လက်ရှိအချိန်သည် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ကော်မတီတရပ် ဖွဲ့စည်းကာ ကြိုးစားနေချိန် ဖြစ်သည်။ တိုင်းရင်းသားများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လိုလား မျှော်လင့်နေချိန် ဖြစ်သည်။
တချိန်တည်းတွင် တပ်မတော်၏ ၄ လတာ အပစ်ရပ်ဆိုင်းခြင်း ကာလ တဝက်ကို ကျော်လွန်လာပြီ ဖြစ်ပြီး တိုင်းရင်းသား အချင်းချင်း၊ အထူးသဖြင့် ရှမ်းနှင့် ပလောင်တို့၏ တိုက်ပွဲ များကလည်း ဖြစ်ပွားနေသည်။ ထို့အပြင် မြန်မာပြည် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်ပါဝင်ပတ်သက်မှုက ထဲထဲဝင်ဝင် ရှိလာနေသည်။
ထို့ကြောင့် မြန်မာပြည်ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဖက်ဒရယ် ပြည်ထောင်စုသို့ ခြေလှမ်းနိုင်ရန် အခြေခံဥပဒေ ပြင်ဆင်ရေးက မည်မျှ အရေးကြီး မကြီး ဆိုသည်နှင့် ရှမ်းပြည်နှင့် နယ်မြေချင်း ထိစပ်နေသော တရုတ်နိုင်ငံ၏ မြန်မာပြည်တွင်း ဖြတ်သွားမည်ဆိုသော ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအပေါ် သဘောထား အမြင်တို့နှင့် ပတ်သက်ပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်နေလဲ။ ဘယ်လောက် အတိုင်းအတာအထိ ပြင်ဆင်လို့ ရနိုင်မယ်လို့ မျှော်လင့်ချက်ရှိလဲ။
ဖြေ။ ။ ကျနော်တို့ SNLD အနေနဲ့ကတော့ ကျနော်တို့ရဲ့ နဂိုမူရင်း ရှိထားပြီးသား မူဝါဒတွေ အတိုင်းပဲ၊ အခြေခံဥပဒေ ပြင်ဆင်ရေးတွေမှာ ဆွေးနွေးဖို့ ဆောင်ရွက်နေပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ မျှော်မှန်းထားသလဲ ဆိုတဲ့ မေးခွန်းကို တိတိကျကျ ဖြေရရင် ဘယ်လိုပုဒ်မမျိုး ဖြစ်ဖြစ် တခုကိုတောင်မှ ပြင်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့် မထားပါဘူး။ ပြောဆိုသင့်လို့ ပြောဆို ဆွေးနွေးနေတဲ့ အနေအထားမျိုးပါပဲ။
မေး။ ။ တိုင်းနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက တိုက်ရိုက်ရွေးကောက်နိုင်ဖို့ ပုဒ်မ ၂၆၁ ကို ပြင်ဖို့ လိုတယ်ဆိုတာကို သဘောတူပါသလား။ ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောနိုင်ဖို့ ဘယ်လိုပုဒ်မတွေ ပြင်ဆင်ရမလဲ။
ဖြေ။ ။ ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောနိုင်ဖို့ဆိုရင် ပုဒ်မအားလုံးကို ပြင်ရမှာပါ။ အဓိကကတော့ အခြေခံမူတွေက အစ ပြင်ဆင်ဖို့ လိုပါတယ်။
