ပြဿနာ အများအပြား အထူးသဖြင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို ဆွေးနွေးရန် ဧရာဝတီ အယ်ဒီတာအဖွဲ့သည် သံအမတ်ကြီး စကော့မာစီရယ်ကို ဖိတ်ကြားခဲ့သည်။ မတ်လ ၈ ရက်နေ့က အကြီးတန်း သတင်းထောက်များနှင့် အယ်ဒီတာများက မေးမြန်းခဲ့သည်များကို သံအမတ်ကြီးက ပွင့်လင်းစွာ ဖြေကြားခဲ့သည်။ ထိုဆွေနွေးမှုများမှ ကောက်နုတ်ချက် ဒုတိယပိုင်းကို အောက်တွင် ဖော်ပြထားပါသည်။
ဧရာဝတီ။ ။ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ စကားကို သံအမတ်ကြီး အကြိမ်ပေါင်းများစွာ ပြောခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ အစည်းအဝေးတွေ အများအပြားရှိပေမယ့် မှန်ကန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု လုံး၀ မရှိပါဘူး။ ဆိုလိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြားမှာပေါ့။ သူတို့ တွေ့တာ အကြိမ် တဒါဇင်ကျော်ရှိပြီ။ ဒါပေမယ့် အဲဒါကို တွေ့ဆုံဆွေးနွေးတယ်လို့ ပြောလို့မရဘူး။ တွေ့ဆုံဆွေးနွေးတယ်လို့ အထင်ခံရအောင် တွေ့တာဖြစ်နိုင်တယ်။ ကမ္ဘာနဲ့ မြန်မာပြည်သူတွေကို လှည့်စားလိုက်တဲ့ ပုံစံမျိုးပဲ။ ဘာခိုင်မာတဲ့ အကြောင်းရင်းမှလည်း မတွေ့ရဘူး။ နိုင်ငံအတွက် အဖြေကဘာလဲ။
သံအမတ်ကြီး။ ။ မေးခွန်းကောင်းပါပဲ။ ဒါဟာ တကယ့် ပြဿနာကြီးဖြစ်ကြောင်း ထင်ရှားတယ်။ ဒီနိုင်ငံက လူတွေဟာ နှစ်ပေါင်း ၅၀ လောက် ကြာအောင် ပြဿနာတွေအကြောင်း ဘယ်နည်းနဲ့မှ ပွင့်ပွင့်လင်းလင်း မပြောနိုင်ခဲ့ကြဘူး။ ဒါကိုလည်း အားလုံးအသိပဲလေ။ ဒါကြောင့် အခြေအနေတွေ ပြောင်းလဲလာတဲ့အခါမှာ တောင်မှ၊ အရင်ကထက် အများကြီး ပိုပြောနိုင်စွမ်း ရှိလာတဲ့ အခါမှာတောင်မှ အပြောင်းအလဲက အလျင်အမြန် ဖြစ်မလာသေးဘူး။ အချိန်ယူရမှာ ဖြစ်ပြီး တရားဝင်လိုချင်တဲ့ အချက်တွေကို ဖတ်ပြတာထက် ပိုတဲ့ တွေ့ဆုံဆွေးနွေးတဲ့ အလေ့အထ ဖွံ့ဖြိုးလာဖို့ အချိန်ယူရလိမ့်မယ်။ ကျနော် စေ့စပ်ညှိနှိုင်းမှုတွေ အများကြီးမှာ ပါခဲ့ဖူးပြီ။ ကိုယ်လိုချင်တာကို ဖတ်ပြရုံနဲ့တော့ ပြဿနာကို မဖြေရှင်းနိုင်ဘူး။
တိုးတက်မှုကို ညစာစားပွဲမှာ လုပ်ရလေ့ရှိတယ်။ အဲဒီအခါကျတော့ တရားဝင် မှတ်စုမှတ်ရာတွေ ပြောရမယ့် အချက်တွေ ယူလာလို့ မရဘဲ၊ စကားစပြောပြီး ယုံကြည်မှု တည်ဆောက်ရတယ်။ အခြားတဖက်ရဲ့ အမြင်ကို အမှန်တကယ် နားလည်နိုင်ဖို့ တစုံတရာသော အတိုင်းအတာအထိ ယုံကြည်မှုနဲ့ နားထောင်မှုလိုအပ်တယ်။ အဲဒီယုံကြည်မှု ရှိပြီးသွားတဲ့အခါ တိုးတက်မှုတွေ စတင်လုပ်ဆောင်နိုင်မယ်။ အရင်တုန်းကကျနော် လူသိရှင်ကြား ပြောခဲ့တဲ့အတိုင်း တိုးတက်မှုအတွက် စကားပြောရာမှာ ကိုယ့်အမြင်ဟာ အမြဲတမ်း ရာနှုန်းပြည့် မမှန်နိုင်ဘူးဆိုတာ ဝန်ခံဖို့ လိုမယ်။ တဖက်က ပြောတာတွေဟာလည်း ခိုင်မာတဲ့ အချက်အလက်တွေ ဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုဖို့လိုမယ်။ စကားနိုင်လုနေရင်တော့ ဘာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဆွေးနွေးတာမျိုး အမြဲမဟုတ်တဲ့ အတွက် ကျနော် ပလွှား မပြောချင်ဘူး။ ကျနော်တို့ရဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုကို ပြန်ကြည့်မယ် ဆိုရင် တော်တော်ကြာတဲ့ အထိ တိုးတက်မှုရအောင် မလုပ်နိုင်ခဲ့ဘူး။ တိုးတက်မှု နည်းနည်းရလာပြီးမှ လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို ကျနော်တို့ သဘောပေါက်လာတယ်။
