေရှင်းမယ်လို့ ကြံရွယ်တဲ့ လူတွေကိုလည်း ကျနော်တို့ အကြမ်းဖက်တာကို စွန့်လွတ်ပြီး နိုင်ငံရေးဆွေးနွေး နည်းအရ ဖြေရှင်းလာပါလို့ ကျနော်တို့က ပြောချင်ပါတယ်။
အဓိကတော့ အခြေခံကတော့ ကျနော်တို့ ပြည်ထောင်စု စိတ်ဓါတ်ပေ့ါနော် ပြည်ထောင်စု စိတ်ဓါတ်ကို မပျက်စီး အောင် ထိန်းသိမ်းဖို့ပါပဲ၊ ပြည်ထောင်စုစိတ်ဓါတ်က ယိုယွင်းလာရင် လူမျိုးစွဲ စိတ်ဓါတ်တွေ ပြင်းထန်လာရင် ဒီလို အခြေအနေမျိုးတွေ ဖြစ်တတ်လာပါတယ်။ အဲတော့ ကျနော်တို့ မိမိတို့ သီးခြား လွတ်လပ်တဲ့ နိုင်ငံထူ ထောင်လာတယ်၊ ပြည်ထောင်စုကြီး အတွင်းမှာ နေတာဟာ မိမိတို့အကျိုးဖြစ်တယ်ဆိုတာကို တိုင်းရင်းသား တွေ နားလည်သဘောပေါက်လာအောင် နိုင်ငံသားအားလုံးက ရှင်းပြဖို့ လိုပါလိမ့်မယ်။
တိုင်းရင်းသား အချင်းချင်း နိုင်ငံရေး ရည်ရွယ်ချက် တခုအတွက် လက်နက်ကိုင်ပြီးတော့ တောင်းဆိုရတဲ့ အဖြစ်မျိုး မဖြစ်အောင် ကျနော်တို့ ဆွေးနွေးတဲ့ လမ်းကြောင်းကို ရွေးချယ်စေချင်ပါတယ်။ မိမိတို့ လူမျိုးရဲ့ ပြည်နယ်ကို လွတ်လပ်တဲ့ နိုင်ငံအဖြစ် ထူထောင်လာတဲ့ ပြည်ထောင်စု အတွင်းမှာနေတာက နောင်ရင်ဆိုင်ရမယ့် အခက်အခဲပြဿနာတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ်လို့ အဲဒါလေးလည်း ပြောချင်ပါတယ်။
ဆလိုင်းအိုင်ဇက်ခင်
ချင်းပြည်နယ်အစိုးရ စည်ပင် ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်း
လက်ရှိအနေအထားမှာတော့ နှစ်ဖက်စလုံးက တတ်နိုင်သမျှဆွေးနွေးမယ့် နည်းလမ်းတွေကို ရှာသင့်တယ်၊ ပထမက အပြုတ်တိုက်မယ် ပြောတယ်၊ ဟိုရက်က တပ်ကရှင်းလင်းပွဲလုပ်တော့ တိုင်းရင်းသားချင်းဖြစ်လို့ အပြုတ်မတိုက်ဘူးဆိုတဲ့သဘောမျိုးပြောပြန်ရော၊ တကယ်တော့ အစကတည်းက ကိုယ့်တိုင်းရင်းသားချင်း မတိုက်သင့်တာ အမှန်ပါပဲ။ တိုက်ပွဲတွေဖြစ်ပြီဆိုကတည်းက အထိအခိုက်တွေကရှိလာမှာပဲ၊ ဘယ်တော်လှန်ရေးမှ အထိအခိုက်မရှိဘဲနဲ့ ဖြစ်လာတဲ့တော်လှန်ရေးက မရှိပါဘူး။
ကောင်းတာကတော့ နှစ်ဖက်စလုံးက အသိအမှတ်ပြုလေးစားတဲ့ လူတွေဦးဆောင်ပြီး ညှိနှိုင်းဖြေရှင်းဖို့လိုအပ်တယ်။ နိုင်ငံရေးပြသနာအနေနဲ့ လက်ခံပြီး အဖြေရှာရင်အကောင်းဆုံးဖြစ်မယ်။ တပ်ပိုင်းကိစ္စတွေကျတော့ နစ်နာသူတွေလဲရှိနေတဲ့အတွက် သူဟာသူ ဥပဒေ ကြောင်းအရသွားကြပေါ့။ ဆုံးရှုံးရသူတွေလဲ ရှိနေတာကိုး။ အရင်ဆုံးကတော့ ပစ်ခတ်နေတာကို ရပ်စဲအောင်လုပ်ရင် အကောင်းဆုံးပဲ၊ ဒီလိုမှမဟုတ်ရင် ရခိုင်ပြည်နယ်အခြေအနေက ပိုမိုဆိုးဝါးသွားဖို့ရှိတယ်၊ စစ်ဆင်ရေးနယ်မြေဖြစ်သွားရင် ဘယ်သူအတွက်မှမကောင်းပါဘူး။
