အစိုးရက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) ရေးထိုးနိုင်ရေး၊ ညှိနှိုင်းရန် အတွက် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး မတ် ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၈ ဖွဲ့တို့၏ အစည်းအဝေးတွင် လတ်တလော ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခအမြင့်ဆုံးဖြစ်နေသည့် ရက္ခိုင့်တပ်မတော် (AA) ကိုယ်စားလှယ်များလည်း တတ်ရောက်လာပြီး ပဋိပက္ခချုပ်ငြိမ်းရေး၊ နိုင်ငံရေးစကားပြောဆိုနိုင်ရေး တို့ကို ညှိနှိုင်းခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ မြေပြင်အခြေအနေ၊ ရှေ့ဆက်နိုင်မည့် ငြိမ်းချမ်းရေး အလားအလာတို့နှင့် ပတ်သက်ပြီး အစည်းအဝေးသို့ တတ်ရောက်သည့် AA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ကျော်ဟန်ကို ဧရာဝတီမှ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။အခုတခေါက် နေပြည်တော်ကို လာပြီး တွေ့ဆုံဆွေးနွေးရတာ ပြောဆိုဆက်ဆံရတာ ဘယ်လိုရှိလဲ။ ရင်းရင်းနှီးနှီးရော ရှိကြလား။
ကျနော်တို့ ထိတွေ့ဆက်ဆံမှုတွေ မရှိသလောက်က လေးငါးခြောက်လလောက် ကြာပြီ။ ဒီကြားထဲမှာ NRPC အနေနဲ့ ဆွေးနွေးဖက် အဖြစ် အသိအမှတ်ပြုပြီး ခေါ်ပေးတဲ့ အပေါ်မှာ တပ်မတော်ကလည်း ဆွေးနွေးဖက် အဖြစ် လာတွေ့ ဆွေးနွေးပေးတဲ့ အပေါ်မှာ ငြိမ်းချမ်းရေးအတွက် မပြောပဲ နေတာထက်စာရင် ပြောလာတာက တိုးတတ်မှု အနည်းငယ်ရှိတယ်လို့ ကျနော်တို့ ပြောလိုပါတယ်။
စကားပြောရတာတော့ စားပွဲဝိုင်းမှာတော့ ရင်းရင်းနှီးနှီးပေါ့။ ဒါပေမယ့် သူ့ရပ်တည်ချက် ကိုယ့်ရပ်တည်ချက်ပေါ် မှာတော့ ဆုပ်ကိုင်ထားမှုကတော့ မတူကြဘူးလေ။ ကိုယ့်ရပ်တည်နဲ့ သူ့ရပ်တည်ချက် ကွာဟမှုပေါ်မှာတော့ နည်းနည်း စနိုးစနောင့်ဖြစ်တာပေါ့။
မေး ။ ။ တခြားပဋိပက္ခဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ရှေ့မှာ ဒီလိုပဲ ဆွေးနွေး ခဲ့ကြတာပဲ။ တကယ်တမ်းတော့ မြေပြင်မှာ မပြေလည်ကြဘူး။ ဒီတခေါက် NRPC နဲ့ ဆွေးနွေးခဲ့တာကရော ရခိုင်ပြည်နယ်က ပဋိပက္ခကို ဘယ်လောက် အတိုင်းအတာ လျော့ချနိုင်မလဲ။ သဘောတူညီမှု တစုံတရာ ရလာလား။ ဒါမှမဟုတ် လုံးဝ မရလာဘူးလား။
ကျနော်တို့ အခုဆွေးနွေးတာ သဘောတူညီချက် ရယူတဲ့ အဆင့် မဟုတ်ဘူး။ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုရှေ့ကို ဆက်တိုးနိုင်မလဲဆိုတဲ့ဟာကို ဆွေးနွေးကြတာ ဖြစ်တယ်။ သဘောတူညီချက် ရယူကြတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ရဲ့ အဓိက ဒီနေ့ ပြဿနာက နိုင်ငံတကာ ပြဿနာလို ဖြစ်နေတဲ့ အနေအထားကို ကျနော်တို့ အချင်းချင်းပဲ ဖြေရှင်းရမယ်ဆိုတဲ့ အနေအထားကို ရောက်အောင် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် ၊ မြန်မာအစိုးရနဲ့ ရက္ခိုင့်တပ်မတော်၊ ရခိုင်နိုင်ငံရေးပါတီတွေ ညှိနှိုင်းပြီးမှ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းဖို့ ကာလ ဖြစ်တယ်။ ဒါကို တပ်မတော်လည်း မြင်မယ်ထင်ပါတယ်။