အလွတ်သဘော ဆွေးနွေးပွဲတွေကတဆင့် လူထုကို ရပ်ရွာအသိုင်းအဝန်း အမျိုးမျိုး၊ လူမျိုးစု အမျိုးမျိုးနဲ့ ထိတွေ့စေပြီး အချိန်ကြာလာတဲ့အခါ တရားဝင် ဆွေးနွေးပွဲတွေမှာ အောင်မြင်မှုရစေတဲ့ ယုံကြည်မှု၊ စာနာမှု တည်ဆောက်နိုင်ဖို့ ပိုမိုနားလည်မှုတွေ တည်ဆောက်မယ်လို့ မျှော်လင့်တယ်။ တခြား သဘောထား အမြင်တခုကို ရာနှုန်းပြည့် သဘောမတူကောင်း မတူဘဲ ရှိနိုင်တယ်။ ဒါပေမယ့် တဖက်က သဘောထားက ဘာလဲဆိုတာကိုတော့ အနည်းဆုံး နားလည်ရမယ်။ တရားဝင် ဆွေးနွေးပွဲတွေအတွက်သာမက ညစာစားပွဲတွေ၊ တခြား အလွတ်သဘောတွေ အတွက်ပါ လူတွေကို တက်တက်ကြွကြွ တစုတစည်းတည်း ဖြစ်စေဖို့ဆိုတာ အချိန်တွေ၊ လုပ်အားတွေ အများကြီးလိုတယ်။
ဧရာဝတီ။ ။ ဒါဆိုရင် နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှုရှိဖို့ အဓိကကျတဲ့ သဘောပေါ့နော်။
သံအမတ်ကြီး။ ။ သိပ်သေချာတာပေါ့ဗျာ။
ဧရာဝတီ။ ။ ကျနော်တို့က တရားဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း ပြောတယ်။ ဒါက မြင်သာတဲ့ အစီအစဉ်လေ။ သံအမတ်ကြီးကတော့ ပါဝင်ပတ်သက်သူတွေကို ပိုပြီး အလွတ်သဘော ဆန်ဆန် စုစည်းပေးဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နီးစပ်သူတွေနဲ့ စကားပြောကြည့်တော့ အလွတ်သဘောဆိုတာကို တယောက်တမျိုး အဓိပ္ပာယ် ဖွင့်ဆိုနေကြတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက တမျိုးဖွင့်တယ်။ တဖက်မှာ အစိုးရက တမျိုးဖွင့်တယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့မှာ ဘုံနားလည်မှု မရှိကြဘူး။ သူတို့တွေ အလွတ်သဘော ပြောကြတဲ့အခါ ဖြေရှင်းလို့ မရတဲ့ ပဋိပက္ခတွေ ရှိနေတယ်။ နိုင်ငံတနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တခြား တနိုင်ငံမတူဘူး၊ အလွတ်သဘော ညှိနှိုင်းတာကို ဖွင့်ဆိုတာလည်း မတူဘူး ဆိုတာကျနော်သိတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ ဖွင့်ဆိုမှုတွေက ဘာတွေလဲ။
သံအမတ်ကြီး။ ။ ဒါလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်ပါပဲ။ အလွတ်သဘော တွေ့ဆုံတယ် ဆိုတာဟာ အလွတ်သဘော အခြေအနေမှာ ရှိသင့်တယ်။ နည်းနည်း ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ ညှိနှိုင်းနေတာ မဟုတ်ဘူး။ ဒါကြောင့် အတွေးချင်း ဖလှယ်လို့ရတယ်။ နောင်မှာ အနှောင်အဖွဲ့မရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို ပြောလို့ရတယ်။ တခုခု ကတိပေးတာ မဟုတ်ဘူး။ ဒါမျိုးကို စမ်းကြည့်လို့ ရနိုင်တယ်။
ကျနော့်အမြင်မှာတော့ အကောင်းဆုံးက တရာူးဝင်ဆွေးနွေးပွဲ စားပွဲဝိုင်းရဲ့ အဝေးမှာ လူတွေ ဝိုင်းထိုင်လိုက်ပြီး စိတ်ကူးချင်း ဖလှယ်မယ်၊ ယုံကြည်မှု နည်းနည်း တည်ဆောက်ဖို့ ကြိုးစားတယ်။ လူတွေ စိတ် သက်သောင့်သက်သာနဲ့ ဒီနေ့ပြောတဲ့ ဘယ်စကားကိုမှ နောက်တနေ့မှာ တခြားတဘက်ရဲ့ ပြောခွင့်ရသူက ထပ်မပြောဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ စိတ်ကူးတွေ ဖလှယ်မယ်။ ဒါမှမဟုတ် ပူပန်တဲ့ ကိစ္စတွေကို ဖော်ပြမယ်။ ဒါ ကျနော့်အတွက် အလွတ်သဘော ဆွေးနွေးပွဲပါပဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် ဘယ်ညှိနှိုင်းမှု လုပ်ငန်းစဉ်မှာမဆို ဒီလိုဆွေးနွေးမှုတွေ အများကြီးလိုတယ်။
တချို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ပုံမှန်အဆက်အသွယ် ရှိရမယ်။ လူတွေဟာ သူတို့မှာ ကိုယ်ကျိုးတွေ ရှိနေပေမယ့် သူတို့ဟာ သူတို့ ပြည်သူတွေအကျိုးအတွက် လုပ်နေတယ်လို့ ပြောကြတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ တပ်မတော်နဲ့ EAOs တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ဘာအပေးအယူ လုပ်သင့်လဲ။
သမိုင်းကြောင့်နဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပုံကြောင့် ဒါဟာ စိန်ခေါ်မှုတခုပဲ။ သူတို့ တိုင်းရင်းသား အုပ်စုကို ကိုယ်စားပြုပြီး စကားပြောနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတယ်။ အကောင်းဆုံးကတော့ ဒါမျိုးကို လုပ်မယ့် နိုင်ငံရေးပါတီတွေ ရှိရမယ်။ ဒါပေမယ့် ဒါက သမိုင်းရဲ့ ဖြစ်ပေါ် တိုးတက်လာတဲ့ ပုံစံမဟုတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ သူတို့အတွက် အကောင်းဆုံးကတော့ ကိုယ့်ရပ်ရွာ အသိုင်းအဝန်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးတာပဲ။
ဧရာဝတီ။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက လွတ်လပ်သော မီဒီယာတွေအနေနဲ့ ပြဿနာတွေကို တင်ပြဖို့ ကြိုးစားတဲ့အခါ ရန်ပုံငွေနဲ့ အကူအညီတွေ အများကြီးရခဲ့တာ တွေ့ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာတော့ သံရုံး တော်တော်များများက ဒါတွေကို ဖြတ်တောက်လိုက်ပြီး လူမှုအခြေပြု အဖွဲ့အစည်းတွေ ဘက်မှာ သူတို့ရဲ့ ရင်းမြစ်တွေကို သုံးလာကြတယ်။ ဒါဟာ ဘာ သေနင်္ဂဗျူဟာလဲ။ သံအမတ်ကြီးတို့ အစိုးရနဲ့ အခြား အစိုးရတွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင်၊ ရှေ့ ၂ နှစ် ၃ နှစ်လောက်ကို ကြိုကြည့်မယ်ဆိုရင် မီဒီယာတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါသလား။
သံအမတ်ကြီး။ ။ ဒါတွေက မေးခွန်းကောင်းတွေ။ ပထမအချက်အနေနဲ့ ပြောရရင် တခြားသံရုံးတွေက ဘာတွေ လုပ်နေတယ်ဆိုတာ ကျနော်မသိဘူး။ ကျနော်တို့ကတော့ လွတ်လပ်တဲ့ မီဒီယာကို အခိုင်အမာ ထောက်ခံမှု ဆက်ပေးနေတယ်။ ဒါဟာ လုံးဝကို အရေးပါတယ်။ ကျနော်တို့အမြင်မှာတော့ မီဒီယာက တဖက်၊ လူမှုအခြေပြု အဖွဲ့အစည်းတွေက တဖက်ဆိုတဲ့ ပုံမျိုးမဟုတ်ဘူး။ နှစ်ခုစလုံးက ဒီမိုကရေစီမှာ အရေးပါတယ်။ ဒါကြောင့် နှစ်ဘက်စလုံးကို ဆက်လက် ထောက်ခံမယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဆက်ထောက်ခံမယ်။ သူတို့တွေက မဲစာရင်းတို့ ဘာတို့လို နည်းစနစ်နဲ့ အလုပ်လုပ် နေတာ။ တခြား သံရုံးတွေနဲ့အတူ ကျနော်တို့ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံနေကြတယ်။ ကျနော်တို့ရဲ့ ထောက်ခံမှုဟာ နည်းစနစ်ပိုင်း ထောက်ခံမှု သက်သက်ပဲ၊ နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုတာကို ကျနော်ဒီနေရာမှာ အလေးထား ပြောလိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လုံး၀ အပြစ်အနာအဆာ ကင်းတာမဟုတ်ပေမယ့် တော်တော်ကောင်းတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ဆီက ရွေးကောက်ပွဲတွေလည်း လုံး၀ အပြစ်အနာအဆာ ကင်းတာမဟုတ်ဘူးလေ။ အဲဒီအပိုင်းမှာ ကျနော်တို့က ကူညီနိုင်တာတွေကို ကူညီချင်တယ်။
ဧရာဝတီ။ ။ ပြန်ကြားရေးဝန်ကြီးဌာန၊ အထူးသဖြင့် ရွေးကောက်ခံအစိုးရအောက်က ပြန်ကြားရေး ဝန်ကြီးဌာနကို ပြန်ကြားရေးဌာနအဖြစ် အဆင့်လျှော့ချမယ်လို့ ကျနော်တို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ထင်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်လာခဲ့တယ်။ အဲဒီ ဝန်ကြီးဌာနက ဝါဒဖြန့်ချိဖို့ ငွေတွေအများကြီး သုံးနေတုန်းပဲ။
