“တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားက မြစ်ဆုံ မဟုတ်၊ ကျောက်ဖြူ"

ဧရာဝတီ
ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ တရုတ် ကျောထောက်နောက်ခံပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများနှင့် ပတ်သက်ပြီး စိုးရန်ပူပန်မှုများ မြင့်မားနေစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ်မြောက် ရပ်ဝန်းတခုလမ်းတခု အစီအစဉ် (BRI) ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ယခုလအတွင်း ဘေဂျင်းသို့ သွားရောက်မည်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင်းဖျင်နှင့် တွေ့ဆုံဆွေးနွေးပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ လက်ရှိ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး စီမံကိန်းဖြစ်သည့် မြစ်ဆုံစီမံကိန်း အကြောင်း ဆွေးနွေးရန် လွန်စွာဖြစ်နိုင်ခြေရှိသည်။ မြစ်ဆုံကဲ့သို့ပင် အရေးပါသော တရုတ်ကျောထောက်နောက်ခံပြု အခြားစီမံကိန်းတခုကိုလည်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော် ကမ်းခြေတွင် အကောင်အထည်ဖော်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်မတိုင်မီတွင် ဧရာဝတီ သတင်းဌာနသည် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ အကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သော ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လစ်တနာနှင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများမှသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အထိ တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှု များကို ဆွေးနွေးခဲ့သည်။

မေး။ ။ မြန်မာနိုင်ငံမှာ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းဖို့ တောင်းဆိုတဲ့ အရှိန်အဟုန်ဟာ ကြီးထွားလာနေတယ်။ ဒီဖြစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် BRI ထိပ်သီးဆွေးနွေးပွဲ တက်မယ့် အချိန်နဲ့ တိုက်ဆိုင် နေတယ်။ ဒီဆည်နဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်က ပြတ်ပြတ်သားသား မရှိဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေက ရေးတဲ့ ဆောင်းပါးတချို့ကလည်း ဒီဆည်စီမံကိန်းကို ဆက်လုပ်သင့်တယ် ဆိုတဲ့သဘောမျိုး ဖြစ်နေတယ်။ အစိုးရ ခေါင်းဆောင်တွေကတော့ စီမံကိန်းအရွယ်အစား လျှော့ချမယ်၊ ဒါမှမဟုတ် နေရာရွှေ့မယ်လို့ ပြောနေတယ်။ ဒီ့အပြင် လက်ရှိမြန်မာအစိုးရက တရုတ်နိုင်ငံနဲ့ အကောင်အထည်ဖော်ဖို့ သဘောတူထားတဲ့ တခြား စီမံကိန်းအများအပြားနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြတာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ သဘောတူရင် နိုင်ငံရေးအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သိမယ်လို့ ကျနော်ယုံတယ်။ လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာမို့ ဘယ်မြန်မာနိုင်ငံရေးသမား မဆိုဟာ ဒီလိုအငြင်းပွားဖွယ်ဖြစ်ပြီး အကြီးအကျယ် လူကြိုက်နည်းတဲ့ စီမံကိန်းကို သဘောမတူခင် သေသေချာချာ စဉ်းစားရလိမ့်မယ်။ အတိုက်အခံဘဝတုန်းက ဒီစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်အထိ ဆန့်ကျင်ခဲ့တယ် ဆိုတာကိုလည်း ကျနော်တို့အားလုံး သတိရရမယ်။ ဒါဆို သူဘာလို့ ရပ်တည်ချက် ပျော့ပျောင်းသွားပုံ ဖြစ်နေရတာလဲ။ ဒီမေးခွန်းက သူ့ကိုမေးသင့်တဲ့ မေးခွန်းပဲ။

မေး။ ။ မြစ်ဆုံပြဿနာမှာ တရုတ်နိုင်ငံဟာ ကချင်အုပ်စုတွေနဲ့ မြန်မာအုပ်စုတွေ ဒီစီမံကိန်းကို လက်ခံဖို့ ဖိအားပေးရာမှာ ပိုမိုပြင်းထန်လာတယ်။ ဒါမျိုး အရင်က ဖြစ်ဖူးပုံမရဘူး။ တရုတ်ခေါင်းဆောင်တွေဟာ လက်ရှိ အစိုးရအပေါ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ အစိုးရအပါအဝင် အရင်အစိုးရတွေထက် ပိုပြီး သြဇာလွှမ်းမိုးနိုင်တယ် ဆိုတာကို ပြသခဲ့တယ်။ ဒါ ဘာ့ကြောင့်လဲ။ ဘယ်လို မြင်လဲ။

