NLD အစိုးရ သက်တမ်း သုံးနှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ထို ၃ နှစ်တာ ကာလ အတွင်း၌ နိုင်ငံတွင်း စီးပွားရေး အခြေ အနေ တိုးတက် ဖွံ့ဖြိုးစေရေး အတွက် ကဏ္ဍ တော်တော်များများတွင် အစိုးရက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ သည်။ စီးပွားရေး မူဝါဒကိုလည်း ချမှတ်နိုင်ခဲ့သည်။
သို့သော် ပြုပြင်ပြောင်းလဲမှုများ ကြားက မြန်မာ့ စီးပွားရေး အရှိန်မှာ နှေးကွေးနေကြောင်း ဝေဖန်သူများလည်း ရှိနေသလို တဖြည်းဖြည်းနှင့် အတက်ဘက်သို့ ဦးတည်နေကြောင်း ပြောဆိုမှုများလည်း ရှိနေခဲ့သည်။
လက်တွေ့ စီးပွားရေး အခြေအနေအရ ဆောက်လုပ်ရေး ကဏ္ဍမှ စ၍ ပြည်တွင်း ကုန်ထုတ်မှု ကဏ္ဍ၊ ခရီးသွား လုပ်ငန်း ကဏ္ဍ စသည့် ကဏ္ဍတို့၌ အဘက်ဘက်မှ ကျဆင်းနေခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ထို့ပြင် တိုင်းပြည်၏ စီးပွားရေးကို အာရုံမစိုက်ကာ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးများကိုသာ ကြိုးပမ်းနေသည်ဟု ဝေဖန်ခဲ့ကြပြီးု ယခု အစိုးရ၏ လက်ကျန် သက်တမ်းအတွင်း စီးပွားရေးကို အင်တိုက်အားတိုက် လုပ်ဆောင်ရန် အကြံပေးမှုများလည်း ရှိနေသည်။
ထို့ကြောင့် NLD အစိုးရ သက်တမ်း သုံးနှစ် အတွင်း စီးပွားရေး ကဏ္ဍ အသီးသီး မည်သို့ ပြောင်းလဲမှုများ ရှိခဲ့သည်နှင့် စီးပွားရေး တိုးတက်မှု ရှိ မရှိ အစရှိသည်များကို စီးပွားရေး ကျွမ်းကျင် ပညာရှင်များနှင့် သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍ အသီးသီးတွင် လုပ်ကိုင်လျက် ရှိသည့် လုပ်ငန်းရှင်များ၏ သုံးသပ်ချက် အမြင်များကို ဧရာဝတီ သတင်းထောက် အောင်သီဟက မေးမြန်း တင်ပြထားသည်။
ဦးအေးထွန်း
ဒုတိယ ဥက္ကဋ္ဌ
မြန်မာနိုင်ငံ စက်မှု ကုန်ထုတ် လုပ်ငန်းရှင်များ အသင်း
လက်ရှိ အခြေအနေမှာက လူတွေ အကုန်လုံး စီးပွားရေး မကောင်းကြဘူးလို့ ပြောနေကြတယ်။ မကောင်းဘူး ပြောတဲ့ အဓိပ္ပာယ်က ပစ္စည်းရောင်းတဲ့ ဝယ်တဲ့သူဆိုရင် သူတို့ ပစ္စည်း အရောင်းအဝယ်တွေ ခက်လာတယ်၊ လူတွေက ဝင်ငွေ မကောင်းတော့ ဝယ်ယူနိုင်မှု စွမ်းအား လျော့ကျလာတဲ့ အတွက် သူနဲ့ ဆက်စပ်ပြီး တော့ လုပ်ငန်းတွေက နှေးကွေး ကုန် တာပေါ့။ ကျနော် မြင်တာတော့ အဓိကက စီးပွားရေး ကောင်းအောင် လုပ်ပေးဖို့ ဆိုတာ တိုင်းပြည် ထုတ်လုပ်မှုတွေ ရှိရ မယ် ပို့ကုန်တွေ ထွက်ရမယ်ပေါ့။
ကျနော်တို့ ထုတ်လုပ်မှုတွေကို ပြည်တွင်း ဈေးကွက် တခုတည်းတင် မဟုတ်ဘဲ အပြင်ကိုလည်း ထွက်နိုင်အောင် လုပ်ရ မယ်။ အခုက ပြည်တွင်းဈေးကွက်မှာလည်း မလုပ်နိုင်ဘူး၊ အပြင်ကိုလည်း မထွက်နိုင်ဘူး ဖြစ်နေတယ်။ ပြည်တွင်းမှာ မလုပ်နိုင်ဘူး ဆိုတာ လက်ရှိ ကျင့်သုံးနေတဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ၊ နောက်တချက်က အစိုးရက နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို အရမ်း အားကိုးတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ အများ ကြီး ရမယ်၊ အလုပ် အကိုင်အခွင့်အလမ်းတွေ ရရင် ဝင်ငွေရမယ်။ ဝင်ငွေရရင် ဝယ်လိုအားတွေ တက်လာမယ် လုပ်ငန်း တွေလည်း ကောင်းလာမယ်ဆိုပြီး သူတို့ တွေးတာပေါ့။
တကယ်တမ်း ပြောမယ် ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရောက် လာတာက အများစုက အထည်ချုပ်လောက်ပဲ ရှိတယ်။ အထည်ချုပ်ကနေ အပြင်ကို ပြန်ထွက်တာ ဒီမှာက လက်ခစားပဲ လာချုပ်တာ။ ဒီမှာ တကယ်တမ်း ကျန်တာက လက်ခပဲ ကျန်တာပေါ့။ ဝင်လာနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက တကယ့် ထုတ်လုပ်မှုတွေ မဟုတ်ဘူး။ ကျနော်တို့ဘက်က တကယ့် ထုတ်လုပ်မှုတွေ မလုပ်နိုင်ဘူး။ ဒီမှာက ဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေကလည်း သေချာ မကောင်းသေးဘူး။ သူများ တိုင်းပြည်က ပစ္စည်းတွေ လွတ်လွတ်လပ်လပ် ဝင်နေတာ၊ ခိုးဝင်နေတဲ့ ကိစ္စတွေကို သေချာ မပိတ်နိုင်သေးဘူး။