သံအမတ်ကြီး။ ။ လူတော်တော်များများ ဆီကနေ ဒီလိုအသံမျိုးတွေ ကြားနေရပြီး ဒီကိစ္စဟာ အများပြည်သူ အနေနဲ့ တရားဝင်ဆွေးနွေးခွင့်ရှိတဲ့ ကိစ္စဖြစ်တယ်။ ရွေးကောက်ပွဲမှာလည်း ဒါတွေ ပါလာမှာပဲ။ သံတမန်တဦးအနေနဲ့ ဒီဝန်ကြီးဌာန ရှိသင့်တယ်၊ မရှိသင့်ဘူးပြောဖို့ဆိုတာ ကျနော့်ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ ဒီမိုကရေစီရေး ဆွေးနွေးငြင်းခုံမှုတွေရဲ့ အစိတ်အပိုင်း ဖြစ်သင့်တယ်။ လွတ်လပ်တဲ့ မီဒီယာဆိုတာ ဘာလဲ၊ အမှီအခိုကင်းတဲ့ မီဒီယာ ဆိုတာဘာလဲ၊ အစိုးရရဲ့ အခန်းကဏ္ဍက ဘာလဲ။ ဒီမိုကရေစီ နိုင်ငံသစ်တခုမှာ ဒီလိုဆွေးနွေး ငြင်းခုံရတာ အံ့သြစရာမဟုတ်ဘူး။ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအကြောင်းကို လူတွေ အများကြီး ပြောကြလိမ့်မယ်လို့ ကျနော်ထင်တယ်။
ဧရာဝတီ။ ။ ကျနော်တို့နိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်အခြေအနေကို သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။ လက်ရှိ အခြေအနေက အရင် သမ္မတ ဦးသိန်းစိန် အခြေအနေကထက် ဆိုးလား။
သံအမတ်ကြီး။ ။ ကျနော်က ဒီအကြောင်းကို နည်းလမ်း ၂ မျိုးနဲ့ စဉ်းစားတယ်။ ကျနော်မြန်မာနိုင်ငံကို စရောက်တဲ့ ၂၀၀၅၊ ၂၀၀၆ နဲ့ ၂၀၀၇ တို့နဲ့ ယှဉ်လိုက်ရင်တော့ အရမ်းကို ကောင်းလာပါတယ်။ အဲဒီတုန်းက အကြောင်းတွေကို မှတ်မိအောင် ပြန်စဉ်းစားတယ်။ သတင်းလွတ်လပ်ခွင့် အပေါ် ကန့်သတ်ချက်တချို့နဲ့ သတင်းသမားတွေ သတင်း အလုပ်လုပ်တာကို ဖမ်းဆီးတယ်လို့ ကျနော်တို့မြင်တဲ့ ကိစ္စတွေပတ်သက်တဲ့ ပူပန်မှုတွေကို ကျနော်တို့ ဖော်ပြပြီးဖြစ်တယ်လို့ ကျနော်ထင်တယ်။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ပဲဖြစ်ဖြစ်၊ တခြား ဥပဒေ ပြဋ္ဌာန်းချက်တွေပဲဖြစ်ဖြစ် ဒါတွေဟာ ပူပန်ရမယ့် ကိစ္စတွေပဲ။ လွတ်လပ်အမှီအခိုကင်းတဲ့ သတင်းမီဒီယာဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ မရှိမဖြစ်အရေးပါကြောင်း ကျနော်တို့ တလျှောက်လုံး ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျနော်တို့ စိတ်ပူတယ်။
ဧရာဝတီ။ ။ နေပြည်တော် ပြင်ပနားကနေ လုပ်ဆောင်နေတဲ့ တပ်မတော်ရဲ့ အရိပ်ကျနေတဲ့ Facebook လှုပ်ရှားမှု တခုအကြောင်း လွန်ခဲ့တဲ့နှစ်က နယူးယောက်တိုင်းမ် သတင်းစာကရေးတယ်။ ဆိုက်ဘာ တဖွဲ့ဖွဲ့က နေပြည်တော်နားမှာ အခြေစိုက်တယ်။ သူတို့တွေက သတင်းဖျော်ဖြေရေးနဲ့ ဖျော်ဖြေရေး အင်တာနက် စာမျက်နှာတွေသုံးပြီး၊ အသုံးပြုသူတွေ ထောင်ချီရအောင်လုပ်ပြီး အမုန်းတရား လှုပ်ရှားမှုအဖြစ် ပြောင်းပစ်တယ်လို့ ဆိုတယ်။ ဒီလှုပ်ရှားမှု နောက်ကွယ်မှာ တပ်မတော်ရှိတယ်လို့ နယူးယောက်တိုင်းမ်က ရေးတယ်။ သံအမတ်ကြီး အနေနဲ့ ဘာပြောစရာရှိလဲ။
သံအမတ်ကြီး။ ။ ဟုတ်ပါတယ်။ ဒီမှာလည်း ပြောစရာ ၂ ချက်ရှိတယ်။ ပထမတခုက အမုန်းစကားနဲ့ လူမှု ကွန်ရက်ကနေ သတင်းမှား ဖြန့်ချိတာပဲ။ ဒါမျိုးတွေက မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံအများအပြားမှာ ပြဿနာနေနဲ့ ရှိနေတယ်။ နောက်တခုက စစ်ဖက်ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အရာရှိတွေဟာ ဘယ်လောက် အတိုင်းအတာအထိ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလဲ ဆိုတာပဲ။ ဒါက သူတို့ အလုပ်ပဲလေ။ စစ်တပ်ဖွဲ့ဝင်တွေအပါအဝင် အရာရှိတွေဟာ နောက်ကွယ်မှာ အမည်မခံဘဲ ရှိနေပြီး နိုင်ငံရေး တင်းမာမှုတွေ ဖြစ်စေမယ့်၊ သွေးကွဲစေမယ့်၊ ဒုက္ခရောက်စေမယ့်၊ လူတိုင်း စိတ်ပူစေမယ့် သတင်းစကားတွေကို ဖြန့်ချိတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးမှု၊ ဒီမိုကရေစီနဲ့ ဘယ်အစိုးရမဆိုရဲ့ သင့်တင့် လျောက်ပတ်တဲ့ ယန္တရားနဲ့မှ မကိုက်ညီဘူး။
