ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မာတင်တလာပါသည် မကြာသေးမီကက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ သူ၏ ခရီးစဉ်ရလဒ်များနှင့် ချက်-မြန်မာဆက်ဆံရေး တို့နှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာန လက်ထောက် အယ်ဒီတာ ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နှုတ် ဖော်ပြပါသည်။
မေး။ မတ်လ ပထမပတ်အတွင်း မြန်မာနိုင်ငံခရီးစဉ်မှာ နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။ ဘာ နားလည်မှု စာချွန်လွှာလဲဆိုတာ သိပါရစေ။
ဖြေ ။ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား တရားဝင်ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာ ဖြစ်ပါတယ်။ ဒါဟာ ချက်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အဆင့်တိုင်းမှာ မကြာခဏ ဆက်သွယ်နိုင်မယ့် ကိရိယာ တခုလည်းဖြစ်ပါတယ်။ ကျနော်တို့နှစ်နိုင်ငံအကြား ခိုင်မာအရေးပါတဲ့ ဆက်ဆံရေးရဲ့ သာဓကလည်းဖြစ်ပြီး အနာဂတ်မှာ ဘယ်နယ်ပယ်၊ ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို ဖေါ်ပြထားပါတယ်။
ဒါဟာ အနာဂတ်ဆက်ဆံရေးအတွက် လမ်းညွှန်၊ ကျနော်တို့ ဆောင်ရွက်လိုတဲ့ အစီအစဉ်တွေ လည်း ဖြစ်ပါတယ်။ ကျနော်တို့နှစ်နိုင်ငံအကြားဆက်ဆံရေးဟာ အရမ်းကို ခိုင်မာလို့ ချက်သမ္မတနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ဥရောပမှာ ဥရောပသမဂ္ဂ မိသားစုမှာ အရေးပါတဲ့ မဟာမိတ်ဖြစ်သင့်တယ်ဆိုတာ ထင်ရှားပါတယ်။
မေး ။ ချက်သမ္မတနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အမြဲထောက်ခံတဲ့နိုင်ငံ ဖြစ်တယ်။ လူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ အခြားကဏ္ဍတွေကိုယ်လည်း လက်ရှိ ထောက်ပံနေဆဲ လည်း ဖြစ်တယ်။ မြန်မာနဲ့ ချက်နိုင်ငံအကြား အနာဂတ်ဆက်ဆံရေးကရော ဘယ်လိုရှိနိုင်ပါလဲ။
ဖြေ ။ လူ့အခွင့်အရေးဟာ ချက်နိုင်ငံခြားရေးမူဝါဒရဲ့ အရေးပါတဲ့အခြေခံတခုဖြစ်ပါတယ်။ အရင်က အတိုက်အခံတွေကို အများကြီး ထောက်ခဲ့တယ်။ ကျနော်တို့နိုင်ငံဟာလည်း မြန်မာနဲ့အလားတူ အတွေ့အကြုံတွေရှိခဲ့လို့ ဒီနိုင်ငံ ပြုပြင်ပြောင်းလဲစေဖို့၊ စီးပွားရေးကောင်းဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ဈေးကွက်နဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက်ရာမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ကျနော်တို့က တခြားနိုင်ငံတွေထက်စာရင် သိပါတယ်။ ဒီလိုအပြောင်းအလဲအတွက် စိတ်ရှည်မှုနဲ့ ဦးတည်ရာလမ်းကြောင်းပြောင်းလဲရခြင်းတွေ လိုအပ်ပါတယ်။
ပြည်သူတွေက အပြောင်းအလဲ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ တောင်းဆိုနေပြီး ဒီလိုပြောင်းလဲဖို့ကလည်း ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ ကျနော်တို့ နားလည်သဘောပေါက်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အပြောင်းအလဲဆိုင်ရာ အတွေ့အကြုံတွေကို မျှဝေနိုင်တယ်။ ပြီးတော့ မြန်မာနိုင်ငံ တိုးတက်ဖို့၊ ဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ လူသားချင်းစာနာမှု အထောက်အကူ ပေးတာတွေကို ကျနော်တို့ တကယ်ပဲ ကူညီချင်တယ်။