လူမျိုးရေးလှုံ့ဆော်မှုနဲ့ပတ်သက်လို့တော့ ချင်းခေါင်းဆောင်တွေကတော့ တတ်နိုင်သမျှ ရခိုင်ခေါင်းဆောင်တွေနဲ့တွေ့ပြီးတော့ မဖြစ်သင့် တာမဖြစ်ဖို့ ကြိုးစားနေပါတယ်။ ချင်းနဲ့ရခိုင်ကြားထဲမှာ တင်းမာမှုတွေ၊ မကြေလည်မှုတွေဖြစ်လာအောင် ဖန်းတီးတဲ့ကိစ္စတွေ သတိထားမိ တယ်။ အဲ့လိုဖြစ်သွားရင် AA နဲ့တပ်နဲ့ဖြစ်တာကနေ ချင်းနဲ့ရခိုင်နဲ့ကြား နားလည်မှုလွဲတဲ့ ပဋိပက္ခတွေဖြစ်သွားနိုင်တယ်။ အကောင်းဆုံးက တော့ ချင်းဘက်ကရော ရခိုင်ဘက်ကပါ မလိုလားအပ်တဲ့ အပြောအဆိုအသုံးအနှုန်းတွေ မရှိဖို့တော့ ထိန်းသင့်တယ်။ ဥပမာအားဖြင့် AA ဘက်ကနေပြီးတော့ “ပလက်ဝမြို့ဟာ ချင်းပြည်နယ်ဘက်ကို ပါနေတယ်၊ ရခိုင်ပြည်နယ်ထဲပြန်ထည့်မယ်” ဆိုတာမျိုးတွေ မပြောသင့် ဘူးပေါ့၊ အဲ့လိုပြောတဲ့အခါကျတော့ ချင်းတွေကို သက်သက်ရန်ရှာသလို၊ ဆွပေးသလို ဖြစ်နေတယ်။
ဒေါ်အေးနုစိန်
ဒု ဥက္ကဋ္ဌ
ရခိုင်အမျိုးသားပါတီ (ANP)
တိုက်ပွဲတွေ နေ့တိုင်းလို ဖြစ်တယ်။ အပြစ်မဲ့ရွာသားတွေကို ဥပဒေတွေ ပုဒ်မတွေ တစီတတန်းကြီးနဲ့ ဖောက်ခွဲမှုတို့ မတရားအသင်းအက်ဥပဒေတို့နဲ့ ဖမ်းတယ်။ နောက် ပျောက်သွားတယ်။ မီးရှို့ခံရတဲ့ အလောင်းတွေ ပေါ်ထွက်လာတယ်။ ကိုယ့်ယောက်ျားဖြစ်မှန်း မီးရှို့ထားတဲ့ အလောင်းမှာ အထောက် အထားတွေ တွေ့တာတွေက အချိန်တိုင်း ဖြစ်နေတယ်။ အခုဆိုရင် ဆယ်တန်းစာမေးပွဲက စစ်တော့မယ်။ သွားရေးလာရေး လမ်းခရီးတွေကြားမှာ တဖက်နဲ့ တဖက် ယုတ္တိမဲ့စွာ စွပ်စွဲတာတွေ ကြားရတယ်။ ကလေး တယောက် စိတ်ကယောင်ခြောက်ခြားဖြစ်တာကို တပ်မတော်က လုပ်တာ မဟုတ်ပါဘူး။ AA က လုပ်တာပါ ဆိုတော့ ယေဘုယျပြောရမယ်ဆိုရင် AA နဲ့ ပတ်သတ်ပြီး ပြည်သူတွေက အထူးသဖြင့် ရခိုင်ပြည်သူ တွေ ထိခိုက်နစ်နာမှု မကြားရဘူး။ တပ်မတော်က လုပ်တယ်ဆိုတာလည်း သူကိုယ်တိုင်ပြောနိုင်တယ်။ ဒါကို ယုတ္တိမတန်တဲ့ အချက်တွေက AA က လုပ်နိုင်တယ်ဆိုတာ ရန်သူတွေသဘောအရ တဖက်ကို တဖက် အပြစ်ပြောတာကတော့ ကျမတို့က ရေးကြီးခွင်ကျယ်မပြောလိုဘူး။ ပြည်သူမပါခဲ့ရင်ပေါ့။ ပြည်သူကို မလေးမစား လုပ်တယ်။
မနေ့ကဆို အုပ်ချုပ်ရေးမှူး ၄ ယောက်၊ အုပ်ချုပ်ရေးမှူး လုပ်ရင်းနဲ့ကို အစည်းအဝေးထဲကနေ ဖမ်းခံရတယ်။ တံဆိပ်ကပ်လိုက်မယ် AA ပဲ ဆိုတာကတော့ ရခိုင်ပြည်မှာ ရှိသည်ဖြစ်စေ ပြည်ပမှာ ရှိသည်ဖြစ်စေ အကုန်လုံးကို လိုက်ယိုးစွပ်ပြီးတော့ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) နဲ့ လုပ်နေတာ။ ကျမက ရှေ့နေ လိုက်တဲ့ သူပါ။ ရောက်လာတဲ့ တိုင်စာတွေက ဗရုတ်သုတ်ခနိုင်ပြီး ယုတ္တိမဲ့လွန်းတယ်။ သူတို့ခမျာ အာမခံလည်း မရဘူး။ တကယ့်ကို ပြည်သူတွေက ဒုက္ခရောက်နေကြတယ်။