ကျနော်တို့က အမြဲတမ်း ဝယ်သုံးနေရတယ်။ နိုင်ငံခြားငွေတွေ လိုအပ်နေတယ်။ နိုင်ငံခြားငွေ ဝယ်လိုအားနဲ့ ရောင်းလိုအား အခြေအနေမှာက ဝယ်လိုအားက အမြဲတမ်း ရှိနေတယ်။ အဲဒါတွေကလည်း ကျနော်တို့ ကျပ်ငွေ တန်ဖိုးကျရတဲ့ အကြောင်း အရင်းတွေပေါ့။ အဲ့ဒီလိုဆိုရင် ဆင်းရဲတဲ့ သူကို ပိုထိခိုက်တာပေါ့။ အများစုက သွင်းကုန်ပေါ်မှာပဲ မှီခိုနေရတော့ သူတို့က ဈေးကြီးပေးရတယ်။
လုပ်ငန်းရှင်တွေ ဘက်မှာလည်း ပြည်တွင်း ဈေးကွက် တခုတည်းပဲ လုပ်နေရတော့ ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ကိစ္စ တွေ မလုပ်နိုင်ဘူး။ ဒီ ပြည်တွင်း ဈေးကွက်မှာတောင်မှ အပြင်က ဝင်နေတဲ့ ပစ္စည်းတွေ ရှိနေတော့ လုပ်ငန်းရှင် အတွက် ဈေးကွက်က အရမ်း ကျဉ်းမြောင်းတယ်။
အဲဒီလိုတွေ ဖြစ်လာတော့ မြန်မာပြည်မှာ အလုပ်သမားတွေ ကလည်း မလုပ်နိုင်ကြတော့ အပြင်ကို ထွက်ကုန်ကြရော၊ အရင်က ပေါပါတယ်ဆိုတဲ့ အလုပ်သမားတွေက သိပ်မရှိတော့ဘူး။ ဒီမှာ ဘာမလုပ်နိုင်တဲ့ ကိစ္စကို အစိုးရက ဖြေရှင်းပေးမှ၊ ဒီက လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်မှ တိုင်းပြည် စီးပွားရေးက ပြန်တက်လာမှာ။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုပဲ အဓိကက အားပေးနေသလို ဖြစ်နေတယ်။ အစိုးရက ပြည်တွင်း အသေးစား အလတ်စား လုပ် ငန်းတွေ ဖွံ့ဖြိုးဖို့ လိုတာကိုတော့ သိနေတယ်။ အဲ့ဒီအတွက်လည်း လုပ်တော့ လုပ်နေ ပါတယ်။ ဒါပေမယ့် ထိထိ ရောက် ရောက် မကူညီနိုင်သေးဘူး။ ဒု သမ္မတ ဦးဆောင်တဲ့ အဖွဲ့နဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ကြတယ်။ ဒါပေမယ့် သူတို့က လုပ်ငန်း ရှင်တွေကို အချိန် တကယ်မပေးနိုင်ဘူး။ သူတို့ မိန့်ခွန်း ပြောတဲ့အချိန်ကသာ ပိုများနေတာ၊ လုပ်ငန်းရှင်တွေ တကယ် ဆွေး နွေး တင်ပြခွင့်ရတာက ၅ မိနစ်စာလောက်ပဲ ရှိတယ်။
လုပ်ငန်းရှင်တွေဘက်က ဆွေးနွေး တင်ပြနေတာတွေက တကယ့် မြေပြင် အခြေအနေတွေပါ။ ဒီသုံးနှစ် အတွင်းမှာ ခြုံပြော ရရင် အစိုးရက အရင်က ထက်စာရင် ကူညီပံ့ပိုးပေးချင်တဲ့ စိတ်လည်း ရှိတယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်စေချင်တဲ့ စိတ် တွေ ရှိတယ်။ အစိုးရက ကျနော်တို့ တင်ပြတာတွေကို လေးလေးနက်နက် လုပ်ပေးနေတယ် ရှိတယ်။ ဒါပေမယ့် ခဏတာ တွေ့ဆုံမှု လေးတွေ ကတော့ တကယ့် ပေါ်လစီတွေကို ပြင်ဖို့ ကိစ္စတွေ အတွက်တော့ အဆင်မပြေဘူး။ လုပ်ငန်းရှင်တွေနဲ့ သေသေ ချာချာ အချိန်ပေးပြီး ဆွေးနွေး လုပ်ဆောင်ပေးဖို့ လိုအပ်နေသေးတယ်။
ဦးရဲမင်းဦး
NLD စီးပွားရေး ကော်မတီဝင်
ဒီသုံးနှစ်အတွင်း မြင်ရတာက အရင်ရှိခဲ့တဲ့ Informal စီးပွားရေး ပုံစံကနေ Formal ပုံစံကို ပြောင်းလိုက်နိုင်ပြီ။ အရင် Informal ဆိုတာက အရင် တခုခု လုပ်တော့မယ် ဆိုရင် စည်းမျဉ်းစည်းကမ်း ဥပဒေက အဓိက မဟုတ်ဘူး။ ရင်းနှီးမှုနဲ့ သွားတဲ့ ကိစ္စပေါ့၊ အဲဒီတော့ တချို့စည်းမျဉ်းစည်းကမ်းတွေကို ကျော်ပြီး လုပ်လိုက်တယ်ပေါ့။ အဲဒီလို ကျော်လိုက်တော့ အထူး အခွင့်အရေး ရတဲ့ လူတန်းစား တရပ် ပေါ်လာတယ်။ အဲဒီလူတွေက သူတို့ရတဲ့ အခွင့်အရေးကို တခြားလူတွေကို ပြန်ရောင်းစားတဲ့ ကိစ္စ ရှိလာတယ်။ အဲဒါကို ကျနော်တို့ ခေါ်တာက ပါမစ် စီးပွားရေးလို့ ခေါ်တာပေါ့။
စီးပွားရေးက တကယ် လုပ်တာ မဟုတ်ဘဲ ပါမစ်ရတဲ့သူက ပါမစ် ရောင်းတာက စီးပွားရေး လုပ်သလို ဖြစ်သွားတာပေါ့။ အဲဒီလို Informal တသက်လုံး ဖြစ်ခဲ့တာကြီးကို အခု Formal ပေါ့၊လုပ်ထုံးလုပ်နည်း ဥပဒေနဲ့ အညီ လူတိုင်း လျှောက်ခွင့် ရှိတယ် ဆိုတဲ့ ပုံစံ ဖြစ်သွားပြီ။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက မြေလွတ်မြေရိုင်းတွေ ရှိတယ်။ လာလုပ်ချင်တဲ့ သူတွေကို ဖိတ်ခေါ် ထားတယ်ပေါ့။ ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေကို ခွင့်ပြုပေးမယ် ဆိုပြီး ခေါ်နေတဲ့ အစီအစဉ်တွေ လုပ် တယ်။ နောက် ရင်းနှီးမြှုပ်နှံ ဖိုရမ်တွေ လိုက်လုပ်နေတာတွေ ရှိတယ်။ ဒါက အဓိက အပြောင်းအလဲ ဖြစ်တာပေါ့။
