အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မရေး ထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နေပြည်တော်တွင် ယခုလ ၂၁ ရက်နေ့တွေ့ဆုံဆွေးနွေးရန် တရားဝင် ဖိတ်ခေါ်လိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အနေဖြင့် မတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် အဆိုပါ ၈ ဖွဲ့ထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကလည်း ၈ ဖွဲ့လုံးကို ထိုခရီးစဉ်၌ပင် တဖွဲ့ချင်းစီ သီးခြားဆွေးနွေးလိုကြောင်း တပါတည်းတောင်းဆိုထားသည်ကိုလည်းတွေ့ရသည်။
ထို့ကြောင့် အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်ပြီး လတ်တလော တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်မတော် (AA) တို့၏ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲများ၏ အလားအလာ၊ ကျန်အဖွဲ့များနှင့် အပစ်ရပ်နိုင်ရေး အလာအလာများက စိတ်ဝင်စားစရာ ဖြစ်လာသည်။
ထိုအခြေအနေများအပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းပဋိပက္ခများနှင့် ပတ်သက်ပြီး “မြောက်ဦး စစ်တမ်း” စာအုပ်ဖြင့် ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု) ရရှိခဲ့သူလည်းဖြစ် နိုင်ငံရေး သုတေသီ တဦးလည်း ဖြစ်သည့် ဦးမောင်မောင်စိုး ကို ဧရာဝတီ သတင်းထောက်ချုပ် ကျော်ခ က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကို ဒီလ ၂၁ ရက်နေ့ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တယ် ဆိုတော့ ဒီဆွေးနွေးပွဲကနေ ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်း ပြန်ပွင့်လာလိမ့်မယ်လို့ မြင်ပါသလား၊
ဖြေ ။ ။ လောလောဆယ် ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လမ်းစတခု ရှာတာလို့ပဲ ကျနော် မြင်ပါတယ်။ လောလောဆယ် ဒီဆွေးနွေးပွဲမှာလည်းပဲ ၈ ဖွဲ့က တက်ရောက်မယ်လို့ အကြောင်းပြန်ထားတယ်လို့ သိရတယ်။ ဒါပေမယ့် ဝ အပါအဝင် ပွဲ (UWSA ငြိမ်းချမ်ရေး နှစ် ၃၀ ပြည့်) လုပ်ဖို့ ကျင်းပနေတဲ့ ထိပ်သီးခေါင်းဆောင်တွေတော့ လာနိုင်မယ် မထင်ပါဘူး။
ဒါပေမယ့် တတိယ အကြိမ်ညီလာခံ နောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိတ်ဆို့နေတဲ့ အခြေအနေ မှာ NRPC အနေနဲ့ လုပ်တယ်ဆိုတာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသက်ဆက်ဖို့ အဓိက အားဖြင့် နောက်လ နောက်လတွေမှာ အသက်ဝင်တဲ့ သဘောတူညီချက်ရနိုင်တဲ့ ဆွေးနွေးပွဲ တွေ အသက်ဝင်ဖို့ အတွက် လမ်းစပေါ်တယ်လို့ပဲ ယူဆရမှာပါ။
