ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် ( AA ) တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ အဆုံး မသတ်နိုင်သည့် အပြင် တဖြည်းဖြည်းနှင့် စစ်ဘောင်ကျယ်ပြန့်လာရာ မြို့ပြ အနီးသို့ပင် ရောက်ရှိလာပြီဖြစ်သည်။
နှစ်ဘက်တိုက်ပွဲ၏ ဆိုးကျိုးများကြောင့် ဘူးသီးတောင် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး စသည့် မြို့နယ်များတွင်နေထိုင်ကြသည့် ရခိုင်အပါအဝင် မျိုးနွယ်စုဝင်များ ဖြစ်သည့် မြို ၊ ခမီ စသည့် ဒေသခံ တိုင်းရင်းသား လူပေါင်း ၁ သောင်းကျော်မှာလည်း စစ်ဘေးဒုက္ခသည်များ အဖြစ် ဘေးလွှတ်ရာသို့ ဝင်ရောက်ခိုလှုံနေရသည်။
ဒေသခံ ကျေးရွာသားများမှာ ဖမ်းဆီးခံရခြင်းရှိခဲ့သလို တရားစွဲခံရမှုများ ရှိခဲ့ပြီး၊ လက်နက်ကြီးနှင့် ကျည်ထိမှန်ခြင်း၊ မိုင်းနင်းမိခြင်း ပေါက်ကွဲမှုကြောင့် အရပ်သားတချို့ သေဆုံးမှု ရှိလာသည်။
ရဲကင်းများကို စီးနင်းမှုများကြောင့် ဆက်တိုက်ရှိလာရာ ဇန်နဝါရီ ၄ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၁၃ဦး ကျဆုံး၍ ၉ ဦး ထိခိုက်ပြီး၊ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာ ကျေးရွာအနီး ရဲတပ်ဖွဲ့ဝင်များပါ ယာဉ်တန်း တိုက် ခိုက်ခံရသည့် အတွက် ရဲ နှစ်ဦး သေဆုံးခဲ့ပြန် သည်။
အလားတူ မတ်လ ၉ရက်နေ့ တွင် ပုဏ္ဏားကျွန်း၊ ယိုးတရုပ် ကျေးရွာ ရဲကင်း ကို AA မှ ဝင်တိုက် သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး၍ ၁ဦး ပျောက်ဆုံးနေကြောင်း အစိုးရက ထုတ်ပြန်သည်။
ဤအခြေအနေကြောင့် ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ဘူးသီးတောင် ၊ ရသေ့တောင် ၊ မြောက်ဦး ၊ မင်းပြား၊ မြေပုံ မြို့နယ် အတွင်းရှိ လုံခြုံရေး စိတ်မချရသည့် ရဲကင်းစခန်းများကို ယာယီ ရုပ်သိမ်း၍ မတ်လ ၁၀ နေ့က နီးစပ်ရာ နယ်မြေ ရဲစခန်းများနှင့် အင်အား စုပေါင်း ထားရှိခဲ့ရသည်။
ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှ သတင်းထောက် မင်းအောင်ခိုင်က ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက် ပါသည်။