ဖြေ။ ။ အမှန်တော့ မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက အားထုတ်တာကို ကျနော် အရမ်းအံ့သြမိတယ်။ မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဘယ်လောက်တောင်မှ ကျယ်ကျယ်ပြန့်ပြန့် ပြည်သူတွေကြားမှာ ဖြစ်ပေါ်လာမယ် ဆိုတာကို တရုတ်နိုင်ငံအနေနဲ့ သိသင့်တယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ပုံရိပ် ကောင်းမွန်စေချင်ရင် သူတို့အနေနဲ့ အခုရှိပြီးသား တရုတ်ဆန့်ကျင်မှုထက် ပိုမိုကြီးမားလာအောင် ပြည်သူတွေကို တွန်းပို့မယ့်အစား ဒီစီမံကိန်းကို လုံး၀ ရုပ်သိမ်း သင့်တယ်။

မေး။ ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ အများပြည်သူ အာရုံစိုက်မှုနဲ့ စိတ်ခံစားချက်တွေကို နားလည် နိုင်ပေမယ့် ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းကျတော့ လူမှုအခြေပြု အဖွဲ့အစည်း (CSOs) တွေနဲ့ မီဒီယာတွေရဲ့ အာရုံစိုက်တာ ဒီလောက်မခံရဘူး။ တရုတ်နိုင်ငံ တောင်ပိုင်း ကူမင်းနဲ့ ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူ ဆိပ်ကမ်းကို ဆက်သွယ်မယ့် မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်ရေး စီမံကိန်းလည်း ပြန်စနေပြီလို့ သတင်းတွေမှာ တွေ့ရတယ်။ အကြွေးထောင်ချောက် ပူပန်မှုနဲ့ အချုပ်အခြာအာဏာ ထိပါးခံရမှာကို စိုးရိမ်မှုတွေ ကြီးထွား လာနေတယ်။ ကျောက်ဖြူဟာ မြစ်ဆုံထက် ပိုမိုအရေးကြီးတယ်လို့ ထင်တဲ့သူ အများအပြားရှိပြီး မြန်မာအရာရှိတွေ ကလည်း သူတို့ရဲ့ ပူပန်မှုကို ကျနော်တို့ဆီမှာ တိုးတိုးတိတ်တိတ် ဖော်ပြကြတာရှိတယ်။ ခင်ဗျားရဲ့အမြင်ကို သူတို့ အသိအမှတ် ပြုကြမှာပါ။

ဖြေ။ ။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားက မြစ်ဆုံမဟုတ်ဘူး၊ ကျောက်ဖြူပဲ ဖြစ်တယ်။ ယူနန်ကနေ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ မြန်နှုန်းမြင့်ရထားလမ်းနဲ့ အဲဒီနေရာမှာပဲ အဆိုပြုထားတဲ့ အထူးစီးပွားရေးဇုန်ဟာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိတ် အတွင်းပိုင်း ပြည်နယ်တွေအတွက် အိန္ဒိယ သမုဒ္ဒရာကို ထွက်ပေါက်ပေးတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မြန်မာနိုင်ငံကို ကုန်တွေပို့ဖို့၊ မြန်မာနိုင်ငံက ကုန်တွေကို ပို့ဖို့ ပြဿနာလောက်သာမက၊ ကျောက်ဖြူဟာ တရုတ်အကျိုးစီးပွားပါတဲ့ BRI စီမံကိန်း တခုလုံးအတွက် သေနင်္ဂဗျူဟာအရ အရေးပါပြီး အင်ဒိုပစိဖိတ်ဒေသက ဆိပ်ကမ်းတွေကို ထိန်းချုပ်ဖို့လည်း ဖြစ်နိုင်တယ်။