နောက်တခုကလည်း ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော်ရဲ့ ကြေညာချက်ကလည်း တဖွဲ့ချင်း ဆွေးနွေး မယ်လို့ ဆိုထားတယ်။ NRPC အပြင် တပ်နဲ့ တဖွဲ့ချင်း ဆွေးနွေးပွဲ အခြေအနေ အနေအထာကတော့ စောင့်ကြည့် ရဦးမှာပဲ။ ဘာလို့လဲဆိုတော့ မြောက်ပိုင်း က တချို့အဖွဲ့တွေ ကတော့ သူတို့ အားလုံး စုံမှ ဆွေးနွေးမယ် ပြောတဲ့ သူလည်း ရှိတယ်။ တဖွဲ့ချင်းဆွေးနွေးမယ် သူလည်း ရှိတယ်ဆိုတော့ တပ်နဲ့ ဆွေးနွေးပွဲ ရလဒ်က ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရဦးမယ်ထင်ပါတယ်။
မေး ။ ။ ဝ ဦးဆောင်တဲ့ မြောက်ပိုင်း ၇ ဖွဲ့ဟာ လက်ရှိဆွေးနွေးနေကြတဲ့ NCA ကို ပြင်ချင်တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ NCA ကို အထူးသဖြင့် တပ်မတော်ဘက်က သိပ်မပြင်ချင်ဘူး။ ဆိုတော့ ဒီဆွေးနွေးပွဲ ကနေ ရလဒ်ကောင်းတွေ မျှော်လို့ ရပါ့မလား။
ဖြေ ။ ။ အဲဒါကတော့ အဓိကက NRPC ရော တပ်မတော်ရောက Bi-Lateral (ပဏာမ အပစ်ရပ် စာချုပ်) ပဲ ထိုးထိုး၊ DOC (ကတိကဝတ် စာချုပ် Deed Of Commitment ) ပဲထိုးထိုး ထိုးပြီးရင် NCA အမြန်ဆုံး ထိုးဖို့ လိုလားတယ်။ NCA လမ်းကြောင်းပဲ သွားချင်တယ်။ အဲတော့ NCA ကို ဟိုဘက် (အပစ်မရပ်သေးသည့်အဖွဲ့များ) က ပြင်ဖို့ လိုအပ်တယ်လို့ ယူဆနေတယ်။ ဒါပေမယ့် ခက်တာက အဲဒါကို ဆွေးနွေးတဲ့ အချိန်ကို မရောက်ဘူး ဖြစ်နေတာ။ ဆွေးနွေးတဲ့ ကာလ ရောက်လာ ရင်တော့ အဲကိစ္စကို တိတိကျကျ ဆွေးနွေး ဖြေရှင်းလို့ ရနိုင်မယ်လို့ ထင်တယ်။
မေး ။ ။ AA နဲ့ တပ်မတော်တို့အကြား ရခိုင်ပြည်နယ်ထဲမှာ လတ်တလော တိုက်ပွဲတွေက အပြင်း အထန် နေတယ်။ ဒီဆွေးနွေးပွဲကနေ ရခိုင်ပြည်နယ်ထဲက ၂ ဘက်တိုက်ပွဲတွေ ရပ်သွားစေနိုင်တဲ့ လမ်းစများ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်လို့ ရနိုင်မလား။
ဖြေ ။ ။ ၂၁ ရက်နေ့ တွေ့ဆုံပွဲ တခုတည်းသက်သက်နဲ့တော့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေ လျော့ကျ သွားဖို့တော့ ခက်ခဲမယ်လို့ ထင်ပါ တယ်။ ဒါပေမယ့် အဲဒီကနေ ပြီးတော့မှ နောက်တကြိမ် တွေ့ဆုံဖို့ ထပ်ပြီးတော့ တွေ့ဆုံမှုလုပ်ပြီး နက်နက်နဲနဲ ဆွေးနွေးမယ်ဆိုရင်တော့ တိုက်ပွဲ တွေ လျှော့ချနိုင်လိမ့် မယ်လို့ ထင်ပါတယ်။
