ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း Shan Women’s Action Network (SWAN) အဖွဲ့သည် မတ်လ ၂၈ ရက်နေ့က တည်ထောင်လာခဲ့သည့် သက်တမ်း နှစ် ၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
SWAN ကို ထိုင်းနိုင်ငံတွင် ၁၉၉၉ ခုနစ် မတ်လ ၂၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ကျား၊ မ တန်းတူရေး၊ မြန်မာ့ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး တို့အတွက် တပ်မတော်အစိုးရ လက်ထက်ကတည်းကပင် လှုပ်ရှား ဆောင်ရွက် လာခဲ့သော အဖွဲ့အစည်းတရပ်ဖြစ်သည်။
SWAN အဖွဲ့ နှစ် ၂၀ ဖြတ်သန်းလာခဲ့ရသည့် ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများ၊ လက်ရှိလည်း စစ်ပွဲများ ဖြစ်နေဆဲဖြစ်သည့် ရှမ်းပြည်နယ်ထဲက အခြေအနေများနှင့် အမျိုးသမီးများဘဝ လုံခြုံမှု စိန်ခေါ်မှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး စွမ်းအမျိုးသမီးအဖွဲ့မှ စည်းရုံးလှုံ့ဆော်ရေး အဖွဲ့ဝင် နန်းခမ်းအွန်ကို ဧရာဝတီသတင်းထောက် လဲ့လဲ့ က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ စွမ်းအမျိုးသမီးအဖွဲ့အနေနဲ့ နှစ် ၂၀ အတွင်းဆောင်ရွက်ခဲ့မှုအခြေအနေ ပြန်ပြောပြပေးပါလား။
ဖြေ ။ ။ နှစ် ၂၀ အတွင်းမှာ လှုပ်ရှားလာခဲ့တာ စိတ်ကျေနပ်မှုတော့ မရှိသေးဘူး။ ကျမတို့ အခုလှုပ်ရှားနေတာက ကိုယ်ရည်မှန်းချက် အတိုင်းတော့ သွားနေတယ်။ ဒါပေမယ့် တချိန်ထဲမှာ စိန်ခေါ်မှုတွေက အမျိုးမျိုးရှိတယ်။ ကျမတို့ကျတော့ တန်းတူညီမျှမှုနဲ့ ပတ်သက်ပြီးတော့ ကျမတို့လှုပ်ရှားနေတယ်။ ဒါပေမယ့် ဘာပဲပြောပြော တချို့ဟာတွေဆိုရင်လည်း ကြိုးစားပြီးလုပ်နေတယ်။
စိန်ခေါ်မှုကတော့ ကျမတို့က ပြည်တွင်းမှာဆိုရင် ခေါင်းဆောင်ဖြစ်လာမယ့် အမျိုးသမီးတွေကို ခေါင်းဆောင်မှု သင်တန်းပေးတာရှိတယ်။ စွမ်းရည်မြှင့်တင်ပေးတာ ရှိတယ်။ သူတို့ကို သင်တန်းပေးပြီးလို့ သူတို့ရပ်ရွာမှာ အသိပညာ ပြန်လည်မျှဝေတဲအ့ခါ ကျေးလက်နေ အမျိုးသမီးတွေအနေနဲ့ လက်ခံနိုင်မှုက အားနည်းနေသေးတာတွေ့ရတော့ အရမ်းဝမ်းနည်းတယ်။ နောက် တချက် ရှမ်းပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေသေးတယ်။ အဲ့ဒီစစ်ပွဲတွေ ဖြစ်တော့ ကျမတို့အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုကလည်း စိုးရိမ်ပူပန်ရတယ်။ အဲဒါတွေက ကျမတု့ိအတွက် စိန်ခေါ်မှုတွေဖြစ်တယ်။
မေး ။ ။စွမ်းရဲ့ ဦးတည်ချက်က ဘာတွေလဲ။
ဖြေ ။ ။ ကျမတို့အဖွဲ့အစည်းက အမျိုးသမီးနဲ့ ကလေးသူငယ်ကို empowerment လုပ်ပေးတယ်။ နောက် ဒီ အမျိုး သမီးနဲ့ ကလေးသူငယ်တွေကို ခေါင်းပုံဖြတ်တာ ဆန့်ကျင်တယ်။ နောက်အမျိုးသမီးတွေရဲ့ ဘဝတွေ ကျန်းမာ ပျော်ရွင်ဖို့ကို အားပေးတယ်။ နောက်တခုက ကျမတို့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပညာတွေ ပေးတယ်။ ကျား၊ မတန်းတူရေးမှာလည်း တရားမျှတဖို့အတွက် ကျမတို့အဖွဲ့က လှုပ်ရှားဆောင်ရွက်တယ်။
