မန္တလေးတိုင်း ဒေသကြီး စဉ့်ကိုင် မြို့နယ် အတွင်းရှိ ပလိပ်အင်း ရေတိမ် ဒေသ အတွင်းသို့ နှစ်စဉ် ဆောင်းခိုငှက်များ ဝင်ရောက်လေ့ ရှိသည့်အတွက် ငှက်ကြည့် ခရီးသွားများကို လာရောက် လေ့လာရန် အတွက် ဆွဲဆောင်သည့် နေရာ တခုလည်း ဖြစ်နေသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ ပိုမို လာရောက်စေရေး၌ ရေမြေ တောတောင်၏ သာယာမှု၊ သဘာဝ ပတ်ဝန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ သာမက သားငှက် တိရစ္ဆာန်များနှင့် ပတ်သက်သည့် ခရီးစဉ်များသည်လည်း အရေးပါသည့် ဆွဲဆောင်မှု အဖြစ် တည်ရှိနေရာ အဆိုပါ ပလိပ်အင်း ရေတိမ်ဒေသ၌ ငှက်ကြည့် ခရီးစဉ်များ ဖြစ်ပေါ်လာရေးနှင့် ဆောင်းခို ငှက်များ ဖမ်းဆီး သတ်ဖြတ်ခံနေရမှုကို ကာကွယ်ပေးနိုင်ရေးသည် အဓိက ကျလျက် ရှိသည်။
ယခုအခါ ပလိပ်အင်း ရေတိမ်ဒေသ အတွင်းသို့ ဝင်ရောက်လာသည့် ရှားပါး ဆောင်းခိုငှက်များကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အဆိပ်ချ သတ်ဖြတ် ရောင်းချခြင်းများ ပြုလုပ်နေမှုများ ရှိနေသည့် အတွက် ယင်းအခြေအနေများနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ငှက်နှင့် သဘာဝဝန်းကျင် လေ့လာရေး အသင်း ဒု ဥက္ကဋ္ဌ ဦးဇေမောင်သိန်းနှင့် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ မြန်မာနိုင်ငံ အတွင်းကို ဆောင်းခိုငှက် ဝင်ရောက်မှု အချိန်နဲ့ အခြေအနေတွေက ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံကို ဝင်ရောက်တဲ့ ဆောင်ခိုငှက် မျိုးစိတ်ပေါင်းက ၁၂၀၀ လောက် ရှိတယ်။ အာရှ တိုက်မှာတော့ မြန်မာ ပြည်က အများဆုံး၊ ဝင်လာတဲ့ ဆောင်းခိုငှက်တွေက ရေငှက် အများဆုံး ဖြစ်တယ်။ အဲဒီအထဲကမှ မန္တလေး ပတ်ဝန်းကျင် ကိုပဲ နှစ်စဉ် သီးသန့် လာရောက်တဲ့ ငှက်မျိုးစိတ်တွေလည်း ရှိတယ်။
မြန်မာနိုင်ငံကို ဆောင်းခိုငှက်တွေ ဝင်တာက အောက်တိုဘာ နောက်ဆုံးပတ်လောက်က စပြီး ဝင်တယ်။ ဧပြီလလောက်မှာ ပြန်ထွက်ကြပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူတို့ရဲ့ မူရင်းဒေသမှာ အအေး စတင်လာပြီးတော့ အစားအသောက် ရှားပါး တော့ ပေါများတဲ့ အပူပိုင်း ဒေသတွေကို ရွေ့ပြောင်းလာကြတာပါ။ မိုင်းပေါင်း ၃ ထောင်ကျော် ကနေ အနည်းဆုံး ဝင် ရောက်လာကြတဲ့ ငှက်တွေ ဖြစ်တယ်။ ဆောင်းခိုငှက် အများစုကတော့ ရေငှက်တွေပဲ ဖြစ်ကြပါတယ်။