မေး ။ ။ တခါ အပစ်ရပ် ၁၀ ဖွဲ့နဲ့ အစိုးရ အကြားက ငြိမ်းချမ်းရေး အခြေအနေကို ကြည့်မယ် ဆိုရင်လည်း အခြေအနေမလှဘူးလို့ပဲ ပြောရပါမယ်။ PPST တောင် ပျက်တော့မယ့် အခြေအနေပါ၊ လက်ရှိအခြေအနေအရဆိုရင် NCA လမ်းကြောင်းပေါ်ကိုတောင် အမြန်ပြန်ရောက်ဦးမယ်လို့ မထင်ပါဘူး။ ဆရာရော ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ အပစ်ရပ်ထားတဲ့ အဖွဲ့တွေကတော့ PPST မှာ အဓိက ရှမ်းနဲ့ RCSS နဲ့ KNU က ကိုယ်စားလှယ်တွေ ပြောင်းပေမယ့်လို့ သဘော ထား ပြောင်းလဲမယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေမှာ PPST ဆွေးနွေးပွဲကို မေလမှာ ခေါ်ထားတာ တွေ့ရတယ်ခင်ဗျ။
အဲဒီတော့ မေလ နောက်ပိုင်းမှ သာလျှင် PPST က NCA လမ်းကြောင်းပေါ်ကို မေလ နောက်ပိုင်းမှဘဲ ပြန်ရောက်လိမ့်မယ်လို့ ယူဆရပါတယ်။ လက်တွေ့ကျကျကတော့ တခုတည်းသော တပ်မတော် ပြဿနာတို့၊ ခွဲမထွက်ရ ကတိကဝတ်တို့ ကိစ္စတွေကတော့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ PPST နဲ့ အဓိက စကားပြောရမယ့်ကိစ္စတွေ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ဆရာ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးထားတဲ့ မှတ်ချက်လေး တွေ့မိပါတယ်။ ၂၀၁၇ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းပဋိပက္ခမှာ လက်နက်ငယ်တွေနဲ့ ရှင်းလင်းခဲ့တာကို UN နဲ့ INGO တွေက Genocide ဖြစ်တယ်ဆိုပြီး ဝိုင်းအော်ကြတယ်၊ ၂၀၁၈- ၂၀၁၉ မှာ တပ်က ရခိုင်နဲ့ ဖြစ်တဲ့ကိစ္စမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ လေယာဉ်တွေနဲ့ရော တိုက်တာကို UN နဲ့ INGO တို့က Genocide ဆိုပြီးအော်တာမျိုး မရှိဘူးလို့ ပြောထားပါတယ်။ ဒီအပေါ်မှာ ဆရာက ဘယ်လိုများ သုံးသပ်မိလို့လဲခင်ဗျ။
ဖြေ ။ ။ အဲဒါက ကျနော်တို့ မြန်မာပြည်မှာ တိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ ပြည်တွင်းစစ်က အများကြီး ပါ။ ကရင်မှာဖြစ်တယ်၊ မွန်မှာဖြစ်တယ်၊ ရှမ်းမှာဖြစ်တယ်၊ ကချင်မှာဖြစ်တယ်၊ အခု ရခိုင်မှာ ဖြစ်တယ် ပေါ့။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ UN တို့ INGO တို့ရဲ့ အလေးထားမှုက တော်တော် လျော့ပါတယ်။ အဲဒီတော့ ဘင်္ဂါလီ မွတ်ဆလင်တွေနဲ့ ပတ်သက်လာရင် UN တို့ INGO တို့က အရမ်းကို extreme (အစွန်းရောက်) ဖြစ်တဲ့ အသုံးအနှုန်းတွေနဲ့ တင်ပြကြတာရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီပြသနာ တွေကို မှန်မှန်ကန်ကန် ဖြစ်စေချင်တာပါ။