အစိုးရလည်း မြင်မှာပါ။ ကျနော်တို့လည်း မြင်တယ်။ ပဋိပက္ခနဲ့ပဲ ရှေ့ကို ဆက်မတိုးပဲ အပြုသဘောနဲ့ နိုင်ငံတကာ ပြဿနာ မဖြစ်အောင် ကိုယ်တို့ အချင်းချင်း ညှိနှိုင်းအဖြေရှာဖို့ လိုတယ်ဆိုတာကို ကျနော်တို့လည်း မြင်သလို မြန်မာအစိုးရနဲ့ တပ်မတော်လည်း မြင်တယ်လို့ ကျနော်တို့ သဘောပေါက်ပါတယ်။
မေး။ ။ ဒီတခေါက် နေပြည်တော်ကို လာ ဆွေးနွေးပြီးနောက် မြေပြင်မှာရော ဘာတွေ ပြောင်းလဲသွားနိုင်မလဲ။
လတ်တလော အခြေအနေကတော့ ချက်ခြင်းလက်ငင်းပြောင်းလဲမယ် ဆိုတာကို ကျနော်တို့ မပြောနိုင်ဘူး။ ဒါပေမယ့် တပ်မတော်က တာဝန်ရှိတဲ့ ကိုယ်စားလှယ်တွေကို ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။ ပြောခဲ့ပါတယ်။ မြောက်ဦးမြို့မှာ ကျနော်တို့ ရက္ခိုင့်တပ်မတော်အနေနဲ့ လက်နက်ကိုင်ပြီး တိုက်ခိုက်တာ မရှိဘူး။ ဒါကို ကျနော်တို့ ရက္ခိုင့်တပ်မတော်အနေနဲ့ ရဲရဲဝင့်ဝင့်အာမခံ ပြောရဲတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲ ဖော်ထုတ်မှု မရှိတဲ့ နေရာမှာ အရပ်သားပြည်သူတွေကို မြေပြင်ကလည်း လက်နက်ကြီး ၊ လက်နက်ငယ် နဲ့ ပစ်၊ တောင်ပေါ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်၊ လူထုတွေ ထိခိုက် နစ်နာမှု ရှိတယ်။
ရှေးဟောင်းဘုရားပုထိုးတွေ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်။ ဒါတွေကို နောက်နောင် မဖြစ်ဖို့အတွက် တောင်းဆိုခဲ့တာတွေ ရှိပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ နင်လားငါလား သူ့တပ်ကိုယ့်တပ် တိုက်တယ်ဆိုတဲ့ အပိုင်းကတော့ စစ်မြေပြင်မှာ တရားမျှတမှု ရှိပါတယ်။ ဒါပေမယ့် စစ်ပွဲမရှိတဲ့ နေရာမှာ လူထုကို ကြောက်လန့်အောင်၊ ထိခိုက်အနာတရ ဖြစ်အောင် လုပ်တာတော့ ရှောင်ရှားသင့်တယ်လို့ ကျနော်တို့ ပြောခဲ့ပါတယ်။
မေး။ ။နေပြည်တော်ဆွေးနွေးပွဲမှာ AA ဘက်က ဘာတွေ သယ်ဆောင်လာပြီး ဆွေးနွေးခဲ့လဲ။
ကျနော်တို့ဘက်က ယူလာတာက နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် FPNCC ရဲ့ မူ ရှိတယ်။ အပစ်အခတ်ရပ်စဲရေး အပိုင်းနဲ့ ပတ်သတ်လာရင် မြောက်ပိုင်းမဟာမိတ်ရဲ့ ရပ်တည်ချက် ဆိုတာ ရှိတယ်။ ကျနော်တို့က ဇန်နဝါရီ ၁၂ ထင်ပါတယ်။ သဘောတူညီချက် ရခဲ့တဲ့ ကျနော်တို့ ၃ဖွဲ့နဲ့ Bilateral Agreement လုပ်ဖို့ဆိုတာ ကျနော်တို့ သဘောတူညီချက် ရခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ထုတ်ပြန်ကြေငြာချက်တွေ ထုတ်တယ်။ NRPC ဘက်ကလည်း ထုတ်ပြန်ချက်တွေ ထုတ်တယ်။ Bilateral Agreement ကို ကျနော်တို့ သဘောတူခဲ့တယ်။ အဲ့သဘောတူညီချက်တွေကို ဒီအစည်းအဝေးမှာ ပြန်အကောင်အထည်ဖော်ဖို့ ဖော်နိုင် လိမ့်မယ်လို့တော့ မျှော်လင့်ချက်တွေ ကျနော်တို့ ရှိခဲ့ပါတယ်။
မေး ။ ။ နေပြည်တော်ဆွေးနွေးပွဲကနေ တပ်မတော်ရဲ့ သဘောထားရော ဘာတွေ သိလိုက်ရလဲ။
ကျနော်တို့က ဒီနေ့ ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ပြောတာထက် အဖွင့်မိန့်ခွန်းမှာ ပြောတာရယ် ၊ ဦးဇော်ဌေး ပြောတာရယ် အပိုင်းနှစ်ခုကို ကျနော်တို့ ယှဉ်နားထောင်ကြည့် လိုက်တော့ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်တယ်။ အဲ့အဖြူရောင်နယ်မြေမှာ AA ဝင်ရောက်ခြင်း အားဖြင့် တခြားအရောင်တွေ ပြောင်းသွားနိုင်တယ်ဆိုတဲ့ လက္ခဏာဆောင်တာပေါ့။ ဒီတော့ အခုရခိုင်ပြည်မှာ မြောက်ပိုင်း မြေပြင်မှာ လက်နက်ငယ်၊ တောင်ပေါ်မှာ လက်နက်ကြီး၊ ဝေဟင်မှာ ဂျက်တိုက်ယာဉ် တွေနဲ့ တိုက်နေတယ်။ ယမ်းငွေ့တလူလူပဲ ထနေတဲ့ နယ်မြေကို အဖြူရောင်နယ်မြေဆိုရင် နေပြည်တော်နဲ့ ရန်ကုန်ကို ဘာအရောင်လို့ ပြောရပါ့မလဲဆိုတာ ပြောချင်ပါတယ်။
