စုဖုရားလတ်လား ကျင့်ဝတ်စံပြ ဒီမိုကရက်လား

ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင် အမျိုးသမီးလို အုပ်ချုပ်တယ်ဟု ပိုလန်နိုင်ငံမှ ပါမောက္ခ မစ်ချယ် လူဘီနာက ဆိုလိုက်သည် / Reuters
Want create site? Find Free WordPress Themes and plugins.

အွန်လိုင်း သတင်းမဂ္ဂဇင်း The Diplomat မှ စာရေးသူ ကာဇက်စတော့ အိုင်ဝန်နက် Krzysztof Iwanek သည် ပိုလန်နိုင်ငံ ကရာကောင်းမြို့ ဂျာဂျီရယ်လုန်းနီးယန်း တက္ကသိုလ်၏ အရှေ့ အလယ်ပိုင်းနှင့် အရှေ့ဖျားဒေသ လေ့လာရေးဌာနမှ လက်ထောက် ပါမောက္ခ မစ်ချယ် လူဘီနာ Michał Lubina နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။ မစ်ချယ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိအပါအဝင် စာအုပ် ၆ အုပ်ကို ရေးသားခဲ့သူဖြစ်သည်။ သူ၏ စာအုပ်သစ်အမည်မှာ ကျင့်ဝတ်ဆိုင်ရာ ဒီမိုကရေစီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ် ဖြစ်သည်။ ကာဇက်စတော့သည် ထို စာအုပ်အကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ဘဝအကြောင်းများကို စာရေးဆရာနှင့် ဆွေးနွေးထားသည့် The Diplomat ပါ Aung San Suu Kyi: A ‘Moral Democrat’ or a ‘Precolonial Queen’? ကို ဘာသာပြန်ဆိုသည်။

မေး။ ။ သွယ်ဝိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ။ တခါက အနောက်နိုင်ငံတွေရဲ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ခင်ဗျားရေးတဲ့အတိုင်းဆိုရင် လူမျိုးစုငယ်တွေကို ဖိနှိပ်တဲ့ အစိုးရမှာ ပါဝင်နေရလို့ နိုင်ငံတကာ ဝေဖန်ရေးလှိုင်းကို ခံနေရတယ်။ ဒီလိုအချိန်မျိုးမှာ စာအုပ်ခေါင်းစဉ်မှာ ကျင့်ဝတ်ဆိုင်ရာ ဒီမိုကရေစီဆိုတဲ့ စကားလုံးပါတဲ့ စာအုပ်ကို ထုတ်ဖို့ ကောင်းပါ့မလား။

ဖြေ။ ။ ကောင်းပါတယ်။ ဒါဟာ စိတ်ဝင်စားမှုကို နှိုးဆွပေးရုံသာမကပါဘူး၊ အင်မတန် ပြည့်စုံလုံလောက်တဲ့ ခေါင်းစဉ်လည်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ကြည့်ရင် သူ နိုင်ငံတကာမှာ ကျော်ကြားလာတာ ကျင့်ဝတ်ကြောင့်လေ။ သူဟာ ကျင့်ဝတ်ဆိုင်ရာ စံနမူနာပြ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ ပြီးတော့ အနည်းဆုံး အနောက်နိုင်ငံတွေအမြင်မှာ ကျင့်ဝတ် ကြောင့်ပဲ သူ့ရဲ့ အထွဋ်အထိပ်ကနေ ပြန်လည်ကျဆင်းလာတာပဲ။ ဒုတိယအချက်က ပိုပြီးအရေးကြီးတဲ့ ပြည်တွင်း အနေအထားအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ မြန်မာဗုဒ္ဓဘာသာ ပညာတတ် အစဉ်အလာနဲ့ ကျင့်ဝတ်အရ အပြည့်အ၀ ကိုက်ညီပါတယ်။