ရွာနားမှာ ကြက်မွေး၊ နွားမွေးလည်း တိုက်ပွဲဖြစ်ရင် ဒီလူတွေလည်း ဖမ်းပစ်လိုက်တာပဲ။ သမီးလှမှာလည်း ကောင်မလေးဆုံးတာ အကုန်သိတယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးဆိုတာ။ ဒါပေမယ့် အဲ့ရွာက ဗုံးပေါက်တဲ့ အတွက် ဗုံးနဲ့ နီးတဲ့အိမ်က လူတွေကို ဖမ်းတယ်ဆိုတာလည်း တရားမျှတမှု မရှိဘူးလို့ ကျမက ခံစားရတယ်။ ပေါက်ကရလေးဆယ် စွပ်စွဲတယ်။ မုန့်အချပ် ၆၀ ဝေပေးလို့လည်း AA ဖြစ်တယ်ဆိုပြီး ဘူးသီးတောင်မြို့နယ်၊ ရန်အောင်ပြေ အုပ်ချုပ်ရေးမှူးက ၁၇ (၁) (၂) နဲ့ တရားစွဲခံနေရတာ ရှိတယ်။ ရွာသားတောင် ၄ ယောက် ပါတယ်။
ပြည်သူတွေက တစတစနဲ့ စစ်ကို မုန်းတီးတာအပြင် ပြည်သူတွေပေါ်မှာ တသားတည်း တသွေးတည်း ဂရုဏာထားရမယ်။ ကာကွယ်ရမယ်။ မေတ္တာထားရမယ် ဆိုတဲ့ အစိုးရရဲ့ လုပ်ရပ်၊ ပြည်ထောင်စုကို ကာကွယ်ဖို့ ထားတဲ့ တပ်မတော်ရဲ့ လုပ်ရပ်တွေကို ခါးခါးသီးသီးကို ဖြစ်လာကြလိမ့်မယ်လို့ ကျမ မြင်နေတယ်။ ကျမလည်း ဒါပဲ ခံစားနေရပါတယ်။ ဟိုမှာ ဖမ်းပြန်ပြီ။ ဒီမှာ ဖမ်းပြီး တရားစွဲပြန်ပြီနဲ့ ရှေ့နေဖြစ်တဲ့ ကျမက အမှုလိုက်ပေး ရင်လည်း ဖြစ်စဉ်တွေက ဟာသတွေကို ဖြစ်နေရော။
ဟုတ်တိပတ်တိ AA တယောက်ကို ဖမ်းမိလို့ပဲ လိုက်ပါ ရစေ။ ဟိုတုန်းကလည်း လိုက်ဖူးပါတယ်။ လက်နက်အမှုတွေ လိုက်ဖူးတယ်။ အခုက အုပ်ချုပ်ရေးမှူး တွေမှာ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ဒီလို ဖြစ်နေတာ သားမယားတွေ ဆွေမျိုးတွေက မျက်ရည်ချောင်းစီးပဲ။ သူတို့ တွေက နိုင်ငံရေးသမားတွေလည်း မဟုတ်၊ တော်လှန်ရေးသမားတွေလည်း မဟုတ်ဘူး။ သာမာန် အပြစ်မဲ့တဲ့ ပြည်သူတွေ ။
ပြည်သူကို အလေးထားတယ်ဆိုရင် မပြေပြစ်တဲ့ အကြောင်းအရာတွေကို ညှိနှိုင်းအဖြေရှာကြစေလိုပါတယ်။ AA နဲ့ ပတ်သတ်ပြီး ရခိုင်- ဗမာ မုန်းတီးရေး၊ ရခိုင်နဲ့ချင်း မုန်းတီးရေးတွေကို ဇောင်းပေးနေတာ တွေ့တယ်။ ဘာပဲဖြစ်ဖြစ် ဟိုအုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို လွတ်ပေးလိုက်တာက AA က အမှတ်ရသွားတယ်။ ဖွတဲ့ လူတွေ ကလည်း တအားဖွနေကြတယ်။ နောက် စိတ်ကယောင်ခြောက်ခြား ဖြစ်တာကို ပြောတဲ့ ကလေးရဲ့ အဖေက လည်း ကျောက်တော်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) နဲ့ တိုင်ထားပြန်ပြီ။ ပါးကိုက်လို့ နားပြန်ကိုက် တယ်ဆိုတာကတော့ လူကြီးလူကောင်းဆန်တဲ့ လုပ်ရပ် မဟုတ်ဘူး။ တနည်းအားဖြင့် ပြည်ထောင်စုနဲ့ ဆိုင်တဲ့ တပ်မတော်တရပ်က လုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ လူတွေ ကို အကြောက်တရားနဲ့ပဲ ချိုးနှိမ်လိုက်တော့ ရှေ့မှာ ဖြတ်သန်းလာခဲ့တဲ့ ခေတ်တွေထက် ဆိုးနေပြီ။ ကျမတို့က မဆလ၊ နဝတ၊ နအဖတွေ ကြုံလာပြီးပါပြီ။