အရင်တုန်းကတော့ အဖြူရောင်နယ်မြေ၊ အခု ဆူပူတိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ အဲ့အမှန်တရားကို လက်ရှိအနေအထားကို မြင်ဖို့ လိုတယ်။ အရင်တုန်းကလို အဖြူရောင် နယ်မြေဖြစ်အောင် ကျနော်တို့ တဖက်နဲ့ တဖက် ဘယ်လို ဆွေးနွေးညှိနှိုင်းရမလဲ ဆိုတဲ့ အခြေအနေကိုတော့ စဉ်းစား အဖြေရှာဖို့ လိုတယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော် ဆိုတာလည်း လူထုက ၉၀ ရာခိုင်နှုန်း အနည်းဆုံး ထောက်ခံတယ်ဆိုတာ ကျနော်ရဲရဲကြီး အာမခံရဲတယ်။ လူထု ထောက်ခံတဲ့ ရက္ခိုင့်တပ်မတော် တရပ်ကို ရခိုင်ပြည်ကို ရောက်လာတဲ့အတွက် ဒီလို အဖြူရောင်နယ်မြေက ဒီလို ဖြစ်သွားပါတယ်ဆိုတာ သဘာဝ မကျဘူး ထင်ပါတယ်။ အဖြေမှန်တခုကို နည်းမှန်လမ်းမှန် အမှန်တရားဘက်က ရှုမြင်ပြီးတော့ ရှာဖို့ လိုတယ်လို့ တပ်မတော်ရော အစိုးရကိုရော ပြောချင်ပါတယ်။
မေး ။ ။ အခုက Bilateral ကို ဆွေးနွေးမလား၊ Deed of Commitment ကိုပဲ ဆွေးနွေးမယ့် သဘောလား။
ကျနော်တို့ဘက်ကတော့ ဖေဖော်ဝါရီ ၂၅ ရက်၊ ကူမင်းမှာ တွေ့တော့ ကျနော်တို့ Deed of Commitment ကို လက်မခံနိုင်ဘူး။ ဘာလို့ဆိုတော့ ကျနော်တို့ Bilateral ကို သွားမယ်လို့ ပြောတဲ့အတွက် ရပ်တည်ချက်တွေကို လျော့ပေါ့ပြီးမှ ထုတ်ပြန် ကြေငြာချက်တွေ ထုတ်ခဲ့တယ်။ ဒီလိုထုတ်ပြန်ရင် Bilateral ကို သွားမယ်ဆိုတဲ့ ကတိကဝတ်တွေ တဖက်က ရရှိခဲ့လို့ ဖြစ်တယ်။ ဆိုတော့ အဲ့ကတိကဝတ်က ကျနော်တို့ ဇန်နဝါရီ ၄ ရက်နေ့မှာ နယ်ခြားစောင့်တပ်စခန်း ၄ ခုကို တိုက်ခိုက်တဲ့ အတွက် အဲ့လိုမျိုးတွေ ဖြစ်သွားတယ်ဆိုတာမျိုး ပြောတယ်။
ပဋိပက္ခဆိုတာ ဖြစ်တဲ့အတွက် အဖြေရှာရတာ ဖြစ်တယ်။ ပဋိပက္ခမရှိရင် ကျနော်တို့ DOC လည်း မလိုဘူး။ Bilateral လည်း မလိုဘူး။ အဲ့ကြားထဲမှာ ပဋိပက္ခဖြစ်တယ်။ ဒါပေမယ့် ရှေ့မှာ ကတိကဝတ်တွေ ရှိတယ်။ ပဋိပက္ခကို ပဋိပက္ခလို ဖြေရှင်းပြီး ကတိကဝတ်ကို ကတိကဝတ်လို အကောင်အထည် ဖော်ဖို့ လိုတယ်။ အဲ့တာကြောင့် (နေပြည်တော်) ဆွေးနွေးပွဲမှာ Bilateral ကိုပဲ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့က သဘောထား တောင်းဆိုပါတယ်။ ကျနော်တို့ Bilateral ပဲ လုပ်ချင်ပါတယ်။ ဘာလို့ဆိုတော့ Bilateral ထိုးပြီးမှ အပစ်အခတ် ရပ်စဲပြီးမှ ကျနော်တို့ တခြားဟာတွေကို ဆွေးနွေးနိုင်မှာ အကောင်အထည်ဖော် နိုင်မှာ ဖြစ်တယ်။ မီးတဖက် ရေတဖက်ကတော့ မီးလည်း ကုန်မယ်။ ရေလည်း ကုန်ပါမယ်။
မေး။ ။တဖက်မှာလည်း သုံးသပ်ချက်တွေ ရှိနေတယ်။ Bilateral ထိုးပြီးမှ မြောက်ပိုင်းမဟာမိတ်က NCA လည်း မသွားပဲ တဝဲလည်လည်ဖြစ်နေမလားပေါ့။ FPNCC က တောင်းထားတဲ့ အပစ်ရပ်စာချုပ်ကိုပဲ သွားဖို့ ပြန်ဦးတည်နေမလားဆိုတဲ့ စိုးရိမ်ချက်တွေ အစိုးရဘက်မှာ ရှိတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာရော ညှိနှိုင်းမှုတွေ ရှိလား။