မြန်မာအရာရှိတွေနဲ့တွေ့တုန်းက ကျနော်တို့ ချက်သမ္မတနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း ဆွေးနွေးဖြစ်တယ်။ ချက်နိုင်ငံက နည်းပညာတွေကို ဆောင်ယူလာဖို့ ကျနော်တို့ဒီထက်မက လုပ်ဆောင်လို့ရတယ်။ ဥပမာ စိုက်ပျိုးရေး၊ ပြုပြင်ထုတ်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း အဆင့်မြှင့်တင်ရေးတွေမှာ ချက် နည်းပညာတွေကို အသုံးပြုလို့ရတယ်။
မေး ။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံ ဝေဖန်ခံနေရတော့ ရင်းနှီးမြှုပ်နှံမှု ရှာဖွေရေးမှာ စိန်ခေါ်မှုတွေ ကြုံရတယ်။ ဆိုတော့ မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ တခြားသူတွေကို ဘာတွေ အကြံပြုချင်ပါလဲ။
ဖြေ။ ကျနော်က ကျနော်တို့ရဲ့အတွေ့အကြုံကို မျှဝေနေတယ်။ ပထမဆုံး အနေနဲ့ပြောရရင် ငွေရင်းမရှိဘဲ စီးပွားရေးကို ပြောင်းလဲလို့မရဘူး။ ပြည်တွင်းရင်းမြစ်တွေက ငွေရင်းမရှိရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေကို ဖွင့်ပေးရမယ်။ ချက်သမ္မတနိုင်ငံဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ တနိုင်ငံတည်း ဒါမှမဟုတ် နိုင်ငံအုပ်စုတခုနဲ့ပဲမလုပ်ဘဲ နိုင်ငံအများအပြားနဲ့ ဖြန့်ခွဲဆောင်ရွက်တယ်။
ကျနော်တို့နိုင်ငံမှာဆိုရင် ပြုပြင်ပြောင်းလဲရေးအစမှာ ဂျာမဏီတို့၊ နယ်သာလန်တို့လို နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ဝင်လာတာရှိတယ်။ ဂျပန်နိုင်ငံလည်း အရမ်းကို အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံသူပဲ။ ကျနော်တို့ရဲ့ ဗျူဟာသည် စီးပွားရေးထဲကို ငွေရင်း စီးဝင်မှု ထိန်းသိမ်းတာ၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးတာ၊ ဆက်ဆံရေးကို အမျိုးမျိုးထားရှိတာတွေ ပါဝင်တယ်။
ဒုတိယ အရေးကြီးတဲ့အချက်က စီပွားရေးလုပ်ငန်းတွေအတွက် အဆင်ပြေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လိုတယ်။ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့၊ လုပ်ငန်းသစ်တွေ စတင်နိုင်အောင်ကူညီနိုင်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ ရှိဖို့လည်း လိုတယ်။ ဒီလိုလုပ်တာဟာ အလုပ်အကိုင်အတွက် အလွန် အရေးကြီးတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံထဲကို ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ချက်ခြင်းပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီတွေကို ခွင့်ပြုတယ်။ ဒါတွေက မြန်မာနိုင်ငံက စီးပွားရေး အသိုင်းအဝန်းက လူတွေကို ကျနော်မျှဝေတာ ဖြစ်ပါတယ်။။
မေး ။ မြန်မာနိုင်ငံမှာ ချက်နိုင်ငံက ဘာစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေလဲ။ ဒါ့အပြင် အထောက်အပံ့တွေ ဆက်ပေးဖို့ရော ဘယ်လောက် သေချာလဲ။