ကျမတို့က ဘက်လိုက်တာတော့ မဟုတ်ဘူး။ အရှိတရားကိုပဲ ပြောပါမယ်။ AA ကလည်း ခွဲထွက်မယ်တို့ ပြောတာ မဟုတ်ဘူး။ ကွန်ဖက်ဒရိတ်ဆိုတဲ့ “ဝ” ရသလို ရချင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ပြောတာကို ဒီဘက်က အစိုးရ၊ တာဝန်ရှိတဲ့သူက ညှိလေ။ တပ်မတော်နဲ့အတူ ဆောင်ရွက်ရင် လွယ်နိုင်တဲ့ အနေ အထား တွေ ရှိတယ်လို့ မြင်ပါတယ်။ စစ်ဆက်ဖြစ်ရင်တော့ နှစ်ဖက်လုံး အထိနာလိမ့်မယ်။ ကြားမှာလည်း ပြည်သူက အထိနာမယ်။ မိဘနဲ့ သားသမီး အနေနဲ့ ပြောရမယ်ဆိုရင် ပြည်ထောင်စု အစိုးရကို မကျေနပ်လို့ ဖြစ်တဲ့ကိစ္စ၊ ပြည်ထောင်စု အစိုးရရဲ့ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး၊ ဖက်ဒရယ်စနစ်၊ အဲ့တာတွေကို အစိုးရဘက်က ငြိမ်းချမ်းဖို့ တကယ်ကမ်းလှမ်းလိုက်ရင် အဆင်ပြေမှာပါ။
ဒေါက်တာတူးဂျာ
ဥက္ကဋ္ဌ
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)
ကျနော်တို့လည်း စိုးရိမ်နေတယ်။ ရခိုင်ကိစ္စက စစ်ရေးနဲ့ ဖြေရှင်းဖို့ မသင့်တော်ပါဘူး။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာပါ။ စစ်ရေးနဲ့ ဖြေရှင်းရင် ပိုရှုပ်ထွေးသွားနိုင်တယ်။ ကျနော်တို့ ဖြစ်စေချင်တာက AA က မြောက်ပိုင်း ၄ ဖွဲ့မှာ ပါတယ်။ မြောက်ပိုင်း ၄ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ အပစ်အခတ်ရပ်စဲရေး အသွင် အပစ်ရပ်ဆိုင်းထားတာတို့ တစုံတရာ သဘောတူညီမှုရှိရင် ရခိုင်ပြည်နယ်မှာလည်း သက်ရောက်မှု ရှိရမယ်။
AA က ရခိုင်ပြည်နယ်က ဖြစ်တယ်လေ။ မြောက်ပိုင်းအဖွဲ့နဲ့ တစိုက်မတ်မတ် ဆွေးနွေးပြီး အပစ်ရပ်ရေးကိုလည်း ရအောင် လုပ်သင့်တယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကိုလည်း လျော့ချစေချင်ပါတယ်။ တပ်မတော်က သတင်းစာရှင်းလင်းပွဲ တရပ်မှာ ပြောတာ တခုက ရခိုင်က တိုက်ပွဲတွေကို လျှော့ချမယ်ဆိုတာလား။ ကျနော်ကတော့ ဝမ်းသာတယ်။ ရခိုင်က တိုက်ပွဲက လျှော့ချရမယ်။ မြောက်ပိုင်း ၄ ဖွဲ့နဲ့ အပစ်ရပ်သဘောတူရင် ရခိုင်မှာလည်း တခါတည်း သက်ရောက်မှု ရှိအောင် လုပ်ရပါမယ်။ ဒါမှ ပြဿနာက ဖြေရှင်းလို့ ရပါမယ်။
တပ်မတော်နဲ့ နိုင်ငံတော်အစိုးရကလည်း စစ်ရေးအရ ဖြေရှင်းမယ်လို့ ပြောထားတာကို မူပြောင်းသင့်တယ်။ စစ်ရေးနဲ့ အပြုတ် တိုက်ရေး ဆိုတာ အများကြီး အန္တရာယ်ကြီးတယ်။ ဒါကို ပြန်သုံးသပ်စေချင်ပါတယ်။ အခုရခိုင်နဲ့ တခြားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာက မြောက်ပိုင်း ၄ ဖွဲ့နဲ့ NRPC နဲ့ ကြားမှာ ဆွေးနွေးတာ ထိရောက်မှု မရှိလို့ပဲ။ သဘောတူညီမှု တစုံတရာ ရရင် ဒါတွေက ရပ်ရမယ်လေ။