ဧရာဝတီ။ ။ ဒီပြဿနာကို မြန်မာသံတမန်တွေနဲ့ ဒါမှမဟုတ် တပ်မတော်အရာရှိတွေကို ပြောဖူးလား။
သံအမတ်ကြီး။ ။ ဒီအကြောင်း အတိအကျ ပြောဖြစ်တာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် အမုန်းစကား အကြောင်း ပူပန်မှုကိုတော့ ဆွေးနွေးဖူးပါတယ်။ ပြီးတော့ ထပ်ပြီးပြောရရင် ဒါမျိုးတွေက အမေရိကန် ပြည်ထောင်စုမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်သူက ဖြန့်ဖြန့် အမုန်းစကား ဆိုတာ ပြဿနာရှိတယ်။ ဒါပေမယ့် အထူးသဖြင့် ဒီနောက်ကွယ်မှာ အစိုးရက တပ်မတော်က လူတွေရှိနေတယ် ဆိုရင်တော့ ပိုပြီးတော့ ပြဿနာ ရှိတာပေါ့။
ဧရာဝတီ။ ။ အင်ဒို ပိစိဖိတ် ဒေသကိုပေးနေတဲ့ အမေရိကန် လူသားချင်းစာနာမှု အကူအညီရဲ့ ဘယ်နှရာခိုင်နှုန်းကို မြန်မာနိုင်ငံကို ပေးနေလဲ။
သံအမတ်ကြီး။ ။ ဒီမှာလည်း နှစ်ပိုင်းလောက်ရှိနေတယ်။ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်တဲ့ USAID အကူအညီ အားလုံးက တနှစ်ကို ဒေါ်လာ သန်း ၁၂၀ လောက်ရှိတယ်။ ဒါတွေက ကျန်းမာရေး၊ ငှက်ဖျား တိုက်ဖျက်ရေး၊ တီဘီတိုက်ဖျက်ရေး၊ မိခင်နဲ့ကလေး ကျန်းမာရေး ဒါမျိုးတွေအတွက် သုံးတာပေါ့။ စိုက်ပျိုးရေး ကဏ္ဍမှာဆိုရင် ဒီအကူအညီ တော်တော်များများက လယ်သမားဆီကို တိုက်ရိုက်သွားတာ။ နောက်တခါ လွတ်လပ်သော မီဒီယာ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ လွှတ်တော်မှာ စွမ်းဆောင်ရည်မြှင့်တင်တဲ့ ရှေ့နေချုပ်ရုံး၊ တရားရုံးချုပ် တွေကိုပေးတဲ့ Governance အကူအညီဆိုတာ ရှိတယ်။ ဒါတွေလည်း စွမ်းဆောင်ရည်မြှင့်တင်ရေးပဲ။ ယေဘုယျပြောရရင် ဖွံ့ဖြိုး တိုးတက်ရေးအကူအညီက ဒေါ်လာ သန်း ၁၂၀ လောက် ရှိတယ်။
နောက်ပြီးတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး၊ အဲဒီလိုအစီအစဉ်တွေ အတွက် လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အတူလုပ်ကိုင်ဖို့သုံးတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သီးခြားငွေ နည်းနည်း ရှိတယ်။ ပညာသင်ဆုတွေ ယဉ်ကျေးမှု ဖလှယ်ရေးတို့အတွက် နှိုင်းယှဉ်ချက်အားဖြင့် တော်တော်ကို နည်းတဲ့ သီးခြား အသုံးစရိတ်တခု ရှိတယ်။
နောက်ပြီးတော့ လူသားချင်း စာနာမှု အကူအညီရှိတယ်။ အဲဒါကို ကိန်းဂဏန်း မကန့်သတ်ထားဘူး။ အခြေအနေပေါ်မှာ မူတည်တယ်။ ဒါကြောင့် ဘယ်နိုင်ငံပဲဖြစ်ဖြစ် သဘာဝဘေးအန္တရာယ်တွေ ကြုံတယ်ဆိုရင် အဲဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ ထုတ်သုံးတဲ့ ငွေတွေရှိတယ်။
ဒီနှစ်ဆိုရင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်နဲ့ အရှေ့တောင်ပိုင်းက စစ်ဘေးရှောင် (IDPs) တွေအတွက် ငွေအတော်အတန် ဒေါ်လာ သန်း ဆယ်ဂဏန်း လောက်သုံးလိုက်တယ်။ နောက်ပြီး သီးခြား တခုက ဒုက္ခသည်အဖြစ်နဲ့ နိုင်ငံက ထွက်ပြေးရတဲ့သူတွေ ဘင်္ဂလားဒေ့ရှ်ကတင် မဟုတ်ဘူး ထိုင်းက ကရင်၊ ရှမ်း၊ ကယားတွေအတွက်ပါ ဒေါ်လာသန်း ရာဂဏန်းနဲ့ ချီပြီးသုံးတယ်။
ဧရာဝတီ။ ။ ကျနော်တို့ နိုင်ငံမှာ တင်ပြပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြဿနာ တော်တော်ကြီးတယ်။ ကျနော်တို့မှာ အကျပ်အတည်း ဖြစ်တိုင်း နိုင်ငံတကာကို ဘယ်လိုတင်ပြပြောဆိုကြမလဲဆိုတဲ့ နိုင်ငံလုံးဆိုင်ရာ ဇာတ်လမ်းဇာတ်သွားတခု ပျောက်ဆုံးနေတယ်။ အံ့သြစရာ ကောင်းတာက အထူးသဖြင့် အခု အစိုးရအောက်မှာ ရခိုင်အကျပ်အတည်းကို ကြည့်မယ်ဆိုရင်လည်း အဲဒီမှာ ပျောက်နေတဲ့ ဇာတ်လမ်းတခု ရှိနေတယ်။
သံအမတ်ကြီး။ ။ ကျနော် သဘောတူပါတယ်။ စောစောက ပြောသလိုပဲ ဒီအကျပ်အတည်း ဖြစ်လာတယ်။ အသေးစိတ်တွေ မပြောရင်တောင် အဲဒီမှာ အကြမ်းဖက်မှုတွေ အကြီးအကျယ်ဖြစ်ပြီး လူတွေ အများကြီး ထွက်ပြေးတယ်။ ကံဆိုးချင်တော့ တနှစ်ခွဲလောက် ကြာပြီးနောက်မှာ အဲဒီမှာ ဘာဖြစ်ခဲ့တယ် ဆိုတာကို မြန်မာ ဘက်က တင်ပြပြောဆိုတဲ့ ဇာတ်လမ်းတခုနဲ့ နိုင်ငံတကာ ဘက်က တင်ပြပြောဆိုတဲ့ ဇာတ်လမ်းဆိုပြီး ဖြစ်နေတယ်။ တခုနဲ့တခုက အရမ်းကို ကွဲလွဲနေတယ်။ ဒါကြောင့် အခြေအနေ တိုးတက်အောင်လုပ်ဖို့ အရမ်းကို ခက်နေတယ်။
ကျနော့်အမြင်မှာတော့ ARSA က ကနဦး တိုက်ခိုက်မှုကို လုပ်တယ်။ ဒါဖြစ်ရပ်မှန် အချက်အလက်ပဲ။ ကျနော်တို့က ဒါကို ရှုတ်ချတယ်။ သူတို့က ရဲတွေကို တိုက်ခိုက်တာကြောင့်ရော နောက်ဆက်တွဲ ဖြစ်ရပ်တွေ ကြောင့်ရော ဒါဟာ ဘေးဒုက္ခကြီး တခုဖြစ်လာတယ်။ အချိုးအစား မမျှတတဲ့ တုံ့ပြန်မှုဖြစ်တယ်။ ဒီလို တိုက်ခိုက်မှုမျိုးကို နိုင်ငံတိုင်းမှာ တုံ့ပြန်ခွင့် ရှိတာမှန်ပါတယ်။ ဘာမှမလုပ်ဘဲ နေရမယ်လို့ သူတို့ကို ဘယ်သူမှ မပြောပါဘူး။ တုံ့ပြန်တဲ့ လုပ်နည်းလုပ်ဟန်ကြောင့်ဖြစ်တာ၊ အရောရော အထွေးထွေးနဲ့ ရက်ရက်စက်စက် လုပ်တယ်။ ပြီးတော့ ငြင်းတယ် တကယ့်ကို ပြဿနာပဲ။
လုံခြုံရေး တပ်ဖွဲ့တွေ လူ့အခွင့်အရေး ချိုးဖောက်တဲ့အထဲမှာ မြန်မာနိုင်ငံ ပထမဆုံး ချိုးဖောက်တာ မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာလည်း ဖြစ်တာပဲ။ ကျနော်တို့ မျှော်လင့်ခဲ့တာက တခုခု အကြီးအကျယ် မှားသွားတယ် ဆိုတာကို အသိအမှတ်ပြုခြင်းပါ။ ဒါဟာ ဒီလူတွေ နိုင်ငံသားဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာနဲ့ မဆိုင်ဘူး။ ဒါက သီးခြား အရေးပါတဲ့ သီးခြားပြဿနာ။ နိုင်ငံသား ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့တွေဟာ လူသားတွေဖြစ်တယ်။ ဒီတော့ ပြဿနာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက် ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ခဲ့လဲဆိုတာပဲ။
မြန်မာပြည်သူတွေရဲ့ အမြင်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်ကြားမှာ ကံမကောင်း အကြောင်းမလှစွာနဲ့ ကြီးမားတဲ့ ကွာဟမှုက ရှိနေသေးတယ်။ ဘာပဲဖြစ်ဖြစ် စောစောက ပြောသလို ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အနည်းဆုံးတော့ ယေဘုယျ သဘောတူညီမှု ရဖို့ နည်းလမ်းရှာဖို့လိုတယ်။
ဧရာဝတီ။ ။ အရင်တုန်းက အင်ဒိုနီးရှားမှာလည်း တာဝန်ထမ်းဆောင်ဖူးတော့ သံအမတ်ကြီးက ASEAN အကြောင်း တော်တော် သိတယ်။ ဒီဒေသအတွင်းမှာ ဒီမိုကရေစီ ကျဆင်းတာနဲ့ ပတ်သက်ပြီး အာဏာပိုင် အစိုးရတွေ တက်လာတာ၊ တရုတ်သြဇာ ကြီးထွားလာတာတွေကို တော်တော်များများလည်း ရေးပြီးကြပြီ။ သမ္မတ ထရမ့်က ဒီဒေသကို ၂ ခါလာတယ်။ မြောက်ကိုရီးယား ကိစ္စအတွက် စင်ကာပူနဲ့ ဗီယက်နမ်ကို လာတာ။ အမေရိကန်နဲ့ ဒီဒေသနဲ့ ထိတွေ့ဆက်ဆံမှု အဆင့်က ဘယ်လိုရှိလဲ။ အင်ဒို ပိစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု အဆက်ပြတ်သွားတာ ရှိခဲ့လား။