မေး။ ။ ဝင်ရောက်လာတဲ့ ဆောင်းခိုငှက်တွေက ဘယ်လို အမျိုးအစားတွေ ပါဝင်ပါသလဲ။
ဖြေ။ ။ ဝင်ရောက်တဲ့ ငှက်တွေကတော့ အဓိက ရေငှက်တွေပေါ့။ ဒေါင်းလန်း ခြေထောက်၊ ဇလုပ်နီ၊ ဇလုပ်ပြာ၊ ဒင်ကြီး အကြီး၊ ပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ ဥပန်း၊ ထိန်းသိမ်းသင့်တဲ့ ဘဲစာရင်းဝင် ဖြစ်နေတဲ့ မောက်တင်ဘဲ၊ ကမ္ဘာမှာ အကောင် ၃၀၀ ခန့်သာ ကျန်ရှိတော့တဲ့ ရင်ဘတ် အဝါရောင်နဲ့ စာကလေး စတာတွေပေါ့နော်။ နောက်ပြီး ဆောင်းခိုငှက် တွေထဲက ကြိုးကြာငှက် ဆိုရင် အကောင်ရေ သောင်းချီလာတယ်။ တံတားဦး ပျုကန်၊ ရေမျက်ကြီးအင်း၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းတွေမှာ အများဆုံး လာရောက်ကြတယ်။
ဒီနှစ် ဆိုရင် ကမ္ဘာမှာ အရှားပါးဆုံး စာရင်းဝင် ဖြစ်နေတဲ့ မင်နရင်းဒက်ခ် ဆိုတဲ့ ဘဲမျိုး ၃ ကောင်ကို တွေ့ရတယ်။ တရုတ် လူမျိုးတွေ အထွဋ်အမြတ် ထားတဲ့ ဘဲမျိုး ဖြစ်တယ်။ မင်္ဂလာဆောင် ဖိတ်စာတွေမှာ အဲဒီ ဘဲပုံပါတယ်။ အထီးတကောင်၊ အမ၂ ကောင်ကို မြစ်ကြီးနားဘက်က ကျွန်းတောထဲမှာ တွေ့ခဲ့ရတယ်။ ပင်တယ ဘုတ်တလုပ်ကန်ထဲမှာလည်း ထပ်တွေ့ ရတယ်။
ကျနော်က ငှက်ကို စပြီး လုပ်တာက ၂၀၀၉ လောက်ကပေါ့နော်။ အဲဒီအချိန်က ဆောင်းခိုငှက် ဝင်ရောက်မှု အခြေအနေ ထက် လက်ရှိ အချိန်မှာဆိုရင်တော့ ဝင်ရောက်မှု အတော် နည်းသွားတာကို သတိထားမိလာပါတယ်။ နည်းသွားရတာက သူတို့ရဲ့ စားကျက်တွေ ပျက်သုဉ်းသွားတာ။ လူ့ ပယောဂ တွေကြောင့်ပေါ့နော်။ အဓိက အကျဆုံးကတော့ ရာသီဥတု ပြောင်းလဲမှု ကလည်း အဓိက ထိန်းချုပ်မှု ဖြစ်တယ်လို့ ထင်ပါတယ်။
မေး။ ။ ပလိပ်အင်းရဲ့လက်ရှိ အခြေအနေနဲ့ ဆောင်းခိုငှက် ဝင်ရောက်မှု အခြေအနေများကို သိပါရစေ။
ဖြေ။ ။ ပလိပ်အင်း ပြဿနာက ဘာလဲ ဆိုတော့ ကျနော်တို့ နှစ်တွေ အများကြီး ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ အရ ငါးဖမ်း တဲ့ သူကလည်း ရိုးရိုး ငါးဖမ်းမယ်။ လယ်စိုက်တဲ့ သူကလည်း လယ်စိုက်နေမယ် ဆိုရင် ဘာပြဿနာမှ မရှိဘူး။ နောက်ပြီး ပုလိပ်အင်းက မြစ်ငယ်မြစ်ရဲ့ရေဝင် မြစ်ကျိုးအင်း ဖြစ်တယ်။ မိုးများတဲ့ ရာသီမှာ အင်းထဲကို ရေဝင်မယ်။ ဆောင်းတွင်းမှာ ရေ ကျန်မယ်၊ နွေမှာ ရေခမ်းသွားမယ်၊ ဒီလို လည်ပတ်နေတာပေါ့နော်။ ရေရှိတဲ့ အချိန်မှာ ငါးလုပ်ငန်း လုပ်တာ ဖြစ်တဲ့ အတွက် အင်းသမားက ပိုင်တယ်။ ရေပြန်ထွက်သွားတဲ့ အချိန်မှာ လယ်ယာ ဖြစ်သွားတဲ့ အတွက် တောင်သူက ပိုင်တယ်။
အခုဆိုရင် ပလိပ်အင်းထဲက ရေကို လိုသလို ထိန်းချုပ်နိုင်ဖို့ အတွက် အင်း ရေဝင်ရေထွက်ကို တံခါးနဲ့ ထိန်းလိုက်တယ်။ ရေတံခါးနဲ့ ရေထိန်းပြီးတော့ ငါးမွေးတဲ့သူ အတွက် ငါးလိုင်စင် ချထားတယ်။
ဘယ်အချိန်က စလုပ်လာတာလဲတော့ မသိဘူး။ နောက်ပြီး ပလိပ်အင်းက လယ်ဖြစ်သွားရင် လယ်ယာမြေ ဥပဒေတို့ ပေါ်လာတယ်။ ရေရှိနေရင် အင်းဥပဒေ ဆိုတာ ဖြစ်သွားတယ်။ သားကောင်တွေ ကျတော့ သစ်တောနဲ့ ဆိုင်တယ်။ အဲဒီ တော့ ဒီဌာန ၃ ခု ပေါင်းပြီးတော့ မညှိနှိုင်းနိုင်ရင်တော့ ပလိပ် အင်းက ရေရှည်မှာ မလွယ်ဘူး။
ဥပမာ ပြောရမယ် ဆိုရင် လယ်မြေပေါ့။ စိုက်ပျိုးမြေကို လူနေထိုင်ဖို့နဲ့ သီးနှံ စိုက်ပျိုးဖို့နဲ့ အခြားနည်းတွေ အရ ပြောင်းလို့ ရတယ်။ အဲဒီလို ပြောင်းလိုက်တာနဲ့ အင်းက ကောသွားပြီး အခုလည်း အဲဒီလို ဖြစ်နေတယ်။ အင်းထဲကို မြေဖို့တယ်၊ သရက်ပင်တွေ စိုက်တယ်၊ အကွက်တွေ ရိုက်ထားကြတယ်။ ကျနော် သတိထားမိသလောက် ၂၀၁၂ လောက် အထိက ရေပြင်တွေဟာ အခု အကွက်တွေနဲ့ တာဘောင်တွေ ဖြစ်နေပြီ။
အဲဒီတော့ ဆောင်းခိုငှက်တွေ လာတဲ့ အခြေအနေက ဘာဖြစ်သွားသလဲ ဆိုရင် စားကျက်တွေက ကျဉ်းသွားတယ်။ ရေပြင် ကျယ်တဲ့ အချိန်က ဆောင်းခိုငှက်တွေရဲ့ စားပင်တွေ ရှိတယ်။ တကယ်လာတဲ့ ဆောင်းခိုငှက်တွေက ငါးစားတဲ့ကောင်တွေ မဟုတ်ဘူး။ ပလိပ်အင်းထဲမှာ ပေါက်တဲ့ ဟင်းညန် ဆိုတဲ့ အပင်မျိုးကို စားတာ၊ အပင်တွေကိုပဲ အဓိက စားကြတာ။
မေး။ ။ ပလိပ်အင်းကို ဘယ်လို ဆောင်းခိုငှက်မျိုးတွေ ဝင်ရောက်ပြီး အရေအတွက် ဘယ်လောက် ရှိပါ သလဲ။
ဖြေ ။ ပလိပ်အင်းမှာ တွေ့ရတဲ့ ဆောင်းခိုငှက်တွေက ၈၆ မျိုး ရှိတယ်။ ဒါက ကျနော် လုပ်ထားတဲ့ စာရင်းကို ပြောတာပါ။ အခြားသူတွေ လုပ်ထားတာလည်း ရှိချင် ရှိနေနိုင်တယ်။ ဒီလို တွေ့တာက နှစ်တိုင်း တပြိုင်တည်း အကုန်လုံး တွေ့ရတာမျိုး မဟုတ်ဘူး။ ဝင်ရောက်လာတဲ့ ရေနေ ငှက်တွေထဲက ဘဲရိုင်းက ၁၉ မျိုး၊ ၁၉ မျိုးထဲမှာ ဆောင်းခိုက ၁၃ မျိုး ပါတယ်။
အဲဒီ ဆောင်းခိုဘဲ ၁၃ မျိုးလုံး လေ့လာနိုင်တဲ့ နေရာ ဆိုလို့ မြန်မာပြည်မှာတော့ ပုလိပ်အင်းက အကောင်းဆုံးပဲ။ အရင်က ဆိုရင် အလယ်မှာ တာဘောင်လမ်း တခု ရှိတယ်။ အဲဒီ တာဘောင်ပေါ်မှာ ပေ ၆၀ လောက် ဝန်းကျင်မှာကို ဘဲမျိုးစုံကို ဒီအတိုင်း တွေ့ရတယ်။ အဲဒီလို အခြေအနေတွေကြောင့် နိုင်ငံခြားက ငှက်ကြည့် သမားတွေ၊ ပညာရှင်တွေနဲ့ ပြည်တွင်းက ငှက်ပညာရှင်တွေက ပလိပ်အင်းကို အရမ်း သဘောကျ ကြတယ်။
မေး။ ။ ပလိပ်အင်းက ဆောင်းခိုငှက်တွေကို အဆိပ်ချ သတ်ဖြတ်ခံနေရတယ် လို့ သိရပါတယ်။ အဲဒီလို ငှက်တွေ သတ် ဖြတ်ခံနေရတာ ပလိပ်အင်း တခုထဲ ဖြစ်နေတာလား။ ဘယ်လို ပုံစံမျိုးတွေနဲ့ သတ်ဖြတ်ခံနေရတာလဲ။
ဖြေ။ ။ ပလိပ်အင်းမှာ လက်ရှိ အခြေအနေက ငှက်ကို ပိုက်နဲ့ ထောင်တာမျိုး မတွေ့ရဘဲနဲ့ ပိုတက်ဆီယံ ဆိုင်းနိုက် ဆိုတဲ့ အဆိပ်ချတာမျိုးတွေ လုပ်လာကြတယ်။ အဲဒီ အဆိပ် ဆိုတာ ရွှေသန့်စင်တဲ့ နေရာမှာ သုံးတာ များတယ်။ အလွန်ပြင်းတဲ့ အဆိပ် ဖြစ်တယ်။
ဘယ်လိုလုပ်ကြသလဲ ဆိုရင် အင်းထဲက ကြာဖူးတွေထဲမှာ အဆိပ်တွေ လူးတယ်။ ကြာရွက်တွေ ပေါ်မှာ လိုက်တင် ကြ တယ်။ အဲဒီလိုလုပ်ကြတော့ ငှက်သေဆုံးမှုက တခါ သေဆုံးရင် ရာနဲ့ချီပြီးကို သေဆုံးကြရတယ်။ ငှက်သေတွေကို ရောင်း ကြတာပေါ့။ ငှက်သေတွေ ရောင်းတာကလည်း အနီးအနား ဝန်းကျင်မှာ ရောင်းတာမျိုး မတွေ့ရဘူး။ ကျနော့် အထင်တော့ ငှက်ကို ဝယ်တဲ့ ဒိုင်ရှိပုံ ရတယ်။ အဲဒီလိုနဲ့ ဆောင်းခိုငှက်တွေက အများကြီး သတ်ဖြတ် ခံနေရတယ်။
အဲဒီလို ဆောင်းခိုငှက်တွေ သတ်ဖြတ်ခံနေရတာက ပလိပ်အင်း တခုတည်း ဖြစ်နေတာမျိုး မဟုတ်ဘူး။ မြန်မာပြည်မှာ ရှိတဲ့ အင်းတွေ အကုန်လုံး ဖြစ်နေတာ။ ငှက်ဖမ်းနည်းတွေကတော့ အစုံပေါ့နော်။ ပိုက်ထောင်တယ်၊ အဆိပ်ချတယ်၊ လေ သေ နတ်နဲ့ ပစ်တယ်၊ လောက်လေးနဲ့ ပစ်တယ်၊ အဆိုးဆုံးက အဆိပ်ချ ဖမ်းဆီးတာပဲ။
မေး။ ။ ပလိပ်အင်းက ဆောင်းခိုငှက်တွေကို အဆိပ်ချ သတ်ဖြတ်ခံရမှုမှာ ရှားပါး ငှက်မျိုးစိတ်တွေ ပါဝင်မှု ရှိနေပြီလား။
ဖြေ။ ။ ပလိပ်အင်းမှာ အရေးကြီးတဲ့ ငှက်၂ မျိုး ရှိတယ်။ Greater White Fronted Gooses လို့ခေါ်တဲ့ ထိပ်အုပ်၊ နှုတ်သီး အရင်းမှာ အဖြူကွက်ပါတဲ့ ငန်းက မြန်မာပြည်မှာ ပုလိပ်အင်းမှာပဲ တွေ့ရတာ ဖြစ်တယ်။ စတွေ့တုန်းက အုပ်လိုက် တွေ့ခဲ့ရ တယ်။ အခု တကောင်စ၊ ၂ ကောင်စပဲ တွေ့ရတော့တယ်။ နောက်တခုက ဘဲပို့ချပ်၊ သူက ခေါင်းအစိမ်း၊ ဘဲပို့ချပ်က ကမ္ဘာ ပေါ်မှာကို အကောင်ရေ ၃၀၀ ကနေ ၇၀၀ အတွင်းပဲ ရှိတော့တယ်။
တရုတ်ပြည် မွန်ဂိုးလီးယား ဘက်မှာ ပေါက်ပြီး မြန်မာပြည်ကို ဆောင်းခိုဖို့ ဝင်ရောက်လာကြတာ ဖြစ်တယ်။ ဘဲပို့ချပ်ကို သားငှက် ထိန်းသိမ်းရေး အဖွဲ့တွေကလည်း သုတေသန သီးသန့် လုပ်တယ်။ နိုင်ငံတကာကလည်း ထိန်းသိမ်းရေး အတွက် အကြီးအကျယ် လုပ်နေကြတယ်။ ဒီလို ငှက်တွေသာ အဆိပ်ချခံရတဲ့ အထဲ ပါသွားမယ် ဆိုရင် ဆုံးရှုံး နစ်နာမှုက ဘာနဲ့မှ လဲလို့ မရနိုင်ဘူး။ တလောက ငှက် အဆိပ်ချခံရတဲ့ အထဲမှာ ဘဲပို့ချပ် အမ တကောင် ပါလာတာကို တွေ့ရတော့ စိုးရိမ်စရာ အခြေအနေပေါ့နော်။
မေး။ ။ ပလိပ်အင်းက ဆောင်းခိုငှက်တွေကို အဆိပ်ချ သတ်ဖြတ် ခံနေရတာ ဘယ်လို ပုံစံနဲ့ ထိန်းသိမ်းမှုတွေ လုပ်သင့် သလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ အဲဒါကို ကျနော်တို့ အနေနဲ့ ဘယ်လိုမှ ထိန်းလို့ မရဘူး ဖြစ်နေတော့ လွှတ်တော်မှာ ရှိတဲ့ သယံဇာတနှင့် ပတ်ဝန်း ကျင်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဆီကို အချက်အလက် အပြည့်အစုံနဲ့ တင်ပြလိုက်တော့ ချက်ချင်းပဲ ဆောင်ရွက်ပေးပါတယ်။ သစ်တော အဖွဲ့တွေ၊ နယ်လှည့် သားငှက် ထိန်းသိမ်းရေး အဖွဲ့တွေ ရောက်လာပြီးတော့ ပတ်ဝန်းကျင်က ရွာတွေမှာ အသိ ပညာပေး ဟောပြောပွဲတွေ လုပ်တယ်။ ငှက်ကို ဖမ်းဆီး သတ်ဖြတ်ရင် ဥပဒေ အရ ဘယ်လို အရေးယူလို့ ရတယ်ဆိုတာ မျိုးတွေပါ ပြောကြတယ်၊ ပိုစတာတွေ ကပ်တယ်။
ဒါပေမယ့် အဲဒီလို လုပ်ဖို့ ဆိုတာက အမြဲတမ်းတော့ စောင့်ကြည့်ဖို့ လိုတာပေါ့နော်။ ဆိုလိုတာက ဌာန ဆိုင်ရာတွေမှာက အမြဲ စောင့်ကြည့်ဖို့ ဆိုတာ လူအင်အား မရှိဘူး ဆိုတော့ ခဏတာပဲ ဖြစ်နေတာပေါ့။ အဲဒီတော့ ကျနော်တို့က လူတွေကို ပညာပေးဖို့ ဆိုတာထက် တိုင်းပြည်က စီးပွားရေး ကလည်း ဖွွံ့ဖြိုးသေးတာ မဟုတ်သလို ပညာရေးပိုင်းနဲ့ လူ့အသိပညာ ပိုင်းကလည်း ဖွံ့ဖြိုးသေးတာ မဟုတ်တော့ ဘယ်လို လုပ်ကြမလဲပေါ့။
အဲဒါတွေ ဖွံ့ဖြိုးလာမှပဲ တားဆီးလို့ ရမယ့် အခြေအနေ ဆိုတော့ ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ။ အဲဒီလို အခြေ အနေ တခု ရောက်လာမယ့် အချိန်မှာ အင်းတွေနဲ့ ငှက်တွေက ရှိနိုင်ပါ့ ဦးမလား ဆိုတာက စဉ်းစားရမယ့်ဟာ တခု ဖြစ် တယ်။
မေး။ ။ ဆောင်းခိုငှက်တွေကို အဆိပ်ချ သတ်ဖြတ်ခံနေရတာကို ဘယ်လို ဥပဒေတွေနဲ့ အရေးယူလို့ ရသလဲ။
ဖြေ။ ။ လက်ရှိမှာ အဲဒီလိုတွေ လုပ်နေတာတွေ အတွက် သားငှက် ထိန်းသိမ်းရေး ဥပဒေ ရှိတယ်လို့တော့ သိတယ်။ အဲဒီ ဥပဒေနဲ့ အရေးယူလို့ ရတယ်လို့တော့ ပြောတယ်။ ကျနော် သိသလောက် ကတော့ ဥပဒေမှာက ပျော့ကွက်တွေ အများ ကြီးရှိ နေတယ်။ ဥပမာ ပြောရမယ် ဆိုရင် လူတယောက် အဆိပ်ချ ဖမ်းတယ် ဆိုတာကို သိတယ်၊ အဲဒီလူကိုဖမ်းဖို့က သူ့ လက်ထဲမှာ အဆိပ်နဲ့ တွေ့မှ ဖမ်းလို့ ရတယ်။
သတင်းရလို့ သွားဖမ်းတဲ့ အချိန်မှာ လက်ထဲမှာ အဆိပ် မတွေ့ရင် ဖမ်းလို့မရ တော့ဘူး။ သတင်းကြားတာနဲ့ ဖမ်းလို့ မရ တော့ ဘာမှ လုပ်လို့ မရဘူး ဖြစ်နေတာပေါ့။ အဲဒီတော့ ဥပဒေတွေကို သေသေချာချာ လုပ်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။
နောက်ပြီး ငှက်ကို ဖမ်းဆီး သတ်ဖြတ်နေသူတွေကို ရှိတဲ့ ဥပဒေနဲ့ပဲ ကြပ်ကြပ်မတ်မတ် တခါတည်း အရေးယူလိုက်ဖို့ လို အပ်တယ်။ ဆောင်းခိုငှက်တွေ ဒီထက်ပိုပြီး လျော့နည်း မသွားဖို့ ဆိုတာက ဥပဒေ အားနည်းချက်တွေကို ခဏဘေးထားပြီး ဖြစ်တဲ့နည်းနဲ့ တားဆီးဖို့တော့ လိုနေတာ အမှန်ပဲ။ ကျနော် အဓိက ပြောချင်တာကတော့ အခုလို ဖြစ်ပျက်နေတာတွေက တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် အဓိက အချက်ကြီး ဖြစ်တယ်လို့ ပြောချင်ပါ တယ်။
မေး။ ။ ဆောင်းခိုငှက် ဝင်ရောက်မှုနဲ့ ခရီးသွား လုပ်ငန်း ချိတ်ဆက် ဆောင်ရွက်လို့ ရနိုင်မလား။
ဖြေ။ ။ ငှက်ကြည့် လုပ်ငန်းက ခရီးသွား လုပ်ငန်း အတွက် အလွန် အရေးပါ ပါတယ်။ ဝင်ငွေ အများကြီး ရနိုင်ပါတယ်။ ဥပမာ ပြောရမယ် ဆိုရင် ယိုးဒယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ နိုင်ငံတွေမှာ ငှက်ကြည့်ဖို့ နေရာတွေကို အများကြီး လုပ်ပေးထားတယ်။ ခရီးသွားတွေ အတွက် ရည်ရွယ်ပြီးတော့ကို လုပ်ပေးထားတာ ရှိတယ်။ သူတို့တွေက အဲဒီလို လုပ်ပေး တဲ့ နေရာမှာ ထိန်းသိမ်းတဲ့ အနေနဲ့ သေနတ်ကိုင်ပြီးတော့ကို စောင့်ကြပ်ပေးတာ။
ယိုးဒယားမှာ ဒေါင်းရိုင်းတွေကို ဒီအတိုင်း သွားကြည့်လို့ ရတယ်။ ဒေါင်းရိုင်းတွေ အပြင် တောကြက်၊ စိုင်၊ ချေ(ဂျီ) စတဲ့ သားရဲတွေကိုလည်း ဒီအတိုင်း သွားကြည့်လို့ ရတယ်။ အဲဒီလို ကြည့်ဖို့ အတွက် သတ်မှတ်တဲ့ ဝင်ကြေးကို ကောက်ခံနေ တာ ပဲလေ။ သူတို့က ဒေသခံတွေကိုလည်း ဝင်ငွေရအောင် ဖန်တီး ပေးတဲ့ အနေနဲ့ သင်တန်းတွေ ပေးပြီးတော့ကို လမ်း ညွှန် အဖြစ် လုပ်ခိုင်းထားတယ်။
အဲဒီတော့ ဒေသခံတွေကလည်း ဒီလို အကောင်တွေကို ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက် ပေးနေတော့တာပေါ့။ မြန်မာ နိုင်ငံမှာတော့ အဲဒီလို နေရာမျိုး တနေရာမှ မရှိသေးဘူး။ မရှိသေးဘူး ဆိုတာ ခရီးသွား လုပ်ငန်းရှင်တွေ စိတ်မဝင်စား တာလည်း ပါတဲ့ အပြင် နိုင်ငံရဲ့ ရှုပ်ထွေးနေတဲ့ ဥပဒေတွေကြောင့်လည်း ပါမှာပေါ့။
မေး။ ။ လက်ရှိ နိုင်ငံမှာ ငှက်နဲ့ ပက်သက်ပြီး ခရီးသွား လုပ်ငန်း ဖော်ဆောင်မယ် ဆိုရင် ဘယ်လို နေရာတွေက အကောင်း ဆုံး ဖြစ်မလဲ။
ဖြေ။ ။ လက်ရှိ အခြေအနေမှာ ငှက်နဲ့ ခရီးသွား လုပ်ငန်းကို ဖော်ဆောင်မယ် ဆိုရင် မန္တလေးနဲ့ အနီးတဝိုက်မှာတော့ တောင်သမန်အင်းနဲ့ ပုလိပ်အင်းက နိုင်ငံခြားသားတွေကို ပြဖို့ အကောင်းဆုံးပဲ။
ပုလိပ်အင်းနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်သင့်သလဲ ဆိုရင် အကာအကွယ်နဲ့ ငှက်ကြည့်စင် ဆောက်မယ်။ အဲဒီအပေါ်ကနေ ကြည့်လို့ရမယ် ဆိုရင် အလွန်ကောင်းတဲ့ အခြေအနေ ဖြစ်လာမယ်။ နောက်ပြီး ဒီလိုလုပ်ငန်းမျိုးက မြန်မာနိုင်ငံမှာ တနေရာ မှ မရှိသေးဘူး။ ငှက်တွေကို နီးနီးကပ်ကပ် ကြည့်လို့ ရနိုင်တဲ့ နေရာဆိုလို့ ပုလိပ်အင်းက အကောင်းဆုံးပဲ။
သူများ နိုင်ငံတွေမှာ ဆိုရင် ငှက်ကြည့်တဲ့ လုပ်ငန်းကို အကြီးအကျယ် လုပ်နေကြပြီ။ ကျနော်တို့ဆီမှာတော့ ပိုက်ဆံ ချမ်း သာတဲ့ သူတွေကလည်း ဒီလို လုပ်ငန်း လုပ်ဖို့ကို မစဉ်းစားကြဘူး ဖြစ်နေတယ်။ အဲဒီလိုသာ လုပ်နိုင်ခဲ့မယ် ဆိုရင် အင်းပတ် ဝန်းကျင်က လူတွေလည်း ဝင်ငွေ ရကြမယ်။ အင်းကိုလည်း ထိန်းသိမ်းနိုင်မယ်လို့ မြင်တယ်။
မေး။ ။ လက်ရှိ ဆောင်းခိုငှက် ထိန်းသိမ်းမှု အနေနဲ့ ဘာတွေ လုပ်ဆောင်နေတာ ရှိသလဲ။
ဖြေ။ ။ မြန်မာပြည်မှာ ဆောင်းခိုငှက် ဝင်ရောက်မှုှ ရှိတဲ့ နေရာတွေထဲက အင်းတော်ကြီး၊ မိုးယွန်းကြီး၊ အင်းလေးကန်၊ မုတ္တမ ပင်လယ်ကွေ့တွေကို ကမ္ဘာ့ ထိန်းသိမ်းမှု နယ်မြေ အဖြစ် သတ်မှတ်ပြီ ရမ်ဆာ ဆိုတဲ့အဖွဲ့က ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေတယ်။
မေး။ ။ ဆရာတို့ အသင်း အနေရဲ့ လှုပ်ရှား ဆောင်ရွက်နေမှုတွေနဲ့ ဆောင်းခိုငှက် ထိန်းသိမ်းရေး အတွက် လက်ရှိမှာ ဘာ တွေလိုအပ် နေပါသလဲ။
ဖြေ။ ။ ကျနော်တို့က သုတေသန လုပ်တဲ့သူတွေကို အဓိက သတင်း အချက်အလက်တွေ ပေးတယ်။ နောက် ပါရဂူဘွဲ့ ယူမယ့် သူတွေ၊ စာတမ်းပြုစုမယ့် သူတွေကို ကျနော်တို့ ပြုစု ထိန်းသိမ်းထားတဲ့ အချက်လက်တွေကို မျှဝေပေးတာမျိုး တွေပဲ လုပ်နိုင်သေးတယ်။ ငှက်အသင်း အနေနဲ့ကတော့ ပြပွဲတွေ၊ ဒေသစုံကို သွားပြီးတော့ ဟောပြောပွဲတွေကို လုပ်နေ ပါတယ်။ တကယ် ထိန်းသိမ်းရေး လုပ်နေတာကတော့ NGO အဖွဲ့တွေက လုပ်နေကြတာပါ။
ငှက် ထိန်းသိမ်းရေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ ဆိုတာက လူအင်အား၊ ငွေအင်အား အများကြီး လိုအပ်တယ်။ လက်ရှိ မှာတော့ တတ်နိုင်သလောက်တော့ ဝိုင်းဝန်း လုပ်ဆောင်နေကြတယ်။ နတ်မတောင် ဆိုရင် မြန်မာပြည်မှာ ငှက်မျိုးတွေ အ များဆုံး တွေ့ရှိရတဲ့ နေရာ ဖြစ်တယ်။ အဲဒီလို နေရာကို ထိန်းသိမ်းမှုတွေ အများဆုံး လုပ်ဆောင်ပေးသင့်တယ်။ အစိုးရအဖွဲ့ ဖြစ်တဲ့ သစ်တော ဦးစီးဌာနမှာလည်း သားငှက် ထိန်းသိမ်းရေး ဆိုပြီး ရှိတယ်။ သူတို့လည်း သူတို့ နိုင်သလောက်တော့ လုပ်နေကြတယ် ဆိုပေမယ့် NGO အဖွဲ့တွေရဲ့ ပူးပေါင်းမှုကိုလည်း လက်ခံ နေကြရတာပဲလေ။ ဒါတောင် အခု အချိန်အထိ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှုက အားနည်းနေပါသေးတယ်။