နောက် ကွန်ဖက်ဒရေးရှင်းဆိုတာကလည်း ဘာနည်းဗျူဟာအရ AA က ပြောတာလည်း မသိပါဘူး။ ဒါက လက်တွေ့ မကျပါဘူး။ ကျနော်တို့ ဒီနိုင်ငံမှာ ဖက်ဒရယ်မူအရပဲ ဆွေးနွေးရမယ်။ ဖက်ဒရယ်ဘောင်ကို ကျော်လွန် လို့ မရပါဘူး။ ဘောင်ကျော်ရင် လက်မခံပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်း နေတဲ့ အချိန်မှာ ကွန်ဖက်ဒရေးရှင်းကို လက်မခံနိုင်ပါဘူး။ ဒါက ဘောင်ကျော်တာပါ။ ဘောင်ကျော်ရင် ဆွေးနွေးလို့ မရသလို တရားမဝင်ပါဘူး။ သူတို့ ဆန္ဒသဘောအရပြောတာပဲ ဖြစ်ပါတယ်။ တကယ် ဖြစ်ပျက်နေတဲ့ လမ်းကြောင်းပေါ် သွားနေတာကလည်း ဖက်ဒရယ်ဘောင်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဘောင် ကျော်သွားရင် ဘောင်ကျော်တယ်။ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ဒေါက်တာ နန္ဒလှမြင့်
ပြောရေးဆိုခွင့်ရှိသူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)
အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံမှာ သူ့ရဲ့ဥပဒေတွေရှိပါတယ်၊ တည်ဆဲဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားဖို့လိုတာပေါ့၊ နိုင်ငံရဲ့ လုံ ခြုံရေး တာဝန် ထမ်းဆောင်နေတဲ့ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ ဒေသခံတိုင်းရင်းသားတွေကို ဝင်ရောက်သတ်ဖြတ်တာတွေ လုပ်တယ်ဆိုရင်တော့ ဥပဒေ ချိုးဖောက်တာပဲလေ။ ဒီလိုဥပဒေချိုးဖောက်တာကိုတော့ ဥပဒေနဲ့အညီပဲ ရင်ဆိုင်ဖြေရှင်းရမှာပေါ့၊ အကြမ်း ဖက်လုပ်ရပ်တွေဆိုရင်လဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရတဲ့တပ်မတော်အနေနဲ့ လုံခြုံးရေးအရ ဆောင်ရွက်သင့်တာတွေဆောင်ရွက်သွားမှာပါပဲ။ အဓိကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ပါပဲ။
အဓိကတော့ နိုင်ငံသားချင်း၊ တိုင်းရင်းသာချင်း ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်၊ ပြင်ပက ဝင်ရောက်စွက်ဖက်မှု ဖိအားတွေနဲ့ လုပ်ကြံ ဖန်တီးမှုတွေ ကိုလည်း နားလည်ဖို့လိုတာပေါ့၊ ဖြစ်နေတာတွေကို သေချာလေ့လာ သုံးသပ်ပြီးတော့မှ ကိုယ့်တိုင်းရင်းသား အချင်းချင်း စည်း လုံးညီညွတ်စွာ ကာကွယ်သွားမှသာလျှင် တိုင်းပြည် တည်ငြိမ်အေးချမ်းမှာပေါ့။ နိုင်ငံသားအချင်းချင်း ရန်တွေ့နေလို့ကတော့ “နွားကွဲလျှင် ကျားဆွဲ” ဆိုတာမျိုး ဖြစ်နေမှာပဲ။ နယ်မြေပါ ပျောက်သွားနိုင်တယ်ဆိုတာ သတိပြုဖို့လိုတာပေါ့။ လုပ်ရပ်တိုင်းဟာ နိုင်ငံတော်နဲ့နိုင်ငံသား အကျိုးကိုပဲ ဦးတည်စဉ်းစားရမယ်။ ကိုယ်လိုချင်တာ ကိုလဲ ဥပဒေနဲ့အညီပဲ တောင်းဆိုသွားဖို့လိုတယ်၊ ဥပဒေမဲ့လုပ်ရပ်တွေ လုပ်လာရင် တော့ ဥပဒေရဲ့ ဒဏ်ခက်ခြင်းကို ခံရမှာပေါ့။