တိုင်းဒေသနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက တိုက်ရိုက်ရွေးဖို့ ပုဒ်မ ၂၆၁ ကို ပြင်ဖို့လိုတယ်ဆိုတာကို မူအရတော့ သဘောတူပါတယ်။ ဒီပုဒ်မကို တိုင်းရင်းသားအားလုံးက ထောက်ခံ လိမ့်မယ်လို့လည်း တချို့က ထင်နေကြပါတယ်။ တကယ်တော့ တိုင်းရင်းသားတွေဘက်က ခံရတာ များလာတော့ တော်တော် သတိထားတတ်လာကြပါပြီ။ ဝန်ကြီးချုပ်ကို ဆိုင်ရာ လွှတ်တော်တွေက ရွေးရမယ်ဆိုရင် အရင်တုန်းက ဝန်ကြီးချုပ် ရွေးချယ်ရေးမှာ ထောက်ခံတာရော၊ ကန့်ကွက်တာရော လုံးဝ ပါဝင်ခွင့် မရသေးတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော်ထဲက ဝန်ကြီးချုပ်ရွေးချယ်မှုမှာ ပါဝင်ပတ်သက်ခွင့် ရှိလာတဲ့ အခွင့်အရေးတွေ သေချာပေါက် ရလာတော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ ၂၆၁ ကို ပြင်ဖို့ မူအားဖြင့် သဘောတူပေမဲ့ တခြား ကန့်သတ်ချက်တွေလည်း ထည့်စဉ်းစားဖို့ လိုလာပါတယ်။
မေး။ ။ NCA ထိုးပြီး သုံးနှစ်ကြာသွားတယ်။ တိုက်ပွဲတွေက ပြန်ဖြစ်တယ်။ ဒုက္ခသည်တွေလည်း နေရပ်မပြန်ရဘူး။ ငြိမ်းချမ်းသွားတဲ့ လက္ခဏာလည်း ရေရေရာရာ မတွေ့ရဘူး။ ဒီတော့ NCA က တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေကို ပြေလည်သွားမယ် ထင်ပါသလား။
ဖြေ။ ။ NCA က လောလောဆယ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေကို ပြေလည်သွားအောင် မလုပ်နိုင်သေးပါဘူး။ NCA ကြောင့် ငြိမ်းချမ်းသွားတဲ့ လက္ခဏာလည်း မတွေ့ရသေးပါဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်။ သုံးနှစ်အတွင်းမှာ တိုးတက်မှု မရှိခဲ့ဘဲ၊ ဆုတ်ယုတ်မှုတွေပဲ ဖြစ်လာခဲ့တယ်။ လုပ်ငန်းစဉ်အားလုံးကို အစက အဆုံးအထိ ပြန်သုံးသပ်သင့်ပါတယ်။
မေး။ ။ တပ်မတော်က အပစ်အခတ် ရပ်ဆိုင်းထားတဲ့လေးလ ကလည်း တဝက်ကျိုးလာပြီ။ ဆွေးနွေးမှုက မယ်မယ်ရရ မရှိသေးဘူး။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ လုံးဝမရပ်ဘူး။ ရှမ်းမြောက်မှာ ပြည်သူတွေ အေးအေးချမ်းချမ်း နေရဖို့ ဘယ်လောက်အထိ စောင့်ရဦးမယ်လို့ သုံးသပ်လဲ။
ဖြေ။ ။ တပ်မတော်က အပစ်ရပ်ထားပြီး အခု နှစ်လကျော်လာတော့ တချို့ဆွေးနွေးပွဲ လေးတွေတော့ ရှိလာပါတယ်။ ဒါပေမဲ့ အလွတ်သဘော လောက်ပဲ တွေ့နိုင်ပါသေးတယ်။ ထင်ရှားတဲ့ တိုးတက်မှုတွေကို မတွေ့ရသေးတဲ့ အပြင် အပစ်ရပ်တဲ့ ဒေသတွေမှာတောင် ထိတွေ့မှုတွေ ပြန်ဖြစ်လာတာ ရှိလာပါတယ်။ အထူးသဖြင့် ကြေညာထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ ဖြစ်ပေါ်နေတယ်။ အခုပုံအတိုင်း ဆိုရင်ဖြင့် ရှမ်းမြောက် ပြည်သူတွေအတွက် စစ်ပွဲတွေ ရပ်သွားဖို့ အချိန်အကြာကြီးအထိ ဆက်စောင့်နေရဦးမယ့် သဘောဖြစ်နေပါတယ်။