မေး ။ ။ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ရဲကင်းစခန်းတွေကို ရုပ်သိမ်းလိုက်တယ်လို့ သိပါတယ်။ အဲဒီ အခြေ အနေလေး ရှင်းပြပေးပါ။
ဖြေ။ ။ လမ်းပန်း ဆက်သွယ်ရေး ဝေးကွာပြီးတော့၊ ဝေးကွာတယ်ဆိုတာက လမ်းကြောင်းကြီး အပေါ် မဟုတ်ဘူး ပေါ့။ အတွင်းထဲမှာ ရှိတယ်။ ကျနော်တို့ရဲ့ လုံခြုံရေး အပိုင်း လတ်တလောမှာ ဖြစ်နေတဲ့ လုံခြုံရေး စိတ်မချရတဲ့ နေရာတွေ ပေါ့။ လက်ရှိ ယိုးတရုပ်မှာ ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ ကျနော်တို့တွေကို လာရောက် တိုက်ခိုက်တယ်ဆိုတဲ့ နေရာမှာ လုံခြုံမှု ပေးထားတဲ့ဟာမှာ ပြည်သူကပါ ဒီဟာနဲ့ ပတ်သက်လို့ တချို့ဟာတွေမှာ တာဝန်ရှိလာတယ်။
ပြည်သူတွေ အသိပေးတာတွေ အားနည်း လာတယ်ပေါ့။ ကျနော်တို့သည် လုံခြုံရေး ပိုင်းဆိုင်ရာ တွေ မှာ ဂရုစိုက်ဖို့ လိုလ ပြီ ။ ဒါကြောင့်မို့ ဝေးကွာတဲ့ နေရာတွေမှာ ရှိတဲ့ စခန်းလေးတွေကို ယာယီအား ဖြင့် ကျနော်တို့က ထိန်းသိမ်းပြီးတော့ အင်အားတောင့်တင်းအောင် ပေါင်းစည်းရတာပေါ့။ ကျနော်တို့ ရဲကင်းတွေမှာ တချို့ ၅ ယောက်ရှိတယ်။ တချို့ ၁၀ ယောက်ရှိတယ်။ အဲဒီလို ဖြစ်နေတဲ့ အတွက် စုစုစည်းစည်းနဲ့ လုံခြုံရေး ပေးနိုင်အောင် အခု ပြန်လည် စုစည်းတာပေါ့။
မေး။ ။ လုံခြုံရေး စိတ်မချရလို့ ရုပ်သိမ်းလိုက်တဲ့ ရဲကင်းစခန်း အရေအတွက် ဘယ်နှစ်ခုလောက် ရှိပါလဲ ။
ဖြေ။ ။ အရေအတွက်ကတော့ ကျနော်တို့ လုံခြုံရေးပိုင်း ဆိုင်ရာ ကိစ္စရပ် ဖြစ်တဲ့အတွက် ပြောလို့မရဘူး။ လောလော ဆယ်တော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား အဲဒီအတွင်းမှာ ရှိတဲ့ မြို့နယ်တွေက တချို့ အတွင်း ကျ ပြီးတော့ ကျနော်တို့နဲ့ ဝေးကွာတဲ့ ရဲကင်း စခန်းတွေပေါ့။ နယ်မြေ ရဲစခန်းတွေ မပါပါဘူး။ နယ်မြေ ရဲစခန်းတွေကို အင်အား တိုးလိုက်တဲ့ သဘောပါ ။
မေး။ ။ ဘူးသီးတောင် ၊ ရသေ့တောင်မြို့နယ်တွေထဲက ရဲကင်းစခန်း တချို့ကိုလည်း ရုပ်သိမ်း လိုက်တယ်လို့ သိရပါတယ်။ သိရသလောက် အခြေအနေကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ ဖြစ်နိုင်ပါတယ်။ အဲဒီ ရဲကင်းတွေက နယ်ခြားစောင့် အပိုင်းဆိုတော့ အသေးစိတ်တော့ မသိဘူး။ အဲဒီ ရဲကင်း စခန်းတွေကို ထားတဲ့ ရည်ရွယ်ချက်က ကျနော်တို့ နယ်မြေတွေထဲမှာ ရှိတဲ့ ဘာသာမတူတဲ့ အသိုင်းအဝိုင်းတွေက လာ ရောက် နှောက်ယှက်တဲ့ အချိန်မှာ ကျနော်တို့က ကာကွယ် ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထားတာ။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ ကာကွယ်ပေးဖို့ ဆိုတဲ့ ထားတဲ့ဟာက ကာကွယ်ပေးစရာ မလိုတော့တဲ့ အခြေအနေ ဖြစ်လာတယ် ။ လတ်တလော အားဖြင့် ကျနော်တို့က အင်အား စုစည်းနေမှ သင့်တော်မယ်ဆိုပြီးတော့ အင်အားစုစည်းတဲ့ သဘောပါ။ သူတို့လည်း အဲဒီလို ဖြစ်မှာပါ။
မေး။ ။ ရုပ်သိမ်းလိုက်တဲ့ ရဲကင်းစခန်းတွေကို ဘယ်တော့လောက် ပြန်ချနိုင်မယ်လို့ မျော်မှန်း ထားလဲ။
ဖြေ ။ ။ ကျနော်တို့ လုံခြုံ စိတ်ချရမှု ရှိတဲ့ အချိန်ကျမှ အဲဒီစခန်းတွေကို ပြန်ထားရမှာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာတွေက ခွင့်ပြုချက် ရပြီးမှ ထားရတဲ့ ရဲကင်း၊ ရဲစခန်းတွေပါ ။ သာမန် အားဖြင့် ရဲကင်းစခန်းတခု ဖွင့်မယ်ဆိုရင် ဖွင့်ချင်တိုင်း ဖွင့်လို့မှ မရတာ။ အထက်ဌာနကို ခွင့်ပြုချက် တောင်းပြီးတော့ အပေါ်ကနေ ခွင်ပြုမှ ဒီဟာတွေက နယ်မြေ ထဲမှာ ဖွင့်ခွင့် ရှိတဲ့ ရဲကင်းစခန်း တွေပဲ ဖြစ်ပါတယ်။
လုံခြုံရေး အပိုင်းတွေ တည်ငြိမ်လာတဲ့ အချိန် ၊ ရဲလုပ်ငန်းတွေ ပြန်ပြီး လုပ်လို့ရတဲ့ အချိန် ကျနော်တို့ က ဒီစခန်းတွေကို ပြန်ထားရမှာပေါ့ ။
မေး ။ ။ဒီလို နယ်မြေထဲက ရဲကင်းစခန်းတွေကို ရုပ်သိမ်းလိုက်တဲ့ အချိန်အတွင်းမှာ ပြည်သူတွေ ကြားမှာ ဖြစ်တတ် တဲ့ ရာဇဝတ်မှု ဆိုင်ရာ မူခင်းတွေ ၊ တရားဥပဒေနဲ့ ဆိုင်တဲ့ ကဏ္ဍတွေကိုရော ဘယ်လို ဆောင်ရွက် ဖြေရှင်းပေး သွားမလဲ ။
ဖြေ။ ။ ဒါကတော့ ခင်ဗျားတို့ ခံစားရသလို ပေါ့ဗျာ။ ပြည်သူကလည်း သတင်းပေးနေမယ်။ သူရဲ့ တာဝန်ကို ပြည်သူက ကျေပြီးတော့ ပြည်သူတွေက လိုလိုလားလားနဲ့ ဒီစခန်းတွေကို ရှိနေချင်နေတယ် ဆိုရင်တော့ ဒီလိုမျိုး စခန်းတွေ (ယိုးတရုပ် ရဲကင်းစခန်း) လို တိုက်ခိုက်ခံမှုမျိုး ရှိမယ် မဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။
မေး ။ ။ ယိုးတရုပ် ရဲကင်းစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် အပေါ်မှာရော လုံခြုံရေးပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်မိလဲ ။
ဖြေ ။ ။ လောလောဆယ်တော့ ကျနော်တို့ သုံးသပ်လို့ မရသေးပါဘူး ။ ရဲဆိုတာ စစ်တိုက်တဲ့ ရဲမဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေး လုပ်တဲ့ ရဲကို ရန်သူက အလွယ်တကူနဲ့ ပစ်ခတ်နိုင်တဲ့ အနေ အထား ဖြစ်ပါတယ်။ ခုနလိုမျိုး လူအင်အားနဲ့ လာပြီး လုပ်သွားတယ်ဆိုတဲ့ အတွက် တရားဥပဒေ စိုးမိုးရေး ဆိုတာတွေကို မရှိစေချင်တာလည်း ဖြစ်ကောင်း ဖြစ်မယ်။
သို့မဟုတ် ဒီလမ်းကြောင်းကြီး အပေါ်မှာ ရဲတွေ လုံခြုံရေး ဆောင်ရွက်တာတွေကို မရှိစေချင်တာ ဖြစ်ကောင်းလည်း ဖြစ် မယ်။ ဒါကတော့ သူတို့ စိတ်ထဲမှာ ရှိနေတာကိုး။ ကျနော်တို့ကတော့ လောလောဆယ်မှာ သုံးသပ်နေတုန်းပဲ ရှိနေအတွက် ဘာမှတော့ မပြောလိုပါဘူးဗျာ။
မေး။ ။ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေအပေါ်မှာရော ဘယ်လို ကူညီပံ့ပိုးသွားမလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့ လုပ်ထုံး ၊ လုပ်နည်းအရ အပြည့်အဝ တာဝန်ယူတဲ့ အပိုင်းတွေကို ကျနော်တို့ လုပ်ပေးရမှာပေါ့။
ရဲတပ်ဖွဲ့ဝင် ဖြစ်တဲ့ အတွက် မိသားစုရော ။ မိသားစုထဲမှာ ရှိတဲ့ သားသမီးတွေ အတွက်ရော အားလုံး စောင့်ရှောက်ရမယ့် တာဝန် ကျနော်တို့ ရဲတပ်ဖွဲ့မှာ အပြည့်အဝ တာဝန်ရှိ ပါတယ်။
ဒါကိုလည်း ကျနော်တို့ ဆက်ပြီး လုပ်သွားမှာပါ။ ကျနော်တို့ ရှိနေသရွေ့ ၊ ရဲတပ်ဖွဲ့ ရှိနေ သရွေ့၊ ဒီမိသားစုဝင်တွေက အခက်အခဲကို လာရောက် တင်ပြတဲ့ အချိန်မှာ ကျနော်တို့က လိုအပ်ချက်အပေါ် မူတည်ပြီး သူတို့ လာရောက် တောင်းခံ တဲ့ဟာတွေကို ကျနော်တို့ လုပ်ပေး နေမှာပါ။
လောလောဆယ်မှာတော့ ငွေရေး ၊ ကြေးရေး ပိုင်း ထောက်ပံ့တာတွေ ရှိပါတယ်။ ဌာနချုပ်က ထောက် ပံ့ တာတွေ ရှိတယ်။ ရဲတပ်ဖွဲ့က ထောက်ပံ့တာတွေရှိတယ်။ ကျနော်တို့ ဆီက ထောက်ပံ့ တာတွေ ရှိပါတယ်။
ဒါတွေဟာ သူရဲ့ ဆုံးရှုံးသွားတဲ့ အနေအထားနဲ့ ပြောရင် မပြောပြ လောက်ပါဘူး။ ဘယ်လောက်ကြီးပဲ ထောက်ပံ့ ထောက်ပံ့၊ ကျန်ရစ်တဲ့ သားသမီးတွေ အတွက်ဆို သူတို့ရဲ့ မှီခိုရာ ဇနီးမယားအတွက်ဆို သူရဲ့ ရွှေတောင်ကြီးပဲ ။ အဲဒီဟာတွေနဲ့ ကြည့်မယ်ဆိုရင် သန်းရာချီ ထောက်ပံ့နေရင်လည်း ဒါကြီးက ဘာမှ မပြောပြလောက်ပါဘူး။
ကျနော်တို့ ပြောချင်တာက သားသမီးတွေရော၊ မိသားစုတွေ အတွက်ရော ။ သူတို့ရဲ့ နောက်ကွယ်မှာ ရဲတပ်ဖွဲ့ ရှိတယ် ဆိုတာ ကျနော်တို့ သွားရောက် ပြောပြခဲ့ပါတယ်။ ဒီလို ဖြစ်သွားတဲ့ ဟာကိုလည်း ကျနော်တို့က ဂုဏ်ယူပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လမ်းဘေးမှာ ကားတိုက်ပြီး အသက်ဆုံးပါးသွားတာ။ ဒါမှမဟုတ် ဆေးချပြီးဆုံးတာ ဒါနဲ့ စာရင်တော့ နိုင်ငံတာဝန်ကို ထမ်းဆောင်ပြီးတော့ သေဆုံးခြင်း ဖြစ်တဲ့အတွက် ကျနော်တို့ ရဲတပ်ဖွဲ့က သူတို့ကို ဂုဏ်ယူပါတယ်။
မေး ။ ။ ပုဏ္ဏားကျွန်းနယ်ထဲမှာလည်း လုံခြုံရေးအဖွဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတယ်။ အခုလည်း အထဲထိတောင် ဝင်ပြီး စခန်းကို လာရောက်တိုက်ခိုက်တယ်ဆိုတော့ လုံခြုံရေး ပိုင် ဆိုင်ရာတွေမှာ ဘယ်လို အားနည်းချက်တွေ ရှိနေလဲ။
ဖြေ ။ ။အားနည်းချက် ရှိသလား လို့ ပြောရရင်တော့ ဒေသခံတွေ အားလုံး အသိပဲ ဖြစ်မှာပေါ့။ ဘယ်လို အခြေအနေ ဖြစ်နေလဲဆိုတာ ။
မေး။ ။ ဒါမျိုး ဖြစ်စဉ်တွေ မဖြစ်အောင် တာဝန်ကျ တပ်ဖွဲ့ဝင်တွေကို ခေတ်မှီလက်နက် တွေ တပ်ဆင်ပေးဖို့ ၊ တခြား သော လုံခြုံရေးပိုင်းနဲ့ သက်ဆိုင်တဲ့ ကဏ္ဍာတွေအပေါ် ဖြည့်စီးဆောင်ရွက် ပေးဖို့ အစီအမံတွေရော ရှိပါသလား ။
ဖြေ။ ။ ကျနော်တို့ အစီအစဉ်တွေ ရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာက တရားဥပဒေ စိုးမိုးရေးပဲ၊ ကျနော်တို့ သောင်းကျန်းသူ အမြစ်ဖြတ် ချေမှုန်းရေးဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ ကျနော်တို့က လူဆိုး၊ သူခိုး၊ ဓားပြတွေ အဲဒီလို မျိုး ပြစ်မှု ကျူးလွန်တဲ့ လူတွေကို ဖမ်းဖို့ အတွက်ပဲ ကျနော်တို့ရဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ရည်ရွယ်ဖွဲ့စည်းထားတာ။
ပြည်သူကို ကာကွယ်ဖို့ ။ အဲဒီအတွက် ကျနော်တို့ အဲဒီဟာနဲ့ ညီမျှတဲ့ လက်နက်၊ အဲဒီဟာနဲ့ အသုံးပြု နိုင်တဲ့ လက်နက်တွေ ဒါတွေကိုတော့ တပ်ဆင် အသုံးပြုမှာပေါ့။
ကျနော်တို့က သောင်းကျန်းသူ တိုက်ခိုက်ဖို့ လို ဟာမျိုး၊ လက်နက်ကြီး သွားယူပြီးတော့ အခုချိန်မှာ လောင်ချာကြီး တပ်ပြီး တော့ လောင်ချာလိုက် ပစ်ဖို့ သင့်တော်ပါမလား။ ကျနော်တို့ ရည်ရွယ်ချက်က ကွာတယ်လေ။
ဒါကြောင့်မို့ ကျနော်တို့က ခေတ်မီ လက်နက်ဆိုရာမှာ ကျနော်တို့နဲ့သင့်တော်တဲ့ ခေတ်မီလက်နက်ကိုပဲ တပ်ဆင်သွားပါ မယ်။ ရည်ရွယ်ချက် အလိုက်ပဲ သင့်တော်တဲ့ လက်နက်တွေ တပ်ဆင်ဖို့ ဆောင်ရွက် ထားတယ်။ လောလောဆယ်မှာတော့ ဒီအခြေအနေတိုင်းပဲပေါ့။
သောင်းကျန်းသူ အမြစ်ဖြတ် ရည်ရွယ်ချက်က ကျနော်တို့ ဆီမှာ မပါဘူး။ သောင်းကျန်းသူ အမြစ် ဖြတ် ရည်ရွယ်ချက် ပါတာ က တပ်မတော်ရဲ့ ရွည်ရွယ်ချက် ဖြစ်တယ်။
တပ်မတော်ရဲ့ ဦးတည်ချက်ထဲမှာ ဒါကတော့ ပါတယ်။ ကျနော်တို့ ကတော့ အဲဒါတွေ မပါဘူး။ ကျနော် တို့ရဲ့ ရည်မှန်းချက် တာဝန် ၄ ခုပဲ ရှိတယ်။
ရပ်ရွာ အေးချမ်း သာယာရေး ၊ တရားဥပဒေ စိုးမိုးရေး ၊ မူးယစ်ဆေးဝါး အမြစ်ဖြတ်ချေမှုန်းရေးနဲ့ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး။ ပြည်သူ့ အကျိုးပြု လုပ်ငန်း ဆောင်ရွက်ရေး ၊ ကျနော်တို့ အဲဒီ ရည်မှန်းချက်တာဝန် ၄ ခုအပေါ်မှာ ပဲ မူတည်ပြီး လုပ်ရတာကိုး။
အခုတော့ ကျနော်တို့က ရဲလုပ်ငန်းထက် အဓိက လုပ်ရတာက လုံခြုံရေးပိုင်း ဆိုင်ရာတွေကို အဓိက ထား လုပ်ရတဲ့ နေရာ ဖြစ်တဲ့ အတွက် ရဲလုပ်ငန်းနဲ့ ဆိုင်တဲ့ တချို့နေရာတွေမှာ ညဘက် အမှု လာတိုင် ရင်တောင် ကျနော်တို့ သွားဖို့ ဆိုတာ တော်တော် စဉ်းစားရမယ်။
မေး။ ။ မကြားသေးတဲ့ လပိုင်းအတွင်းက AA က ရဲတပ်ဖွဲ့ကို သတိပေးစာ ထုတ်ပြန်ထားတာ ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင် တွေဟာ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်တွေကို မလုပ်ဘဲ ။ တပ်မတော် စစ်ကြောင်းတွေနဲ့ လိုက်ပါပြီး ဆောင်ရွက် လုပ် ကိုင်တယ်ပေါ့။ အဲဒီအပေါ်မှာရော ရဲမှူးကြီး အနေနဲ့ ဘာများ တုန့်ပြန် ပြောကြားချင်ပါလဲ။
ဖြေ ။ ။ အဲဒီအပေါ်မှာ ပြောချင်တာ မရှိဘူး။ ကျနော်တို့က ရဲအလုပ် ၊ ရဲလုပ်တာပါပဲ။ စောစောက ကျနော် ပြောတဲ့ ရည်မှန်းချက် တာဝန် ၄ ရပ်အပေါ်မှာ ပဲ ကျနော်တို့က လုပ်နေတာ။ တချို့နေရာတွေမှာတော့ ကျနော်တို့ဆီ တိုင်ကြားလာ တဲ့ အပေါ်မှာ သွားရောက် ပြီးတော့ ဖမ်းဆီးရတာတွေ ရှိတယ်။ စစ်ဆေးရတာတွေ ရှိတယ်။ အဲဒီ စစ်ဆေးတဲ့ အခါမှာ သူ့မှာ တရားစွဲဆိုလို့ ရတဲ့ အဆင့် မရှိဘူး ဆိုရင် ကျနော်တို့က ပြန်လွှွတ်ရမှာပဲ ။
ထိုနည်းတူစွာပဲ ကျနော်တို့မှာ ရပ်ရွာ အေးချမ်း သာယာရေး အပေါ်မှာ မူတည်ပြီးတော့ တိုင်တန်း လာရင် သို့မဟုတ် ကျနော်တို့က သတင်းရတယ် ဆိုရင် ဒီဟာနဲ့ ပတ်သက်ပြီး သူတို့ကို တားဆီး ထိန်းသိမ်းပြီးတော့ မှန်၊ မမှန် စစ်ဆေးရမှာပဲ၊ ရည်မှန်းချက် တာဝန်မှာကိုက အဲဒီအတိုင်းရှိတာကိုး။
သို့သော် အဲဒီလို စစ်ဆေးတဲ့ အပိုင်းမှာ မမှန်ဘူးထင်ရင်တော့ ပြန်လွတ်ရမယ်။ ကျနော်တို့သည် စိတ်ခံစားချက်နဲ့ သွားလုပ် လို့ မရဘူး။ စိတ်ခံစားချက်နဲ့ သွားလုပ်လို့ ရှိရင်တော့ အဲဒီတပ်ဖွဲ့ဝင် ကိုလည်း ရဲတပ်ဖွဲ့မှာ ဆက်ထားလို့ မရဘူး။
မေး။ ။ ရဲမှူးကြီးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ရခိုင်ပြည်နယ်ကြီးကို အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်တာပေါ့ဗျာ။ အင်မတန်မှ သာယာပြီး တော့ ပြည်နယ် အတွင်းမှာ ဘယ်လောက် စေတီပုထိုးတွေ ပေါသလဲ ။ လှပတဲ့ မြစ်ကမ်းခြေတွေနဲ့ ဘယ်လောက် လည်ပတ်စရာကောင်းသလဲ။
စိတ်မကောင်းစရာက မြောက်ဦးမြို့မှာ ခရီးသွား လုံးဝ မရှိတော့တာ ခြောက်သွေ့လို့ ။ အဲဒီအတွက် ဘာတွေလဲဆိုတော့ မငြိမ်မသက် ဖြစ်လာတာနဲ့ တောကြောင်ဆိုတဲ့ အကောင်က ထလာတာပဲ ။ တောကြောင်ထ လာရင် အေးအေး ချမ်းချမ်း နေချင်တဲ့ လူတွေ မနေနိုင်တော့ဘူး။ ပြောင်းရွေ့ကြ ရတယ်။ အဲဒီဟာတွေအတွက် ကျနော်တို့က စိတ်မကောင်းဖြစ်မိတယ်။
အေးအေးချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်။ ကျနော်တို့ လုပ်တာသည် နိုင်ငံရေး မပါဘူး။ တရားဥပဒေ စိုးမိုးရေး အတွက်ပဲ ။ ဒါကြောင့်မို့လို့ ပြည်သူတွေကို ပြောချင်တာက ဥပဒေနဲ့ အညီ ဆောင်ရွက်တာ ကိုတော့ ကျနော်တို့နဲ့ လက်တွဲပြီး ဆောင်ရွက်စေချင်တယ်။ မမှန်ကန်ဘူး ထင်လို့ ရှိရင် တရားရုံးမှ ဖြေရှင်းလို့ရတယ်။
တဦးချင်းပဲ ဖြစ်ဖြစ် ။ ပါဆင်နယ်ပဲ ဖြစ်ဖြစ် မတရားဖမ်းတဲ့ ကိစ္စမျိုးရှိရင် ကျနော့်ကို လာပြောလို့ရ တယ်။ အဲဒီလုပ်ရပ်မျိုးကို ကျနော် လုံးဝ လက်မခံဘူး။ မတရား အဖမ်းခံရလို့ လာပြောလို့ရှိရင် ကျနော် ကူညီပေးမယ်။