မေး ။ ။ စွမ်းအဖွဲ့ကလုပ်တဲ့ နှီးနှောဖလှယ်ပွဲက ဘာတွေရခဲ့လဲ။ အဲ့ဒီအချက်တွေကို ဘာလုပ်သွားဖို့ရှိလဲ။
ဖြေ ။ ။ ကျမတို့ဆီကို တက်လာတဲ့သူတွေရဲ့ ပြဿနာကို ဆွေးနွေးပြီးတော့ တင်ပြကြတယ်။ အများအားဖြင့် ဆွေးနွေးနေတာကြတော့ စစ်ပဋိပက္ခတွေကြောင့် စီးပွားရေးဖြစ်ဖြစ် နိုင်ငံရေးဖြစ်ဖြစ် ထိခိုက်တာတွေရှိတယ်။ အဲ့ဒီကရတဲ့ အချက်တွေက အမျိုးသမီးတွေရဲ့ စိုးရိမ်မှုတွေ၊ ပြဿနာတွေဖြစ်တယ်။ အဲဒါတွေကို စစ်ပွဲနှစ်ဘက် လုံးပဲဖြစ်ဖြစ် ပါတီတွေကိုပဲ ဖြစ်ဖြစ် သူတို့တားဖို့ တော့ ကျမတို့က ဆက်ပြောမယ်။ အခုဆိုရင် ပြောနေကြတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း သုံးသပ်ချက်တွေ အချက်အလက်တွေကို ပြန်အသုံးချသွားမှာဖြစ်မယ်။
မေး ။ ။ စွမ်းအဖွဲ့ရဲ့ ရပ်တည်ချက် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ ။ ။ ကျမတို့ ရပ်တည်ချက်က အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ လုံခြုံစိတ်ချရတဲ့ တန်းတူညီမျှရရှိဖို့နဲ့ ကျမတို့ အခုဆိုရင် ဘယ်တိုင်းရင်းသားကိုမဆို လူသားလိုပဲ ဆက်ဆံဖို့ကို ကျမတို့က ရပ်တည်တယ်။ ကျမတို့က အမျိုးသမီးစွမ်းရည် မြှင့်တင်ရေးတော့ ဆက်လုပ်ဖို့ ရှိတယ်။ ဒါပေမယ့် ဒီထက်မက ပဋိပက္ခတွေ ရပ်တန့်ဖို့ လုပ်ဆောင်သွားမယ်။
ကျမတို့ကျတော့ ဒီပဋိပက္ခထဲမှာဆို စစ်ပွဲတွေက အမျိုးသားတွေပဲ ဖြစ်တာဆိုပေမယ့် အမျိုးသမီးက တိုင်းပြည် ရဲ့ အင်အား ထက်ဝက် ဖြစ်တယ်။ အဲ့ဒီအထဲမှာ ကလေးသူငယ်တွေကလည်း တိုင်းပြည်ရဲ့ အနာဂတ် အင်အား ဖြစ်တယ်။ ကျမတို့ကတော့ ပဋိပက္ခဖြစ်တာတွေကို မလိုလားဘူး။ ဒါကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ် တွေအတွက် လုံခြုံရေးနဲ့ လူနေမှုဘဝ တိုးတက်မြှင့်မား ရေးအတွက် ကြိုးပမ်းနေတာက တိုင်းပြည်ရဲ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းမှုဖြစ်တယ်။ နောက် ဒီသဘော ထားကွဲပြားနေတဲ့ တပ်တွေအချင်းချင်း ဆွေးနွေး တာမျိုးဖြစ်စေချင်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းတာကတော့ ကျမတို့အတွက် စိုးရိမ်မှု ရှိတယ်။
မေး ။ ။ အခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စွမ်းအနေနဲ့ ဘာတွေဆောင်ရွက်နေတာရှိလဲ။
ဖြေ ။ ။ အခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်တန်ရေးနဲ့ ဒါ့အပြင် ဒီပဋိပက္ခကြားမှာ ပါဝင် ပတ်သက်သူတွေ အားလုံးမှာ တာဝန်အရှိဆုံးဖြစ်တယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင် ၇၀ ကျော်ကြာအောင် တိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ အဲ့ဒီအပစ် အခတ်တွေ ရပ်ဆဲနိုင်ဖို့ ကြိုးစားနေတယ်။ အခုဆို တိုင်းရင်းသားအချင်းချင်း ပြန်ဖြစ်နေကြတယ်။ ဒီကြားထဲမှာ ကျမတို့က နယ်မှာဆိုလို့ရှိရင် တိုက်ပွဲတွေမဖြစ်ကြဖို့ ရန်မဖြစ်ကြဖို့ လူကြီး တွေကို တွေ့ပြီး ပြောတာရှိတယ်။ ဒါပေမယ့် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်သူတွေပဲ တိုက်တိုက် ကျမတို့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေက အရမ်းထိခိုက်တယ်။ အဲဒါတွေကို ဆက်မဖြစ်ဖို့တော့ ပြောတယ်။