ဒေါက်တာမင်းဇော်ဦး
အလုပ်အမှုဆောင် ညွန်ကြားရေးမှူး
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ (MIPS)
အခု ကျနော်တို့ တွေ့ရတာ ၂ ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုများလာတယ်၊ နောက်တခုကလည်း AA က အစိုးရမဟုတ်တဲ့ တပ်ဆိုတော့ အစိုးရတပ်တခုလို ပစ်အား မရှိတော့ သူက တပ်မတော်နဲ့ တည်ပြီး တိုက်ဖို့အတွက်ကြတော့ အားမကောင်းဘူးလေ၊ အားမကောင်းတော့ သူက ပစ်မှတ်အပျော့စားပေါ့ ရဲ၊ အုပ်ချုပ်ရေးယန္တရားတို့ကို ပစ်မှတ်ထားပြီး လုပ်လာတာပေါ့။ အခု မိုင်းထောင်တဲ့ ကိစ္စတွေ ပိုများလာတယ်၊ လမ်းမှာ မိုင်းဆွဲတဲ့ ကိစ္စတွေ ပိုများလာတယ်၊ အရပ်သားတွေ ပစ်မှတ်ပိုထားလာတော့ ပိုပြီး မတည်ငြိမ်မှုတွေ ဖြစ်လာတယ်။ ပိုပြီး မတည်ငြိမ်တဲ့နောက်မှာ ARSA (အာဆာ)ကလည်း ဒါကို အခွင့်အကောင်းယူပြီးတော့ စစ်ဆင်ရေးတွေ ပြန်လုပ်လာတာကို တွေ့ရတယ်ပေါ့၊ အရင်တုန်းကဆို အာဆာက ငြိမ်နေတာကနေပြီး တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒီဘက်ကမ်းကို ကူးလာပြီး စစ်ဆင်ရေးတွေ လုပ်တာတွေကို ကျနော်တို့ တွေ့ရတယ်။
နောက်တခုက AA ရော၊ ARSA ရော ဒီစစ်ဆင်ရေးမှာ လှုပ်ရှားလာတဲ့အပေါ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း တစုံတရာ သူတို့ကို ဘင်္ဂလားဒေ့ရှ်နယ်မြေထဲမှာ သွားလာ လှုပ်ရှား နေထိုင်လာတာတွေကို ခွင့်ပြုလာတဲ့ သဘောတွေ တွေ့ရတယ်။ Video ဖိုင်တက်လာတာတွေ၊ ဓါတ်ပုံတွေကို ကြည့်ရလို့ရှိရင် ဒီအဖွဲ့ ၂ ဖွဲ့လုံးက ၂ နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေတာ တွေ့ရတဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီးတော့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာအစိုးရကြားမှာ တင်းမာမှုတွေ ဖြစ်လာတယ်။ ဒါက ကောင်းတဲ့လက္ခာတော့မဟုတ်ဘူး။ နောက်တခုက ရခိုင်ပြည်နယ်မှာ အခု ဘင်္ဂလားဒေ့ရှ်မှာ ရောက်သွားတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့ ကြိုးစားနေတာ ရှိတယ်။
ဒါပေမယ့် လုံခြုံရေးပြဿနာ ဖြစ်လာတဲ့အပေါ်မှာ လုံခြုံရေးအရ မတည်ငြိမ်သေးဘူး မပြန်သင့်သေးဘူးဆိုတဲ့ ငြင်းရပိုကောင်းသွားတာပေါ့။ အဲလို ဖြစ်လာပြီးဆိုရင်လည်း နိုင်ငံတကာအစိုးရရဲ့ ဖိအားတွေက မြန်မာအစိုးရ အပေါ် ပိုများလာနိုင်တာပေါ့ အစိုးရအတွက်လည်း မကောင်းဘူး၊ နောက်တခုက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရက လုပ်နေတဲ့ ပရော့ဂျက်တွေရှိတယ်၊ ဂျပန်အစိုးရက အာဂျင်တာရှိတယ်၊ တရုတ်ကလည်း အဲအာဂျင်တာ ရှိတယ်။