ဖြေ ။ ကျနော်ပြောတာ ခင်ဗျားအံ့သြကောင်း အံ့သြသွားမယ်။ ဒါပေမယ့် ချက်နိုင်ငံက ကုန်ပစ္စည်း တင်ပို့ နိုင်တာထက် မြန်မာနိုင်ငံက ချက်သမ္မတနိုင်ငံကို တင်ပို့တာ ပိုများတယ်။ ဒါကို လူအတော်များများက သိကြမယ်လို့ ကျနော်မထင်ဘူး။ ဒါကြောင့် ချက်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ မြန်မာက ပိုငွေတွေရနေတယ်။ ချက်နိုင်ငံရဲ့ စာရင်းအင်းတွေအရ မြန်မာရဲ့ ချက်နိုင်ငံကို တင်ပို့ကုန်က တနှစ်ကို ဒေါ်လာ သန်း ၈၀ လောက် ရှိနေတယ်။ ဒါဟာ နည်းတဲ့ ပမာဏတော့ မဟုတ်ဘူး။ ပို့ကုန်တွေထဲ အထည်အလိပ်တွေ၊ စားသောက်ကုန်တွေ နဲ့ ကုန်ကြမ်းပစ္စည်းတချို့ ပါတယ်။ ဆေးဝါးလုပ်ငန်းနဲ့ အင်ဂျင်နီယာကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းရှိတယ်လို့ ကျနော်ထင်တယ်။ အနာဂတ်မှာ ကုန်စည်တွေ တန်ဖိုးမြှင့်ပေးဖို့ ဆက်ဆံရေးအဆင့်မြှင့်တင်ဖို့ အခြေခံတွေ ရှိတယ်လို့ကျနော်ထင်တယ်။
ဒီပေါ်မှာ အခြေခံပြီးတော့ မြန်မာကုမ္ပဏီတွေအတွက် ဥရောပဈေးကွက်မှာရနေတဲ့ အထူးကုန်သွယ်ခွင့် အခွင့်အရေးကို ဆက်ထိန်းထားဖို့ အရေးကြီးတယ်လို့ ကျနော်ထင်တယ်။ ဥရောပဈေးကွက်ကို လက်နက်မှလွဲ၍ အခြားပို့ကုန်များအား အကောက်ခွန်မဲ့ တင်ပို့ခွင့်ရတဲ့ သဘောတူစာချုပ်ဟာ မြန်မာကုမ္ပဏီတွေအတွက် အရေးပါတဲ့ တွန်းအားဖြစ်သည်။ ဒီအားသာချက်ကို အနာဂတ်မှာလည်း ဆက်ထိန်းထားနိုင်ဖို့ အရေးကြီးတယ်လို့ ထင်တယ်။ ဒီအချိန်အတွင်းမှာ စီးပွားရေးကို တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတယ်။ ဒါမှသာ အနာဂတ်မှာ တောင့်တင်းခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမယ်။
မေး ။ အရင် ချက်သမ္မတဟောင်း ဗားကလက်ဟာဗယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူလည်းဖြစ် ထောက်ခံသူလည်းဖြစ်လို့ သူ့ကို မြန်မာပြည်သူတွေက အကျွမ်းတဝင်ရှိကြတယ်။ ကျမတို့ နှစ်နိုင်ငံမှာ ဘာတွေ တူညီမှုရှိလဲ။ သူ တာဝန်ယူစဉ်ကာလအတွင်းက ချက်ရဲ့ အတွေ့အကြုံနဲ့ အခုမြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူနေစဉ်ကာလအတွင်း အတွေ့အကြုံအပေါ် ဘယ်လိုမြင်မိလဲ။
ဖြေ ။ ဗားကလက်ဟာဗယ် က အမွေအနှစ်ပဲ။ အခု ချက်နိုင်ငံနဲ့ နိုင်ငံရေးမှာ သတိတရ ရှိရတဲ့ အမွေအနှစ်ပုဂ္ဂိုလ်ဖြစ်တယ်။ သူဟာ အတိုက်အခံကနေ သမ္မတဖြစ်လာတဲ့သူ။ ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖြတ်သန်းမှုနဲ့ နှိုင်းယှဉ်ရင် တအားကို နီးစပ်တယ်။ သူတို့တွေဟာ မိတ်ဆွေကြီးတွေဖြစ်ပြီး တယောက်ကို တယောက်လည်း နားလည်ကြတယ်။
ဗားကလက်ဟာဗယ် သမ္မတ စဖြစ်တော့ တနှစ်အတွင်း စတင်ဝေဖန်ခံရတာပဲ။
စီးပွားရေးက အရမ်းမြန်မြန်တိုးတက်မယ်လို့ ကျနော်တို့ ချက်ပြည်သူအများက သူ့လက်ထက်မှာ မျှော်လင့်ခဲ့ကြတယ်။ အလုပ်လက်မဲ့ မရှိတော့ဘဲ အရာရာအဆင်ပြေပြီး အိမ်နီးချင်းချမ်းသာတဲ့ နိုင်ငံတွေလို ချက်ခြင်းဖြစ်သွားမယ်လို့ ထင်ခဲ့ကြတာ။
စီးပွားရေးကို အသွင်ကူးပြောင်းရာမှာ အချိန်လိုတဲ့အတွက် ဒါတွေဟာ ချက်ချင်း မဖြစ်နိုင်ဘူး။ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အဆင့်ကို ရောက်ဖို့ နှစ် ၅၀ လိုခဲ့တယ်။ စိတ်ရှည်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ထိန်းထားနိုင်ဖို့လည်း လိုတယ်။