မေး။ ။ ခင်ဗျားက သူ့ရဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ နောက်ခံအကြောင်းတွေကို ပြန်လည်ဖန်တီးဖို့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွေကနေ ဗုဒ္ဓစာပေတွေအထိ ကြီးမားစုံလင်တဲ့ ရင်းမြစ်အများအပြားကို အသုံးပြုထားတယ်။ ကျနော် နားလည်သလောက် ခင်ဗျားပြောပုံအရဆိုရင် သူဟာ ဗုဒ္ဓအတွေးအခေါ်ကို နိုင်ငံရေး အယူအဆ ပုံသွင်းတယ်။ ဒီမိုကရေစီအတွေးအခေါ်ကို ဗုဒ္ဓအတွေးအခေါ် ပုံစံဝင်အောင် လုပ်တယ်။ အဲဒါ ဘာကိုဆိုလိုတာလဲဗျ။

ဖြေ။ ။ သူဟာ နိုင်ငံရဲ့ ဗမာ ဗုဒ္ဓဘာသာ အသိပညာ အမွေအနှစ်အတွင်းမှာ ဒီမိုကရေစီကို နေရာပေးဖို့ ကြိုးစားတာပဲ။ သူ့ရဲ့ နိုင်ငံရေးအာဏာ ရရှိရေးအောင်ပွဲကို တရားဝင်အောင်လုပ်ပြီး တပ်မတော် အုပ်ချုပ်ရေးကို တရားမဝင်အောင်လုပ်တဲ့ လုပ်ရပ်တွေမှာ နိုင်ငံရေး စေ့စော်မှု ရှိနေတာ သေချာတယ်။ ဒါပေမယ့် ဒီလိုမျိုးလုပ်တာကို သူ့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား သက်သက်ဆိုတဲ့ နိုင်ငံရေးအမြင်စစ်စစ်နဲ့ ကြည့်မယ်ဆိုရင် သူ့အတွက် တရားမျှတမှု မဖြစ်ပေါ်နိုင်ဘူး။ သူဟာ နိုင်ငံရေးအပေါ် ဗုဒ္ဓဘာသာရဲ့ အားလုံး အကျုံးဝင်တဲ့ ဖွင့်ဆိုမှု တခုကို တင်ပြခဲ့တယ်။

မေး။ ။ နိုင်ငံရေး ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စတင်ကျင့်သုံးခြင်းကို ဌာနေပုံစံ ပြုလုပ်ခြင်းအားဖြင့် ချောချောမွေ့မွေ့ ဖြစ်စေမယ်လို့ ထင်သလား။ ဒါမှမဟုတ် လက်ရှိစနစ်ကိုပဲ ဆက်လက်ထိန်းသိမ်းဖို့ အထောက်အကူ ဖြစ်စေမလား။

ဖြေ။ ။ ခင်ဗျားရဲ့မေးခွန်းကို ဖြေဖို့ စိန်ခေါ်မှုကြီးမားတဲ့ မေးခွန်းတခုကို အရင်ဖြေဖို့လိုတယ်။ ဒီမေးခွန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စတင်မိတ်ဆက်ဖို့ ချောချောမွေ့မွေ့ ဖြစ်အောင် လုပ်ပေးသူလား၊ အနှောက်အယှက် ပေးသူလားဆိုတာကို ဖြေဖို့လိုတယ်။ သူ့မှာ ကျင့်ဝတ်မညီတာတွေရှိပေမယ့် စစ်တပ်ထက်တော့ အများကြီး ပိုကောင်းတယ်လို့ တချို့က ပြောလိမ့်မယ်။ တချို့ကလည်း မြန်မာနိုင်ငံရေးရှုခင်းကို တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အကြား ရှုပ်ထွေးတဲ့ ဆက်ဆံရေးက ပုံဖေါ်တယ်လို့ ပြောကြမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအပေါ် နားလည်မှုဟာ အနောက်နိုင်ငံ နားလည်မှုတွေနဲ့ လုံး၀ ဝေးကွာတယ်ဆိုတာပဲ။ ဒါပေမယ့် တပ်မတော်ရဲ့ အတွေးအခေါ်နဲ့ ယှဉ်လိုက်ရင်တော့ ဘာပဲဖြစ်ဖြစ် ပိုမို ခြုံငုံမိတယ်။