သံအမတ်ကြီး။ ။ လက်ရှိ အမေရိကန်အစိုးရက ဒီဒေသထဲမှာ တော်တော်လေး အလေးထားပြီး စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံတယ်။ ကွဲပြား ခြားနားတာတွေတော့ရှိမှာပဲ။ ခင်ဗျားတို့ပြောသလို၊ သမ္မတကြီးက ဗီယက်နမ်ကိုပဲ သွားပေမယ့် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီရိုက ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ မနီလာကို သွားတယ်။ ဒုတိယ သမ္မတ မိုက်ပန့်စ် ကလည်း မနှစ်က စကာပူရောက်တော့ ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့တယ်။ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တောင် တွေ့ခဲ့သေးတယ်။ ဒါ အရမ်း အရေးကြီးတယ်။ ထိတွေ့ဆက်ဆံမှုက ရှိနေပြီး ဒေသတွင်းမှာ ဒီမိုကရေစီအတွက် ထောက်ခံဖို့ စိတ်ပိုင်းဖြတ်မှုလည်း ရှိသေးတယ်လို့ ကျနော်ထင်တယ်။
စိတ်မကောင်းစရာ ကောင်းတာက နောက်ပြန်ဆုတ်သွားတာပဲ။ ဒါက ဖြစ်ရပ်မှန် အချက်အလက်တွေပဲ။ ဒါမျိုးတွေဖြစ်လာရင် ကျနော်တို့က ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြတယ်။ ဒါပေမယ့် ရှေ့ကို ပြန်တက်နိုင်အောင် ကျနော်တို့ ဘယ်လိုကူညီရမလဲ ဆိုတာကိုလည်း ကျနော်တို့ စဉ်းစားတယ်။ ထိုင်းနိုင်ငံမှာလည် ဆွေးနွေးပွဲ ကျင်းပတော့မယ်။ ဒီလကုန်ရင် အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲရှိတယ်။ အင်ဒိုနီးရှားက ဒီမိုကရေစီ နိုင်ငံပဲဖြစ်နေသေးတယ်။ ဒီမှာလည်းပဲ နောက်နှစ်ကျရင် ရွေးကောက်ပွဲရှိတာပဲ။
ကျနော့်မှာ ကာလကြာရှည်တဲ့ အတွေ့အကြုံရှိတယ်။ သံတမန်ဘဝအစ ပထမနှစ်မှာ ဖိလစ်ပိုင်မှာ တာဝန် ထမ်းဆောင်နေတုန်း သမ္မတ မားကို့စ် ပြုတ်ကျတယ်။ ဒါက ကျနော့် အသက်ကို ပြနေတာပဲ။ ဒီတော့ အခြေအနေ ပြောင်းလဲနေတယ်။ ဒီမိုကရေစီရဲ့ အစိတ်အပိုင်းအဖြစ် ရွေးကောက်ပွဲကို ထောက်ခံဖို့ အရေးကြီးလို့ ထောက်ခံတဲ့အပြင် တခြားအရေးကြီးတာတွေလည်း ရှိသေးတယ်။ လူထုက ယုံကြည်တဲ့ တရားစီရင်ရေးစနစ်နဲ့ ခိုင်မာတဲ့ တရားရုံး၊ ထိရောက်တဲ့ ရဲတပ်ဖွဲ့၊ လူမှု အခြေပြုအဖွဲ့အစည်းတွေနဲ့ လွတ်လပ်သော မီဒီယာ ဒါတွေလည်းရှိတယ်။ ဒါကြောင့် ဒါတွေကို ကျနော်တို့ ဆက်လက် ထောက်ခံနေတယ်။ အသေးစိတ်တချို့ ပြောင်းလဲသွားပေမယ့် ခြုံငုံသုံးသပ်တဲ့ နည်းလမ်းကတော့ အရင်အတိုင်း မပြောင်းလဲပါဘူး။
ဧရာဝတီ။ ။ ရန်ကုန်တိုင်းအစိုးရက မြို့သစ်တည်ဆောက်ဖို့ ကြိုးစားနေတယ်။ စီမံကိန်း အကောင်အထည် ဖော်ရေးမှာ ပါဝင်ဆောင်ရွက်ဖို့ အလားအလာအတွက် အမေရိကန်ကုမ္ပဏီတွေက ချဉ်းကပ်လာတာ ရှိလား။ ဒီစီမံကိန်းက ကြီးမားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ အငြင်းပွားဖွယ်ရာ စီမံကိန်းပဲ။
သံအမတ်ကြီး။ ။ အဲဒီကော်မတီကို အမေရိကန် ကုမ္ပဏီတွေ ချဉ်းကပ်မကပ် ကျနော် သေသေချာချာမသိဘူး။ ချဉ်းကပ်ရင်လည်း ကပ်နိုင်တာပဲ။ ဒါပေမယ့် သိပ်ပြီး ကြီးကြီးမားမား ပတ်သက်တာတော့ သတိမထားမိဘူးလို့ ပြောရမှာပဲ။ ခင်ဗျားတို့ ပြောပုံအရဆိုရင် ဒါက တရုတ် ဆက်သွယ်ရေး ဆောက်လုပ်ရေး ကုမ္ပဏီက ဦးဆောင်နေပုံရတာပဲ။
ကမ္ဘာ တဝန်းလုံးကရော၊ ဒေသတွင်း အတွေ့အကြုံတွေအရ ရပ်ဝန်းတခု လမ်းတခု အစီအစဉ်က လက်ခံတဲ့ နိုင်ငံအတွက် အကျိုးကျေးဇူး ယူလာပေးပုံရတယ့် အပိုင်းတွေရှိတယ်။ တခြားတဖက်မှာလည်း အရမ်းကို ပြဿနာဖြစ်စေမယ့် အပိုင်းတွေရှိတယ်။ ကျနော်တို့မြင်တာကတော့ ဒါပဲလေ။
ထိုက်သင့်တဲ့ လုံ့လ စိုက်ထုတ်မှုတွေနဲ့ ပွင့်လင်းမြင်သာမှု အများဆုံးဖြစ်ဖို့ တကယ်ကို အရေးကြီးတယ်လို့ ထင်တယ်။ ဒီကိစ္စမှာ ရန်ကုန်မြို့နေ ပြည်သူတွေဟာ သူတို့အမြင်ကို ဖော်ပြရမှာပဲ။ ဒါဟာ ကောင်းတဲ့ အစီအစဉ် ဟုတ်လား မဟုတ်ဘူးလားပေါ့။ ဒီစီမံကိန်းတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အသေးစိတ်တွေကို သိရှိရခြင်းဟာ အသုံးဝင်မယ်လို့ ကျနော်ထင်တယ်။ ဒီစီမံကိန်းတွေ ကောင်းလား ဆိုးလား ကျနော်မသိဘူး။ ကျနော့်မှာ အဲဒီလို ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ ဆွေးနွေးငြင်းခုံမှုတွေ အများကြီးလိုတယ်၊ ဒါမှ ကောင်းမယ်လို့ ကျနော်ထင်တယ်။
ဧရာဝတီ။ ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ပတ်သက်တဲ့ သံအမတ်ကြီးရဲ့ အမြင်ကိုလည်း ကျနော်တို့ မေးချင်တယ်။ ဒီနေရာဟာ သေနင်္ဂဗျူဟာ အရ အရမ်းအရေးကြီးပြီး အနောက်နိုင်ငံ ကုမ္ပဏီတွေနဲ့ ပြည်သူအများအပြားက လုံခြုံရေးနဲ့ တခြားကိစ္စတွေအတွက် စိုးရိမ်တယ်လို့ ပြောခဲ့ကြတယ်။ ဒါဟာ စီမံကိန်းကြီးဖြစ်ပြီး အဲဒီက ရဲတွေကိုတောင် တရုတ်နိုင်ငံက လေ့ကျင့်ထားပေးတာ လို့တောင် တချို့က ပြောကြတယ်။
ရေတပ်စခန်းနဲ့ ကပ်လျှက်မှာ ရေနက်ဆိပ်ကမ်းကို ဆောက်တော့မယ်။ မြန်မာ ပြည်သူတွေဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း၊ ဒီစီမံကိန်းရဲ့ အနာဂတ်နဲ့ တရုတ်နိုင်ငံ ပါဝင်ပတ်သက်မှုကို အရမ်းစိုးရိမ်ကြတယ်။ အမေရိကန်အပါအဝင် အနောက်အစိုးရတွေက ဒီကိစ္စကို ဘယ်လို သဘောထားလဲ။
သံအမတ်ကြီး။ ။ ကျောက်ဖြူနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘာသဘောထားမှ မရှိဘူး။ မြန်မာနိုင်ငံ အတွက် အကျိုးရှိ မရှိဆိုတာ ဆုံးဖြတ်ရမှာ မြန်မာအစိုးရနဲ့ ပြည်သူတွေရဲ့ တာဝန်ပဲ။ ဒီမေးခွန်းကို ကျနော် မဖြေနိုင်ဘူးလေ။
ဒီအကြောင်းကို အများကြီးပြောနေကြတာ ကျနော်သိတယ်။ ဒါကောင်းတယ်လို့ ထင်ပါတယ်။ ကျနော် ဆက်ပြီး ပြောရရင်တော့ ဂျဘူတီးနဲ့ ကမ္ဘာတဝန်းက အခြားနေရာတွေမှာ စီးပွားရေး စီမံကိန်းလိုလိုနဲ့ စတင်ခဲ့တာတွေမျိုးကို ကျနော် ထောက်ပြရမှာပဲလို့ ထင်တယ်။
ထပ်ပြီးပြောဦးမယ်။ ဘာဖြစ်သင့်တယ်ပြောဖို့ဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့ တာဝန်မဟုတ်ဘူး။ ကျနော့် အမြင်မှာတော့ မြန်မာအစိုးရက ဒါကိုနားလည်ပြီး သဘောတူညီချက်တွေ ရှိရင် မြန်မာနိုင်ငံ အတွက်၊ ပြည်သူတွေအတွက် အကျိုးရှိ မရှိ အချုပ်အခြာအာဏာကို မထိခိုက်အောင် ညှိနှိုင်းရမယ်။
ဒါတွေဟာာကျနော့်အတွက်တော့ အခြေခံတွေပဲ။ ဒါတွေဟာ မြန်မာအစိုးရရဲ့တာဝန်တွေပဲ။ တရုတ်နဲ့ပတ်သက်ရင် မကောင်းဘူးလို့ မပြောချင်ဘူး။ ကျနော်တို့က ပြဿနာကို ဒီလို ချဉ်းကပ်တာ မဟုတ်ဘူး။ အဓိက ပြဿနာက စီမံကိန်းရဲ့ သဘောသဘာဝက ဘာလဲ ဆိုတာပဲ။
ဧရာဝတီ။ ။ ဒါကတော့ အခုဆွေးနွေးမှုတွေကို အခြေခံမေးတာပေါ့လေ။ တရုတ်နိုင်ငံက ကျောက်ဖြူ နားမှာ စစ်အခြေစိုက်စခန်း တည်ဆောက်တယ် ဆိုပါစို့။ ကုန်သွယ်ရေကြောင်း လုံခြုံရေးအမြင်အရ အမေရိကန်က ဘယ်လိုထင်မလဲ။
သံအမတ်ကြီး။ ။ ကျနော်တို့မထင်ပါဘူး။ မြန်မာအစိုးရက တရုတ်မှမဟုတ်ဘူး ဘယ်နိုင်ငံခြားစစ် အခြေစိုက်စခန်းမှ မလိုချင်ဘူးလို့ လူသိရှင်ကြား ရှင်းရှင်းလင်းလင်း အကြိမ်ကြိမ် ပြောထားပြီးသားပါ။ ကျနော် အဲဒါကို ယုံကြည်တယ်။
ဧရာဝတီ။ ။ ကျေးဇူးအထူး တင်ပါတယ် သံအမတ်ကြီး။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ A Conversation With US Ambassador Scot Marciel ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်နှင့် စကားပြောခြင်း (၁)