လူတွေ ဒါကို လက်ခံအောင်လုပ်ဖို့ဆိုတာ တခါတခါ မလွယ်ဘူး။ ပြီးတော့ အမှားတွေကိုလည်း ရှောင်ရှားရမယ်။ တချို့ပြုပြင်ပြောင်းလဲရေးတွေမှာ ကျနော်တို့လည်း အမှားတွေလုပ်ခဲ့တယ်။ ဒီလိုသင်ခန်းစာတွေရှိတဲ့ ကျနော်တို့ဆီက အကြံဥဏ်ရယူဖို့ အရေးကြီးတယ်။ ဒီလိုအရေးကြီးတဲ့ ပြည်သူနှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေးအပေါ် အခြေခံတာတွေကြောင့် ဥရောပနဲ့ ဥရောပသမဂ္ဂမှာ ချက်နိုင်ငံက မြန်မာနိုင်ငံရဲ့မိတ်ဖက်ပါ။
ကျနော်တို့ ဝန်ကြီးချုပ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတနိုင်ငံကို လာလည်ဖို့ ဖိတ်တာကို ကျနော်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တယ်။ အဲဒီခရီးစဉ်က မကြာခင်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ အရေးကြီး ဆုံးဖြတ်ချက်တခုကတော့ ချက်သမ္မတ နိုင်ငံမှာ မြန်မာသံရုံးဖွင့်ဖို့ပါ။ ဒါက မြန်မာနိုင်ငံရဲ့ ဥရောပနိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်မှာ ချက်နိုင်ငံဟာ အရေးပါတဲ့ အခန်းက ပါတယ်ဆိုတာ ပြသတာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီဖြစ်ပေါ်တိုးတက်မှုတွေမှာ ကူညီဖို့အသင့်ပါ။
ဒီသံရုံးဖွင့်နိုင်ရေး ကြိုးပမ်းနေတာ နှစ်အတော်ကြာပါပြီ။ အခု ဖွင့်နိုင်တော့မယ်ဆိုတော့ ဒီမိုကရက်တစ်မြန်မာဟာ ပရာ့ဂ်မြို့မှာ ခိုင်မာတဲ့ သံတမန်ဆက်ဆံမှု ရှိလာတော့မှာ ဖြစ်ပါတယ်။
မေး ။ ဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၅ မှာရယ်၊ ၂၀၁၇ မှာရယ် အခု ၂၀၁၉ ခုနှစ်မှာရယ်ဆိုရင် လာလည်တာ ၃ ခါရှိပြီ။ ဘာတွေပြောင်းလဲသွားတာတွေ့ရလဲ။
ဖြေ ။ ကျနော်ရဲ့ ပထမဆုံး ခရီးစဉ်က ၂၀၁၅ ခုနှစ်ဇန်နဝါရီလ ဖြစ်တယ်။ အဲဒီတုန်းက အစိုးရအရာရှိတွေနဲ့ တွေ့ခဲ့တယ်။ အဲဒီကာလက ပြည်သူတွေကြားမှာ အပြောင်းအလဲ မျှော်လင့်ချက်တွေ ရှိနေတာ တွေ့ရတယ်။ တဘက်က ကျပြန်တော့ အစိုးရက အရာရာကို ဗဟိုချုပ်ကိုင်ဖို့၊ အရာရာကို ကြိုတင်စီစဉ်ဖို့ စဉ်းစားနေတဲ့ပုံမျိုး ကျနော်ထင်တယ်။ ဈေးကွက် စီးပွားရေးရဲ့အမှားတွေကို ကျနော်တို့ရှောင်ရှားဖို့ လိုတယ်။
အခုတော့ ကျနော့်အမြင်မှာ ဒီနိုင်ငံက ပြောင်းလဲလာပြီ။ အပြောင်းအလဲတွေကို ဒီမှာနေပြီး ကြည့်ရင် တနေ့ချင်း ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ရုတ်တရက် မမြင်သာတော့ ဒီကလူတွေထက် ကျနော့်လို အပြင်က လူက ပိုမြင်သာတယ်။ ကျနော့်အတွက်တော့ ကြီးမားတဲ့အပြောင်းအလဲတခုပဲ။ မြို့ကြီးတွေမှာ အဆောက်အအုံသစ်တွေ၊ ထုတ်ကုန်တွေ အများအပြားတွေ့ရပြီး လူတွေလည်း အတော်လေးပိုပြီး လွတ်လပ်လာတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ပြင်နေတယ်။ ဒါက စိန်ခေါ်မှုတွေပဲ။ ဒါက ဘဝပဲ။ ဒါက တခြားနိုင်ငံတွေအတွက်ကိုလည်း စီးပွားရေပြုပြင်ပြောင်းလဲမှု ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားဖို့ သတင်းကောင်းပဲဖြစ်တယ်လို့ ကျနော်ထင်တယ်။
တွေ့ဆုံဆွေးနွေးရေးက အရေးကြီးတယ်။ မြန်မာနိုင်ငံက အထင်ကရနေရာ အလှအပတွေနဲ့ သမိုင်းဝင်နေရာတွေကြောင့်လည်း ဒီနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုလာကြတာ တွေ့ရတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ကြွယ်ဝမှုကို ယုံကြည်တယ်။