ကျင့်ဝတ်ဆိုင်ရာ ဒီမိုကရေစီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ် အမည်ရှိ စာအုပ်၏ မျက်နှာဖုံး

မေး။ ။ ဒီစာအုပ်မတိုင်ခင်မှာ ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကို ပိုလန်ဘာသာနဲ့ ရေးခဲ့တယ်။ ခင်ဗျား သူနဲ့ လူကိုယ်တိုင် နှစ်ကြိမ်ဆုံဖူးတယ်။ ဒီလိုတွေ့ဆုံပြီးနောက် သူဟာ အဓိကအားဖြင့်တော့ နိုင်ငံရေးသမားပဲလို့ ခင်ဗျား ရေးခဲ့တယ်။ ဒီကောက်ချက်က ဂုဏ်ပြုတာလား၊ ခါးသည်းတဲ့ အမှန်တရားကို သိလိုက်ရလို့ ဝမ်းနည်းတာလား။ တခြား ဘာသဘောထားရှိသေးလဲ။

ဖြေ။ ။ ကျနော်နဲ့ သူ တွေ့တုန်းက ၂၀၁၃ ခုနှစ်မှာတကြိမ်၊ ၂၀၁၅ ခုနှစ်မှာတကြိမ်။ အဲဒီတုန်းက အခြေအနေက ဒီလို မဟုတ်ဘူးလေ။ သူဟာ ကျင့်ဝတ်ဆိုင်ရာ စံနမူနာပြပုဂ္ဂိုလ်ပဲ ဖြစ်နေသေးတယ်။ အခု ကျယ်ပြန့်နေတဲ့ သူ့ အပေါ် ဝေဖန်မှုဆိုတာ အဲဒီတုန်းက အနည်းအကျဉ်းပဲ ရှိတယ်။ ၂၀၁၆ နောက်ပိုင်း၊ အထူးသဖြင့် သူ့ရဲ့ နိုင်ငံတကာ ပုံရိပ်ကို ထိခိုက်စေတဲ့ ၂၀၁၇ သြဂုတ်လ နောက်ပိုင်းမှာ အားလုံး ပြောင်းလဲသွားတယ်။ ၂၀၁၃ ခုနှစ်တုန်းက သူဟာ နိုင်ငံရေးသမား ဖြစ်တယ်လို့ ယူဆတာဟာ တော်လှန်တဲ့ သဘောနီးပါး ဆောင်ပါတယ်။ အနှစ်သာရမဲ့ ပြောခဲ့တာမဟုတ်ဘူး။

ဒီကောက်ချက်က ဘာကိုဆိုလိုသလဲ။ ကောင်းပြီ၊ ပထမအချက်အနေနဲ့ ပြောရရင် သူဟာ နိုင်ငံရေးသမား ထက်လည်း မပိုဘူး၊ လျော့လည်းမလျော့ဘူး။ ပြဿနာက သူဟာ ကောင်းလား ဆိုးလား ဆိုတဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုလိုတယ်။ ပြဿနာက သူဟာ ထက်မြက်တဲ့ တိုင်းပြုပြည်ပြုပုဂ္ဂိုလ် ဟုတ် မဟုတ် ဆိုတာပဲ။ ဒုတိယအချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ တသက်လုံး နိုင်ငံရေးသမား အနေနဲ့ပဲ ရပ်တည်ခဲ့တယ်။ ဒီအချက်ကို နားမလည်တဲ့အတွက် မှားယွင်းတဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်တွေ၊ ကောက်ချက်တွေ အများကြီးထွက်လာခဲ့တယ်။ အဲဒါကြောင့်ပဲ မကြာသေးမီက ကျိုးကြောင်း ဆီလျော်မှုမရှိတဲ့ ပြစ်တင်ရှုတ်ချမှုတွေ အများကြီးထွက်လာခဲ့တာပဲ။

တတိယအချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အဆင့်အတန်းမြင့်မားတဲ့ နိုင်ငံရေးသမားပဲ။ သူ့ရဲ့ အမွေအနှစ်တွေ၊ ကျက်သရေတွေကြောင့် ကိုလိုနီခေတ်လွန် မြန်မာအထက်လွှာတွေ ပုံစံမျိုး၊ အသိပညာအရ၊ အနုပညာခံစားမှုအရ အရင်ခေတ် တခေတ်က လူပုဂ္ဂိုလ်လိုမျိုး ဖြစ်နေတာပဲ။ စတုတ္ထအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြေကွဲစရာ ကောင်းတဲ့ နိုင်ငံရေးသမားပဲ။ သူဟာ နိုင်ငံတော်နဲ့ မိသားစုအကြားမှာ ရွေးချယ်ခဲ့ရတယ်။ ရှေးခေတ်ပြဇာတ်တွေထဲက ဇာတ်ကောင်တွေ လိုမျိုးဖြစ်နေတာ၊ ပြဇာတ်ရေးဆရာကြီး Sophocles ရဲ့ ခေတ်ပြိုင်ဇာတ်ကောင် ဖြစ်နေတာ။ ရိုဟင်ဂျာ အကျပ်အတည်းလို မကြာသေးခင်က ဖြစ်ရပ်တွေက သူ့ရဲ့ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်အောင် ပေါင်းထည့်လိုက်တဲ့ အခန်းတွေပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့ အပေးအယူလုပ်ခြင်းအားဖြင့် အစိုးရထဲမှာ ၂၀၁၆ ခုနှစ်က စတင်ပြီး နိုင်ငံတော် အတိုင်ပင်ခံအဖြစ် ပါဝင်လာခြင်းအားဖြင့် ထောင်ချောက်ထဲကို ဝင်သွားတယ်လို့ ခင်ဗျားရေးခဲ့တယ်။ အဲဒါ ဘာ ထောင်ချောက်လဲ။ အဲဒီထောင်ချောက်ကနေ လွတ်အောင် သူဘာလုပ်ဖို့လိုလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့ တိုက်ပွဲကို ရေရှည်အမြင်နဲ့ ကြည့်မယ်ဆိုရင် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေးတိုက်ပွဲဟာ အင်အားကြီးမားတဲ့ တပ်မတော်နဲ့ အင်အားနည်းတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား စည်းမျဉ်းတွေကို ဘယ်သူက သတ်မှတ်မလဲ ဆိုတာကို အားပြိုင်နေရတာပဲ။ စစ်အစိုးရက နိုင်ငံရေးအရ နိုင်ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ ချေမှုန်းနိုင်ခြင်း မရှိခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ရှုံးနေပေမယ့်လည်း ဘယ်တုန်းကမှ လမ်းပျောက်မသွားဘူး။ သူဟာ ကစားပွဲထဲမှာ အမြဲရှိနေတယ်။ အာဏာ အချိုးအစား ရှုထောင့်ကနေ ကြည့်ရင် ဒါဟာ ကြီးမားတဲ့အောင်မြင်မှုပဲ။ အနိုင်ယူ မခံရအောင် လုပ်ရင်း၊ အရှုံးမပေးရအောင် လုပ်ရင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်က သူ့ဘက်မှာရှိတယ်လို့ ယုံကြည်နေခဲ့ရတယ်။

ဒါပေမယ့် အပေါ်စည်း ရနေတာကတော့ ဗိုလ်ချုပ်တွေပဲလေ။ ကမ္ဘာ့အယူအဆ လမ်းကြောင်းတွေ ပြောင်းလဲသွားတယ်။ မြန်မာနိုင်ငံဟာ အနှစ် ၂၀ လောက် ကြာပြီးနောက် အနောက်နိုင်ငံတွေအတွက် ပြန်လည်အရေးပါလာပြန်တယ်။ အဓိက အကြောင်းရင်းတွေကို ပြောရရင် သယံဇာတတွေ၊ ဈေးကွက်သစ်နဲ့ တရုတ်သြဇာ ကြီးထွားလာတာကို ထိန်းချုပ်လို့ ကောင်းတဲ့နေရာ ဖြစ်နေလို့ပဲ။ ဒါက ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲတဲ့ ရွေးချယ်မှုပဲ။