မေး။ ။ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြင်ပ၊ ဒါမှမဟုတ် နိုင်ငံခြားက ပါဝင်ပတ်သက်သူတွေ အများကြီးကို ကျနော်တို့ တွေ့ခဲ့ရတယ်။ ဦးသိန်းစိန် တာဝန်ယူတုန်းက ဆိုရင် ကုလသမဂ္ဂ၊ အနောက်နိုင်ငံက ငြိမ်းချမ်းရေး အားပေးသူတွေနဲ့ အမေရိကန် ပြည်ထောင်စုတောင်မှ ပါဝင်ပတ်သက်ပြီး လစာအများကြီးရတဲ့ ငြိမ်းချမ်းရေးပွဲစားတွေ၊ အကြံပေးတွေတောင်မှ မြန်မာနိုင်ငံကို အုပ်စုလိုက်ဝင်လာတယ်။ ဒါပေမယ့် လက်ရှိ အစိုးရ တာဝန်ယူချိန်မှာ ပဋိပက္ခက ပိုမိုနက်ရှိုင်းလာတယ်။ လက်ရှိ ငြိမ်းချမ်းရေး အားထုတ်မှုမှာ တရုတ်နိုင်ငံက အဓိက ပါဝင်ပတ်သက်နေပုံ ရတယ်။ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံး နီးပါးကို တရုတ်နိုင်ငံက ကျောထောက်နောက်ခံ ပြုထားတာ။ ပဋိပက္ခတွေ ပြန့်ကျဲနေတဲ့ မြန်မာနိုင်ငံမှာ အနာဂတ်က မှောင်မိုက်နေပုံရပြီး ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရအကြား ပဋိပက္ခသစ်ဟာ အဓိက စိုးရိမ်ဖွယ်ရာ ဖြစ်လာတယ်။ တရုတ်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရိုးသားတဲ့ပွဲစား ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ အနောက်နိုင်ငံ ငြိမ်းချမ်းရေး အားပေးသူတွေနဲ့ မတူဘဲ၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ သူတို့ ကာကွယ် အားပေးချင်တဲ့ အဓိကသေနင်္ဂဗျူဟာ အကျိုးစီးပွား ရှိနေပြီး ဒီအကျိုးစီးပွားကတော့ တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်ဆိုတာနဲ့ တရုတ်အစိုးရရဲ့ ပိုမိုကျယ်ပြန့်တဲ့ အင်ဒိုပစိဖိတ်ဒေသကြီး တခုလုံးနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ သေနင်္ဂဗျူဟာ အခင်းအကျင်းပဲ။ မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အုပ်စု အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ မြောက်ပိုင်းက တိုင်းရင်းသားအုပ်စုတွေနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးက အနောက်နိုင်ငံက ငြိမ်းချမ်းရေး အားပေးသူတွေထက် တရုတ်ကို အားသာစေတယ်။ အနောက်နိုင်ငံက ငြိမ်းချမ်းရေး အားပေးသူတွေဟာ သူတို့လုပ်နေတဲ့ အလုပ်ကို သူတို့ နားလည်ပုံမရဘူး။ ပြီးတော့ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘူး ဆိုတာကို သတိရဖို့ လိုတယ်။ မြန်မာ့ပြည်တွင်းစစ် အပြီးအပြတ် အဆုံးသတ် ရေးနဲ့ တိုင်းရင်းသားပဋိပက္ခကို စိတ်မဝင်စားဘူး။ တရုတ်နိုင်ငံက သူ့ရဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် အသုံးချနိုင်မယ့် တည်ငြိမ်မှုကိုသာ လိုချင်တယ်။ နှစ်နိုင်ငံနယ်စပ်မှာ မတည်ငြိမ်မှုတွေ ဖြစ်စေပြီး ဒုက္ခသည်တွေ ယူနန်ပြည်နယ်ထဲ ဝင်လာတာမလိုချင်လို့ တရုတ်နိုင်ငံက စစ်ကို မလိုလားဘူး။