အဲဒီဟာက အခု စပြီးတော့ အသက်ဝင်လာပြီ၊ လူတိုင်းလည်း ဘယ်လို အလုပ်လုပ်ရမယ် ဆိုတာ သိလာပြီ။ အရင်တုန်းက စီးပွားရေး လုပ်ခဲ့တဲ့ သူရော စီးပွားရေး မလုပ်ခဲ့တဲ့သူရော အားလုံး အခု ဒီပုံစံနဲ့ လုပ်နေရပြီ။ အဓိက တိုးတက်မှုက အဲ့ဒီဟာ ပဲ။ အဲ့ဒါက စီးပွားရေး ကဏ္ဍမှာ တရားဥပဒေ စိုးမိုးမှု ရှိတာလို့ ပြောလို့ရတယ်။
ဒုတိယ တချက် တိုးတက်လာတာက အခွန်စနစ်တွေ ပြောင်းလဲတယ်။ အခုထိလည်း ခက်တော့ ခက်နေတုန်းပဲ။ အဲဒီခက် နေတာကို ဒီထက် လွယ်လာအောင် လုပ်နေတာတွေ တွေ့ရတယ်။ တချို့နေရာတွေမှာ အလွယ်တကူ ပေးဆောင်လို့ မရ တာတွေ နားမလည်တာတွေတော့ ရှိနေသေးတယ်။ အခွန်ဌာန အနေနဲ့ ဖိဖိစီးစီး အခွန်ကောက် နေသလို အခွန်ဆောင်တဲ့ သူတွေကိုလည်း အလွယ်တကူ အခွန်ထမ်းဆောင်လို့ ရအောင် လုပ်ဆောင်နေတာ တွေ့နေရတယ်။ ရာနှုန်းပြည့်တော့ မအောင်မြင်သေးဘူး၊ ပြောင်းလဲလာတာတွေ ရှိနေပြီ။ ဒါကလည်း စီးပွားရေး လောက အပေါ်မှာ သက်ရောက်မှု ရှိတယ်။
တတိယ တချက်ကျတော့ လက်ရှိ သွားနေတဲ့ စီးပွားရေး ပုံစံမှာ ဘာတွေ ထပ်ဖြစ်လာလဲ ဆိုရင် သတင်း အချက်အလက် ကိုပါ အလွယ်တကူ ရနိုင်အောင် လုပ်ပေးလာနိုင်ပြီ။ ဒါလည်း ဖွံ့ဖြိုးတိုးတက်လာတာပဲပေါ့။ နောက်ပိုင်းကျရင် သတင်း အချက်အလက်တွေ အလွယ်တကူ ရတဲ့ အတွက် ရင်းနှီးမြှုပ်နှံချင်တဲ့ သူကလည်း ဘယ်နေရာ ဘာလုပ်ရနိုင်မလဲ ဘယ် ကဏ္ဍမှာ လုပ်မလဲပေါ့။ သတင်း အချက်အလက် ရှိနေရင် စီးပွားရေး လုပ်ရတာက ပိုလွယ်တာပေါ့။
အစိုးရက ဘာထပ်လုပ်လဲ ဆိုရင် ကျနော်တို့ နိုင်ငံက သွင်းကုန်နဲ့ ပို့ကုန် မမျှတဲ့ နိုင်ငံလေ။ အဲ့ဒီတော့ သူတို့ ပို့ကုန် အမယ် အသစ်တွေ တိုးချဲ့ပို့နိုင်အောင် လုပ်နေသလို လက်ရှိ ပို့နေတဲ့ ပို့ကုန်တွေ တိုးပို့နိုင်အောင် လုပ်နေတဲ့အတွက် အခုဆိုရင် သွင်းကုန်နဲ့ ပို့ကုန် နှိုင်းယှဉ်တဲ့ အခါမှာ ပို့ကုန် တိုးတက်လာတာ တွေ့ရတယ်။ ဒါပေမယ့် သွင်းကုန် ပမာဏ ကိုတော့ မကျော်သေးဘူးပေါ့။ ထိုက်သင့်သလောက် ပို့ကုန် ပမာဏတက်လာတဲ့ အတွက် ဒါကလည်း တိုးတက်မှုလို့ပဲ ပြောရမယ်။
ကျနော်တို့က ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်တဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) တွေကို ဖိတ်ကို ဖိတ်ရမယ်။ တဖက်မှာလည်း ပြည်တွင်း လုပ်ငန်းတွေကိုလည်း အားပေးဖို့ လိုတယ်။ ငွေကြေး လိုအပ်နေတာလား၊ နည်းပညာ လိုအပ်တာလား နောက် လုပ်ကိုင်ခွင့် ခက်ခဲနေတာလား။ ဒါက စောင့်ကြည့် လေ့လာပြီးတော့ အထောက်အပံ့ ပေးရမယ်။ ဘယ်လို ပုံစံ အထောက် အပံ့ ပေးမလဲ ဆိုတာတော့ ရွေးရမှာပေါ့။ အစိုးရက ခြေလှမ်းတွေတော့ စနေပြီပေါ့။ ဒါပေမယ့် အခု ထက်ပိုပြီးတော့ အား စိုက်လုပ်ဖို့တော့ လိုနေသေးတယ်။ ဘယ်နည်းနဲ့ SME တွေ ကူညီလို့ ရမလဲ ဆိုတာကို နည်းမျိုးစုံနဲ့ ရှာပေါ့ဗျာ။
အခုကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနေတဲ့ CMP စနစ်နဲ့ အထည်ချုပ် လုပ်ငန်းတွေ များတယ် ဆိုပေမယ့် CMP စက်ရုံတွေ များလာရင် တခြား ပိတ်စ ထုတ်တဲ့ စက်ရုံတွေ ရောက်လာမယ်။ နောက် ဝါစိုက်တဲ့ သူတွေ များလာမယ်။ ပထမ အဆင့် ဖြစ်တဲ့ အတွက် ကျနော်တို့က လက်ခစားပဲ ရဦးမယ်။ ဒါတွေကို ဖွံ့ဖြိုးလာအောင်တော့ ကာကွယ်ပေးရမယ်။
အချုပ်ပြောရရင် စီးပွားရေး ကောင်းဖို့ အတွက် လမ်းကြောင်းပေါ်တော့ ရောက်လာနေပြီ။ ဒီလမ်းကြောင်းကနေ မပြောင်း ဘဲနဲ့ တည့်တည့်သွားဖို့တော့ လိုအပ်တယ်။ ဒီလမ်းကြောင်း အတွက် လိုအပ်တာတွေ ထပ်ဖြည့်၊ အားဖြည့်ပေးရင် စီးပွား ရေးက တဖြည်းဖြည်း ပြန်တက်လာလိမ့်မယ်။
ဒီသုံးနှစ် အတွင်းမှာလည်း သူ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တာတော့ တွေ့ရတယ်။ တဖက်က ကိန်းဂဏန်းတွေ တက် တာ မတက်တာနဲ့ တိုင်းတာ တာကတော့ တပိုင်းပေါ့။ တိုင်းတာတဲ့ နေရာမှာလဲ ဘယ်ဘက်က ကြည့်ပြီး တိုင်းတာလဲ ဆို တာလည်း ကြည့်ရမှာပေါ့။ စနစ်တကျ တက်လာတကို ကြိုက်တဲ့သူ ဆိုရင် တဖက်မှာ မတက်လာပေမယ့် ဒီဘက်မှာ စနစ် တကျ ဖြစ်တာကို ကြိုက်တဲ့သူ ရှိတယ်။
အခုက စီးပွားရေးကို ပြောရင် GDP ဂဏန်း ပေါ်မှာပဲ ပြောကြတာ၊ Growth ကိုပဲ ပြောကြတယ်။ တဖက်မှာ ကျနော်တို့ ကြည့်ရမှာက ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ရမှာ။ ဘယ်လောက် ဖွံ့ဖြိုး တိုးတက်လာလဲ ဆိုတာကို မပြောကြဘူး။ တကယ် တော့ နိုင်ငံ တနိုင်ငံက ဖွံ့ဖြိုး တိုးတက်ဖို့ လိုအပ်တာ။
ဦးဉာဏ်သစ်လှိုင်
ဆောက်လုပ်ရေး လုပ်ငန်းရှင်
ကျနော်တို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဆိုတာက တိုင်းပြုပြည်ပြု ဆိုတဲ့ အခန်းကဏ္ဍမှာ ပါနေပါတယ်။ ဒေသ တခု ဖွံ့ဖြိုး ဖို့ ကျနော်တို့ရဲ့ အခန်းကဏ္ဍက အရေးကြီး ပါတယ်။ အခု သေချာတာ ကတော့ နိုင်ငံတော်ကနေ သွားနေတဲ့ စီးပွားရေး ပေါ်လစီ အရပေါ့၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ရယ်လို့ မဟုတ်ဘူး စီးပွားရေး လုပ်ငန်းတွေကို မှန်ကန်တဲ့ စီးပွားရေး လမ်း ကြောင်းပေါ်ကို တင်ပေးနေတယ်လို့ ကျနော်တို့က အကောင်းမြင်ပါတယ်။ အဲဒီလို လမ်းကြောင်းနေတဲ့ အချိန်မှာ အစိုးရ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစားမှုတွေ မရှိအောင် ပြင်ပေးနေတယ်။
အရွေ့သဘော အရ သူတို့လည်း လိုက်ရွေ့ပြီး လိုက်လုပ်နေပါတယ်။ ဒီလို တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်နေတဲ့ အချိန်မှာ၊ တည်ဆောက်နေတဲ့ အချိန်မှာ ဝေဖန်နေတာက အချိန် စောပါသေးတယ်လို့ မြင်ပါတယ်။ သို့သော် ဝေဖန်နေတာ မဟုတ်ဘဲ အကြံပြုတာပေါ့။ တိုင်းပြည်ရဲ့ စီးပွားရေး နှေးကွေးလာတယ်။ စီးပွားရေး မြန်မြန တိုးတက် ပြောင်းလဲလာဖို့ အတွက် ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်ရာ အသင်း အဖွဲ့တွေက တဆင့် အစိုးရဆီကို ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ အချက် တွေကို တင်ပြ ထားပါတယ်။ အခု အနေအထားမှာ တိုင်းပြည်ကို မြန်မြန် ပြန်တက်နိုင်တဲ့ အချိုးအကွေ့လေးတွေမှာ လုပ် မယ့် အချက်တွေ အကြံပြုထားပါတယ်။ လိုက်မလုပ်နိုင်သေးတာ၊ မဖြစ်လာသေးတာ ကတော့ အခြေအနေ အရ ပေါ့နော်။
တကယ် ကျွမ်းကျင်ပြီး ထိန်းကျောင်းပေးနိုင်တဲ့ သူတွေ အစိုးရမှာ ရှိနေရင်တော့ ချက်ချင်း တိုင်းပြည်ကို ပြောင်းလိုက် လှည့်လိုက်လ ရတာပေါ့၊ အခု သာမန်လိုမျိုး ဆိုရင်တော့ သာမန်လိုပဲ သွားနေမှာပေါ့။ ကျနော်တို့က အဲဒါကို မျှော်လင့် တယ် ရွေ့လည်း ရွေ့စေချင်တယ်။ တိုင်းပြည်က ရွေ့သွားရင်လည်း ဟိုးအဆင့်ဆင့် ရွေ့သွားနိုင်တယ်။ အဓိက အလုပ် အကိုင် အခွင့်အလမ်းကို မျှော်လင့်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း ရဖို့က စီးပွားရေး သွားနေတဲ့ အရှိန်လေး ကောင်းနေဖို့ လိုတာ၊ စီးပွားရေး အရှိန်ကောင်းဖို့ ဆိုတာကလည်း တိုင်းပြည်ရဲ့ စီးပွားရေးကို ဦးဆောင်လုပ်နေတဲ့ သူတွေ ဆွဲဆောင်နိုင်မှု၊ အမြော်အမြင် ရှိမှု၊ ပူးပေါင်း ဆောင်ရွက်နိုင်မှု အများကြီး ပြောင်းလဲဖို့ လိုတယ်လို့ အကြံပြုပါတယ်။
ခြုံပြောရရင်တော့ ဆောက်လုပ်ရေး ကဏ္ဍက သေချာတာကတော့ တက်မသွားဘူး။ အဲဒီတော့ တန့်နေသလား၊ ကျသွား လား ပေါ့နော်။ ကျတယ်လို့ ပြောရင်တော့ သိပ် မမှားဘူး၊ နည်းနည်း အေးခဲသွားတာပေါ့။ အေးခဲသွားတဲ့ အပေါ်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အားလုံးက အားမလို အားမရ ဖြစ်ကြပါတယ်။
လုပ်ငန်းတွေ ရပ်တယ် ဆိုတာ စက်မှု လုပ်ငန်း ရပ်ရပ်၊ စိုက်ပျိုးရေး လုပ်ငန်း ရပ်ရပ်၊ ဆောက်လုပ်ရေး လုပ်ငန်း ရပ်ရပ် ဘာလုပ်ငန်း ရပ်ရပ် ဒီရိုက်ခတ်မှုက တိုင်းပြည် စီးပွားရေး အတွက် အကြီးကြီးပါ။ တိုင်းပြည် စီးပွားရေး ယန္တရားတွေကို ထိခိုက်နိုင်တဲ့ အခြေအနေ အထိ ရှိပါတယ်။