ကျနော်တို့ ဆိုလိုတာက လက်နက်ကိုင်တိုက်ပွဲဆိုတာ နိုင်ငံရေးအရ ပြဿနာကို နိုင်ငံရေးအရ အဖြေမရှာနိုင်လို့ ဖြစ်တဲ့ ပြဿနာ ဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးကြမယ်ဆိုရင် တပ်မတော်ဘက်က ကိုင်ထားတဲ့ NCA ရှိတယ်။ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်က FPNCC က ကိုင်ထားတဲ့ မူရှိတယ်။ အဲ့မူကို ကျနော်တို့ အပြန်အလှန်ညှိပြီး ဆွေးနွေးဖို့ လိုတယ်။ တဖက်ကလည်း NCA က ကြောက်စရာကြီး၊ တဖက်ကလည်း FPNCC မူက ဘယ်လိုမျိုးဖြစ်တယ်။ လက်မခံနိုင်ဘူးဆိုပြီး နှစ်ဖက်လုံး စကားမပြောရင် ဘာအဖြေမှ ရလာမှာ မဟုတ်ဘူး။ အဲ့အဖြေကို ရှာဖို့ ပထမဆုံး အပစ်အခတ်ရပ်စဲဖို့ လိုတယ်။ ပြီးရင် NCA မှက ဘာအားနည်းချက် ရှိလဲ။ ဘာအားသာချက်ရှိလဲ။ FPNCCရဲ့ မူမှာ ဘာလက်မခံနိုင်တာ ရှိလဲ။ လက်ခံနိုင်တာ ဘာရှိလဲဆိုတာ ညှိဖို့ လိုတယ်။ ပြီးမှ အဖြေထွက်မယ်လို့ ကျနော်တို့ မြင်ပါတယ်။
မေး ။ ။ နိုင်ငံတခုမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုကို သွားတဲ့အခါ အပစ်ရပ် Model တခုနဲ့ သွားဖို့ လိုတယ်၊ ဒါမှ ဆုံမှတ်ဖြစ်တဲ့ Political Dialogue ကို အတူဝင်ထိုင်လို့ ရမယ်လို့ နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်တာတွေ ရှိပါတယ်။ AA အပါအဝင် FPNCC က ဘယ်လို သဘောထား ရှိလဲ။
ကျနော်တို့ ဆိုလိုတာက မူတခုတည်း သွားမယ်ဆိုတာကို အဲ့မူကို အားလုံးလက်ခံနိုင်ရင်တော့ အတည်ဖြစ် ပါတယ်။ လက်မခံနိုင်တဲ့ သူရှိရင် ဘာကို လက်မခံနိုင်လဲ။ ဒီနေရာမှာ ဘာအားနည်းချက်ရှိလဲ ဆိုတာ ဆွေးနွေး ညှိနှိုင်းဖို့ လိုတယ်။ အားလုံး လက်ခံနေရင်တော့ ကျနော်တို့ ဘာမှ ဆွေးနွေးညှိနှိုင်းစရာ မလိုဘူး။ မူတခုတည်းကို ရှိသင့်တယ်ဆိုတာ ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် အဲ့ဒီမူကို အားလုံးလက်ခံနိုင်ရင် အဖြေရှာလို့ ရတယ်။ အားလုံးလက်မခံနိုင်ရင် လက်ခံနိုင်တဲ့ အုပ်စုနဲ့ လက်မခံနိုင်တဲ့ အုပ်စု ညှိဖို့တော့ လိုအပ်ပါတယ်။
မေး။ ။အခုအခြေအနေက နှစ်ဖက်ညှိရမယ့် အခြေအနေရောက်ပြီလို့ ပြောနိုင်လား။
ဒါကတော့ ရောက်ပြီလို့ ပြောလို့ မရရင်တောင် ရောက်အောင်သွားဖို့ နှစ်ဖက်လုံးက ဆန္ဒရှိဖို့ လိုပါတယ်။
မေး။ ။ဘယ်လိုအချက်တွေမှာ အလျော့အတင်း၊ အပေးအယူ လုပ်လို့ ရမလဲ။
ကျနော် အချက်အလက်တွေနဲ့တော့ မပြောချင်ပါဘူး။ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်တဲ့ ဆန္ဒအမှန်နဲ့ စိတ်ဆန္ဒက ပြင်းပြဖို့ လိုတယ်။ အဲ့ဆန္ဒအမှန်ကိုလည်း ညှိနှိုင်းပြီး ဆန္ဒပြင်းပြနေဖို့ လိုပါတယ်။ အဲ့လိုမျိုး ဆိုရင်တော့ ကျနော်တို့ အကောင်အထည် ပေါ်မှာပါ။
မေး။ ။Bilateral ပဲ ဖြစ်ဖြစ် Deed of Commitment ပဲ ဖြစ်ဖြစ် အစိုးရ၊ တပ်မတော်နဲ့ AA က စကား စပြောနေပြီ။ ဘယ်စာချုပ်ပဲ ဖြစ်ဖြစ် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ အပြန်အလှန် ဆွေးနွေးဖို့လိုတယ်။ ရခိုင်ပြည်နယ်တွင်းက AA တပ်ဖွဲ့တွေကိစ္စပေါ့။ ဒါတွေကိုရော ပြောနေပြီလား။