မေး ။ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက တပ်မတော်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်တရားရုံး တင်ဖို့ ကြိုးစားနေတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ ။ ဥရောပသမဂ္ဂအမြင်ပြောရရင် မြန်မာနိုင်ငံရှိနေတဲ့ ပဋိပက္ခအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ တွေ့ဆုံဆွေးနွေးရေး ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးတယ်။ အခက်အခဲတွေ ရှိပေမယ့် တွေ့ဆုံဆွေးနွေးရေးကဆင့် ဒီကိစ္စရပ်တွေကို ဖြေရှင်းဖို့ တွေ့ဆုံညှိနှိုင်းမှု ဆက်ထားဖို့ လိုတယ်။
မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ဥရောပမှာ ပြောဆိုဝေဖန်မှုတွေရှိပေမယ့် တွေ့ဆုံ ဆွေးနွေးရေးလုပ်ခြင်းအားဖြင့်၊ အဖြေရှာဖို့ ကြိုးစားခြင်းအားဖြင့် အလွယ်တကူ ကျော်လွှားနိုင်မယ် ထင်တယ်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွေလို အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ ရှိလာတာ တွေ့ရတယ်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ နိုင်ငံခြားဘဏ်တွေကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုတဲ့ ဥပဒေတွေ၊ အသေးစားအလတ်စားလုပ်ငန်းတွေအတွက် အစီအစဉ် တွေ၊ အခြေခံအဆောက်အအုံတွေ ရှိလာတယ်။ ဒါတွေက တောင်းဆိုနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေပဲ ဖြစ်တယ်။
နိုင်ငံရေးမှာ ဖြစ်နိုင်ခြေရှိတဲ့ စိန်ခေါ်မှုတွေအားလုံးကို ငြိမ်းချမ်းစွာဆွေးနွေး အဖြေရှာခြင်းကတဆင့် ဖြေရှင်းဖို့ အရေးကြိးတယ်။ မြန်မာပြည်သူတွေ ကြွယ်ဝချမ်းသာဖို့အတွက် အရေးပါတဲ့ ညီညွတ်ရေးကို ဘယ်လိုဆက်လက်ထိန်းသိမ်းမယ်ဆိုတာ လူတွေကို ဖိတ်ခေါ်ဆွေးနွေးဖို့ အရေးကြီးတယ်။
မေး ။ ချက်သမ္မတနိုင်ငံရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒက အရင်အတိုင်းပဲလား။ ဘာတွေပြောင်းလဲသွားလဲ။
ဖြေ ။ ကျနော်တို့ရဲ့မူဝါဒက မပြောင်းလဲဘူး။ သံတမန်ဆက်ဆံရေးအားလုံး တိုးတက်နေတာကိုပဲ ကျနော်တို့က မြင်လိုတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားပေးချင်တယ်။ လူ့အဖွဲ့အစည်း တိုင်းရဲ့ စိန်ခေါ်မှုအားလုံးကို ကျော်လွှားပြီး ငြိမ်းချမ်း ခိုင်မာပြီး ဒီမိုကရေစီနည်းကျ ညီညွတ်တဲ့ မြန်မာနိုင်ငံကို မြင်လိုတယ်။
မေး ။ ဘာများဖြည့်စွက်ပြောလိုပါသေးလဲ။
ဖြေ။ ချက်သမ္မတနိုင်ငံကို မြန်မာပြည်သူတွေ လာလည်ဖို့ အခွင့်အရေးပိုရလာဖို့ မျှော်လင့်တယ်။ ကျနော်တို့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ နီးစပ်ကြရုံသာမက ချက်နိုင်ငံမှာလည်း ဒီကလူတွေလိုပဲ ဆိုတာကို လေ့လာနိုင်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့က တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံ ရတာကို နှစ်ခြိုက်ကြတယ်။ ကျနော်တို့က ပွင့်လင်းကြတယ်။ အချိန်တွေ အတူတကွ ကုန်ဆုံးရင်း၊ ဘ၀ တာဝန်တွေ ထမ်းဆောင်ရင်း၊ လက်ဖက်ရည် ကော်ဖီသောက်ရင်း နိုင်ငံရေးသမားတွေ အကြောင်း နိုင်ငံရေးအကြောင်း ပြောဆို ဝေဖန်ရတာ ကျနော်တို့ နှစ်သက်တယ်။
( Nyein Nyein ၏ Czech Republic Vows to Strengthen Relations, Economic Support ကို ဘာသာပြန်သည်။)