ဘင်္ဂါလီ မွတ်ဆလင်တွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် မြင်သလို ကျန်တဲ့ တိုင်းရင်းသားတွေက သူတို့ထက်ပိုပြီး အများကြီး ခံရတဲ့ အနေ အထားမှာ ရှိတယ်ဆိုတာကို မှန်မှန်ကန်ကန် မြင်နိုင်မှ ကျနော်တို့က ပြဿနာကို ဖြေရှင်းနိုင်မှာ။ နောက်တခုက ကျနော်တို့ တိုင်းရင်းသား တွေက ကိုယ့် ပြည်တွင်းက ပြဿနာ ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့၊ နိုင်ငံတကာနဲ့ ဘယ်လောက်ပဲ ဆက်ဆံ သည်ဖြစ်စေ၊ အကူအညီတောင်း သည်ဖြစ်စေ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းဖို့ ကြိုးစားတာပါ။
ဆိုလိုတာက ကျနော်တို့တိုင်းရင်းသားတွေက ကိုယ့်ဘာသာ ကိုယ်မကြိုက်လို့ စစ်တပ်ကို မကြိုက်လို့ လက်နက်ကိုင် တိုက်နေပေမယ့် ဒါကို နိုင်ငံတကာပြဿနာအဖြစ် ပုံဖော်တဲ့ တိုင်းရင်းသားတွေ မဟုတ်ဘူး။ ဒီလိုအနေအထားမျိုးမှာ အစိုးရနဲ့ တပ်မတော်နဲ့က တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီးတော့၊ ဒီအနေအထားတွေ ထောက်ထားပြီးတော့ တွေ့ဆုံဆွေးနွေးဖြေရှင်းစေချင်တဲ့ စေတနာပါ။
မေး ။ ။ ၂၀၁၇ ရခိုင်မြောက်ပိုင်းမှာဖြစ်တဲ့ ပြသနာမှာ ဘင်္ဂါလီမွတ်ဆလင်တွေက ဘင်္ဂလားဒေ့ရှ် ဘက် ကို ပြေးသွားတယ်။ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေမှာကျတော့ ဟိုဘက်ကို မပြေးသွားကြဘူးဆိုပြီး ဆရာက မေးခွန်းထုတ်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ရှင်းပြပေးစေချင် ပါတယ်။
ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ ဘယ်သူတွေက မြန်မာပြည်တိုင်းရင်းသားတွေလဲ၊ မြန်မာပြည်ထဲမှာ သေအတူ၊ ရှင်မကွာ ပြဿနာဖြစ်ရင် လဲ နေထိုင်လျှက်ပဲ ဆိုတာကို ဖော်ပြစေချင်တဲ့ အချက်ပါဘဲ။ တကယ်လို့ ကျနော်တို့ ၈၈ အရေးအခင်းတုန်းကလဲ အနည်းနဲ့အများ ခံတိုက် မယ်၊ စုပြီးတော့ အစိုးရ ကို တိုက်မယ်ဆိုပြီးတော့ ထိုင်းဘက် ရောက်ကြတာရှိပါတယ်။ ဒါပေမယ့် ထိုင်းဘက် ရောက်သွားပြီး တော့ နိုင်ငံသား ပြဿနာမဟုတ်ဘူးဗျ။
နယ်စပ်မှာဘဲ တိုင်းရင်းသားတွေနဲ့ အတူနေပြီးတော့ ABSDF တို့လို ဖွဲ့ပြီးတော့ ပြန်တိုက်ကြတာဘဲ။ အဲလိုအနေအထားမျိုးမှာ ကျနော်တို့ တိုင်းရင်းသားတွေက ကိုယ့်နိုင်ငံသားတွေက အဓိကအားဖြင့် ကိုယ့်ပြည်တွင်းမှာဘဲ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းလို့ ရတယ်ဆိုတာကို နိုင်ငံတကာက အသိအမှတ် ပြု သတိထားမိဖို့ လိုအပ်နေတယ်လို့ ထင်ပါတယ်။
မေး ။ ။ ဘင်္ဂါလီမွတ်ဆလင်တွေ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ နိုင်ငံတကာ ပြဿနာပုံ ဖန်တီးနေ ကြ တယ်။ လက်ရှိဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာကျတော့ ပြည်တွင်းပုံစံနဲ့ဘဲ ကိုယ့်ပြဿနာကို ဖြေရှင်းနေ ကြတယ်လို့ကို ဆရာပြောထားပါတယ်။ အဲဒါလဲ ရှင်းပြပေးပါဦးဆရာ။
ဖြေ ။ ။ ဟုတ်တယ်။ အခုဒီပြသနာကို ကုလသမဂ္ဂ ကနေပြီးတော့ နိုင်ငံတကာ ပြဿနာအဖြစ် ပုံဖော်နေတာကိုပါ။ Safe Zone သတ်မှတ် ပေးဖို့တို့၊ ကုလသမဂ္ဂကနေ ကြားဝင်ဖို့တို့ ပြဿနာ ဖန်တီးပေးနေတာပါ။
ရခိုင်အပါအဝင် ကျန်တဲ့ တိုင်းရင်းသားတွေက လက်နက်ကိုင် တိုက်ရင်တိုက် မယ်။ သို့မဟုတ် နိုင်ငံရေးပါတီအနေနဲ့ မြို့ပေါ်တရားဝင်ဥပဒေ လှုပ်ရှားရင် လှုပ်ရှားမယ်။ ဒီမြန်မာ ပြည်တွင်း ပြဿနာကို နိုင်ငံတကာပြဿနာအဖြစ် ပုံမဖော်ပါဘူး။
အဲဒါကြောင့်မို့လို့ ခုနက ကျနော်ပြောခဲ့သလိုဘဲ အစိုးရနဲ့ တပ်မတော်သည်လည်းဘဲ ကိုယ့်ပြည်တွင်း ပြဿနာနဲ့ ပတ်သက်လာရင် အလေး ထားပြီး ကျနော်တို့ အချင်းချင်း ဖြေရှင်းဖို့ လိုအပ်တယ်။
နောက် နိုင်ငံတကာသည် တိုင်းရင်းသားတွေက ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ ပြသနာ ကို နိုင်ငံတကာ ပြသနာအဖြစ် ပုံဖော်ပြီးတော့ ပုံကြီးချဲ့တဲ့သူ တွေမဟုတ်ဘူး။ ကိုယ့်နိုင်ငံ ပြည်တွင်းပြဿနာ အဖြစ် သဘောထားပြီးတော့ ဖြေရှင်းကြတဲ့သူတွေဖြစ်တယ်။
ဒီအနေအထားမှာ အစိုးရနဲ့ တပ်မတော်အနေနဲ့ ကလည်း လိုက်လျောမှုတွေ လုပ်ပြီးတော့ ကိုယ့်ပြည်တွင်း ပြဿနာကို ကိုယ့်အချင်းချင်း မှန်မှန် ကန်ကန် ဖြေရှင်းနိုင်ကြဖို့ လိုအပ်တယ်လို့ ကျနော်ဆိုလိုချင်တာပါ။
မေး ။ ။ ဒီပြသနာဖြစ်တော့ ဘင်္ဂါလီတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးကြတယ်။ AA နဲ့ဖြစ်တဲ့ တပ်မတော်နဲ့ ဖြစ်တဲ့ ပဋိပက္ခမှာကတော့ ရခိုင်တွေက ဟိုဘက်ကို မပြေးဘူး။ ဒီဘက်မှာဘဲ ကုတ်ကပ်နေကြတယ်ဆိုတော့၊ ဒါက နိုင်ငံသားဖြစ်တည်မှု၊ မဖြစ်တည်မှုအပေါ်မှာရော မမူတည်ဘူးလားဆရာ။
ဖြေ ။ ။ တိုင်းရင်းသားတွေအနေနဲ့ကတော့ ဘယ်ဒေသက ကိုယ့်ဒေသ ဘယ်ဒေသက ကိုယ့်တိုင်းရင်း သားတွေရဲ့ ဒေသဆိုတာကို ရည်ညွှန်းတဲ့ လက္ခဏာဆောင်တယ်လို့ ကျနော်တော့မြင်ပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အခြေအနေ ၂ ရပ်ကို ဆရာက ယှဉ်ပြီးတော့ ပြောပြပုံ ကြည့်ရင် နိုင်ငံတကာက ဘင်္ဂါလီ အရေးကိုပဲ ဦးတည်ပြီး ပြောဆိုနေတဲ့အပေါ်မှာ လက်မခံဘူးဆိုတဲ့ သဘောမျိုးသက်ရောက်တာပေါ့။
ဖြေ ။ ။ နိုင်ငံတကာ အနေနဲ့ ကျနော်တို့ရဲ့ မြန်မာပြည် ပြဿနာကို ကြည့်တဲ့ နေရာမှာ ကျန်တဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ ပြဿနာကို ယှဉ်ထိုးပြီး ကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ကျနော်တို့ မြန်မာပြည်ရဲ့အဓိက ပဋိပက္ခသည် တပ်မတော်ရယ်၊ တပ်မတော် ထောက်ခံ သူတွေက တဘက်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်တွေနဲ့ ဒီမိုကရက်တစ်တွေ ထောက်ခံသူ အင်အားစုတွေက တဘက်၊ တိုင်းရင်းသား ပါတီတွေ၊ တိုင်းရင်းသားပါတီတွေ ထောက်ခံ သူ တွေက တဘက် ဒီသုံးခုဟာ မြန်မာပြည်ရဲ့ ပဋိပက္ခ ဖြစ်ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘင်္ဂါလီ မွတ်ဆလင် ကိစ္စပေါ်ပြီးလာတဲ့အခါမှာ နိုင်ငံတကာပဲ ဖြစ်ဖြစ် ကုလသမဂ္ဂ တချို့အဖွဲ့အစည်း တွေပဲ ဖြစ်ဖြစ် ပြဿနာကို ကြည့်တဲ့ အခါမှာ မြန်မာပြည်ရဲ့ ပဋိပက္ခကို ဘေးဖယ် တွန်းထုတ်လိုက်ပြီးတော့ ဘင်္ဂါလီ မွတ်ဆလင် ပြဿနာကို အဓိက ပြဿနာ အဖြစ် ပုံဖော်တာသည် မှားယွင်းနေတယ် ဆိုတာကို ထောက်ပြခြင်းပဲဖြစ်ပါတယ်။
မေး ။ ။ ဆရာရဲ့ ဒီအမြင်သဘောထားအပေါ်မှာ ဆရာက အသားအရောင် ခွဲခြားတဲ့သူလားလို့ မေးလာကြရင် ဘယ်လိုများ တုန့်ပြန်မလဲ။
ဖြေ ။ ။ ကျနော်က အသားအရောင်မခွဲခြားပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း အသားအလွန်မဲတဲ့လူ ဖြစ်ပါတယ်။
ကျနော်တို့ လက်ရှိကာလမှာ ဖြစ်ပျက်နေတာ တခုရှိတယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ တရုတ်ပြည်နဲ့ ပတ်သက်ပြီး ဆန့်ကျင်ရေးလုပ်တယ် ဆိုလို့ရှိရင် ဒါ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကာကွယ်သူဖြစ်ပြီး တော့ ဘင်္ဂါလီ မွတ်ဆလင်နဲ့ ပတ်သက်ပြီး ဝေဖန်မှု ပြုလုပ်လာလို့ရှိရင်တော့ လူမျိုးရေးဝါဒီလို့ စွပ်စွဲတာတွေ ရှိပါတယ်။ ဒါတွေကလည်း အများစု ပြောတဲ့သူတွေ ပြန်ကြည့်လိုက်ရင်တော့ နိုင်ငံတကာ Donor (အလှူရှင်) ဆီက ပိုက်ဆံ ယူထားတဲ့လူတွေက အများစုဖြစ်နေတာ တွေ့ရပါလိမ့် မယ်။
ကျနော်တို့က ရခိုင်ပြဿနာပဲဖြစ်ဖြစ် မြန်မာပြည် ပြဿနာပဲ ဖြစ်ဖြစ် ကျနော့် အမြင်ကတော့ လက်တွေ့ကျတဲ့ သမိုင်းဆိုင်ရာ ပြဿနာ အဖြစ်ကြည့်စေချင်ပါတယ်။ သာမာန် လူ့အခွင့်အရေး ဒီမိုကရေစီ ပေတံလေးနဲ့ တိုင်းယုံမျှနဲ့ ကျနော်တို့ မြန်မာပြည် ပြဿနာတွေကို ဘယ်ပြဿနာမှ မဖြေရှင်းနိုင်ပါဘူး။