ဒါကတော့ ကျနော်တို့ မပြောရသေးဘူး။ ဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် ဒါကို ကျနော်တို့ အဖြေရှာကြမယ့် ဆုံးဖြတ် ရမယ့် အခြေအနေ မဟုတ်ဘူး။ ဒီလို အခြေအနေရောက်အောင် နှစ်ဦးနှစ်ဖက် စားပွဲဝိုင်းမှာ စကားပြောရမလဲ ဆိုတဲ့ အနေအထားကိုတော့ ပထမဆုံးတွန်းဖို့ လိုပါတယ်။ ပြီးမှ အဲ့ (တပ်ကိစ္စ) အဆင့်ကို သူက ကြိုက်၏ ၊ ငါက မကြိုက်၏နဲ့ သဘောတူတယ်ဆိုတာကို တရားဝင် ဆွေးနွေးပွဲမှာပဲ အဖြေရှာလို့ ရပါမယ်။
မေး ။ ။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်းက AA တပ်ဖွဲ့ဝင်တွေ တည်ရှိနေမှုကို တပ်မတော်က လက်ခံပြီလား။
အဲ့တာလည်း ကျနော်တို့ ဘာမှ မပြောရသေးပါဘူး။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ အရှိတရားကို အမှန်ပဲ မြင်ဖို့ လိုတယ်။ ရှိနေတာကို အမှားမြင်ရင်တော့ ကျနော်တို့ ပြဿနာကို အဖြေရှာလို့ မရဘူး။ ကချင်ပြည်နယ်မှာ ကချင်တပ်မတော် ရှိတယ်။ ကရင်ပြည်နယ်မှာ ကရင်တပ်မတော်ရှိတယ်။ ရခိုင်ပြည်မှာ ရခိုင်တပ်မတော် ရှိနေတာကို ဘာလို့ ရပ်တည်ခွင့် မရဘူးဆိုတာကိုတော့ လက်တွေ့ကျကျ အဖြေရှာဖို့ လိုတယ်။ ပြီးရင် လူထုက မထောက်ခံဘူးဆိုတာက တပိုင်းပေါ့။ လူထုက ရာခိုင်နှုန်းတောင် ကျော်သွားပြီ AA ကို ထောက်ခံတာ။ ဒါကို ဒီနေရာမှာ မနေနဲ့ ဆိုရင် လူထု မကြိုက်တဲ့ အလုပ်ကို လက်ရှိအစိုးရ၊ လက်ရှိတပ်မတော်က လုပ်နေ၊ ပြောနေတယ်ဆိုတဲ့ သဘောကို မသက်ရောက်ဘူးလား။ ပြည်သူ့တပ်မတော်၊ ပြည်သူ့အစိုးရဆိုရင် ပြည်သူက လိုလားတဲ့ ဟာကို အကောင်အထည် ဖော်ပေးရမယ့် တာဝန်ရှိတယ်။ ဒီနေ့ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်ကို ထောက်ခံတာ ၉၀ ရာခိုင်နှုန်းအောက်ကိုတော့မ လျော့ဘူးဆိုတာ ကျနော် ပြောရဲပါတယ်။ NLD အနိုင်ရတာထက်တောင် ကျနော်တို့ ရက္ခိုင့်တပ်မတော်က သေချာပါတယ်။
မေး ။ ။ ရခိုင်ပြည်နယ်တွင်းမှာ AA ရဲ့ တပ်နေရာချထားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုများ သဘောတူညီမှု ရယူချင်လဲ။ AA ဘက်ကပေါ့။
ဒါကို ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ညှိနှိုင်းမှုဆိုတာ ငါလိုချင်တာရှိမယ်။ သူပေးချင်တာ ရှိမယ်။ ညှိနှိုင်းတဲ့ စားပွဲဝိုင်းမှာ ညှိနှိုင်းမှုကို အပေးအယူ ၊ အလျော့အတင်းဆိုတာကို ကျနော်တို့ စဉ်းစားဖို့တော့ လိုလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ကျနော်တို့မှာ ပေးထားတာ တအားများနေပါပြီ။ ကျနော်တို့မှာ လျော့စရာတော့ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။
မေး ။ ။ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်နေတယ်။ မြောက်ပိုင်း မဟာမိတ်ခေါင်းဆောင်တွေ အနေနဲ့ တောင်းဆိုနေတဲ့ တိုင်းရင်းသားလူမျိုးဆိုင်ရာ အခွင့်အရေးတွေကို ဥပဒေအရ ရချင်တယ်လို့ ကျမတို့ နားလည် ပါတယ်။ ဖွဲ့စည်းပုံမှာ တချို့ဥပဒေအချက်တွေ ပြင်ဆင်နိုင်ရေးအတွက် အစိုးရနဲ့ မဟာမိတ် ခေါင်းဆောင် တွေကြား ညှိနှိုှုင်းတာ ရှိပါသလား။