ဦးသန်းလွင်
ဘဏ်လုပ်ငန်း ပညာရှင်
ဒီသုံးနှစ်အတွင်းမှာ ဗဟိုဘဏ်ရဲ့ လူတွေ ပြောင်းလိုက်တာ မှန်တဲ့ အနေအထား ရှိတယ်။ ဒု ဥက္ကဋ္ဌ နှစ်ဦးကို လူမှန် ရွေး ချယ်နိုင်ခဲ့တယ်။ အဲဒါကြောင့် ဗဟိုဘဏ်က သီခြား လွတ်လပ်တဲ့ အဖွဲ့အစည်း တခုရဲ့ လုပ်ဆောင်လာနိုင်မှု အပိုင်းလေး တွေ တွေ့ရတယ်။ နောက် ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေလည်း ထပ်ထုတ် လိုက်တယ်။ ဒါ တွေက အပြည်ပြည် ဆိုင်ရာ ဘဏ်တွေနဲ့ ရင်ဘောင်တန်း နိုင်အောင် လုပ်ပေးတဲ့ စနစ်ပေါ့။
ဒါပေမယ့် သူက တခု မခွဲတာက အရင်ခေတ်က ဘဏ်လုပ်ငန်းနဲ့ အခု ရှေ့ဆက်သွားမယ့် ဘဏ်လုပ်ငန်းပေါ့၊ အခုဘဏ် လုပ်ငန်းက၂၀၁၆ ခုနှစ် ငွေရေးကြေးရေး ဥပဒေ အသစ်နဲ့ သွားရမှာပေါ့။ ဘဏ်လုပ်ငန်းနဲ့ မြန်မာ့စီးပွားရေး ကတော့ သိပ် တော့ မတက်လာတဲ့ အနေအထား ရှိတယ်။ ရခိုင် အခြေအနေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ သေချာ မဝင်လာ တော့ဘူး။ အခု ဝင်လာလိုက် အခု ပြန်ယူ ထွက်သွားလိုက်ဆိုတဲ့ လုပ်ငန်းမျိုးတွေပဲ အလာ များတာပေါ့။ ကျနော်တော့ အဲဒီလို မြင်ရတယ်။
တိုင်းပြည် မငြိမ်သက်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေက သေချာ မလာဘူး။ ဒီကနေ့ စီးပွားရေး ပေါ်လစီကြောင့်လည်း ဖြစ်နိုင်တယ်။ နိုင်ငံရဲ့ သွားနေတဲ့ စီးပွားရေး ပေါ်လစီက သွားနေတဲ့ ပုံစံက သိပ်မရေရာဘူးလေ။ အဲ့ဒါတွေကိုလည်း ရင်းနှီး မြှုပ်နှံသူတွေက စောင့်ကြည့်နေတဲ့ သဘောတွေ ရှိတယ်။ ဥပဒေတွေမှာလည်း အားနည်းချက်တွေ ရှိနေသေးတယ်။
အစိုးရ ကတော့ ပြောမှာပေါ့။ အခုက စတက်ခါစပေါ့ အရင်တုန်းက ဟာတွေကို ဖြည်နေရတုန်းပေါ့။ ဒါလည်း မှန်သင့်သ လောက်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း သူလုပ်နိုင်တဲ့ အပိုင်းတော့ လုပ်ဖို့ကောင်းတယ်။ ဥပမာ စီးပွားရေး ပြန်တက် လာဖို့ FDI ဝင်လာအောင် အခွန်နဲ့ ဆွဲဆောင်တဲ့ ကိစ္စတို့၊ အတိုးနှုန်းနဲ့ ဆွဲဆောင်တဲ့ ကိစ္စတို့၊ အတိုနှုန်းကို လျှော့ပေါ့ပြီး တော့ စီးပွားရေးကို ပြန်မြင့်တက်လာအောင် လုပ်ရမယ်။ ဘယ်နိုင်ငံမှာ မဆို ဒီလိုပဲ လုပ်ကြတာပဲလေ။
စီးပွားရေးကလည်း တက်မလာတော့ ဘဏ်ကို ပြန်ဆပ်အားတဲ့ အားတွေကလည်း နည်းလာတော့ ဘဏ်တွေလည်း ဒီဒဏ် ကို ခံစားရတာပေါ့။ ဟိုတလောက ဖြစ်သွားတဲ့ YBS ကိစ္စပဲ ကြည့်လေ။ အကြောင်းကြောင်းကြောင့် စီးပွားရေး လုပ်ငန်းတွေ က မပြေလည်တော့ သူတို့လည်း ပြန်ဆပ်အားတွေ မရှိတော့ဘူးလေ။ ဒါလိုမျိုး ကိစ္စတွေက ဘဏ်တိုင်း ဘဏ်တိုင်းမှာ ဖြစ် ပေါ်နေတဲ့ ကိစ္စ။ NLD အစိုးရကြီးပဲတော့ အပြစ် မတင်ပါဘူး သူလည်း လုပ်ရကိုင်ရတာတွေ အများကြီးတာကိုး။ ဒါပေမယ့် အားမရဘူးပေါ့ဗျာ။
နောက် တိုင်းပြည် စီးပွားရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ အဆင့် သတ်မှတ်ချက် တိုးလာဖို့ရယ်၊ ခရစ်ဒစ်ဗျူရိုလည်း အခုထိ ဖြစ်မလာသေးဘူး။ ပုဂ္ဂလိက အဖွဲ့အစည်းကိုပဲ လွှဲထားတယ်။ သူများ နိုင်ငံမှာ က ဗဟိုဘဏ် ဦးဆောင်ပြီး လုပ်ကြတာ။ ပုဂ္ဂလိက လုပ်ငန်းတွေ ရှုံးနေတယ် ဆိုရင် သူတို့မှာ တာဝန် ရှိတယ်။ သူတို့ ဘာ လို့ ရှုံးတာလည်း ငွေကြေးကြောင့်လား၊ နည်းပညာကြောင့်လား၊ ဒါတွေ သူတို့ လိုက်ပြီး ကြည့်ရမယ်၊ ကူညီသင့်တာ လုပ် ပေးသင့်တာတွေ လုပ်ဖို့ လိုတယ်။
ဦးခင်အောင်ထွန်း
ဒု ဥက္ကဋ္ဌ
ခရီးသွား လုပ်ငန်းရှင် အသင်း
ကျနော်တို့ ဒီကဏ္ဍမှာတော့ ဟိုတယ် အပိုင်း၊ ခရီးသွား ကုမ္ပဏီတွေ အပိုင်း သူ့ အပိုင်းတွေ အများကြီး ရှိတာပေါ့။ ခရီးသွား နဲ့ ပတ်သက်တဲ့ ပေါ်လစီ အပိုင်းမှာတော့ မြန်မာ့ ခရီးသွား လုပ်ငန်း ဥပဒေ ထွက်လာနိုင်ခဲ့တယ်။ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လုပ်ပိုင်ခွင့် အာဏာတွေ လွှဲပေးလာခဲ့တယ်။ အဲ့ဒီဟာကတော့ ပြောင်းလဲမှု တခုပဲ။