ဒါပေမယ့် အခုလိုမျိုး လုံခြုံရေးအခြေအနေ မကောင်းတာ ဖြစ်လာရင် ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ ဖို့မလွယ်ဘူး မလွယ်ဘူးဆိုရင် ရခိုင်လူထု ဖွံ့ဖြိုးတိုးတက်ဖို့တို၊ အလုပ်ရဖို့တို့ဆိုတာလည်း အခက်အခဲ ရှိလာနိုင်တယ်။
ကျနော်တို့ အခုတွေ့တဲ့ဟာမှာပေါ့ အခု IDPs ထဲမှာ အများဆုံးက ရခိုင်မဟုတ်ဘူး၊ IDPs ထဲမှာ အများဆုံးက မြို တို့၊ သက်တို့၊ ခမီတို့ အဲဒါတွေက အများဆုံး၊ ဘာကြောင့်မလို့ များလဲဆိုတော့ သူတို့က မြေပြန့်မှာ နေတာ မဟုတ်ဘူး သူတို့ အများဆုံးက တောတောင်တွေမှာနေတယ်။ တိုက်ပွဲဖြစ်တဲ့အခါကျတော့ သူတို့ပိုခံရတယ်၊ နောက်တခုက သူတို့လူမျိုးမဟုတ်တဲ့အခါကျတော့ သူတို့ ထောက်ခံမှုကလည်း ရခိုင်တွေလည်း အားမကောင်း ဘူးပေါ့၊ အားမကောင်းတော့ ဒီလိုမျိုးဖြစ်ပြီးဆိုလို့ရှိရင် အများဆုံးအားဖြင့်ပြေးကြတာများတာ အဲတော့ IDPs အများစုကို ကြည့်လို့ရှိရင် IDPs အများစုက မြို့တို၊ သက်တို့၊ ခမီးတို့ ဆိုတာ တွေ့ရတယ်။ အဲ ဒေသက လူတွေ နဲ့လည်း ကျနော်တို့ အင်တာဗျူးတွေ လုပ်ဖူးတယ်၊ လုပ်ဖူးတော့ သူတို့ကလည်း မြေစာပင် ဖြစ်တယ်။ ၂ ဖက်လုံးကနေ သူတို့တွေကို ဖမ်းတာတို့ ဆီးတာတို့၊ ရိုက်တာတို့ နှက်တာတို့ လုပ်တယ်၊ နောက် AA ကလည်း သူတို့ဆီလာပြီး ဆန်၊ဆီတို့ တောင်းတာမျိုးတွေ ရှိတယ်။ ဒါက ကျနော်တို့ လက်တွေ့သိရတာပေါ့နော် အဲဒေသခံ တွေ ပြောပြချက်အရပေါ့။ အဲပြဿနာတွေ ကျနော်တို့ တွေ့ရတယ်။
နောက်တခုက ချင်းမှာလည်း ပလက်ဝက ရခိုင်ပြည်နယ်ဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေ အင်တာနက်မှာ ရေးကြ တာတွေ ဖြစ်လာတော့ ချင်းနဲ့ ရခိုင်တွေ ကြားထဲမှာလည်း တော်တော်ကြီးကို ကွာဟမှုတွေ အမုန်းစကားပြော တာတွေများလာတယ်၊ ပိုဆိုးတာက တချို့ဖမ်းခံထားရတဲ့သူတွေက အခုပျောက်သွားတဲ့သူတွေမှာ ချင်းထဲက သင်းအုပ်ဆရာတွေပါတယ်၊ ဟိုတခေါက် ဖမ်းခံရတဲ့ ရဲအရာရှိတယောက်ဆိုရင် ချင်းဖြစ်တယ်၊ အဲအပေါ်မှာ ချင်းလူထုကြားထဲမှာ AA အပေါ်မှာ တော်တော်ကြီးကို အမြင်စောင်းလာတာတွေ ဖြစ်လာတယ်။ ချင်းလူထုနဲ့ ရခိုင်လူထုကြားထဲမှာ facebook မှာ အမုန်းစကားတွေ တော်တော် များလာတော့ အခု ဒီပြဿနာနဲ့ ပတ်သက် ပြီး ဖြစ်လာတာ ဗမာနဲ့တင်မကဘူး ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ တခြား လူမျိုးစုတွေကြားထဲတွေမှာပါ ပိုပြီးတော့ ကွာဟမှုတွေဖြစ်လာတယ်၊ ပိုပြီး အမုန်းစကားပြောတဲ့ဟာတွေ ဖြစ်လာတော့ ဒါက မကောင်းဘူး။
ဆလိုင်းဗန်ဗျက်ထန်း
စီမံချက်မန်နေဂျာ
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
တိုက်ပွဲဖြစ်လို့ လူတွေက ဒုက္ခရောက်တယ်။ ရွာတွေမှာ မနေရဲတော့ ထွက်ပြေးရတယ်။ တချို့လူတွေက ဘဂ်လားဒေ့ရှ်ဘက်ကို ရောက်သွားတယ်။ ချင်းပြည်နယ်အနေအထားအရ ဆိုရင် တနေရာနဲ့ တနေရာ သွားဖို့တောင် တအားခက်တယ်။ တောင်တွေပေါ် တတ်ဆင်းရတယ်။ ရာသီဥတုအနေနဲ့ကလည်း မလွယ်ပါဘူး။ တောတွင်းမှာ ပြည်သူလူထုက အရမ်းခံရတော့ ကျနော်တို့ လုံးဝ စိတ်မကောင်းဘူး။ မဖြစ်သင့်ဘူး။
နောက်တချက်က ချင်းပြည်နယ်မှာ ဖြစ်ပျက်တာက ရခိုင်ဘက်က စစ်တပ်နဲ့ မြန်မာပြည်က စစ်တပ်ဆိုတော့ ကြားထဲမှာ ကျနော်တို့တွေက ခံရတဲ့ ပုံစံရောက်သွားတယ်။ မြန်မာပြည်မှာ အဆင်းရဲဆုံးပြည်နယ်ထဲက ဆင်းရဲတဲ့ ရွာသူရွာသားတွေ ဒုက္ခရောက်နေတာက တော်တော်ကို ဆိုးဝါးပါတယ်။ ဒီအခက်အခဲတွေကို နေ့တိုင်း မြင်နေရပါတယ်။ ပြေးသွားတဲ့ သူတွေက ရွာဘက်လည်း ပြန်လာဖို့ ခက်တယ်။ စားဝတ်နေရေး ကလည်း ခက်ခဲပြီးသားကို အခုလိုဖြစ်တော့ တောင်ယာလည်း မလုပ်ရတော့ဘူး။ တောင်ယာက ပျက်သွားပြီ။ နောက်နှစ်စားဖို့ အရမ်းခက်သွားမယ့် ပုံစံရှိတယ်။ စစ်ပွဲ ခဏရပ်သွားရင်တောင်မှ စားဝတ်နေရေး နေရေးထိုင်ရေး ကတော့ လူထုတွေက အခက်အခဲကြုံနေရမှာပါပဲ။
လက်နက်ကိုင် ၂ ခုကြားမှာ ပြည်သူလူထုကပဲ ခံရတော့ လူ့အခွင့်အရေးအနေနဲ့ကတော့ မဖြစ်သင့်ဘူး။ တခြား ဒေသလို ကချင်ဆို ကချင်ဘက်က အဖွဲ့နဲ့ စစ်တပ်နဲ့ ပစ်တာ။ အခုက ကြားထဲမှာ သက်သက်ကို နေရာယူထားတဲ့ အခြေအနေကြောင့် လူထုက ခံနေရတာကတော့ မဖြစ်သင့်တာပါ။ အကူအညီထောက်ပံ့တဲ့ နေရာမှာလည်း ဝင်ရထွက်ရ ခက်တော့ ဒုက္ခရောက်နေတဲ့ လူတွေကိုလည်း အကူအညီပေးရတာ ခက်ခဲပါတယ်။ နောက် သံထောင်က အဖမ်းခံရတဲ့ လူကြီးတွေ ပြန်လွှတ်ပြီကြားပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်က အချက်ပြနေတယ်။ ရွာသူကြီးတွေ ခေါင်းဆောင်တွေအတွက် စိုးရိမ်စရာ ရှိလာတာပေါ့။
ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်တာထက် စားပွဲပေါ်မှာ ကောင်းကောင်းစကားပြောပြီး ဖြေရှင်းတာ အကောင်းဆုံးပါ။ လက်နက်ကိုင်ပြီး ဖြေရှင်းနေတာကတော့ ကျနော်တို့ ပြည်သူလူထုအတွက် လုံးဝ အဓိပ္ပာယ် မရှိတဲ့ အရာပါ။ ခံရတာပဲ ရှိပါတယ်။ သေနတ်ကိုင်တာထက် ခေါင်းဆောင်တွေက ၂ဖက်လုံးက စားပွဲပေါ်မှာ ပြောပြီး ပြဿနာ ရှိတာ ဖြေရှင်းကြတာ အကောင်းဆုံးလို့ မြင်ပါတယ်။