ကျင့်ဝတ်ဆိုင်ရာ စံပြပုဂ္ဂိုလ်အဖြစ် ဆက်နေရင်း လေးစားခံပြီး နိုင်ငံရေးနဲ့ ကင်းကွာသွားမလား။ ဒါမှမဟုတ် ပြည်သူ ထောက်ခံမှုမရှိဘဲ ဗိုလ်ချုပ်တွေရဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း အန္တရာယ်များတဲ့ ကစားနည်းမှာ ဝင်ကစားမလား။ စစ်မှန်တဲ့ နိုင်ငံရေးသမား ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယလမ်းကို ရွေးလိုက်တယ်။ အဆိုးဆုံးထဲက အကောင်းဆုံးလုပ်မယ်ဆိုပြီး သိသိကြီးနဲ့ ထောင်ချောက်ထဲကို ဝင်သွားတာ။

ဒါကြောင့် နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အလျှော့ပေးပြီး ရှောင်လွှဲမရတဲ့ စစ်တပ်က လွှမ်းမိုးမှုကို လက်ခံလိုက်ရတယ်။ သူဟာ စစ်တပ်ကချထားတဲ့ စည်မျဉ်းအတိုင်း ကစားမယ်လို့ သဘောတူထားတယ်။ ထိပ်တိုက်တွေ့ရေးကနေ ပူးပေါင်း ဆောင်ရွက်ရေး နည်းပရိရာယ်ကို ပြောင်းပြီး ဗိုလ်ချုပ်တွေ သူ့ကို ယုံကြည်အောင် ကြိုးစားရတယ်။ ဒီလိုလုပ်တဲ့အခါ အလျှော့အတင်းတွေ အရမ်းလုပ်ရပြီး ပိုကာကစားသလိုပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ ပုံအော လောင်းလိုက်တယ်။ သူအနိုင်ရပြီး ၂၀၁၆ ခုနှစ်ကစလို့ တိုင်းပြည်ကို စစ်တပ်နဲ့ ပူးတွဲအုပ်ချုပ်နေတယ်။ ဒီထောင်ချောက်ထဲမှာ သူ့အတွက် ဒီထက် ပိုရစရာ ဘာမှမရှိဘူး။

ဘယ်လိုရုန်းထွက်မလဲ ဟုတ်လား။ ရေရှည်အတွက် အရပ်သားအုပ်ချုပ်ရေး၊ သူ့ရဲ့ အုပ်ချုပ်ရေးကို အာမခံချက်ပေးနိုင်ဖို့ နောက် ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်တယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးစနစ်က ဘယ်သူအာဏာရရ တပ်မတော်ကပဲ လွှမ်းမိုး ချုပ်ကိုင်မှာလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြင်နိုင်မယ်လို့ ကျနော်မထင်ဘူး။ ဒီထောင်ချောက်က ထွက်ပေါက်မရှိဘူး။

မေး။ ။ နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ပြဿနာတခုခုမှာ ဗိုလ်ချုပ်တွေနဲ့ လူသိရှင်ကြား အမြင်ကွဲလွဲတာ ရှိလား။

ဖြေ။ ။ အနည်းငယ် ကွဲလွဲမှုတွေ ရှိခဲ့တယ်။ NLD နဲ့ တပ်မတော်ကြားမှာ မေတ္တာမရှိသလောက်ပဲ။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အာဏာကို ယူသလို ဥပမာမျိုး၊ အရပ်သားအစိုးရနဲ့ စစ်တပ် လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးအကြား အာဏာ အားပြိုင်ပွဲတွေ အများကြီးတွေ့ရတယ်။ ဒါပေမယ့် အဓိက ပြဿနာတွေမှာတော့ ကွဲလွဲတာမရှိဘူး။ ဒီလိုလုပ်ဖို့ သူ မတတ်နိုင်ခဲ့ဘူး။ တပ်မတော်က အစိုးရအပေါ် အဓိက နိုင်ငံရေးထိန်းချုပ်မှုတွေ လုပ်ထားတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ ထိပ်တိုက်မတွေ့ရေး မူဝါဒကို ထိန်းသိမ်းထားရတယ်။ ဒါကြောင့် NLD အစိုးရက တပ်မတော်ရဲ့ အခွင့်ထူးတွေကို မထိပါးဘူး။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပဋိပက္ခမှာ ဝင်ရောက် မစွက်ဖက်ဘူး။ ရိုဟင်ဂျာ ကံကြမ္မာကို ဘာမှဖြစ်သလို နေတယ်။ ခရိုနီအရင်းရှင်တွေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပြီး မြန်မာ့အစဉ်အလာ ဘက်မလိုက် မျှတတဲ့ နိုင်ငံခြားရေး မူဝါဒကို ဆက်လက် ကျင့်သုံးတယ်။