အရင်က ဆိုရင် တခုခုဆို နေပြည်တော်ပဲ တက်ရတာကိုး။ အခုဆိုရင် ကိုယ့်တိုင်းနဲ့ ပြည်နယ်တွေမှာပဲ ဟိုတယ် ဆောက် မယ့် ကိစ္စလား ၊ ခရီးသွား လုပ်ငန်း လုပ်ကိုင်ဖို့ လုပ်ငန်း လိုင်စင် ရယူဖို့ ကိစ္စတွေကို တိုင်းနဲ့ ပြည်နယ်တွေကပဲ ကြီးကြပ် တော့မှာပေါ့။ နောက်တခုကတော့ မထင်မှတ်ဘဲ ဖြစ်လာတဲ့ ရခိုင်ကိစ္စကြောင့် အနောက်နိုင်ငံက ခရီးသွားတွေက ကြောက် ရွံ့မှု ဖြစ်သွားတယ်။ နောက်တခုက ကျနော်တို့နိုင်ငံက အာရှ နိုင်ငံ တချို့ကို ဗီဇာဖြေလျှော့မှုတွေ လုပ်ပေးလိုက်တဲ့ အတွက် အနောက် နိုင်ငံက ကျသွားတဲ့ဟာကို ကာဗာ ဖြစ်သွားစေခဲ့တယ်ပေါ့။
ဒီလို ဗီဇာ ဖြေလျှော့မှုတွေ လုပ်လိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း ဒီမှာက အယူအဆ အမျိုးမျိုးတွေ ရှိနေကြတယ်။ ဂျပန်၊ ကိုရီးယား၊ မကာအို၊ တရုတ် အဲဒါတွေ ဗီဇာ ကင်းလွတ်ခွင့် ပေးလိုက်တော့ တရုတ် ဧည့်သည်တွေ တော်တော်များ များ ဝင်လာကြတယ်။ ဒီလို ဝင်လာတဲ့ အပေါ်ကို တချို့က ကြိုက်သလို မကြိုက်တဲ့ သူတွေကလည်း ရှိနေတယ်။ ဒါနဲ့ ပတ် သက်လို့ ဆက်နွယ်ပြီးတော့ အစိုးရ အနေနဲ့ လုပ်ဆောင်ရမယ့် ကိစ္စတွေလည်း ထပ်ရှိလာတာတော့ အမှန်ပဲ။ ကျနော် ပြော ချင်တာက စည်းကမ်းနဲ့ ထိန်းချုပ်ရမယ့် ဟာတွေ၊ လိုက်နာရမယ့် ဟာတွေ တိုင်းနဲ့ ပြည်နယ် အလိုက်လည်း ထပ်ထုတ်ဖို့ လိုမယ်။ နောက်ပြီး ခရီးသွား လုပ်ငန်းတွေ လုပ်နေတဲ့ Tour ကုမ္ပဏီတွေကို ထပ်ပြီး ကြီးကြပ်ရမယ်။
တရုတ် ဧည့်သည် ဆိုတာက တနှစ်ကို သန်းတရာကျော် ထွက်နေတာ ဆိုတော့ အိမ်နီးချင်း ထိုင်းကိုတောင် ၁၀ သန်း လောက် ဝင်နေကြတာ။ ကျနော်တို့ဆီကို ထပ်ပြီး တိုးဝင်လာဖို့တွေ ရှိနေတယ်။ တရုတ် ဧည့်သည်တွေ အများကြီး ဝင်လာ နိုင်ပေမယ့် ဒီလိုဝင်လာရင်လည်း မတင်မကျတဲ့ ကိစ္စတွေ ရှိနေသေးတယ်။ ကိုယ့် ယဉ်ကျေးမှု မထိခိုက်အောင်၊ ကိုယ့်လုပ် ငန်းရှင်တွေ မထိခိုက်အောင်၊ SME တွေ မထိခိုက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာတွေ ကတော့ တိုင်းနဲ့ ပြည်နယ် အလိုက် အကောင်အထည် ဖော်ရမယ့် ကိစ္စတွေ ရှိနေတယ်။
နောက် ကျနော်တို့မှာ အားနည်းချက်တွေ ရှိနေတာက ပြည်တွင်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ ဈေးနှုန်းကြီးမြင့်နေ တဲ့ ကိစ္စတွေ၊ ဟိုတလောက ဟိုတယ်နဲ့ ခရီး ဝန်ကြီးက နိုင်ငံခြား လေကြောင်းလိုင်းတွေ ဝင်လာရင် ဒီကိစ္စက လျော့ကျ သွားမယ်ပေါ့။ ဒါပေမယ့် အဲဒီ ကိစ္စမှာ ပေးသင့်တယ်၊ မပေးသင့်သေးဘူး ဆိုပြီး ဖြစ်ကြတယ်။ ပြီးတော့ တခြားနိုင်ငံသွားရင် လေကြောင်း လက်မှတ်ခက တဈေးထဲပဲဗျာ။ ထိုင်းမှာ သွားလို့ မြန်မာနိုင်ငံသားက တဈေး ဆိုပြီး မရှိဘူး။ ရေရှည်မှာ ခရီးသွား လုပ်ငန်း တက်လာဖို့ ဆိုရင် အဲ့ဒါတွေကို ပြောင်းဖို့ လိုအပ်တာပေါ့။
ကိုယ့် လေကြောင်းလိုင်းကို ဘယ်လောက် အတိုင်းအတာ အထိ အကာအကွယ် ပေးမလဲ။ ဥပမာ ဖက်စပ် (JV ) လုပ်ခိုင်း ပြီးတော့ လျှော့ချလို့ မရဘူးလား။ အစီး လေး ငါး ခြောက်ဆယ် ပြေးဆွဲနေတာနဲ့ သုံး လေး စီးပြေးဆွဲနေတာနဲ့ ကုန်ကျ စရိတ်က မတူနိုင်ဘူးလေ။ သူများ နိုင်ငံတွေက လေကြောင်းလိုင်းတွေက လေယာဉ် တစီး ကို ၁၄ နာရီ ၁၆ နာရီ လောက် သုံး တာလေ။ နောက်ပြီး ကိုယ့်နိုင်ငံရဲ့ နိုင်ငံတကာမှာ ပုံရိပ်ကောင်းအောင် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း မြှင့်တင်ဖို့ အတွက် အစိုးရ ဘတ်ဂျတ် သုံးစွဲမှုက တခြား နိုင်ငံတွေထက် အများကြီး နည်းနေသေးတယ်။
ဒေါက်တာအောင်ကိုကို
စီးပွားရေး မူဝါဒရေးရာ ပညာရှင်
ထင်သာ မြင်သာတဲ့ အချက် ကတော့ ပြည်သူ့ ဘဏ္ဍာ ခွဲဝေသုံးစွဲတဲ့နေရာမှာ ပိုမိုပြီး ပွင့်လင်းမြင်သာစွာ ခွဲဝေ သုံးစွဲလာ တယ်။ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာတွေ အလွဲသုံးစား လုပ်တဲ့ ကိစ္စတွေ အတော် နည်းသွားပါတယ်။ အဲဒီ အချက်ကတော့ ဒီအစိုးရမှာ တော်တော်လေး တိုးတက်လာတယ်လို့ ပြောရမယ်။ နံပါတ် နှစ် ကတော့ ကျန်းမာရေး၊ ပညာရေးကဏ္ဍ ကို ပိုမိုပြီးတော့ တိုးမြှင့် သုံးစွဲလာတယ်။ ဒါပေမယ့် သုံးသင့်သလောက်ကို ဘတ်ဂျက် အခြေအနေကြောင့် မသုံးနိုင်သေးဘူး။
