တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ရခိုင်ပြည်နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော်မတီ တရပ်ကို မတ်လ ၁၄ ရက် နေ့စွဲဖြင့် နိုင်ငံ တော် သမ္မတရုံးက ဖွဲ့စည်းခဲ့သည်။
ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက် ဖြစ်စေရန် ဖန်တီး လှုံ့ဆော်မှုများ၊ ထပ်မံ မဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဖော်ပြထား သည်။
ထိုအထောက်အကူပြု ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌ ဦးအေးသာအောင်က တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌ (၁) အဖြစ် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုဥက္ကဋ္ဌ (၂) အဖြစ် ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးညီပုတို့က တာဝန်ယူကာ အဖွဲ့ဝင်များ အဖြစ် ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှ စောနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ တို့ကို ထည့်သွင်းထားသည်။
ယင်းသို့ နိုင်ငံတော်သမ္မက ဖွဲ့စည်းထားသော ရခိုင် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီတွင် အဖွဲ့ဝင်များ အဖြစ် ထည့်သွင်း ထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော နှင့် အမျိုးသား လွှတ်တော် ကိုယ်စာလှယ် ဒေါ်ထုမေတို့ကို တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိဘဲ ကော်မတီထဲတွင် ထည့်သွင်းထားသည့် အတွက်လည်း ကော်မတီအပေါ် ဝေဖန်မှုများ ဖြစ်ပွားလျှက် ရှိသည်။
ထိုသို့သော အကြောင်းအရာများနှင့် ပတ်သက်ပြီး ရခိုင်စစ်မီး တောက်လောင်နေသော ကာလအတွင်း နိုင်ငံတော်သမ္မ ဦးဝင်းမြင့်က ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအပေါ် သဘောထား အမြင်များကို ဧရာဝတီသတင်းထောက် မင်းအောင်ခိုင်နှင့် လဲ့လဲ့ တို့က မေးမြန်းထားသည်။
ဦးဦးလှစော
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
အမှန်က ကော်မတီ တခုဖွဲ့ရင် ကျနော်တို့ကို ရွေးချယ်တယ်။ ကျနော်တို့ရဲ့သဘောထား ဘယ်လိုရှိလဲ။ နောက်တစ်ခုက ကော်မတီတခုရဲ့ လုပ်ငန်း တာဝန်ဆိုတာ ဘာလဲ ဆိုတာတွေကို အားလုံးပြောပြသင့်တယ်။ ပြီးမှ ကျွန်တော်တို့က လုပ်မယ်မလုပ်ဘူးဆိုတာကို ဆုံးဖြတ်ရမယ်။
အခုက အကြောင်းကြားခြင်းလည်းမရှိဘူး။ ဘာတခုမှလည်းမရှိ။ ကော်မတီရဲ့ လုပ်ငန်းတာဝန်ဘာလဲ။ ဘယ်နေ့၊ ဘယ်အစည်း အဝေး လုပ်မယ် ဆိုတာလည်း တခုမှ မသိဘဲနဲ့ ကော်မတီ စာရင်းထဲမှာ ထည့်ထားလိုက်တယ်။ ဒီဟာသည် ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို မလေး မစားတာ။ အားမနာလုပ်ရာ ကျတယ်။
ကျနော်က ဒီကော်မတီမှာ ပါချင်တာလဲမဟုတ်။ ပါမယ်။ မပါဆိုတာကလည်း ကျနော် ဆုံးဖြတ်ရမယ့် ကိစ္စ။ သူတို့က လူတစ်ယောက်ကို ဟေ့ကောင် မင်းလာစမ်း ဒီနေရာမှာ လုပ်စမ်း ဆိုလို့မရဘူး။ ဒီလိုလုပ်တာက ဦးဦးလှစောကို မဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို စော်ကားတာဖြစ်တယ်။ ဒီဟာက နိုင်ငံတော်ကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတခုမှာ လုံးဝမလုပ် သင့်တဲ့အရာ၊ မှားယွင်းတဲ့ ကိစ္စတခုဖြစ်တယ်လို့မြင်တယ်။
ကော်မတီရဲ့လုပ်ငန်းတာဝန်တွေကို ကြည့်လိုက်တဲ့အခါ တိကျတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းတာကို တွေ့ရပါတယ်။ နောက်တချက်က ဘာတခုတွေ့ရလဲဆိုရင် အစိုးရ၏ မူဝါဒ ပေါ်လစီများကို ရှင်းလင်းခြင်း။ ရှင်းလင်းပေးဖို့တာဝန်ပေးထားတယ်။ ကျနော်က မြောက်ဦး မြို့နယ်က ပြည်သူတွေရွေးချယ်တင်မြောက် လိုက်တဲ့ ရခိုင်အမျိုးသားပါတီက အမတ်တယောက်။ ငါသည် NLD အစိုးရရဲ့ ကိုယ်စား လှယ်လည်း မဟုတ်။ NLD ပါတီဝင်လည်း မဟုတ်။ NLD အမတ်လည်း မဟုတ်ဘူး။
ဒါကြောင့် NLD အစိုးရရဲ့ မူဝါဒ ပေါ်လစီကို ကျနော်က တာဝန်ခံပြီး ရှင်းပြဖို့ အလုပ်ဆိုတာ ကျနော်နဲ့ တခုမှ မဆိုင်ဘူး။ နောက်တချက်က ရခိုင်ပြည်မှာ ပြဿနာများ ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ အကြောင်းအရင်း ဒုက္ခသည်တွေ သောင်းချီဖြစ်လာနေတဲ့ အကြောင်းအရင်းဟာ အချက်အလက်တွေ အများကြီးရှိနေတယ်။
ပထဝီ နိုင်ငံရေးတွေ၊ ပြည်တွင်းစစ် နောက်ဆက်တွဲ ပြဿနာ အများကြီးရှိတယ်။ အဲဒီလိုအချက်လက်များစွာထဲမှာ ရခိုင်ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ။ လူထုနဲ့ကင်းကွာတာ။ အောက်ခြေမှာ ဘာဖြစ်နေလဲဆိုတာ မသိတာ။ ပြဿနာကို သတ္တိရှိရှိ ရင်မဆိုင်ရဲတာ အချက်အလက်တွေ အများကြီး ပါတယ်။
ဒီဟာသည် အစိုးရရဲ့ စီမံခန့်ခွဲမှု အလွန် ညံ့ဖျင်းတယ်။ အဲဒီ ညံ့ဖျင်းတာတွေကို ကျနော်က ကာကွယ်ပေးရမှာလား။ ကျနော်က ဘာကိုရှင်းပြရမှာလဲ။ ပေါ်လစီ Guide Line ချပေးလို့လည်း ကျနော် လက်ခံနိုင်စရာ အကြောင်း မရှိဘူး။ အဲဒီအတွက်ကြောင့် ဒီတာဝန်တွေကို ကျနော်ထမ်းဆောင်နိုင်စရာ အကြောင်းမရှိဘူး။ အစကတည်းက ဒီလိုတာဝန်တွေ ပါလာတယ်ဆိုကတည်းက ကျနော်ကို မထည့်ကြပါနဲ့လို့ ကျနော် ပြောမယ်။
အစိုးရကို အကြံပြုတိုက်တွန်းချင်တာက သူတို့လုပ်ကိုင်တာတွေကိုတော့ ကျနော်အနေနဲ့ တားပိုင်ခွင့်လည်း မရှိဘူး။ တားစရာလည်း မလိုဘူး။ အမှန်တကယ်လုပ်ရမှာကတော့ ဒီစစ်ပွဲကို ရပ်ပစ်ရမယ်။ နှစ်ဦးနှစ်ဘက်ရပ်တန့်ရမယ်။ အားကြီးတဲ့လူက အရင် ရပ်ရမယ်။
AA အနေနဲ့လည်း တပ်မတော်က ထိုးစစ်ရပ်ရင် သူတို့ကလည်း ရပ်ပေးရမယ်။ ငြိမ်းချမ်းရေး စကားဝိုင်းသို့ တက်လာရမယ်။ ဝမ်းသားစရာ သတင်းတခုက အခုလာမယ့် ၂၁ ရက်နေ့မှာ နေပြည်တော်ကို အဖွဲ့ ၈ ဖွဲ့လာမယ့် အထဲမှာ ULA လည်းပါတယ်လို့သိရတယ်။ အဲဒါဝမ်းသာစရာပါ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးလိုက်ပါ။ တိုက်ပွဲများကို ရပ်လိုက်ပါ။
အခုဖြစ်နေသော အကျိုးဆက်ကြောင့် ဒုက္ခရောက်နေသော သောင်းနဲ့ချီသော ရခိုင်ပြည်သူအတွက် ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရမှ အထူး ရန်ပုံငွေထဲမှ အပြည့်အဝ အသုံးချပြီးတော့ ဒီလူတွေကို မိမိတို့ အိမ်ကို ပြန်သွားဖို့ စားဝတ်နေရေး အားလုံး ပြဿနာတွေ ပြေလည်ဖို့ ပြည့်ပြည့်ဝဝ မဆိုင်းမတွပဲ အမြန်ဆုံး ပြည်ထောင်စု အစိုးရက လုပ်ဆောင်ပေးပါ။ ဒီတာဝန်ကို ရခိုင်ပြည်နယ်အစိုးရ ပြည့်ပြည့် ဝဝတာဝန်ယူပါ အဲဒီ အချက်တွေကို ပဲ ပြောချင်တယ်။
ဒေါ်စောမြရာဇာလင်း
ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP)
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုဥက္ကဋ္ဌ
ရခိုင်ပြည်ရဲ့ အနေအထားကတော့ တကယ့်ကို ဆိုးဆိုးဝါးဝါး အခြေအနေကို ရောက်နေပြီလို့ ကျမက ထင်တယ်။ ဒီတိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကိုကျတော့ တကယ့်ကို ရင်ဆိုင်တိုက်ပွဲဖြစ်နေကြတဲ့ အဖွဲ့အစည်းတွေ ကြားမှာ နဖူးတွေ့ ဒူးတွေ ဆွေးနွေးဖို့ လိုအပ်လာပြီလို့ ကျမမြင်တယ်။ တဖက်မှာကျတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ ကျမတို့အဖွဲ့အစည်းတွေနဲ့လည်း နိုင်ငံရေးအကျိုးကို ကြည့်ပြီးတော့မှ ဆွေးနွေးသင့် တယ်လို့ မြင်တယ်။ ကျမတို့ကိုလည်း အကြောင်းကြားတာ မရှိဘူး။ ကော်မတီဖွဲ့လိုက်တဲ့အပေါ်မှာလည်း ပြည်သူဆီကလည်း မကျေနပ်တဲ့အသံတွေထွက်လာတယ်။ ပါဝင်တဲ့ပုဂ္ဂိုလ်တွေကလည်း မကျေနပ်တဲ့ အသံတွေ ထွက်လာတယ်။ တကယ်လို့များ ဖွဲ့မယ်ဆိုရင် ရခိုင်တွေကို အနိမ့်ဆုံး အစည်းအဝေးခေါ်လိုက် သင့်တယ်လို့ ကျမမြင်တယ်။ အဲလိုအစည်းအဝေးခေါ်ပြီးတော့မှ ဒီခေါင်းဆောင်တွေကိုတော့ ရခိုင်တွေဘက်က ရွေးချယ်ပြီး ထည့်တာက ပိုကောင်းတယ်လို့ မြင်တယ်။
အခုက ဘာတွေလုပ်နိုင်မလဲဆိုတာကတော့ ကျမအနေနဲ့ဆိုရင် လမ်းစတောင် ပျောက်နေသလိုပါပဲ။ IDP တွေ တိုးလာတာလည်း ကြားနေရပြီးတော့ ကျမစိတ်ပူတာကတော့ မြောက်ဦးမှာဖြစ်နေတဲ့ ကိစ္စတွေအပေါ် အရမ်းစိတ်မကောင်းဖြစ်တယ်။ စိတ်ပူတယ်။ ဒါကလည်း လူမူရေးနဲ့ ချိတ်ဆက်ပြီးတော့မှ သမိုင်းအမွေအနှစ်တွေနဲ့ လည်း ဆက်စပ်တယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေနဲ့ သမိုင်းအမွေအနှစ် ရှိနေတဲ့ နေရာတွေမှာတော့ တိုက်ပွဲတွေကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ ကျမ မြင်တယ်။
ရခိုင်အရေးကို တကယ့်ကို အကောင်းဆုံးကိုင်တွယ်ချင်တယ်ဆိုရင် ရခိုင်တွေနဲ့ ခဏခဏ အစည်းအဝေး ခေါ်နိုင်အောင် ကြိုးစားဖို့လိုတယ်။ ဒါမှ မဟုတ်ရင် ဖွဲ့လိုက်လို့ အဓိပ္ပါယ်မရှိပဲလည်း ဖြစ်သွားနိုင်ပါတယ်။ အဓိကကတော့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီကလည်း အစိုးရနဲ့လည်း တွေ့သင့်သလို ရခိုင်ပြည်လွတ်မြောက်ရေးပါတီပါဝင်သင့်တယ်။ ပြီးရင် ရခိုင်အမျိုးသားပါတီပါသင့်တယ်။ ပါတီကြီးတွေက ခေါင်းဆောင်တွေ၊ CSO က အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့ ကျမတို့က လက်ရှိပြဿနာတွေကို သုံးသပ်ဖို့ အတွက် အခြေအနေဖန်တီးသင့်တယ်လို့ ကျမပြောချင်တယ်။
ဦးမောင်မောင်စိုး
နိုင်ငံရေးလေ့လာသုံးသပ်သူ
အဲဒီလက်ရှိကော်မတီမှာ တချို့ ကော်မတီဝင်တွေက သူတို့ကိုလည်း အသိပေးတာမျိုး အကြောင်းကြားတာမျိုး မရှိဘူးဆိုတော့ အဲ့ဒီကော်မတီဝင်တွေ ကိုယ်တိုင်ကိုယ်က ဒီကော်မတီနဲ့ပတ်သက်ပြီး မန်းဒိတ်က ဘာလုပ် ရမလဲ။ ဘာမလုပ်ရဘူးဆိုတာ မသိကြသေးတဲ့အချိန်မှာ ဒီကော်မတီအနေနဲ့ ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ကတော့ စဉ်းစားစရာကောင်းတယ်လို့ ထင်ပါတယ်။ သူတို့လိုချင်တဲ့ပုံစံကတော့ ရခိုင်တိုင်းရင်းသားတွေ ထည့်ထားပြီးတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ရည်ရွယ်တယ်နဲ့ တူပါတယ်။
သို့သော်လည်း ကော်မတီထဲမှာ တပ်ဘက်က တယောက်မှ ပါတာမတွေ့ရဘူး။ နယ်လုံတယောက် တော့ ပါတယ်။ အဲ့ဒီအချိန်မှာ တပ်နဲ့လည်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ တပ်ကိုကျော်ပြီး ဒီကော်မတီအနေနဲ့လုပ်လို့ ရပါ့မလားဆိုတာ စဉ်းစားစရာ ခက်ခဲမယ် ထင်ပါတယ်။ ရခိုင်နဲ့ ပတ်သက်တဲ့ ကော်မတီက ၁၀ ခုကျော်သွားပြီဆိုတဲ့အချိန်မှာ ဒါနဲ့ပတ်သက်ပြီးတော့ လူထုကြားထဲမှာ သံသယရှိတယ်။
အဓိကကတော့ ကျနော်တို့ဖြစ်စေချင်တဲ့ဆန္ဒကတော့ NLD အစိုးရအနေနဲ့ ရခိုင်လူထုက မန်းဒိတ်ပေးထားတဲ့ ANP ပါတီနဲ့တွေ့တာ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့တာ တွေ့ဆုံပြီး ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆွေးနွေးတာ။ အဲလိုဆွေးနွေးပြီးတော့မှ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့မှ ကော်မတီတရပ်ဖွဲ့တယ် ဆိုရင် နောက်ပြီး အဲဒီကော်မတီကိုလည်း တစုံတရာလုပ်ပိုင်ခွင့်ပေးတယ်ဆိုရင် အဲဒါဆိုရင်တော့ တစုံတရာ အလုပ်ဖြစ်လိမ့်မလားလု့ိမျှော်လင့်မိပါတယ်။
ဦးမျိုးကျော်
အထွေထွေ အတွင်းရေးမှူး
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)
ဒီကော်မတီနဲ့ ပတ်သက်လို့ အခုချိန်ထိ အဲဒီကော်မတီမှာ သမ္မတ ကနေပြီးတော့ ဒီကော်မတီကို ဒီပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းလိုက်တယ် ဆိုပြီးတော့ သိရတယ်။ သို့သော် ကော်မတီမှာ ပါတဲ့ လူတွေထဲမှာ တချို့သော ပုဂ္ဂိုလ်တွေကလည်း သူတို့ မသိဘူးလို့လည်း သိရတယ်။ အဲဒီတော့ ကော်မတီမှာ မပါဘူး ။ လက်မခံဘူးဆိုတာတွေကိုလည်း ကြားနေရတယ်။ ဆိုလို တာက ဒီကော်မတီဖွဲ့စည်းလိုက်တာဟာ ပွင်းလင်းမြင်သာမှု တခုမှ မရှိဘူးဆိုတဲ့ သဘော ဖြစ်တယ်။