ဒီလိုပြောတဲ့အတွက် အဓိက ကွဲလွဲချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေက နိုင်ငံရေး စနစ်ကို တပ်မတော်က လွှမ်းမိုးခွင့် ပေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို မကြာသေးမီက ပြောလာတယ်။ ဒါပေမယ့် ဗိုလ်ချုပ်တွေ အာဏာနဲ့ အခွင့်ထူးတွေ စွန့်လွှတ်ဖို့ ယုံကြည်အောင် သူလုပ်နိုင်မယ်လို့ ကျနော်မထင်ဘူး။

မေး။ ။ ဒီတခါတော့ ခင်ဗျားကို နောက်လိုက်ဦးမယ်။ ကျနော်တို့ အခုပြောခဲ့တဲ့ အသေးအဖွဲ ကွဲလွဲမှုတွေက လှည့်စားဖို့ သက်သက် ဖြစ်နေမလား။ အခု ကျနော်တို့ နားကန်းနေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်။ နိုင်ငံရေးသမားတွေ ပြောသမျှ ကျနော်တို့ ဘာမှ မကြားရတော့ဘူးဗျာ။ ကျနော်တို့က သူတို့ လုပ်ရပ်တွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်မယ်ဗျာ။ ၂၀၁၆ ခုနှစ် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့တဲ့ အရေးပါစစ်မှန်တဲ့ မူဝါဒတွေက ဘာတွေလဲ။

ဖြေ။ ။ ဒါတွေက လှည့်စားတာတွေ သက်သက်ဆိုရင် ကျနော့်စာအုပ်က ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ဒါကြောင့် ဒီမေးခွန်းကို ကျနော် မဖြေချင်ဘူး။ ဒါပေမယ့် အမှန်တရားကို ရင်ဆိုင်ကြစို့။

နိုင်ငံတော် အတိုင်ပင်ခံရာထူးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုလိုနီခေတ်ကြို သက်ဦးဆံပိုင် ဧကရီ စုဖုရားလတ် ပုံစံ အုပ်ချုပ်ရေးကို ကျင့်သုံးတယ်။ သူဟာ ကောင်းကင်ဘုံက လာတဲ့ အခွင့်အာဏာ ရထားသူလို အုပ်ချုပ်တယ်။ သူ့ရဲ့ ကောင်းကင်ဘုံနေရာကနေ ဟောပြော၊ ကြေညာ၊ အမိန့်ပေးတဲ့၊ နေပြည်တော်မှာ တံခါးပိတ်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက်တွေချတဲ့၊ အသေးအဖွဲက အစ အစစ အရာရာ စီမံတဲ့၊ ကြီးကြီးသေးသေး ဆုံးဖြတ်ချက် အားလုံးကို သူသဘောတူဖို့ လိုတဲ့၊ သဘောထား ကွဲလွဲမှုကို လက်မခံဘဲ ပြင်ပက အသံကို နားမထောင်တဲ့၊ လွတ်တော်တွင်းနဲ့ ပါတီတွင်း ဒီမိုကရေစီကိုသာမက၊ လွတ်လပ်စွာ ပြောဆိုခွင့်ကိုပါ ကန့်သတ်တဲ့ (သူ၏ အစိုးရသည် စစ်အစိုးရ၏ ဖိနှိပ်သော စနစ်ကို မဖျက်သိမ်းဘဲ ထို အကျိုးကို ခံစားပြီး ပိုမို ကောင်းမွန်အောင် လုပ်နေသည်)၊ သူ့ကို တွေ့ဖို့မြင်ဖို့နဲ့ သူ့စကားကို ကြားရဖို့ခက်တဲ့၊ တကယ့် အာဏာရှင် အမျိုးသမီးလို အုပ်ချုပ်တယ်။