မေး။ ။ NCA ထိုးပြီးနောက်မှာ RCSS က ရှမ်းမြောက်ကို တပ်တွေဖြန့်ချလာတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက လက်မခံဘူး။ KIA ရှိတဲ့ နယ်မြေအထိပါ တင်းမာမှုတွေ ဖြစ်တာရှိတယ်။ ဒီနယ်မြေ အငြင်းပွားမှုတွေအပေါ် SNLD အနေနဲ့ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ ကျနော်တို့က စစ်ပွဲတွေ ဖြစ်လာတာကို လုံးဝမကြိုက်၊ မနှစ်သက်ပါဘူး။ စစ်ခေါင်းဆောင်တွေရဲ့ သဘောထား ကလည်း စစ်ရေးအမြင်နဲ့ ကြည့်ကြတဲ့ သဘောလားတော့ မသိပါဘူး။ စစ်ရေးရည်မှန်းချက် ဆိုတာ ကာယကံရှင်တွေက လွဲရင် တခြားလူတွေ သိဖို့ခက်ပါ တယ်။ ဥပမာ – ပထဝီနိုင်ငံရေး ရှုထောင့်က ကြည့်ရင် တမျိုးဖြစ်နိုင်တယ်၊ အမျိုးသားရေး အမြင် ရှုထောင့်က ကြည့်ရင်တမျိုး ဖြစ်နိုင်ပါတယ်၊ မြန်မာ့ပြည်တွင်း နိုင်ငံရေးဘက် ရှုထောင့်က ကြည့်ရင် နောက်တမျိုး ဖြစ်နိုင်ပြန်ပါတယ်။
မေး။ ။ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲတွေ ပိုများလာတယ်။ ရှမ်းလက်နက်ကိုင် SSPP နဲ့ RCSS နှစ်ဖွဲ့ ကြားက ပဋိပက္ခတွေကို ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းက ဘယ်လို ဝင်ရောက်ညှိနှိုင်းပေးနေလဲ။
ဖြေ။ ။ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေက များလာနေပါတယ်။ ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မဖြစ်သင့်ဘူးလို့ အားလုံးမြင်နေကြသလို၊ ကျနော်လည်း အဲဒီလိုမြင်ပါတယ်။ SSPP နဲ့ RCSS နှစ်ဖွဲ့ထဲက တဖွဲ့က Bilateral ထိုးထားပြီး တဖွဲ့က Bilateral အပြင်၊ NCA မှာပါ လက်မှတ်ထိုးထားကြတာ ဖြစ်ပါတယ်။ နှစ်ဖွဲ့စလုံးက မတရား အသင်း စာရင်းထဲကနေ ပယ်ဖျက်ထားပြီးတဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။ သူတို့ဖြစ်နေတဲ့ ပြဿနာက နယ်မြေ အငြင်းပွားမှု ပြဿနာ ဖြစ်ပါတယ်။ ဒါကို အတတ်နိုင်ဆုံး ကျနော်တို့က ကြားဝင် စေ့စပ်ပေးနေခဲ့တာ အတော်တောင် ကြာသွားပါပြီ။ စေ့စပ်သူ ကျနော်တို့ ညံ့ဖျင်းတယ်လို့ပဲ ပြောရမလားမသိဘူး။ ကြာကြာ ထိန်းမထား နိုင်ခဲ့ပါဘူး။ အခုအချိန်အထိ ကျနော်တို့ ဆက်လက်ပြီး ကြိုးစားဆောင်ရွက်ပေးနေပါတယ်။
မေး။ ။ ရှမ်းနဲ့ ပလောင် လက်နက်ကိုင် အဖွဲတွေ့ကြား နယ်မြေလုတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရှမ်းနဲ့ ပလောင် လူမျိုးစုတွေအကြား လူမျိုးရေး တင်းမာမှုတွေ ရှိနေပြီလား။ အရပ်သားတွေ လုံခြုံရေး ပျက်ပြားနေတာတွေ ဘယ်လို ပြေလည်နိုင်မလဲ။