ဒါပေမယ့် သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေနိုင်မယ့် မဖြေရှင်းနိုင်သေးတဲ့ ပဋိပက္ခဟာလည်း အနည်းဆုံးတော့ မြင်နိုင်တဲ့ အနာဂတ်မှာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားပဲ ဖြစ်နေသေးတယ်။ မြင်သာတဲ့ အနာဂတ်ဆိုတာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက သူလိုချင်တဲ့ အိန္ဒိယ သမုဒ္ဒရာကို ချဉ်းကပ်ခွင့် မရမခြင်းလို့ အဓိပ္ပာယ် သက်ရောက်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ခေါ်တဲ့ အရာက ဒုတိယအဆင့်သာ ဖြစ်ပြီး ပိုမို ကျယ်ပြန့်တဲ့ အကျိုးဆက်တွေ ဖြစ်လာမယ့် မူဝါဒရဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။

မေး။ ။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ပရိယာယ်ကြွယ်ပြီး အခြေအနေကို လိုသလို အသုံးချတတ်တယ်။ ဒါပေမယ့် သူတို့တွေဟာ အရင်တုန်းက တရုတ် ကျောထောက်နောက်ခံပြု တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့၊ ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်ခဲ့ဖူးတော့ အဖွဲ့အစည်းအလိုက် မှတ်သားထားတာ ရှိတော့ တရုတ်နိုင်ငံကို ပိုမို နားလည်ပုံရတယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရ တာဝန်ယူတော့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ပြန်လည် ချိန်ခွင်လျှာညှိတဲ့အခါ ကြားနေတဲ့ အခန်းက ပါခဲ့တယ်။ ဒါပေမယ့် အခုလက်ရှိ အစိုးရကတော့ အဲဒီလို ချိန်ခွင်လျှာညှိဖို့ အဖွဲ့အစည်းလိုက် အမှတ်သညာနဲ့ စိတ်ခံစားမှု ရှိပုံမရဘူး။ ခင်ဗျား ဘယ်လိုထင်လဲ။

ဖြေ။ ။ မြန်မာစစ်တပ်နဲ့ သူ့ရဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ကျနော်တို့ ဘယ်လိုပဲထင်ထင် သူတို့တွေဟာ ပြင်းထန်တဲ့ အမျိုးသားရေး ဝါဒီတွေဖြစ်ပြီး သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို စောင့်ထိန်းသူလို့ သူတို့ကိုယ်သူတို့ မြင်ကြတယ်။ တခါက ဗမာပြည်ကွန်မြူနစ်ပါတီကို အကြီးအကျယ် အထောက်အပံ့ ပေးခဲ့တဲ့ ရန်သူဟောင်း တရုတ်နိုင်ငံက သူ့ကို ဒုက္ခမပေးနိုင်အောင် လုပ်ထားတာကို ဒီရှုထောင့်ကနေ သုံးသပ်နိုင်တယ်။ အဲဒီစစ်ပွဲမှာ ထောင်နဲ့ချီတဲ့ မြန်မာစစ်သားတွေ တရုတ်ကျည်ဆံတွေကြောင့် သေကြတယ်။ ဒါကို ဝါရင့် အရာရှိကြီးတွေ မမေ့သေးဘူး။ အရပ်သား အများစုပါတဲ့ အစိုးရကတော့ ဒါကို တမျိုးတမည် မြင်နိုင်တယ်။ အရပ်သား အစိုးရကတော့ တရုတ်အစိုးရကို ချော့နေရတာဟာ တရုတ်က မြန်မာနိုင်ငံမှာ အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်လို့၊ အဓိက ပြည်ပကုန်သွယ်ဖက် ဖြစ်လို့ ဖြစ်နိုင်တယ်။

မေး။ ။ အနောက်နိုင်ငံတွေရဲ့ မြန်မာအစိုးရအပေါ် ဖိအားကြောင့် မြန်မာနိုင်ငံဟာ တရုတ်ပတ်လမ်းထဲ ပြန်ရောက် သွားရတယ်လို့ တချို့က ပြောကြတယ်။ သဘောတူပါသလား။

ဖြေ။ ။ သေချာတာပေါ့ဗျာ။ တရုတ်က ဒါကို မြန်မာနိုင်ငံမှာ သူ့ရဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် အပြည့်အ၀ အသုံးချလိုက်တာပါပဲ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ‘Kyaukphyu BRI Projects a Bigger Threat Than Myitsone’  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading