ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲများကြောင့် ပြည်သူများ အတိ ဒုက္ခရောက်လျက် ရှိပြီး သေဆုံး ဒဏ်ရာ ရရှိသူများလည်း တနေ့တခြား တိုးပွားလျက် ရှိသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင် ပြည်နယ်တွင် အခြေစိုက်စခန်း ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေသည့် ရက္ခိုင့် တပ်မတော် (AA) မှ ဗိုလ်မှူးကြီး ကျော်ဟန်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ AA ကို ရခိုင်လူထုက ဘာကြောင့် ထောက်ခံတာလို့ ထင်လဲ။ Arakan Dream ကြောင့်လား။ အခု နောက်ပိုင်း မှာ လူထု ထောက်ခံမှု သိသိသာသာ တိုးလာတယ် ဆိုထားတော့လေ။
ဖြေ။ ။ ရခိုင် လူထုက AA ကို ဘာကြောင့် ထောက်ခံတာလဲ ဆိုတော့ ဗိုလ်ချုပ် အောင်ဆန်း လွတ်လပ်ရေး ယူဖို့ အတွက် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) ဖွဲ့ပြီး ဂျပန်က ပြန်လာတဲ့ အချိန်မှာ မြန်မာ တနိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ဗြိတိသျှ ကိုလိုနီဘဝက လွတ်မြောက်ဖို့ လွတ်မြောက်လိုတဲ့ ဆန္ဒ ပြင်းပြတဲ့ အတွက် လူထု ထောက်ခံတယ်။
ကျနော်တို့ ရခိုင်တွေလည်း ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA) ကို ထောက်ခံတာက အဖိနှိပ်ခံ ဘဝက လွတ်မြောက်ဖို့ အတွက် ဒီအဖွဲ့အစည်းက ဦးဆောင်ပြီး စွမ်းဆောင်နိုင် လိမ့်မယ်လို့ ယုံကြည်တဲ့ အတွက် ကျနော်တို့ကို ရခိုင် လူထုက ထောက်ခံတာ ဖြစ်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ရခိုင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့က အခုမှ ပေါ်လာတာ မဟုတ်ပါဘူး။ အဆက်ဆက် လည်း ပေါ်ခဲ့တယ်။ ရှိလည်း ရှိခဲ့တယ်။ အဲဒီတုန်းက ဘာဖြစ်လို့ ဒီလောက် မထောက်ခံလဲ ဆိုတဲ့ဟာကို စဉ်းစားရင် ဒါဟာ အဖြေ ပေါ်ပါလိမ့်မယ်။
မေး။ ။ အစိုးရက ဗိုလ်မှူးကြီး တို့ကို မေးတယ်နော်။ ရခိုင် နိုင်ငံတော် ဆိုတဲ့ ကိစ္စလေ။ အဲဒါကလည်း ဗိုလ်မှူးကြီးတို့ရဲ့ သဘောထား မဟုတ်ဘူး ဆိုတော့ AA အဖွဲ့ခေါင်းဆောင်တွေ အနေနဲ့ စဉ်းစားတဲ့အခါမှာ ရခိုင် နိုင်ငံတော် ဆိုတာ လောက် အထိ စဉ်းစားလား။ ဒါမှမဟုတ်လည်း ပြည်ထောင်စုထဲမှာပဲ သာတူညီမျှ တန်းတူတဲ့ ပြည်နယ်မျိုး လိုချင်တာ လား။ ဘယ်လောက် အထိ မျှော်လင့်ထားလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်တို့ အုပ်ချုပ်တဲ့ အစိုးရရဲ့ အပြုအမူတွေနဲ့ အများကြီး ဆိုင်ပါလိမ့်မယ်။ အုပ်ချုပ်တဲ့ အစိုးရက ဖိနှိပ်မှုနဲ့ အုပ်ချုပ်တာလား။ တန်းတူ ဆက်ဆံမှုနဲ့ အုပ်ချုပ်တာလား၊ တန်းတူ အသိအမှတ်ပြုမှုနဲ့ အုပ်ချုပ်တာလား။ ဆိုတော့ ကျနော်တို့ရဲ့ ရယူတဲ့ နိုင်ငံရေး ရပိုင်ခွင့်တွေက တရားမျှတမှု ရှိရဲ့လား။ ကျနော်တို့ရဲ့ သယံဇာတ သဘာဝ အရင်းအမြစ်တွေကို ရယူမှုတွေက တရားမျှတမှု ရှိရဲ့လား ဆိုတော့ အဲဒါနဲ့လည်း ဆိုင်ပါလိမ့်မယ်။
မေး။ ။ ဆိုလိုတာက တန်းတူရည်တူနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေ ရှိလာရင် ရခိုင်ဟာ ပြည်ထောင်စုထဲမှာ နေဖို့ အဆင် သင့်ပဲလို့ ပြောချင်တာလား။
ဖြေ။ ။ ခုနက ပြောသလိုပေါ့နော်။ ကျနော်တို့ နှစ်ပေါင်း ၂၀၀ ကျော် ခံစားခဲ့ရတဲ့ ခံစားချက်ကို အဲဒီ ခံစားချက်တွေ ပျောက်ဖို့ အတွက် ခုနကလို အပြန်အလှန် အသိအမှတ်ပြုမှုနဲ့ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နိုင်ငံရေး အရ တန်းတူရည်တူမှု တို့ကတော့ အဲဒါတွေကပဲ အဲဒီ ဒဏ်ရာဒဏ်ချက်ကို ကုစားနိုင်ပါလိမ့်မယ်။
မေး။ ။ အခု ဆိုရင် ရခိုင်မှာ ယိုးတရုပ် ရဲစခန်းတွေ အတိုက်ခံ ရတယ်။ ဒါပေမယ့် ကိုခိုင်သုခ ပြောတာက အဲဒါကို ဗဟိုက မသိဘူး။ အောက်ခြေမှာ နားလည်မှု လွဲပြီး ဖြစ်တာပေါ့လေ။ အဲဒီလိုပဲ AA တပ်ဖွဲ့ဝင်တွေက အောက်ခြေမှာ ပြန့်ကျဲနေတာကိုး။ အဲဒီလို အခြေအနေမှာ ဗဟိုက အမိန့်ပေး စနစ်တွေ အောက်ခြေရောက်အောင် ဘယ်လို လုပ်မလဲ။ ဘယ်လို ကျော်လွှားမလဲ။
ဖြေ။ ။ အဲဒါတော့ ကျနော်တို့ သတင်းနှင့် ပြန်ကြားရေး ဌာနက ပြန်ကြားပြီး ဖြစ်တဲ့ အတွက် အဲဒီမှာ ကျနော်က ပြုပြင် ဖာထေး ပြီးတော့ ပြောစရာ အကြောင်း မရှိပါဘူး။ အဲဒီဟာတော့ ကျနော်တို့ ထုတ်ပြန်ပြီးသား ဖြစ်တယ်။ အဲဒီအတွက် ထပ်ပြီး မရှင်းလင်းချင်ပါဘူး။
မေး။ ။ ဒီဘက်ပိုင်းမှာ အောက်ခြေမှာ AA ကို သတင်းပေးလို့ ဆိုပြီး အသတ်ခံရတယ် ဆိုတဲ့ ကိစ္စမျိုးတွေ ရှိတယ်။ မီးသတ်တို့ အုပ်ချုပ်ရေးမှူးဟောင်းတွေ ဖြစ်နေတယ်။ စာရွက်နဲ့ ကျည်ဆန် ပို့ပြီးတော့ အသတ်ခံရတာမျိုးတွေလည်း ရှိတယ်။ အဲဒီလို ဖြစ်စဉ်တွေ က AA ရဲ့မူလား။ သူတို့ဘာ သူတို့ အကောင်အထည် ဖော်နေတာလား။
ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ရဲ့ ရက္ခိတ လမ်းစဉ်ကို မနှောင့်ယှက်ပါနဲ့။ ရဲက ရဲအလုပ်ကို လုပ်ပါ။ ရဲက လူဆိုး ဖမ်း မယ်။ သူခိုး ဖမ်းမယ်။ ရာဇဝတ်ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းမယ်။ လုပ်ပါ။ ရဲက တပ် အလုပ်ကို မလုပ်ပါနဲ့။ တပ်နဲ့ ဆို ရင် ကျနော်တို့က ထုတ်ပြန်သင့်တဲ့ စခန်းတွေကို ထုတ်ပြန်ပြီးမှ စာနဲ့ ထုတ်ပေးတာတွေ ရှိတယ်။
လူထုကိုလည်း ဖောက်ပြန်နေတဲ့ လူထုကိုလည်း ကျနော်တို့ အဲဒီလို ပေးတာတွေ ရှိတယ်။ အပစ်ပေး အရေးယူမှု အပိုင်းနဲ့ကတော့ အဲဒီမှာ အဆင့်ဆင့် တာဝန်ရှိတဲ့ ဘယ်လောက်အထိ အပြစ်ပေး အရေးယူမလဲ၊ ဘယ်လောက် အထိ ဆိုတာကတော့ ကျနေ်ာတို့ ပြောဖို့ ခက်ပါတယ်။