ကျနော်တို့က နံပါတ် ၁ အနေနဲ့ ဒီနေ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အတွက် အစိုးရက ဦးဆောင်ကြိုးစားနေတာကို လုံးဝ လှိုက်လှိုက်လဲှလှဲ ကြိုဆိုပါတယ်။ ဘာလို့ ဆိုတော့ NLD အစိုးရ မဖြစ်ခင်ကတည်းက ဖွဲ့စည်းပုံကို ပြင်ရ၊ ပြောင်းရမယ် ၊ အသစ်ရေးရမယ်ဆိုတဲ့ အာမခံချက်တွေနဲ့ အစိုးရဖြစ်လာတာပါ။ ဒီ ၃ နှစ်ကျော် ကာလမှာ အဲ့ကို ဦးတည်လာတယ် ဆိုတာ လွန်ခဲ့တဲ့ ၃နှစ်က မလုပ်ခဲ့တာကို ကျနော်တို့ အပြစ်မမြင်ဘူး။ အခုမှ လုပ်ခွင့်ရလို့ လုပ်ချိန်တန်လို့ လုပ်တာကို ကြိုဆိုပါတယ်။ ဒါဒီမိုကရေစီစံလည်း မမီ၊ ဖက်ဒရယ်စံလည်း မမီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက ပြင်ကို ပြင်ရမယ်ဆိုတဲ့ အပေါ်မှာ NLD က ဦးဆောင်လုပ်နေတာကို ကြိုဆိုပါတယ်။ တနိုင်ငံလုံး အတွက် ကောင်းသော ခြေလှမ်းတခုပါ။
မေး။ ။မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တွေအနေနဲ့ရော ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ငြိမ်းချမ်းရေးက တဆင့် ပါဝင်ဖို့ ညှိနှိုင်းဖို့ ကြိုးစားတာရော ရှိပါသလား။
ကျနော်တို့ အခုသွားနေတဲ့ NCA ဆိုတဲ့လုပ်ငန်းစဉ်နဲ့ ဆိုင်ပါလိမ့်မယ်။ ကျနော်တို့ ညှိနှိုင်းဖို့ အတွက် အစိုးရနဲ့ တပ်မတော်က NCA စာချုပ်မှာ လက်မှတ်ထိုးမှ ပင်လုံညီလာခံမှာ သဘောထား ပေးပိုင်ခွင့် ကျနော်တို့ လူထုရဲ့ ဆန္ဒကို ရယူပိုင်ခွင့်တွေ ရှိတယ်ဆိုတဲ့အတွက် ဒီကာလမှာ ကျနော်တို့က ဘာလုပ်ချင်တယ်။ ဘာမလုပ်ချင်ဘူးဆိုတာကို ပြောဖို့ထက် အဲ့လုပ်ငန်းစဉ်ထဲ ကျနော်တို့ အရင်ရောက်ဖို့ လိုတယ်။ ပင်လုံကို တရားဝင်တတ်ခွင့်ရဖို့ ကျနော်တို့ ဘာအဆင့်တွေကို ကျော်ဖြတ်ရမလဲ။ ကျော်ဖြတ်ပြီးမှ ဘာတွေကို ပြင်မလဲ။ ဘယ်လို သဘောထားရှိတယ်ဆိုတာကို ပြောရပါလိမ့်မယ်။ အခုတော့ စောပါသေးတယ်။
မေး ။ ။ ဒါဆိုရင် ဗိုလ်မှူးကြီး ပြောဆိုချက်အရ NCA မှာလည်း မြောက်ပိုင်းမဟာမိတ်တွေက မျှော်လင့်ချက် တစိတ်တပိုင်း ထားထား သေးတယ်လို့ ဆိုလိုတာလား။
ကျနော်တို့ အရင်တုန်းကလည်း ပြောပါတယ်။ NCA ကို ကျနော်တို့ အားလုံးကို လက်မခံဘူးဆိုတာ ပြောတာ မဟုတ်ဘူး။ ကျနော်တို့ ပြန်ဖြည့်စရာ ရှိတယ်။ NCA ကို သဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်တဲ့ အချိန်ကာလမှာ NCA က နုတ်ထွက်ခွင့်ရှိရမယ် ဆိုတဲ့ အချက်တွေ ကျနော်တို့က NCA မှာ ဖြည့်စရာ ရှိတယ်။ ထပ်ပြီးမှ သဘောတူညီမှုတွေကို ထပ်ရယူစရာ ရှိတယ်ဆိုတာကို ကျနော်တို့က ထည့်ဖြစ်ဖို့ အတွက် ပြောတာပါ။ မဟုတ်ရင် ကျနော်တို့ရဲ့ FPNCC ရဲ့ မူနဲ့ NCA ရဲ့ မူကို ယှဉ်ကြည့်လိုက်။ ဒီမှာ ၇၀ ရာခိုင်နှုန်းဆိုရင် ၃၀ ရာခိုင်နှုန်းပဲ မတူတာကို ဘယ်လောက်ပြင်ရမလဲ ဆိုတာပဲ။ အဓိကက ဒီမူ ၂ ခုကိုတော့ ကျနော်တို့ ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် သူကလည်း သူ့မူ မှန်တယ်။ ကိုယ်ကလည်း ကိုယ့်မူ မှန်တယ် ဆိုတာနဲ့ ရပ်တည်နေရင် ကျနော်တို့ ရေစုန်မျောသွား ပါလိမ့်မယ်။
မေး ။ ။ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ရော ညှိနှိုင်းပြောဆိုတာ ရှိလား။
ကျနော်တို့ FPNCC အနေနဲ့တော့ မရှိပါဘူး။ ဒါပေမယ့် အပစ်ရပ်ထားတဲ့ အဖွဲ့အစည်းတွေထဲမှာတော့ ဒီနေ့ NCA ကို သဘောတူထားတာတွေ အကောင်အထည် မဖော်နိုင်လို့ ရပ်နေတဲ့ အဖွဲ့အစည်းတွေ RCSS တို့ KNU တို့ ရှိနေတာကို တွေ့ရတယ်။ NCA ကို သဘောတူပြီး လက်မှတ်ထိုးထားတဲ့ အဖွဲ့တောင် ရှေ့ကို မတိုးနိုင်တဲ့ အပေါ်မှာ တာဝန်ရှိတဲ့သူတွေက စဉ်းစားဖို့ လိုပါတယ်။ ဘာဖြစ်လို့ ရပ်တန့်နေတာလဲ။ ဘာလို့ ဒီဘီး မလှိမ့်တာလဲ ဆိုတာ ဘီးမလှိမ့်ရတဲ့ အကြောင်းကို အဖြေရှာဖို့ လိုပါတယ်။ ခုနေ မလှိမ့်ဘူး ခုနေတာကို မဖယ်ဘူးဆိုရင် ကျနော်တို့ ရှေ့ကို မရောက်ပါဘူး။
မေး။ ။FPNCC ထဲမှာပါတဲ့ ဝ၊ မိုင်းလားအဖွ့ဲတွေရဲ့ ရထားတဲ့ အာဏာ၊ နယ်မြေအခြေအနေတွေ ကမြင့်မားတယ်။ ဒါပေမယ့် ဥပဒေအရ မဟုတ်ဘူး။ FPNCC ခေါင်းဆောင်တွေ လိုချင်တဲ့ ဥပဒေအရ တန်းတူညီမျှရေး၊ အာဏာခွဲဝေရေးတွေအတွက် အပစ်အခတ် ရပ်စဲရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေ ပြင်ဆင်ရေးကို အစိုးရနဲ့ အပေးအယူလုပ်ချင်တာ ရှိပါသလား။
ဒါကတော့ ကျနော်တို့ ပြောဖို့ စောပါသေးတယ်။
မေး။ ။ AA ကရော ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စိတ်ဝင်စားလား။
အခြေခံဥပဒေပါ ပုဒ်မတွေက ၇၅ ရာခိုင်နှုန်းကျော်မှ ပြုပြင်ပြောင်းလဲနိုင်မယ်၊ တပ်မတော်က ၂၅ ရာခိုင်နှုန်း ရှိနေတော့ လုံးဝ ကျော်လို့ မရနိုင်ဘူး။ အဲ့တာကို ကျော်လွှားဖို့အတွက် ဒီနေ့ အစိုးရက နောက်နည်းလမ်း တခုနဲ့ ကြိုးစားနေတယ်ဆိုတာကတော့ ကျနော်တို့ ကောင်းတဲ့ဘက်က မြင်ပါတယ်။ ကျန်တဲ့ တခြားအပိုင်းတွေ ကတော့ ကျနော်တို့ ဥပဒေလမ်းကြောင်းကတော့ ဥပဒေပညာရှင်က ပိုပြီး ပြောနိုင်ဆိုနိုင် ပါလိမ့်မယ်။
မေး။ ။ AA အပါအဝင် FPNCC ခေါင်းဆောင်တွေအနေနဲ့ Bilateral ဖြစ်ဖြစ် DOC ဖြစ်ဖြစ် ဆွေးနွေးလို့ ပြေလည်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာပဲ လက်မှတ်ထိုးသွားဖို့ ရှိလား။
ကျနော်ပြောချင်တာ ၂၀၀၈ ဖွဲ့စည်းပုံကို စိတ်ဝင်စားမှု မရှိတာ မဟုတ်ဘူး။ ၂၀၀၈ ဖွ့ဲစည်းပုံကို ကျနော်တို့ ဘယ်ကို ပြင်မယ်။ ဘာကို ပြင်မယ်ဆိုတာထက် ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကို မကျော်ရင် ဘာဖွဲ့စည်းပုံ၊ ဘာညီလာခံ ဖြစ်ဖြစ် တတ်လို့ မ ရဘူး။ ကျနော်တို့မှာ စဉ်းစားထားတာ ရှိတယ်။ ဒါပေမယ့် ပထမတရက်ကို မကျော်ပဲ ဒုတိယတရက်ကို သွားလို့ မရဘူး။ မရောက်နိုင်ဘူး။ အဲ့တာကြောင့် ဒုတိယအတွက်ကို မစဉ်းစားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယအတွက်တော့ ကျနော်တို့ ပြင်ဆင်ပြီးသား ရှိပါတယ်။
မေး ။ ။ ဖွဲ့စည်းပုံမပြင်ရသေးခင် Bilateral ဖြစ်ဖြစ် DOC ဖြစ်ဖြစ် တခုခု သဘောတူညီမှု ရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာပဲ လက်မှတ် ထိုးသွားဖို့ ရှိလား။
ကျနော်တို့က FPNCC မူရှိတယ်။ နောက် NCA ရဲ့ မူရှိတယ်။ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကလည်း မဟုတ်ဘူး။ အပေါ်ကလည်း မဟုတ်ဘူး။ ၂၀၀၈ ဖွ့ဲစည်းပုံနဲ့တော့ အပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ကတော့ တခြားစီပါပဲ။
မေး။ ။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ (ဥပဒေပညာရှင်တွေအပါအဝင်) သုံးသပ်ပြတာက NCA ဆိုရင် လွှတ်တော်မှာ အတည်ပြုထားတယ်။ သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဖြစ်တယ်။ ဖက်ဒရယ်ကို သွားဖို့ ခက်တယ် ဆိုတာမျိုး ယူဆချက်တွေ ရှိတယ်။ ဗိုလ်မှူးကြီးတို့မှာရော ။
အဲ့လိုမျိုး ယူဆချက်ကတော့ ကျနော်တို့ သံသယနဲ့ ပြောမယ်ဆိုရင်တော့ ရှိတယ်။ ဒါပေမယ့် ကတိကဝတ်တခု အနေနဲ့။ ကျနော် NCCT ဆွေးနွေးပွဲမှာ တောက်လျောက်ရှိပါတယ်။ ဒါက လွှတ်တော်ပြင်ပက ဒါကို ပြင်လို့ ရတယ်။ ပြီးမှ လွှတ်တော်မှာ အတည်ပြုပြီး အတည်ပြုချက်ယူမယ်။ ဒါကို မစိုးရိမ်ပါနဲ့ ဆိုပြီး ကတိကဝတ်တွေ ပြုခဲ့တာ ရှိတယ်။ အဲ့လို ကတိကဝတ်တွေကို မှန်မှန်ကန်ကန် အကောင်အထည် ဖော်မယ်ဆိုရင်တော့ မစိုးရိမ်ဘူး။ လက်တလုံးခြားလုပ်မယ်ဆိုရင်တော့ ကျနော်တို့ စိုးရိမ်တယ်။
မေး။ ။ ပဋိပက္ခပြေငြိမ်းအတွက် ရခိုင်လူထုက ဘယ်လောက် မျှော်လင့်လို့ ရမလဲ။
ကျနော်တို့ မျှော်လင့်ချက်ကတော့ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်တဲ့အခါမှာပဲ ကျနော်တို့က တိုက်ပွဲတွေ ဒီလောက်ကြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ ကြားက တဖက်ကလည်း ကျနော်တို့ကို ဆွေးနွေးဖက် အဖြစ် ခေါ်တယ်။ ကျနော်တို့ကလည်း ဆွေးနွေးပွဲကို တတ်ဆွေးနွေးတယ် ဆိုတော့ ကျနော်တို့တွေ တိုးတတ်တဲ့ ရှေ့ကို သွားဖို့အတွက် ခြေလှမ်းစလှမ်းပြီလို့ ပြောလို့ ရတယ်။ ဒါပေမယ့် ရှေ့ကို ဘယ်လောက် လှမ်းမလဲ၊ ဘယ်နားမှာ ရပ်မလဲ ဆိုတာကတော့ ကျနော်တို့ ရှေ့ဆက် ဆွေးနွေးမှု ရလာဒ်ပေါ်မှာပဲ ပြောလို့ ရပါ့မယ်။
မေး။ ။ ဗိုလ်မှူးကြီးတို့ ပြန်သွားပြီးနောက် ရခိုင်မှာ တိုက်ပွဲလျော့နိုင်လား။ ပြန်ပြီး ပစ်ခတ်မှာလား။
ကျနော်တို့ကတော့ တပ်မတော်တာဝန်ရှိ ခေါင်းဆောင်တွေကို ပြောခဲ့တာ ရှိတယ်။ အဲ့တာကို ဘယ်လောက် အကောင်အထည် ဖော်မလဲ။ တပ်မတော်ဘက်က ဘယ်လောက် တားဆီးနိုင်မလဲ။ တပ်မတော်က တားဆီးတဲ့ အပေါ်မှာ ကျနော်တို့ကလည်း ဘယ်လောက် တိုက်ပွဲလျော့နိုင်မလဲ။ တဖက်ကလည်း ဘယ်လောက် လျော့နိုင် မလဲ။ ဘယ်နေရာ ဘယ်လိုရပ်မလဲဆိုတာ အဲ့တာ အဆင့်ဆင့်တော့ ကျနော်တို့ တိုက်ပွဲကို ရပ်စေလိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြ ရှိမှပဲ ဒါကို ဆောင်ရွက်လို့ ရမှာဖြစ်ပါတယ်။ အပြောနဲ့တော့ မပြီးပါဘူး။
မေး။ ။ အခု နေပြည်တော်မှာ တွေ့တော့ အစိုးရ၊ တပ်မတော်တို့က AA နဲ့ ပတ်သတ်ပြီး ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူကို AA ဘက်က ရှင်းရှင်းလင်းလင်း မြင်ရပြီလား။
ဒါကတော့ မီဒီယာမှာ ကျနော်တို့ ပြောလို့ မကောင်းပါဘူး။ ကျနော်တို့က အခုက အစိုးရနဲ့ တပ်မတော်က NCA ပေါ်မှာ ဆုပ်ကိုင်ထားတယ်။ ကျနော်တို့က FPNCC မူအပေါ်မှာ ဆုပ်ကိုင်ထားတယ်။ အဲ့ ၂ ခုကြားမှာ ကျနော်တို့ အဖြေရှာဖို့ လိုတယ်။ ကျနော်တို့က NCA မှာ ဘာအားနည်းချက် ရှိလဲ။ ဘာအားသာချက် ရှိလဲ။ ကြည့်ဖို့ လိုသလို တပ်မတော်နဲ့ အစိုးရကလည်း FPNCC မူမှာ ဘာက လက်ခံနိုင်လဲ ကြည့်ဖို့ လိုတယ်။ ပြီးမှပဲ ကျနော်တို့ မူဘောင် ၂ ခုပေါ်မှာ စေ့စပ်ညှိနှိုင်းပြီး ရှေ့ကို တိုးနိုင်လိမ့်မယ်။ နှစ်ဖက်ခေါင်းဆောင်တွေက အဲ့လိုပဲ ဆက်လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – “မလွှဲမရှောင်သာလို့ တိုက်နေရတဲ့ စစ်ပွဲ ဖြစ်တယ်”