မေး ။ ။ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ဘာများပြောချင်တာရှိလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံထဲရှိ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်တယ်။ ကျမတို့ရဲ့ ဖေဖော်ဝါရီလ ၂၀၁၉ တွင် ကောက်ယူရရှိ ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်မှာ ချိုးဖောက်မှုအများစုက ရှမ်းပြည်မြောက်ပိုင်း မှာ ဖြစ်ပွားနေတာကို မြင်တွေ့ရတယ်။
အကြမ်းဖက်မှုတွေကြောင့် ပြေးရှောင်နေရတဲ့အပြင် ပြည်သူတွေက သူတို့ရဲ့ဘဝအတွက် လုံလောက်တဲ့ ထောက်ပံ့တာတွေ မရှိတာနဲ့လည်း ရင်ဆိုင်ရတယ်။ ဒီလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများအပြား ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ ရွာသားတွေမှာ ကြောက်ရွံ့စိုးရိမ်းစိတ်တွေနဲ့ ခြောက်လန့်တာခံ ခဲ့ရတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ ဘဝလုံခြုံမှု အတွက်မကြည့်ပေးတဲ့အပြင် တိုက်ပွဲရှောင်တွေကို မတည်မငြိမ်ဖြစ်ခဲ့တဲ့ နေရာတွေကို ပြန်သွားဖို့ အမိန့်ထုတ်ခဲ့တာရှိတယ်။ ဒေသအတွင်း မတည်မငြိမ်တာတွေက ငြိမ်းချမ်းရေးနဲ့ အနာဂတ်အတွက် မျှော်လင့်ထားတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ကို ဆက်လက်ခြိမ်းခြောက် ဟန့်တားနေတယ်။
ဒါ့အပြင် ပြည့်သူ့လုံခြုံရေး လိုအပ်ချက်တွေကို မဖြည့်ဆည့်ပေးနိုင်တာ လူမှုအသိုင်းအဝိုင်းကို စိတ်ဓာတ် ကျ၊ စိတ်ဖိစီးမှုရရှိစေတာ။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများလည်း စစ်ပြေးရှောင်ရာ နေရာအဖြစ်ကို ရောက်သွားကြရတယ်။ နောက် လူမှုရေးဝန်ဆောင်မှု အကူအညီများ မရရှိနိုင်တာကလည်း လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို အားပေးနေသလို ဖြစ်တဲ့အပြင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ ကြိုတင် ကာကွယ်ခြင်းကို ဟန့်တားနေသလိုဖြစ်တယ်။
မေး ။ ။ ပဋိပက္ခတွေ ပြေလည်ရေးနဲ့ ပတ်သက်ပြီး ဘာများထပ်ဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ ။ ခေါင်းဆောင်ပိုင်းမှာဆိုရင် ပြည်သူလူထုရဲ့အသံတွေကို နားထောင်ပေးဖို့ သူတို့ဘယ်လိုဖြစ်နေလဲ။ သူတို့ ဘယ်လိုခံစားနေရလဲ။ သူတို့ဘာလိုချင်လဲဆိုတာကို နားထောင်ပေးဖို့။ နားထောင်ပြီးရင်လည်း တကယ်ကို ပဋိပက္ခတွေ ဒီပြဿနာတွေ အဖြေရှာပေးဖို့ကို လုပ်ပေးစေချင်တယ်။ ကျမတို့အဖွဲ့ကလည်း တိုက်တွန်းချင် တယ်။