နံပါတ် သုံး အချက်က ဥပဒေ တချို့ကို ပြင်ဆင်လိုက်တာလေးတွေ ရှိတယ်။ စီးပွားရေး လုပ်ငန်း လုပ်တဲ့အခါ လုပ်ငန်း မှတ် ပုံတင်တဲ့ အခါမှာ ပိုမိုလွယ်ကူလာတယ်။ ရိုးရှင်း လာတယ်။ ယှဉ်ပြိုင်မှုတွေ ပိုမို တိုးတက်လာတယ်။ သဘာဝ သယံဇာတ တွေ ထုတ်လုပ်တဲ့ နေရာမှာ ဘာပဲပြောပြော လွယ်လွယ်ကူကူ ထုတ်လို့ မရတော့ဘူး။ ဒါပေမယ့် တရားမဝင် ထုတ်လုပ်မှု တွေ ကတော့ ရှိကောင်းရှိနေနိုင် ပါသေးတယ်။ တရားဝင် ထုတ်လုပ်တဲ့ အပိုင်းမှာတော့ သိသိ သာသာကြီး လျော့နည်း သွားတယ်။ သစ်တောထွက် ပစ္စည်းတွေ တခြား သတ္တုတူးဖော်ခွင့်တွေကိုလည်း ပါမစ်တွေ မပေးတော့တာ တွေ့ရတယ်။ အဲ့ဒါတွေကလည်း အင်မတန် အရေးကြီးပါတယ်။
ကျနော်တို့က သယံဇာတ ကျိန်စာသင့်တယ်လို့ ပြောလို့ ရတဲ့ နိုင်ငံပါပဲ။ သယံဇာတ ရှိတဲ့ နိုင်ငံတွေမှာ စစ်တွေ ဖြစ်ကြ တယ်။ အာဏာ လုကြတယ်။ သယံဇာတ ရှိတဲ့ နိုင်ငံမှာ သယံဇာတတွေ ရှိသော်ငြားလည်း ဆင်းရဲကြတယ်။ ဘာလို့ဆိုရင် သယံဇာတ ပေါ်မှာ မှီခိုလွန်းအားကြီးတဲ့အတွက် ဖြစ်ကြတာပါ။ သယံဇာတ ပေါ်မှာ မှီခိုလွန်းအားကြီးပြီးတော့ လူသယံဇာ တပေါ်မှာ မှီခိုမှု အားနည်းသွားတဲ့ အခါမှာ ခုနက ပြောတဲ့ဟာတွေ ဖြစ်တတ်တာပေါ့။ ဒီအချက်ကိုလည်း ပြုပြင်မှု လုပ်နေ တာတွေ တွေ့ရတယ်။
တခြား တဖက်တွေ ဖြစ်တဲ့ လျှပ်စစ်တို့၊ လမ်း တံတားတို့ စတဲ့ အခြေခံ အဆောက်အအုံပိုင်းတွေမှာ နည်းနည်း တိုးတက် လာတွေ တွေ့ရတယ်။ ဒါကတော့ ပထမ ဆုံးပြောခဲ့တဲ့ ပြည်သူ့ ဘဏ္ဍာကို ထိထိရောက်ရောက် ခွဲဝေ အသုံးပြုတတ်လာ ကြောင့် ဖြစ်လာတာပေါ့။ ဒါပေမယ့်လို့ အားနည်းချက်တွေ မရှိဘူးလား ဆိုရင် ရှိတယ်။ အားနည်းချက်က ကမ္ဘာ့စီးပွားရေး အခင်းအကျင်းမှာ တရုတ်နဲ့ အမေရိကန် တို့ရဲ့ ကုန်သွယ်မှု စစ်ပွဲမှာ အားပြိုင်မှုတွေ ဖြစ်လာတယ်။ အဲဒီ အားပြိုင်မှုတွေ က နေ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံငယ်လေးတွေမှာ တော်တော် ရိုတ်ခတ်သွားတယ်။
နောက်တခုက မြေဈေးကြီးမြင့်မှု ပြဿနာတွေ၊ အခြေခံ အဆောက် အအုံ မပြည့်စုံတဲ့ ပြဿနာတွေ၊ လျှပ်စစ်ဓာတ်အား မလုံလောက်သေးတဲ့ ပြဿနာတွေ၊ လုပ်ငန်းပိုင်း ဆိုင်ရာမှာ လုပ်ကိုင်တဲ့ အခါမှာ ခန့်မှန်းရ နည်းနည်း ခက်နေသေးတဲ့ ပြဿနာတွေ ဒါလေးတွေလည်း ရှိနေနိုင်သေးတယ်။
နောက်တခုက နယ်စပ် ကုန်သွယ်ရေး အပိုင်းမှာ ဆိုလည်း တရားမဝင် ကုန်သွယ်မှုတွေ လျော့နည်းလာမှု မရှိသေးဘူး။ လျော့ကျတယ် ဆိုတာ နည်းနည်းလေး အရိပ်ယောင်လောက်ပဲ ရှိသေးတယ်။ ဒါကိုလည်း သတိထားဖို့ လိုပါတယ်။ နောက် အားနည်းချက်က အခွန်စနစ်မှာလည်း ဒီထက် ကောင်းမွန်တဲ့ ဘယ်လို အခွန်စနစ်ကို လုပ်မလဲပေါ့။ အခွန်စနစ်ရဲ့ အခြေခံ သဘောတရားမှာလည်း ပါပြီးသားပါ။ ရိုးရှင်းရမယ်၊ အခွန်ပေးဆောင်တဲ့ သူတွေက အခွန်ပေး ဆောင်ချင် နေတဲ့ ပုံစံမျိုး ဖြစ်ရမယ်။
တိုင်းပြည်ရဲ့ စီးပွားရေး အတက်အကျပေါ် မူတည်ပြီး အခွန်စနစ်ကို အတက်အကျလုပ်ပေးရမယ်။
တချို့နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်။ တချို့နေရာတွေမှာ ထင်သလောက် မဝင်လာဘူး။ မဝင်လာရင် ဘာဆက် လုပ်မယ် ဆိုတဲ့ Plan b စဉ်းစားထားဖို့ လိုတယ်။ ဥပမာ JV လုပ်တဲ့ လုပ်ငန်းမျိုးတွေ၊ နောက် PPP လုပ်တဲ့ လုပ် ငန်းမျိုးတွေ၊ နောက် BOT လုပ်တဲ့ လုပ်ငန်းမျိုးတွေ၊ ပြည်ပ ပို့ကုန် မြှင့်တင်ပေးမယ့် လုပ်ငန်းမျိုးတွေ ဆိုရင် အခွန်တွေ ဘယ်လောက်ထိ လျှော့ပေးမလဲ။ ဒီလိုကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုတယ်။
ဒီသုံးနှစ် အတွင်းမှာ စီးပွားရေး လုပ်ဆောင်နိုင်စွမ်းကို ခြုံပြောရရင် ကောင်းပါတယ်။ ကောင်းတဲ့ဘက်ကိုသွားနေတယ်။ အားသာချက်နဲ့ အားနည်းချက် နှစ်ခု ယှဉ်ပြီး ပြောမယ် ဆိုရင် အားသာချက် ကတော့ ပိုများပါတယ်။
ဦးနေလင်းဇင်