မေး။ ။ AA က အခု ရခိုင်ပြည်နယ်မှာလည်း အခြေစိုက်ဖို့ ကြိုးစားနေပြီ ဆိုတော့ အင်အားက ခန့်မှန်းခြေ ဘယ်လောက် အထိ တိုးလာလဲ။ အောက်ခြေ လူထုကို အင်အား တောင့်အောင် ဘယ်လို စည်းရုံးမှုတွေ ရှိလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ရခိုင်လူမျိုးအတွက် ရခိုင်ပြည်မှာ ရက္ခိုင့် တပ်မတော် ရှိကို ရှိရမယ်ဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက် ကျနော်တု့ိမှာ ရှိတယ်။ ကျနော်တို့ ကရင်ပြည်နယ်မှာ ရခိုင်တပ်သွားပြီး ထောင်တာ မဟုတ်ဘူး။ ကရင်ပြည်နယ်မှာ ကရင်တပ် ထောင်တာကို ထောက်ခံတယ်။
ကချင်ပြည်နယ်မှာ ကချင်တပ်ထောင်တာကို ထောက်ခံတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရက္ခိုင့် တပ် မတော် ကပဲ ရခိုင်လူထု အတွက် လုံခြုံ၊ အေးချမ်း၊ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ကျနော်တို့ ဖန်တီး ပေးနိုင်လိ့မ် မယ်လို့ ကျနော်တို့ လုံးဝ ယုံကြည်ထားတယ်။
ကျနော်တို့ နှစ်ပေါင်း ၇၀ ကာလမှာ ရခိုင်တို့ ရခိုင်ပြည်နယ်နဲ့ အနေအထား၊ ရခိုင်လူထုရဲ့ အနေအထားဟာ ဘယ်လို ဖြစ်သွားတယ် ဆိုတာကတော့ လက်တွေ့ မြင်နေပြီးသား ဖြစ်တယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရေးမှာ ရခိုင်လူထု ရဲ့ ကာကွယ်ရေးကို ရခိုင် အမျိုးသားပိုင် တပ်မတော်ကပဲ တာဝန်ယူရမယ်။ တာဝန်ယူဖို့ လိုအပ်တယ် ဆိုတာကတော့ ကျနော်တို့ ရခိုင်ပြည်သူတွေရော ကျနော်တို့ ရက္ခိုင့် တပ်မတော်ကရော ခိုင်မာတဲ့ သန္နိဌာန် ချထားပြီးသား ဖြစ်တယ်။
ကျနော်တို့က အဲဒါကို မရရ အကောင်အထည် ဖော်နေတာလည်း ဖြစ်တယ်။ ဖော်နေပြီးသားလည်း ဖြစ်တယ်။ ဆက် ပြီးလည်း အကောင်အထည်ဖော် သွားမှာပဲ ဖြစ်တယ်။
မေး။ ။ အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်လူထုမှာ ဒုက္ခရောက်ကြရတယ်။ အခုလည်း စစ်ဘေးရှောင် ဒုက္ခ သည်တွေ ရှိတယ်။ အရင်လည်း ခံခဲ့ရတယ်။ အခုလည်း ခံနေရတုန်းပဲ ဆိုတော့ ရခိုင်လူထု မနာတဲ့ နည်းလမ်းမျိုး စဉ်းစား ထားတာ ရှိလား။
ဖြေ။ ။ ရခိုင်လူထု မနာတဲ့နည်းက တခြား ကရင် လူထု မနာတဲ့နည်း၊ တအန်း (တအာင်း) လူထု မနာတဲ့နည်းက စစ် ဖြစ်ပြီ ဆိုရင် အဲဒီ စစ်ပွဲတွေ ရပ်ဖို့ လိုတယ်။ အဲဒီ စစ်ပွဲတွေကို ရပ်ဖို့ အတွက် စဉ်းစားရမှာက လူထုမနာတဲ့ နည်းပဲ ဖြစ် ပါတယ်။ စစ်ပွဲတွေကို ရပ်ပြီးမှ စားပွဲဝိုင်းမှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး အရ ဖြေရှင်းဖို့ အတွက်ပဲ ကျနော်တို့ လို လား ပါတယ်။ စစ်ပွဲဆိုတာ မလွှဲမရှောင်သာလို့ တိုက်နေရတဲ့ စစ်ပွဲ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ စစ်ပွဲ ကို ရပ်ပြီး နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးတာ အကောင်းဆုံး ဆိုပြီးတော့ ကျနော်တို့ ရပ်တည်ချက် ရှိပါတယ်။ ။