ဖြေ။ ။ အခုက ဘယ်လိုကနေ ဘယ်လို ဖြစ်ကုန်မှန်း မသိတော့ပါဘူး။ အရင်က ရှမ်းနဲ့ပလောင်တွေက ညီအစ်ကိုတွေလို ချစ်ချစ်ခင်ခင်နဲ့ နှစ်ပေါင်းများစွာ အတူနေ၊ အတူတိုက်ပွဲဝင်ခဲ့ကြ သူတွေပါ။ တယောက်ကို တယောက်က အနိုင်ကျင့်တယ်၊ နှိပ်စက်တယ် ဆိုပြီး ဖြစ်လာတာက သိပ်တော့ မကြာသေးပါဘူး။ စိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ အောက်ခြေ လူထု ထဲမှာတော့ သိပ်လွန်လွန် ကဲကဲကြီး ဖြစ်ကြတာတော့ မရှိပါဘူး။ အဓိကကတော့ စစ်ခေါင်းဆောင်တွေ အရှည်ကို မြင်တတ်ကြဖို့ပဲ ဖြစ်ပါတယ်။ အနာဂတ်ခရီးကို အမြော်အမြင်ကြီးကြီးနဲ့ မြင်တတ်ကြဖို့ လိုအပ်ပါတယ်။ မုန်းတီးမှုတွေ၊ စစ်ဆင်မှုတွေနဲ့ အပြီးသတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး ဆိုတာကို စစ်ခေါင်းဆောင် အားလုံးက သတိပြုမိဖို့ တိုက်တွန်းချင် ပါတယ်။
မေး။ ။ ရခိုင်စစ်ပွဲကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာပြီ။ အေအေက ဝ တွေကို အားကျပြီး ကွန်ဖက်ဒရေးရှင်း လိုချင်ကြောင်း ပြောတယ်။ ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရေးရှင်း အယူအဆ ၂ ခု တိုင်းရင်းသားတွေကြားထဲ ကွဲနေကြပြီလား။
ဖြေ။ ။ ရခိုင်မြောက်ပိုင်းမှာ ကိုင်တွယ်ပုံက မာန်မာနနဲ့ ဒေါသကို ရှေ့တန်းတင်ပြီး ဖြေရှင်းမိခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် စစ်မီးက ငြိမ်းမသွားဘဲ ပိုပြီး ပြန့်ထွက်လာနေ ပါတယ်။ လူထုကို စည်းရုံးရမယ့်အစား၊ အပေါ်က ဖိပြီး ပြောလိုက်တော့ လူထုကို တဖက်ဆီ တွန်းပို့လိုက်သလို ဖြစ်သွားတယ်လို့ မြင်မိတယ်။ တကယ်တမ်းမှာတော့ ပြည်ထောင်စု ကြီးကို စုစည်းကြတဲ့ နေရာမှာ စည်းရုံးရေး နည်းကသာလျှင် မှန်ကန်နိုင်ပါတယ်။ အတင်းအကြပ် စည်းရုံးတဲ့နည်းကတော့ ဒီနေ့ခေတ်မှာ ဟန်ကျဖို့ မရှိပါဘူး။
အေအေက “ဝ” ကို အားကျတယ်လို့ ပြောဖို့ ခက်ပါတယ်။ အခြေအနေခြင်းက လုံးဝ မတူပါဘူး။ ကွန်ဖက်ဒရေးရှင်းကို ပြောခဲ့တာက စစ်ခေါင်းဆောင် တယောက်က ပြောလိုက်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါကိုပဲ အေအေတဖွဲ့လုံးရဲ့ မူဝါဒ အဖြစ် ကိုယ့်ဘက်က တဖက်သတ် သတ်မှတ်နေခဲ့ရင် မှားမယ်ထင်ပါတယ်။ အခုပဲ ဆွေးနွေးပွဲတွေ လုပ်နေကြ ပြီပဲ။ အခုလာမယ့် မတ်လ ၂၁ ရက်နေ့မှာ မြောက်ပိုင်းခုနစ်ဖွဲ့နဲ့ NRPC တို့ တွေ့ဖို့ ဖိတ်ကြားထားကြပြီပဲ။ အဲဒီလို နေရာတွေမှာ ဖြေရှင်း ဆွေးနွေးလို့ ရနိုင်ပါတယ်။ တိုင်းရင်းသားတွေ ကြားထဲမှာ ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရေးရှင်း ကွဲနေကြပြီလား ဆိုတဲ့ မေးခွန်းကို တိုတိုနဲ့ လိုရင်းဖြေရရင် ကျနော်ကတော့ ကွဲနေတယ်လို့ မမြင်ပါဘူး။
မေး။ ။ ရခိုင်စစ်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်လာတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး စနစ်တွေဟာ အပြောင်းအလဲကို ဖော်ဆောင်ပေးမယ်လို့ မယုံကြည်တော့လို့ လက်နက်ကိုင် လမ်းကြောင်း ပြန်လိုက်တာလို့ ပြောနေတာတွေ ရှိတယ်။ အဲဒီ အမြင်ကို သဘောတူလား။
ဖြေ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပေါ်လာတဲ့ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး စနစ်တွေဟာ အပြောင်းအလဲကို ဖော်ဆောင်ပေးမယ်လို့ မယုံကြည်တော့လို့ လက်နက်ကိုင် လမ်းကြောင်းကို ပြန်သွားတယ်လို့ ပြောရအောင် အတော် ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ စတင်ရေးကတည်းကနေ လူထုဆန္ဒခံယူပွဲ ပြီးတဲ့အထိ အစိုးရ ကိန်းဂဏန်းတွေကသာ ထောက်ခံတယ်ဆိုပေမဲ့ လက်တွေ့လူထုကြားထဲမှာတော့ အများစုက မကြိုက်ခဲ့ကြပါဘူး။ မယုံရင် ဆရာရန်မျိုးသိမ်း အဆိုပြုနေတဲ့ ၂ဝဝ၈ ဥပဒေကို လွတ်လွတ်လပ်လပ် တခါပြန်ပြီး ထောက်ခံ/ကန့်ကွက်၊ ဆန္ဒခံယူပွဲ လုပ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ကျနော့်အမြင်ကတော့ ရခိုင်စစ်ပွဲဟာ ၂ဝဝ၈ နဲ့တော့ ပတ်သက်ကောင်း ပတ်သက် နိုင်ပေမယ့် ရာနှုန်းပြည့်တော့ မဟုတ်နိုင်ဘူးလို့ မြင်ပါတယ်။
မေး။ ။ မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံက ပိုပြီး ပါဝင်ပတ်သက်လာသလို၊ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကလည်း မြန်မာနိုင်ငံကို ဖြတ်ဝင်လာတော့မယ်။ ရထားလမ်း၊ ကားလမ်းတွေအပြင်၊ စီးပွားရေး အထူးဇုန်တွေက ရှမ်းပြည် ဖွံ့ဖြိုးရေး ကိုလည်း ဖြစ်လာစေမယ်လို့ ထင်ပါသလား။
ဖြေ။ ။ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းက အိမ်နီးချင်း မြန်မာအတွက် ရွေးချယ်စရာ မရှိသလို၊ ရှောင်လွဲှလို့လည်း မရတဲ့၊ သူများလုပ်တဲ့ စီမံကိန်းဖြစ်ပါတယ်။ ငြင်းပယ်နိုင်လောက်တဲ့ ခွန်အားက ကျနော်တို့မှာ လုံးဝမရှိပါဘူး။ ဒီကြားထဲမှာ ကိုယ့်အချင်းချင်းက ရင်ကြားစေ့အောင် မဆောင်ရွက်နိုင်ကြ ပြန်ဘူးဆိုတော့ ပိုဆိုးပါတယ်။ လိမ့်ကျလာတဲ့ လှိုင်းလုံး ကြီးထဲ ဓလိမ့်ခေါက်ကွေး ပါမသွားဖို့ပဲ ကြိုးစားရတော့မှာပါဗျာ။ မိတ်ဆွေတချို့ ပြောသလို ပြောရရင် အဲဒီအဆိုးထဲကနေ ကိုယ့်အတွက် ဘယ်လို အကျိုးအမြတ် ကျန်ခဲ့မလဲ ဆိုတာကိုပဲ ကြိုးစားရတော့မှာပါ။ ကုန်ကုန်ပြောရရင် ရနိုင် သလောက်လေး ရအောင်ယူဆိုတဲ့ သဘောပေါ့ဗျာ။ ပေးသလောက်ယူ ဆိုတာထက်တော့ နည်းနည်း သာလိမ့်မယ်ထင်ပါရဲ့။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲအတွက် SNLD ပါတီက ဘယ်လောက် မျှော်မှန်းထားသလဲ။ ဘာတွေ ပြင်ဆင်နေပြီလဲ။
ဖြေ။ ။ မျှော်မှန်းချက်ကတော့ ရာနှုန်းပြည့်ပေါ့ဗျာ။ ဒါပေမယ့် အခုထိ ဘာမှ မပြင်ဆင်ရသေးပါဘူး။ ဒါဆို ခင်ဗျားရော ဘယ်လို ဖြစ်လာမယ်လို့ ထင်မြင်မိလဲဗျ။