ဒီနေ့အထိ ရခိုင်ပြည်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ အများကြီးရှိပါတယ်။ သို့သော်လည်း အရပ်ဘက်အဖွဲ့အစည်းတွေ ၊ နိုင်ငံရေး ပါတီတွေ ဒီဟာတွေ ကို အသိအမှတ်မပြုဘဲနဲ့ လုပ်နေတဲ့ လုပ်နည်း၊ လုပ်ဟန်တွေကတော့ ယခင့် ယခင်က ရှိခဲ့တဲ့ အစိုးရ ပုံစံတွေနဲ့ ထူးမခြားနားဘူးဆိုတဲ့ အနေအထားကို ကျနော်တို့ တွေ့နေရပါတယ်။ ဒီဟာတွေက ဘာပဲ ဖြစ်ဖြစ် ဒီနေ့ အချိန်အခါမှာ ပြည်သူ ရွေးချယ်ပြီးတော့ ပြည်သူ့အစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့တော့ ဒီလိုမျိုးလုပ်ရပ်တွေကို ပြုပြင်သင့်တယ်။ ဒီအတိုင်း အပြုအမှု ဆက်ပြီး ကျင့်နေမယ်ဆိုရင်တော့ ပြည်သူတွေနဲ့ ပိုပြီးတော့ ဝေးကွာသွားမယ်ဆိုတာကို ကျနော်ကတော့ ပြောချင်တယ်။
အခုချိန်မှာ စစ်ရေးတွေ ရခိုင်ပြည်နယ် ဖြစ်လာတဲ့ အခါ ဒီစစ်ရေးကြောင့် အနိမ့်ပါးဆုံး ဖြစ်သွားမယ်။ မတိုးတက်ပဲ ဖြစ်သွားမယ် ဘာညာဆိုပြီး အကြပ်ကိုင်ပြီး ပြောလာတာတွေကိုတော့ ကျနော်တို့က ပြင်းပြင်းထန်ထန်နဲ့ ကန့်ကွက်တယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုး အားလုံးနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ ဖြစ်တယ်။ အဲဒီအတွက် ကြောင့် တိုင်းရင်း အရေးဟာ ပြည်ထောင်စု အရေး ဖြစ်တယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ပုံဖော်ထားတာ ဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်မှာ တိုင်းရင်သားတွေကို အကာအကွယ် မပေးဘဲနဲ့ တိုင်းရင်းသားပြည်နယ်တွေထဲမှာပဲ စစ်ပွဲ ဖြစ်နေတာတွေကိုတော့ အစိုးရအနေနဲ့ ပြုပြင်သင့်ပြီး ။ တနည်းအားဖြင့် ပြောရရင် လာဖြစ်နေတဲ့ စစ်ပွဲတွေအားလုံးဟာ တိုင်းရင်းသား ပြည်နယ်တွေမှာပဲ ဖြစ်တယ်။ ပြည်နယ်တွေမှာပဲ စစ်ပွဲဖြစ်တာဖြစ်တယ်။ အဲဒီအတွက် အစိုးရဘက်ကနေပြီး တဘက်က ရပ်ပြီး ဆောင်ရွက်ရမယ်လို့ ကျနော် အနေနဲ့ ပြောချင်ပါတယ်။
ဒေါ်ခွန်ဂျာ
ကချင် ငြိမ်းချမ်းရေး ကွန်ရက်
တဖက်ကနေ ကော်မရှင်၊ ကော်မရှင် ဆိုတာ ရခိုင် အတွက် သိပ်များနေပြီ။ အဲဒီလိုမျိုး သိပ်များနေတဲ့ အတွက်ကြောင့် အဲ့လို ကော်မရှင်၊ ကော်မရှင် ထပ်ဖြစ်မယ့် အစားတကယ်တမ်း ဖြေရှင်းနိုင်ဖို့အတွက် ဒီဘက်က နိုင်ငံရေး၊ စစ်ရေးအရ ဖြေရှင်းတာ အကောင်းဆုံးပဲဖြစ်မယ်လို့ ပြောတယ်ဆိုလိုတယ်ပေါ့။
စစ်ရေးအရလို့ ပြောတဲ့အခါ တကယ်တမ်း တိုက်ခိုက်ဖို့မဟုတ်ပဲ ပြည်သူကို ကာကွယ်ပေးဖို့အတွက်ပဲ ဆိုလိုတာပါ။ လောလောဆယ်အနေနဲ့ ကတော့ စစ်ရေးကို အကြောင်းပြပြီးတော့မှ တိုက်ပွဲဖြစ်သံ၊ သေနတ်သံကြား ရွာထဲကို အရမ်းအရမ်း ပစ်နေ တာက ဒါကတော့ ပြည်သူကို တမင်နှိပ်စက်တာနဲ့ တူနေတယ်။ ပြည်သူလူထုကာကွယ်တာနဲ့ မတူဘူး။ နိုင်ငံကို ကာကွယ်တာနဲ့ မတူပဲ။ မပြေးပြေးအောင် ရွာထဲကို ပစ်နေသလို ဖြစ်နေတယ်။ ဒီလိုအသံတွေကချင်နဲ့လည်း အရမ်းတူနေတယ်။ ရှမ်းမြောက်နဲ့လည်း တူနေတယ်။ တော်တော်များများ ရွာတွေဆိုရင် အခု IDP ဖြစ်နေတဲ့ ရွာတွေဆို ကချင်နဲ့ရှမ်းမှာဆိုရင်လည်း ရွာထဲမှာ တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး။ ပြောမယ်ဆိုရင် တော်လှန်ရေး တပ်ဖွဲ့ရှိလို့လည်း မဟုတ်ဘူး။ ဒီလိုပဲ အရမ်းအရမ်းပစ်တဲ့ အတွက်ကြောင့်ထွက်ပြေးရတာ။
တချို့စခန်းတွေဆို ၂ခါ၊ ၃ခါထွက်ပြေးရတာတွေရှိမယ်။ ပုံစံတွေက အရမ်းတူနေတဲ့ အခါကျတော့ ဒီဘက်ကဟာကို ဟိုဘက်မှာ အစားထိုး သုံးစွဲလိုက်တာနဲ့ တူနေတယ်။ ကော်မတီဖွဲ့တာထက် တကယ်တမ်းဖြေရှင်းဖို့လိုအပ်နေတယ်လို့ မြင်တယ်။ ကော်မတီဖွဲ့တာနဲ့ မပြီးဘူး။ ကော်မတီတွေရဲ့ အဆင့်ဆင့်ရဲ့အစီရင်ခံစာတွေ အမြဲတမ်းပေးနေ တာပဲ။
အရင်တုန်းကဆိုရင်လည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ကိုဖီအာနန် ကော်မရှင်ကအစ ရှိခဲ့တာပဲ။ အဲတော့ ဒီဥစ္စာတွေအကုန်လုံး ပြန်ကြည့်မယ်ဆိုရင် ဒီအကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့လည်း အင်မတန် အရေးကြီးနေတယ်။ တဖက်မှာလည်း ဒီကော်မတီမှာလည်း ဗိုင်းရစ်မရှိပဲနဲ့ သူတို့လွတ်လွတ် လပ်လပ် လုပ်ဆောင်နိုင်အောင် လမ်းဖွင့်ပေးဖို့လည်း လိုအပ်တယ်။
ဦးသန်းထွန်း
ကော်မတီဖွဲ့တာကိုတော့ အလုပ်တစ်ခုစပြီးလုပ်ဖို့ယူဆတဲ့အတွက်ကြောင့် နည်းနည်းတော့ ကြိုဆိုပါတယ်။ အများကြီးတော့ မမျှော်လင့်ပါဘူး။ နောက်တစ်ခုက ဒီကော်မတီက ဒီစစ်ကို တားဆီးနိုင်ခွင့် ရှိမလားဆိုတာ ကိုလည်း သံသယရှိတယ်။
နောက်အရေးကြီးအချက်က ရခိုင်ပြည်နယ်မှာ အခုချိန်ဆိုရင် စစ်ဘေးဒုက္ခသည် ၂၀၀၀၀ ထိရှိနေပြီ။ ဒီလောက် စစ်ဘေးဒုက္ခသည် တိုးလာတဲ့ အပေါ်မှာ ရခိုင်ပြည်နယ်အစိုးရက ဘာမှ အာရုံစူးစိုက်မှု၊ လုပ်ဆောင်ချက်တွေ မရှိဘဲနဲ့ အခုလိုကော်မတီဖွဲ့ရုံလောက်နဲ့တော့ ဟိုဘေးဒုက္ခ ခံစားနေရတဲ့ လူဦးရေ ၂၀၀၀၀ အတွက် ဘာတခုမှ သက်သာရ ရမှာမဟုတ်ဘူး။
ကော်မတီမှာ ရခိုင်တိုင်းရင်းသား တော်တော်များများ ပါတယ်ဆိုတဲ့ အပေါ်မှာ ပြောရမယ်ဆိုရင်လည်း ဒီကော်မတီမှာ စာရင်းအရ ၁၄ ယောက်ပါတယ်။ အဲဒီ ၁၄ ယောက်ထဲမှာ ရခိုင်လို့ယူဆရ သူ ၇ ဦးပါတယ်။ အဲဒီ ၇ ဦးထဲမှာ ရခိုင်ပြည်မှာ လက်ရှိနေထိုင်သူ ဆိုလို့ ဝန်ကြီးချုပ်ဖြစ်လို့သာနေရတဲ့ ဦးညီပုတစ် ယောက်သာပါတယ်။
ရခိုင်ပြည်ထဲမှာ နေထိုင်သူ။ ကျန်တဲ့ခြောက်ယောက် ရခိုင်ပြည်ပြင်ပ လူတွေဖြစ်နေတယ်။ အဲဒီမှာ လက်တွေ့မြေပြင်မှာ တကယ့်ခံစားနေရတဲ့ ရခိုင်တယောက်မှ မပါဘဲနဲ့ဒီကော်မတီဖွဲ့တာဟာ လက်တွေ့ မဆန်ဘူးလို့ ယူဆတယ်။
ဦးမောင်စောဝင်း
ဥက္ကဋ္ဌ
မယူကမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်း
အခု ဖွဲ့လိုက်တဲ့ ကော်တီဟာ ငြိမ်းချမ်းရေး ကော်မတီ တရပ်လို့ ခေါင်းစဉ်တပ်ရင်လည်း ငြိမ်းချမ်းအတွက် အထောက်ကူ ဖြစ်ဖို့ ဖြစ်နိုင်ခြေ အလားအလာတော့ ကျနော် မမြင်ဘူး။ အားနည်းချက်တွေက အများကြီး ရှိတယ်။ ကော်မတီတခု ဖွဲ့ဖို့အတွက် ပကတိ မြေပြင် အခြေအနေကို မသိဘဲနဲ့ ယေဘုယ ဆန်ဆန် ကောက်ပြီးတော့ ဖွဲ့လိုက်တယ်။
ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီကော်မတီဖွဲ့တာနဲ့ ပတ်သက်လို့ ဘာတခုမှ အသိပေးခဲ့တာ မရှိခဲ့ဘူးလို့ လည်း ပြောကြတယ်။ နိုင်ငံတကာကိုပဲဖြစ်ဖြစ် ၊ ရခိုင်လူထုကိုပဲ ဖြစ်ဖြစ် နည်းနည်းလေး ဟန်ပြ ပြဖို့ အတွက် အဖြစ် သဘောလောက် ဖွဲ့စည်းလိုက်တဲ့ သဘောလို့ပဲ မြင်တယ်။ အမှန်တကယ် ရခိုင်ပြည် အေးချမ်းဖို့အတွက် ဖွဲ့မယ်ဆိုရင် နိုင်ငံရေးပါတီ၊ လွှတ်တော်၊ အရပ်ဘက်အဖွဲ့တွေကို ခေါ်ပြီးတော့ အမှန်တကယ် ငြိမ်းချမ်းရေးအတွက် လိုလားတဲ့ အဲဒီလူတွေကို ခေါ်ပြီးတော့ အဖြေတခု ရသွားဖို့ ကြိုးစားသင့်တယ်။
ဘာပဲဆိုဆို အခု ဖြစ်နေတဲ့ တိုက်ပွဲတွေက AA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲလို့ ပြောလို့ မရ၊ လူထုထောက်ခံမှုကြောင့် ဒီစစ်ပွဲတွေဟာ ကြီးကျယ် လာတယ်။ ကျယ်ပြန့်လာတယ်။ ဒီမှာ ရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ မြို့မိ မြို့ဖ တွေနဲ့လွတ်တော်၊ နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးပြီးတော့ အဖြေတခု ရှာပြီးတော့မှ ဖွဲ့သင့်တယ်။ သို့သော် အခု ဖွဲ့ထားတဲ့ ကော်မတီထဲမှာ ဦးအေးသာအောင်တို့၊ ဦးညီပုတို့၊ ဦးဖေမြင့်တို့ကို ဒီက လူတွေက ရခိုင်ကို ကိုယ်စားပြုနိုင်တဲ့ လူတွေလို့ မခံယူကြဘူး။ မယူဆဘူး။