လူထုနဲ့ တွေ့ပါတယ်။ တွေ့ရင်လည်း နေ့စဉ် လောကီ လက်တွေ့ကိစ္စတွေကို မပြောဘဲ နိုင်ငံသား အခွင့်အရေးထက်၊ တာဝန်ဝတ္တရားကိုသာ အသားပေးတဲ့ ကျင့်ဝတ် သင်ခန်းစာတွေ၊ လူတိုင်းလူတိုင်း မိမိကိုယ်မိမိ ကျင့်ဝတ်အရ ပြောင်းလဲရေး အကြောင်းတွေကိုသာ ဟောပြောသူ ဖြစ်တယ်။

ဒါကြောင့်မို့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ကောင်းကင်ဘုံက စံပြပုဂ္ဂိုလ်နေရာကို ထိန်းသိမ်းထားနိုင်ပြီး နိုင်ငံရဲ့ ပြဿနာတွေကိုတော့ မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေတယ်။ ဘာရည်မှန်းချက် ပန်းတိုင်၊ ဘာ စီမံကိန်းမှမရှိဘဲ၊ အဆိုးဆုံးကတော့ မြန်မာနိုင်ငံရဲ့ ဘက်စုံ ပါဝင်ပတ်သက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အရည်အချင်း မမီတာဘဲ။ သုံးနှစ်ကြာပြီးတဲ့ အခါ သူ့အစိုးရမှာ အောင်မြင်မှု မရှိသလောက်ဖြစ်နေပြီး စာရင်းချုပ်တဲ့အခါ မအောင်မြင်မှုတွေ (ရိုဟင်ဂျာ အကျပ်အတည်း၊ အခြား တိုင်းရင်းသားများနဲ့ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးတိုးတက်မှု) အများအပြား ရှိပြီး မျှော်လင့်ချက်တွေ ထပ်မံဆုံးရှုံးနေတယ်။

မေး။ ။ လာမယ့်နှစ်တွေထဲ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်မယ်ထင်လဲ။ ဒီဖြစ်ရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ဘယ်လိုဖြစ်မယ် ထင်သလဲ။

ဖြေ။ ။ ၂၀၂၀ ရွေးကောက်ပွဲက တော်တော်နီးနေပြီ။ ၂၀၁၅ တုန်းကလို ဒေါ်အောင်ဆန်းစုကြည်အတွက် သေရေးရှင်ရေး ဖြစ်နေတယ်။ ပြတ်ပြတ်သားသား နိုင်ရင် မြန်မာနိုင်ငံကို နောက်ကွယ်ကနေ ဆက်အုပ်ချုပ်မယ်။ ဒီလိုဖြစ်ဖို့ဆိုတာ ခက်တယ်။ တိုင်းရင်းသားတွေက မထောက်ခံတော့လို့ သူ့ပါတီအနေနဲ့ ၆၇ ရာခိုင်နှုန်း မဲရဖို့ မမျှော်လင့်နိုင်ဘူး။ ဒါပေမယ့် NLD ပြတ်ပြတ်သားသား မနိုင်ရင် နောက်ထပ် အခွင့်အရေးရဖို့ သူ နောက်ထပ် ၅ နှစ် စောင့်ရမယ်။ အချိန်တွေ ကုန်ဆုံးနေတယ်။ မြန်မာနိုင်ငံမှာတော့ အချိန်က စစ်တပ်ဘက်ကို ရောက်သွားပါပြီ။

Did you find apk for android? You can find new Free Android Games and apps.
Loading