အထွေထွေ အတွင်းရေးမှူး
ဆန်စက် လုပ်ငန်းရှင်များ အသင်း
ဒီသုံး နှစ်မှာတော့ စိုက်ပျိုးရေး ကဏ္ဍမှာ ဆိုရင် လယ်သမားတွေကို ထုတ်ချေးပေးတဲ့ စိုက်ပျိုး စရိတ် ချေးငွေတွေတော့ တိုးလာတယ်။ ငါးသောင်း ကနေ တသိန်း၊ တသိန်းကနေ တသိန်းခွဲ တိုးသွားတယ်။ ဒါပေမယ့် လယ်ယာကဏ္ဍမှာ ကြီးကြီး မားမား တိုးတက် ပြောင်းလဲလာ တာတော့ သိပ်အများကြီး မတွေ့ရဘူး။ အထူးသဖြင့် တောင်သူ လယ်သမားတွေနဲ့ ပတ် သက်တဲ့ လယ်ယာမြေ ပြင်တာတို့၊ ရေရရှိရေး၊ ဆည်ရေသောက်တွေ၊ လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီး သိသိသာသာ တိုးတက် ပြောင်းလဲ မတွေ့ရဘူး။
နောက် စပါး အခြေခံ ဈေးနှုန်းကို ငါးသိန်းလို့ ကြေညာနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီဈေးနှုန်း သတ်မှတ်တာက အစိုးရက သတ် မှတ်လိုက်တာ မဟုတ်ဘူး။ MRF (မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်)က ကြားကနေ သတ်မှတ်ပေးရတာ။ အမှန်တော့ ကြေညာသင့် တာက လယ်/ဆည်က ကြေညာရင် ကြေညာ၊ မဟုတ်ရင် စီးပွား/ကူးသန်း က ကြေညာ ရမှာ။ အဲ့ဒါကို ကြားထဲ ကနေ MRF က ဝင်ကြေညာ ရတယ်။ လုပ်ထုံးလုပ်နည်းတွေက အများကြီး မှားနေတယ်။ အစိုးရက လုပ်ပေးရမှာ။
နိုင်ငံတကာမှာ ဆိုရင် ဒီလို ဈေးနှုန်း သတ်မှတ်ပေးတာတွေက အစိုးရက လုပ်တာ။ ထိုင်းမှာလည်း ရှိတယ်။ အိန္ဒိယမှာ လည်း ရှိတယ်။ ဒါတွေက နိုင်ငံတော်ရဲ့ စီးပွားရေး ပေါ်လစီ အရ သွားတာ။ အစိုးရ စီးပွားရေး ပေါ်လစီနဲ့ ပတ်သက်ပြီး တော့လည်း သိသိသာသာ တိုးတက် ပြောင်းလဲတာတွေ မတွေ့ရဘူး။ ဗိုလ်နေမြဲ ကျားနေမြဲပဲ တွေ့နေရတယ်။
ကုန်သွယ်မှုနဲ့ ပတ်သက်ရင်လည်း လုပ်ထုံးလုပ်နည်းတွေ၊ အခွန်နဲ့ ပတ်သက်တာတွေကို ဒီအစိုးရ တက်လာပြီးနောက် ပိုင်းမှာ ပြုပြင် ပြောင်းလဲတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ထားခဲ့တာပေါ့။ ဒါတွေလည်း ဘာမှမပြု ပြင်နိုင်သေးဘူး။ အခွန် ဆိုရင် တကယ့်ကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်။အခုကတော့ အရင်ကထက်စာရင် အခွန်တွေ ပိုမို တိုးကောက်တယ်။ တကယ် အခွန်ဆောင်နေတဲ့ သူတွေ ပဲ ဝန်ထုပ်ဝန်ပိုးတွေ ထပ်ဖြစ်တယ်။
တကယ်တမ်း ကျတော့ နိုင်ငံကို တည်ဆောက်တာက အခွန်နဲ့အတိုးနှုန်း နှစ်ခု ကို သင့်တော်သလို့ adjust လုပ်ပြီး တည် ဆောက် ရတယ်။ ဒီ နှစ်ခုကို သေချာ ထိန်းညှိပေးနိုင်ရင် စီးပွားရေး တိုးတက်မှုနှုန်းက သိသိသာသာ ကောင်းလာနိုင် တယ်။ ဒီအစိုးရက အဲ့ဒါကို မေ့နေတယ်။ ဘဏ် အတိုးနှုန်းတွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဖြေလျှော့မှုမရှိသေးဘူး။ ဘဏ် အတိုးနှုန်း ကိစ္စကို မပြုပြင်နိုင်တော့ နိုင်ငံတကာနဲ့ မယှဉ်ပြိုင်နိုင်ဘူး။မယှဉ်ပြိုင်နိုင်တော့ စီးပွားရေး လုပ်ငန်းတွေ အား လုံး လွယ်လွယ်ကူကူ မလုပ်နိုင်ဘူးပေါ့။
ကုန်သွယ်မှုမှာ တရားမဝင် ကုန်စည် ဝင်ရောက်မှုကို သေချာ မထိန်းချုပ်နိုင်သေးဘူး။ လစာ မလုံလောက်တဲ့ ပြဿနာ တခုတည်းနဲ့တင် ဘယ်ဝန်ထမ်းပဲ နယ်စပ်ကို ပြောင်းပြောင်း အကျင့် ပျက်သွားကြတာပဲလေ။ လက်ရှိအချိန်မှာ အစိုးရက စီးပွားရေးထက် နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုပဲ အဓိက အာရုံစိုက်နေပုံပဲ။ တကယ့်တော့ ငြိမ်းချမ်းရေး ကိစ္စ ဆိုတာ လက်နက်ကိုင်တွေနဲ့ ညှိရတာ ဖြစ်တဲ့အတွက် တပ်မတော်က ပိုပြီး အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေတယ်။
စီးပွားရေး တိုးတက်မှု မရှိဘဲနဲ့ နိုင်ငံကို ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုမှ လုပ်လို့ မရဘူး။ ပြည်သူတွေ စီးပွားရေး ကြပ် တည်းတော့ ဘာဖြစ်လဲဆိုရင် မှုခင်းတွေ များလာတယ်လေ။ နိုင်ငံ စီးပွားရေး တည်ဆောက်ရေးထက် နိုင်ငံရေးကို ပိုအာ ရုံစိုက်နေတာ တွေ့ရတယ်။ လက်တွေ့ အနေနဲ့ ပြောရရင် စီးပွားရေးကို မူဝါဒတွေ လက်ရှိ အကောင်အထည် ဖော်နေတာ အား ရစရာ မကောင်းဘူး။